← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို လုယူခြင်း၊ ချန်ဖုန်းကို အမဲလိုက်ခြင်း

"အလွန်အမင်း အေးစက်လှချည်လား။ ဒီလိုကျိန်စာသင့်နေတဲ့ နေရာမျိုးမှာ တကယ်ပဲ ရတနာရှိနေလို့လား"

ချန်ဖုန်းက ရှေ့သို့ တိုး၍ လျှောက်လှမ်းလေလေ အအေးပိုင်းဒေသ၏ အပူချိန်မှာ ပိုမိုနိမ့်ဆင်းလာလေလေ ဖြစ်သည်။

သူ၏ ကမ္မနယ်ပယ် အဆင့် ၂ ကျင့်ကြံခြင်းစွမ်းအားဖြင့်ပင် ထိုအအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ရီလာခဲ့ရ၏။

သူ၏ မျက်နှာမှာ ဖြူလျော်နေခဲ့ပြီး တစ်ကိုယ်လုံးလည်း ဆတ်ဆတ်ခါ တုန်ရင်နေခဲ့သည်။

ဤအခြေအနေက ဤနေရာ၌ အခွင့်အလမ်း အမှန်တကယ် ရှိ၊ မရှိကို သူ့ကိုယ်သူ ပြန်လည်သံသယဝင်လာစေသည်။

ရှုချွမ်းကမူ ကိုယ်ယောင်ဖျောက်ထားဆဲဖြစ်ပြီး သူ၏ အနောက်မှနေ၍ ကပ်လျက် နောက်ယောင်ခံလိုက်နေခဲ့သည်။

ဤနေရာ၏ အအေးဒဏ်က သူ့အပေါ်တွင်မူ စိုးစဉ်းမျှ သက်ရောက်မှု မရှိချေ။

သူက အလွန်အမင်း ယန် စွမ်းအားပြင်းထန်လှသော 'နေသူ‌တော်စင်ခန္ဓာကိုယ်' ကို ပိုင်ဆိုင်ထားသည့်အပြင် ဧကရာဇ်ကျင့်စဥ်နှစ်ခု၏ မြှင့်တင်ပေးမှုကြောင့် ဤထက်မက ပိုမိုအေးစက်သော အပူချိန်ကိုပင် အလွယ်တကူ တောင့်ခံနိုင်စွမ်း ရှိသည်။

ချန်ဖုန်း၏ နောက်သို့ လိုက်ပါရင်း သူက အမှောင် ရေခဲပြင်များ ဝန်းရံနေသည့် ရှေးဟောင်း ရေခဲလိုဏ်ခေါင်းတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

နေရောင်ခြည်သည် ရေခဲပြင်များကို ဖြတ်သန်းကာ လိုဏ်ခေါင်းတစ်ခုလုံးကို လင်းထိန်စေနေခဲ့၏။

ထိုလိုဏ်ခေါင်းမှာ ရှေ့သို့ ရှည်လျားစွာ ဆန့်တန်းနေခဲ့ပြီး မကြာမီမှာပင် သူတို့နှစ်ဦးမှာ လိုဏ်ခေါင်း၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့၏ ရှေ့မှောက်တွင်မူ ပလ္လင်ငယ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်း၏အထက်တွင် နှင်းကဲ့သို့ ဖြူဆွတ်နေကာ အဆုံးအစမရှိသော အအေးဓာတ် များကို ထုတ်လွှတ်နေသည့် 'လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်း' တစ်ခုမှာ ဟင်းလင်းပြင်တွင် လွင့်မျောနေခဲ့သည်။

ထိုအအေးဓာတ်မှာ ပြင်ပလေထုနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ရေခဲအဖြစ်သို့ ခဲပြောင်းသွားခဲ့တော့၏။

"ရတနာပဲ"

ပလ္လင်ထက်ရှိ ရတနာကို မြင်လိုက်ရသောအခါ ချန်ဖုန်း၏ မျက်နှာထက်တွင် အတိုင်းအဆမရှိသော ဝမ်းမြောက်ပီတိဖြစ်မှုများ ချက်ချင်း ပေါ်ထွက်လာခဲ့တော့သည်။

