← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

“စောစောကလူက သားရဲထိန်းချုပ်ခြင်းမဟာမိတ်အဖွဲ့ကလူပဲလား။ ဒါဆို ဒီကွင်းဆင်းလေ့ကျင့်ရေးက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာပေါ့။”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လီဇီဝေက တဖြည်းဖြည်းချင်း မေးလိုက်သည်။ ချီရှီးမား ဆာကူရာဆိုသည့် နာမည်မျိုးကို သူမ ဘာလို့တစ်ခါမှမကြားဖူးသလဲလို့ တွေးတောနေခဲ့ရာမှ ယခုတော့ သူမက မဟာမိတ်အဖွဲ့ကနေ တိုက်ရိုက်ရောင်လာခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရပြီဖြစ်သည်။

“မေးခွန်းက အခု ငါတို့ ဘာဆက်လုပ်ကြမလဲဆိုတာပဲ။ ဆက်ပြီး စူးစမ်းရှာဖွေမလား၊ ဒါမှမဟုတ် သတင်းပြန်ပို့ဖို့ ပြန်ကြမလား။”

အားကစားမှူး လျူရှန်းက သက်ပြင်းတစ်ချက်ချရင်း မေးလိုက်သည်။

ကျူးဇီဟန်ကမူ မျက်နှာ အပျက်ပျက်နှင့် ခေါင်းငိုက်စိုက်ကျနေပြီး သူ၏မျက်နှာထက်၌ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးနေခဲ့သည်။

“ငါတို့ အရင်ပြန်ကြတာ ပိုကောင်းမယ်။ ဒီထက်ပိုပြီး နက်နက်နဲနဲ ဝင်သွားမိရင် ပိုတောင် အန္တရာယ်များဦးမယ်။”

ကျန်းဟန်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“မင်း စောစောက ငါ့ကို ဘာလို့မတားတာလဲ။ မင်းသာ ငါ့ကို တားခဲ့ရင် ငါ့ရဲ့သားရဲ သေမှာမဟုတ်ဘူးကွ။”

အခြားသူများ စကားမဆိုရသေးမီမှာပင် ကျူးဇီဟန်က ရုတ်တရက် ခေါင်းမော့လာပြီး ကျန်းဟန်ကို ရက်စက်စွာ စိုက်ကြည့်လျက် အော်ဟစ်လိုက်တော့သည်။

သူ၏ သားရဲလေး ဆုံးရှုံးသွားရသည့် နာကျင်မှုကို သူ လုံးဝ လက်မခံနိုင်ဖြစ်နေ၏။ သူသည် အလုပ်သင် သားရဲထိန်းချုပ်သူမျှသာ ရှိသေးရာ ဤအဆင့်တွင် မိမိ၏သားရဲ သေဆုံးသွားခြင်းက သားရဲထိန်းချုပ်သူတစ်ဦးအနေဖြင့် သူ၏လမ်းစ ဆုံးခန်းတိုင်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

သူသည် ဒေါသအဟုန်ဖြင့် တာဝန်အားလုံးကို သူအမုန်းဆုံးဖြစ်ပြီး အားအနည်းဆုံးဟု ထင်ရသော ကျန်းဟန်အပေါ်သို့သာ လွှဲချပစ်လိုက်တော့သည်။

ကျန်းဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။

“သေချင်နေတဲ့လူကို နားဝင်အောင် စကားကောင်းကောင်း မပြောနိုင်ဘူး။ ကိုယ်တိုင်က အသုံးမကျတာကို သူများကို လိုက်ပြီး အပြစ်မတင်နဲ့။ မင်စမှာ သတ္တိရှိရင် ချီရှီးမား ဆာကူရာဆီ သွားလေ။ သူမက အဆင့် ၄ အရှင်သခင်အဆင့် သားရဲထိန်းချုပ်သူဖြစ်ပဲ။ မင်းရဲ့သားရဲကို မကယ်ပေးခဲ့တာလည်း သူပဲ။ သူမကိုကျတော့ ဘာလို့ သွားပြီး မဟောင်ရဲတာလဲ။ မင်းက ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား။”

ကျန်းဟန် စိတ်ထဲ၌ ရယ်ချင်မိသွားသည်။ သူရဲကောင်းဆိုသူများက သန်မာသူများကို ဓားထုတ်၍ ရင်ဆိုင်ခြင်းဖြင့် ၎င်းတို့၏ဒေါသကို ဖော်ပြကြသော်လည်း သူရဲဘောကြောင်သူများမှာမူ ကြောက်လန့်တုန်လှုပ်တတ်ပြီး မိမိတို့ထက် ပိုမိုအားနည်းသူများကိုသာ လိုက်လံအနိုင်ကျင့်တတ်ကြသည်။

“မင်း...”