သူက ၎င်းကို လက်ဝယ်ရရှိရန်အတွက် အလောတကြီးပင် ဖြစ်လာခဲ့ရ၏။

ချန်ဖုန်းကခြေထောက်ကို အားပြုလျက် ပလ္လင်ထက်သို့ ချက်ချင်း ခုန်တက်လိုက်ပြီး လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို လှမ်းကိုင်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။

ချန်ဖုန်းတစ်ယောက် အောင်မြင်လုနီးပါး ဖြစ်သွားသည့် ထိုအခိုက်အတန့်၌ပင်...

ရုတ်တရက် ဆန်းကြယ်ရေခဲကျောက်စိမ်းထံမှ ကြောက်မက်ဖွယ်ကောင်းလှသော အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။

ထို့နောက် ပြင်းထန်လှသော အအေးဓာတ်လှိုင်းတစ်ခုမှာ အတွင်းပိုင်းမှနေ၍ အုန်းခနဲ ပွင့်ထွက်လာခဲ့တော့၏။

ချန်ဖုန်း လှမ်းဆန့်လိုက်သော လက်မှာ ချက်ချင်းပင် ရေခဲအဖြစ်သို့ ခဲသွားခဲ့ရသည်။

ထို့အပြင် ထိုအအေးဓာတ်မှာ ချန်ဖုန်း၏ ကိုယ်ပေါ်သို့ လျင်မြန်စွာ ကူးစက်လာခဲ့ပြီး သူ့ကို ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ကြိုးပမ်းလာခဲ့၏။

ချန်ဖုန်းမှာ အလွန်အမင်း ထိတ်လန့်သွားခဲ့ရပြီး ရေခဲများကို အရည်ပျော်စေရန် သူ၏ ကျင့်ကြံခြင်း စွမ်းအားကို အလျင်အမြန်ပင် လှည့်ပတ်လိုက်ရတော့သည်။

ထို့နောက် သူက နောက်သို့ မီတာ ဒါဇင်ပေါင်းများစွာ ဆုတ်ခွာသွားခဲ့ပြီး ဆန်းကြယ်ရေခဲကျောက်စိမ်း အနားသို့ ထပ်မံချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်သွားခဲ့ရတော့၏။

"ဒါက အမှန်တကယ်ပဲ ဘာတုန်းဟ"

ချန်ဖုန်းသည် စိုးရိမ်စိတ်များ မပြယ်သေးဘဲ ဆန်းကြယ်ရေခဲကျောက်စိမ်းကို စိုက်ကြည့်ရင်း မတတ်သာဘဲ ရေရွတ်လိုက်မိသည်။

စောစောက အခိုက်အတန့်တွင် အကယ်၍ သူသာ တုံ့ပြန်မှု အနည်းငယ် နှောင့်နှေးသွားခဲ့ပါက ယခုအချိန်တွင် လူသားရေခဲရုပ်တုကြီးတစ်ခု သေချာပေါက် ဖြစ်နေလောက်ပြီ ဖြစ်သည်။

ရတနာမှာ မိမိ၏ မျက်စိရှေ့မှောက်တွင် ရှိနေသော်လည်း ရယူနိုင်ခြင်းမရှိသဖြင့် ချန်ဖုန်းမှာ အလွန်အမင်း စိုးရိမ်ပူပန်လာခဲ့ရသည်။ ရုတ်တရက် သူသည် တစ်ခုခုကို တွေးမိသွားပုံရ၏။

ချန်ဖုန်းက 'အနန္တ ဝိညာဉ် သုံးချောင်းထောက် မီးဖိုအိုးကြီး ' ကို ဆင့်ခေါ်လိုက်ပြီး ပလ္လင်ထက်ရှိ လျှိုဝှက် ဆန်းကြယ်ရေခဲကျောက်စိမ်းဆီသို့ ပျံသန်းသွားစေခဲ့သည်။

သူ၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များအောက်တွင် ထို အနန္တ ဝိညာဉ် သုံးချောင်းထောက် အိုးကြီးမှာ အအေးဓာတ်များကို စတင်တိုက်စားကာ အရည်ပျော်စေခဲ့တော့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်ကာလ ဖြတ်သန်းသွားပြီးနောက် လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်း၏ အအေးဓာတ်များမှာ အနန္တ ဝိညာဉ် သုံးချောင်းထောက် အိုးကြီး၏ ချေဖျက်မှုကြောင့် လုံးဝ ငြိမ်သက်သွားခဲ့ရပြီး ပလ္လင်ထက်သို့ ဖြည်းညှင်းစွာ ကျဆင်းလာခဲ့တော့သည်။

"ကောင်းတယ်"

ဤသည်ကို မြင်လိုက်ရသောအခါ ချန်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်မိသည်။

အခွင့်အလမ်းမှာ မိမိ၏ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်ရာ သူက ပလ္လင်ထက်သို့ အလျင်အမြန်ပင် လျှောက်လှမ်းသွားခဲ့တော့၏။

သုံးမီတာ... နှစ်မီတာ... တစ်မီတာ

သူက လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို လှမ်းကိုင်တော့မည့် ထိုအခိုက်အတန့်၌ပင် ရှုချွမ်းက ပလ္လင်ထက်တွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီး လက်ကို ဆန့်ထုတ်ကာ ထိုကျောက်စိမ်းကို မိမိ၏ လက်ထဲသို့ ကြားဖြတ်ဖမ်းယူ သွားခဲ့တော့သည်။

"ရှုချွမ်း"

လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို ကြားဖြတ်လုယူခြင်း ခံလိုက်ရသည်ကို မြင်လိုက်ရပြီး ထိုသူမှာ ယခင်ကလည်း မိမိ၏ အခွင့်အလမ်းများကို လုယူခဲ့ဖူးသော ရှုချွမ်း ဖြစ်နေသည်ကို သိလိုက်ရသောအခါ ချန်ဖုန်းက သူ၏ စိတ်ထဲ၌ ရှိနေသော ဒေါသတရားများကို လုံးဝ မထိန်းချုပ်နိုင်တော့ချေ။

သူက ရှုချွမ်း၏ အမည်ကို ဟိန်းဟောက်၍ အော်ဟစ်လိုက်တော့သည်။

"ငါ့ရဲ့ ရတနာကို ပြန်ပေးစမ်း"

ချန်ဖုန်းက ဒေါသကြောင့် မျက်စိ မည်းမှောင်ကျသွားခဲ့ရပြီး ရှုချွမ်းထံသို့ အရှိန်အဟုန်ဖြင့် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

သူက ရှုချွမ်း၏ လက်ထဲမှ လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို ပြန်လည်လုယူချင်နေခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း သူက မိမိကိုယ်ကိုယ် ရှုချွမ်း၏ ပြိုင်ဘက် လုံးဝမဟုတ်ကြောင်းကိုမူ ဒေါသကြောင့် မေ့လျော့နေခဲ့ပုံရသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားမှာ ကမ္မနယ်ပယ် အဆင့် ၂သို့ မြင့်တက်လာခဲ့ပြီ ဖြစ်ပါစေဦး..။

ထိုလက်သီးချက်ကို ရင်ဆိုင်ရင်း ရှုချွမ်း၏ လက်ထဲရှိ နတ်ဘုရားသတ်ဓား မှာ တောက်ပစွာ လင်းလက်သွားခဲ့သည်။

ထို့နောက် သူ၏ လက်မောင်းကို တစ်ချက် ဝေ့ယမ်းလိုက်ရာ စူးရှတောက်ပလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ချန်ဖုန်း၏ လက်သီးထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့တော့သည်။

ဘန်း

ဓားအလင်းတန်းမှာ အလွန်အမင်း လျင်မြန်လှသဖြင့် ဒေါသလွှမ်းမိုးနေသော ချန်ဖုန်းအနေဖြင့် အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ ပေ။

ဓားနှင့် လက်သီးတို့ ထိတွေ့မိသွားခဲ့သည့် ခဏ၌ ချန်ဖုန်း၏ လက်သီးချက်မှာ ရှုချွမ်း၏ ပေါ့ပေါ့ပါးပါး ခုတ်ချက်ကိုပင် လုံးဝ ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့ရတော့သည်။