ကျူးဇီဟန်၏ မျက်နှာမှာ ပို၍ပင် ရှုံ့မဲ့သွား၏။

သို့သော် ကျန်းဟန်က သူ့ကို ဆက်ပြီး အရေးစိုက်မနေတော့ဘဲ ပိုင်လင်းနှင့်အတူ လှည့်ထွက်ကာ အနောက်သို့ ပြန်လျှောက်သွားခဲ့သည်။

“ကျန်းဟန် ငါ့ကို စောင့်ဦး။”

လီဇီဝေက ကျန်ရစ်ခဲ့သည့် နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ကျန်းဟန်နောက်သို့ အပြေးအလွှား လိုက်သွားခဲ့သည်။

“ငါတို့လည်း သွားရအောင်။ ဒီနေရာက အန္တရာယ်များလွန်းတယ်။”

အားကစားမှူး လျူရှန်းက ကျူးဇီဟန်ကို တွဲကူလျက် အပြင်ဘက်သို့ လျှောက်လာခဲ့ကြသည်။

သို့သော် သူတို့ အဝေးကြီး မသွားရသေးမီမှာပင် ကျန်းဟန်က သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့တည့်တည့်သို့ ငြိမ်သက်စွာ လှမ်းကြည့်လိုက်သည်။

“မင်းတို့ ငါတို့နဲ့ အသာတကြည် လိုက်ခဲ့မလား ဒါမှမဟုတ် ငါတို့ဘက်က အင်အားသုံးရမလား။”

မြင်းမျက်နှာနှင့် လူငယ်တစ်ဦးက ကျန်းဟန်နှင့် အခြားသူများကို လှောင်ပြုံးပြုံးကာ ကြည့်နေ၏။

“ဟားဟဲား... ကျန်းဟန်ရာ... ကျန်းဟန် မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။”

“မင်း ငါတို့ကို လမ်းပိတ်နေတဲ့ ထောင်ချောက်ထဲ တွန်းပို့ခဲ့တယ်။ အခု အဲဒီအတွက် ပြန်ပေးဆပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။”

ထိုမြင်းမျက်နှာနှင့် လူငယ်၏အနောက်တွင် ရပ်နေသော ဆယ်ကျော်သက်နှစ်ဦး၏ မျက်နှာထက်၌ ရက်စက်မှုနှင့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ခဲ့ရွှမ်းလီ...ချန်ကန်း...။”

လီဇီဝေတစ်ယောက် လန့်ဖျပ်သွား၏။

“နင်တို့ တကယ်ပဲ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်သွားကြတာလား။”

“ဒါပေါ့။ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်တာက ငါတို့ဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ။”

ကောင်းကင်မဟာမိတ်အဖွဲ့အကြောင်း ပြောလိုက်သည့်အခါ ကျန်းဟန်၏ အတန်းဖော် ဤနှစ်ယောက်၏ မျက်နှာထက်၌ ရူးသွပ်စွဲလမ်းနေသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

“အဓိပ္ပါယ်မရှိတဲ့စကားတွေကို တော်လိုက်တော့။ သူတို့အားလုံးကို ဖမ်းဆီးလိုက်စမ်း။”

မြင်းမျက်နှာနှင့် လူငယ်က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“ကျန်းဟန် ငါတို့ ဘာလုပ်ကြမလဲ။”

ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ လီဇီဝေတစ်ယောက် ဘာလုပ်ရမှန်း မသိတော့ပေ။

“မလန့်နဲ့၊ ပြန်မခုခံနဲ့။ အခုအချိန်မှာ ပြန်ခုခံရင် ငါတို့ပဲ နစ်နာလိမ့်မယ်။”

ကျန်းဟန်က သူမကို သတိပေးလိုက်ပြီးနောက် ဖမ်းဆီးခြင်းကို အသာတကြည် ငြိမ်ခံလိုက်သည်။

ထိုမြင်းမျက်နှာနှင့် လူငယ်၏ဘေးတွင် အဆင့် ၃ ခေါင်းဆောင်အဆင့် သားရဲတစ်ကောင် ရှိနေပြီး ကျန်လေးယောက်တွင်လည်း လက်ရွေးစင်အဆင့် သားရဲများ ရှိနေကြသည်။ ထိုမျှ အင်အားကြီးမားသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ဟုတ်ဟုတ်ကို ထုတ်သုံးလျှင်ပင် ယှဉ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ဤဖြစ်ရပ်သည် ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်း သူသိထားသဖြင့် ကြောက်လန့်နေစရာ ဘာမှမရှိချေ။ တကယ်၍သာ သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့နှင့် သားရဲထိန်းချုပ်ရေးအုပ်ချုပ်မှုဌာနတို့က ထိုမျှအထိ အသုံးမကျပါက ကောင်းကင်မဟာမိတ်အဖွဲ့သည် ကမ္ဘာကြီးကို သိမ်းပိုက်ကြီးစိုးထားပြီးလောက်ပြီ ဖြစ်သည်။