ထို့နောက် ဓားအလင်းတန်း၏ ရိုက်ခတ်မှုကြောင့် သူ၏ အဝတ်အစားများမှာ တစ်လွှာပြီးတစ်လွှာ ဆုတ်ဖြဲခြင်း ခံလိုက်ရပြီး အတွင်းပိုင်းရှိ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာခဲ့ရသည်။

ချန်ဖုန်း၏ အရေပြားပေါ်တွင် နက်မှောင်သော အကြေးခွံများမှာ အထပ်ထပ် ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်၏။

ဤအကြေးခွံများ၏ အကာအကွယ်ကြောင့်သာ သူသည် ရှုချွမ်း၏ ခုတ်ချက်ကို ခံနိုင်ရည်ရှိခဲ့ပြီး ကြီးမားသော ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်ပေသည်။

ရှုချွမ်းက သူ၏ ကိုယ်ပေါ်ရှိ အကြေးခွံများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

၎င်းတို့က အလွန်ကြည့်ရဆိုးပြီး သားရဲတစ်ကောင်၏ အကြေးခွံများနှင့် ဆင်တူနေခဲ့သည်။

ချက်ချင်းပင် ရှုချွမ်းက စနစ်က စကန်ဖတ်ထားခဲ့သော သတင်းအချက်အလက်များကို ပြန်လည်အမှတ်ရလိုက်၏။

ဤအကြေးခွံအလွှာမှာ ချန်ဖုန်းက အနန္တ ဝိညာဉ် သုံးချောင်းထောက် မီးအိုးကြီးကို အသုံးပြု၍ မိမိ၏ ခုခံမှုစွမ်းအားကို မြှင့်တင်ရန်အတွက် မည်သည့်သားရဲတစ်ကောင်၏ အကြေးခွံများကိုမဆို မိမိ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ရှုချွမ်းက အနည်းငယ် ပျို့အန်ချင်စိတ်ပင် ဖြစ်ပေါ်လာခဲ့ရသည်။

သူက လူသားခန္ဓာကိုယ်တစ်ခုပေါ်တွင် နက်မှောင်သော အကြေးခွံများ အထပ်ထပ် ထွက်ပေါ်နေခြင်းကို လုံးဝ လက်မခံနိုင်ချေ၊ သူက သားရဲလူသားဝါသနာအိုး တစ်ဦး မဟုတ်ပါလော။

ဤသို့ တွေးတောမိသည်နှင့် ရှုချွမ်း၏ ချန်ဖုန်းကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက်မှာ ပိုမိုပြတ်သားခိုင်မာလာခဲ့တော့သည်။

တစ်ဖက်တွင်မူ ချန်ဖုန်းက မိမိ၏ လက်သီးချက် ကျရှုံးသွားခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့သည့်အတွက်ကြောင့် ဒေါသတရားများထဲမှ ချက်ချင်း နိုးထလာခဲ့ရသည်။

စောစောက ကြောက်မက်ဖွယ်ကောင်းလှသော ဓားအလင်းတန်းကို ပြန်လည်တွေးတောမိရင်း ချန်ဖုန်းက ရုတ်တရက် ဦးရေပြားများပင် စိမ့်တက်သွားခဲ့ရတော့၏။

"ဒီလျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို ငါ ယူသွားပြီ။ မင်းမှာ ဘာပြဿနာရှိလို့လဲ" ရှုချွမ်းက ညာလက်တွင် နတ်ဘုရားသတ်ဓားကို ကိုင်ဆောင်ထားပြီး ဘယ်လက်တွင် လျှိုဝှက်ဆန်းကြယ်ရေခဲကျောက်စိမ်းကို ကိုင်မြှောက်လျက် ချန်ဖုန်းကို တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

ဤစကားတစ်ခွန်းတည်းဖြင့်ပင် ချန်ဖုန်း၏ စိတ်ထဲ၌ အေးစိမ့်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားခဲ့ရပြီး ဒေါသ သို့မဟုတ် ရန်ငြိုးများကို ထပ်မံထုတ်ဖော်ပြသရန် မဝံ့မရဲ ဖြစ်သွားခဲ့ရတော့သည်။

"ဟားဟား... မင်းရဲ့ မျက်လုံးတွေကို ကြည့်ရတာတော့ ငါ ယူသွားတာကို တော်တော်လေး မကျေမနပ် ဖြစ်နေပုံပဲ" ရှုချွမ်းက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။

"မ... မဟုတ်ပါဘူး"

"ဒီရတနာက ကံပါတဲ့သူပဲ ရတာပါ။ မင်း ယူသွားတာကို ကျွန်တော် တကယ်ပဲ ကျေကျေနပ်နပ် ခံယူပါတယ်..." သူက ဤသို့ ပြောနေခဲ့သော်လည်း ချန်ဖုန်း၏ နှလုံးသားတစ်ခုလုံးမှာမူ ဒေါသနှင့် နာကျည်းမှုများကြောင့် လောင်မြိုက်နေခဲ့ပြီ ဖြစ်သည်။

သူက ရှုချွမ်းကို သတ်ပစ်ချင်ရုံမျှသာ ရှိသော်လည်း ရှုချွမ်းကို မနိုင်သဖြင့် ချန်ဖုန်းအနေဖြင့် အလွန်အမင်း နာကျင်ခံရခက်မှုကို ခံစားနေရခြင်း ဖြစ်၏။

သို့သော်လည်း အသက်ရှင်သန်နိုင်ရန်အတွက်မူ သူ၏ မာနကို မြိုသိပ်ထားရုံသာ တတ်နိုင်ခဲ့တော့သည်။

သို့သော်လည်း ရှုချွမ်းက သူ့ကို ဤအတိုင်း အလွယ်တကူ ထွက်ခွာခွင့် ပေးပါမည်လော။ ဤရှေးဟောင်းစစ်မြေပြင်ကြီးမှာ သူ့ကို အစဖျောက်ရန်အတွက် အကောင်းဆုံးသော အချိန်အခါ ဖြစ်ပေသည်။

"မင်းက ကျေနပ်ချင်ကျေနပ်လိမ့်မယ်... ဒါပေမဲ့ ငါကတော့ မင်းကို ကြည့်ရတာ တော်တော်လေး မျက်စိနောက်ဖို့ကောင်းတယ်လို့ ထင်တယ်"

"ဒါကြောင့်မို့လို့... ဒီနေ့ မင်း ဒီနေရာမှာပဲ အသက်ပျောက်ပေးဖို့ ငါ တောင်းဆိုရလိမ့်မယ်" ရှုချွမ်းကမျက်နှာထက်၌ ခပ်ဖွဖွ အပြုံးတစ်ခုဖြင့် ဤစကားကို အလွန် သဘာဝကျစွာ ပြောဆိုလိုက်သည်။

ထို့နောက်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားတစ်ခုသည် ရှုချွမ်း၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာခဲ့ပြီး ချန်ဖုန်း၏ ကိုယ်ပေါ်သို့ လာရောက် ဖိနှိပ်လိုက်တော့၏။

၎င်းဖိအားကို ခံစားလိုက်ရသောအခါ ချန်ဖုန်းမှာကြီးမားလှသော ဖိစီးမှုကို ခံစားလိုက်ရပြီး သူ၏ နှလုံးသားထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ စတင်ဖြစ်ပေါ်လာခဲ့ရသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ မတူညီသော စရိုက်လက္ခဏာ များပင်လျှင် စိတ်ရူးပေါက်မတတ် အချင်းချင်း အလုအယက် ပြောဆိုလာကြတော့သည်။

"ဒီလိုမိစ္ဆာကို ဘယ်သူက သွားပြီးတော့ စိန်ခေါ်ခိုင်းလို့လဲ၊ အခု ကြည့်စမ်း... သေဖို့သာ ပြင်ထားလိုက်တော့"

"ငါ အခုထိ မသေချင်သေးဘူး"

"သူ့ကို သတ်ပစ်... သတ်ပစ်ကြစမ်း"

"မခုခံနဲ့တော့... သူ့ကိုပဲ သတ်ခိုင်းလိုက်တော့၊ မင်း သူ့ကို မနိုင်ဘူး"

ချန်ဖုန်း၏ ပင်မစရိုက်လက္ခဏာ ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေလိမ့်မည် သူ၏ စရိုက်လက္ခဏာ များအားလုံးသည် ယခုအချိန်တွင် ကွဲပြားခြားနားလှသော အဆိုးမြင်စိတ် ခံစားချက်များကို ထုတ်လွှတ်နေခဲ့ကြသည်။

ဤအချက်က ချန်ဖုန်းကို ဤတစ်ကြိမ်တွင် မိမိအနေဖြင့် သေရေးရှင်ရေး ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘောပေါက်သွားစေခဲ့၏။

"ထွက်ပြေးရမယ်... ငါ သေချာပေါက် ထွက်ပြေးရမယ်"

ချန်ဖုန်းမှာ ရှုချွမ်းက မိမိကို လုံးဝ လွှတ်ပေးမည်မဟုတ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် သူ ရင်မဆိုင်နိုင်သဖြင့် ရှိသမျှ လမ်းစမှာ ထွက်ပြေးရန် တစ်ခုတည်းသာ ရှိတော့သည်။

ချန်ဖုန်း၏ စိတ်အာရုံများမှာ မြန်ဆန်စွာ လည်ပတ်သွားခဲ့သည်။

အရာအားလုံးကို တွေးတောပြီးနောက် သူက မိမိ၏ မူလချီ အားလုံးကို ထုတ်ဖော်လိုက်ပြီး နတ်ဘုရား စွမ်းရည်ဖြစ်သော 'အနန္တ ဝိညာဉ်သံချပ်ကာ' ကို အသုံးပြုလိုက်တော့သည်။

သူ၏ ကိုယ်ပေါ်ရှိ အကြေးခွံများမှာ သံချပ်ကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ကို လုံခြုံစွာ ဝန်းရံလိုက်သည်။

သူ၏ ခြေထောက်နှစ်ဖက်မှာလည်း စတင်ပြောင်းလဲလာခဲ့ပြီး ထိုအခိုက်အတန့်၌ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ကာ သူ၏ အရှိန်အဟုန်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။

သူက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး တည့်တည့်မတ်မတ် အပြင်သို့ ပြေးထွက်သွားခဲ့ရာ ရှုချွမ်း၏ မျက်စိရှေ့မှောက်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။

အကယ်၍ ဤနေရာတွင် ရှိနေသူမှာ အခြားသူတစ်ဦး ဖြစ်ပါက သူက သေချာပေါက် လွတ်မြောက်သွားနိုင်ချေ ရှိသည်။ သို့သော်လည်း သူ ရင်ဆိုင်နေရသူမှာမူ ရှုချွမ်း ဖြစ်နေခဲ့သည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား"

"ငါ မင်းကို အမွှေးတိုင်တစ်တိုင်စာ ကုန်လောက်တဲ့ အချိန်အထိ ကြိုတင်ပြီးတော့ ထွက်ပြေးခွင့် ပေးလိုက်ရင်ကော..."

"မင်း တကယ်ပဲ လွတ်အောင် ပြေးနိုင်မယ်လို့ ထင်နေတာလား" ရှုချွမ်းက ခပ်ဖွဖွ ပြုံးလိုက်မိသည်။

အစွမ်းထက်လှသော နတ်ဘုရား စွမ်းရည်ဖြစ်သည့် '‌ ရွှေကျီးကန်းသက်တန့်အသွင်ပြောင်းခြင်း' ရှိနေသရွေ့ ချန်ဖုန်းအနေဖြင့် မည်မျှပင် မြန်ဆန်စွာ ပြေးပါစေဦး၊ ရှုချွမ်းအနေဖြင့် မျက်တောင်တစ်ခတ်အတွင်း၌ပင် သေချာပေါက် နောက်ယောင်ခံ လိုက်မှီနိုင်စွမ်း ရှိပေသည်။

All Chapters