ကျန်းဟန်၏ စကားကို ကြားလိုက်ရသောအခါ လီဇီဝေသည်လည်း ပြန်မခုခံရန် ပညာရှိစွာ ရွေးချယ်လိုက်သည်။ သူမကို ခဲ့ရွှမ်းလီ၊ ချန်ကန်းနှင့် အခြားသူများက ကြိုးတုပ်လိုက်ကြပြီး သူမ၏သားရဲကိုလည်း ချုပ်ထားလိုက်ကြသည်။

“မင်းတို့နှစ်ယောက်က တော်တော် အလိုက်သိတာပဲ။ မစိုးရိမ်ပါနဲ့။ ငါတို့ မင်းတို့ကို နာကျင်အောင်မလုပ်ပါဘူး။ ဒါပေမဲ့ ငါတို့ရဲ့ ရည်ရွယ်ချက်က မင်းတို့ကို အသိနိုးကြားလာစေပြီး ဒီစောက်သုံးမကျတဲ့ ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း မြင်လာစေဖို့ပဲ။ ဒါမှ မင်းတို့က ငါတို့နဲ့ပူးပေါင်းပြီး စစ်မှန်တဲ့ မျှတပြီး မျှော်မှန်းချက်ရှိတဲ့ မဟာညီညွတ်ခြင်းကမ္ဘာကြီးကို အတူတူ တည်ဆောက်နိုင်လိမ့်မယ်။”

မြင်းမျက်နှာနှင့် လူငယ်က ပြုံးကာ ပြောလိုက်သည်။

“ဘာမဟာညီညွတ်ခြင်း လူ့အဖွဲ့အစည်းလဲ။ စောက်မုသားတွေ။ ငါ့ကိုလွှတ်စမ်း...အခုချက်ချင်းလွှတ်စမ်း။ မဟုတ်ရင် သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့က မင်းတို့ကို... ဖြန်း... ဖြန်း...”

မလှမ်းမကမ်းတွင် ကျူးဇီဟန်က ရုန်းကန်အော်ဟစ်ဆဲဆိုနေဆဲ ဖြစ်သော်လည်း နောက်အခိုက်တွင် သူ၏မျက်နှာထက်၌ ရှင်းလင်းပြတ်သားသော လက်ဝါးရာနှစ်ခု ထင်ကျန်သွားခဲ့သည်။

“သားရဲတောင် မရှိတော့တဲ့ အမှိုက်ကောင်က စကားပြောရဲသေးတယ်ပေါ့။ နောက်တစ်လုံး ထပ်ပြောကြည့်စမ်း။ မင်းကို ငါသတ်ပစ်မယ်။”

မြင်းမျက်နှာနှင့် လူငယ်က အေးစက်စွာ ပြောလိုက်သည်။ အရိုးထဲအထိ အေးစိမ့်သွားမတတ် ကြောက်မက်ဖွယ် လူသတ်လိုစိတ်ကြောင့် ကျူးဇီဟန်တစ်ယောက် ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး နောက်ထပ်စကားတစ်လုံးမျှ ထပ်မပြောရဲတော့ချေ။

“သူတို့ကို ခေါ်သွားကြ။”

မြင်းမျက်နှာနှင့် လူငယ်က နှာမှုတ်လိုက်ပြီး ရှေ့သို့ လျှောက်လှမ်းသွားပြီး ကျန်းဟန်နှင့် အခြားသူများကို မသိရသေးသော နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားကြတော့သည်။

လမ်းခရီးတစ်လျှောက်တွင် ဖမ်းဆီးခံထားရသော အခြားကျောင်းသားများကိုလည်း တွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးမှာ ကောင်းကင်မဟာမိတ်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရခြင်းဖြစ်ကြောင်း အထူးပြောနေစရာပင်မလိုတော့ချေ။

“ဘာလို့ ဒီလောက် လူတွေအများကြီး လိုက်ဖမ်းနေရတာလဲ။ ငါတို့ကို ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်ခိုင်းဖို့လား။ ဒါပေမဲ့ မင်းတို့သာ တကယ်တရားမျှတတယ်ဆိုရင် အမြော်အမြင်ရှိတဲ့လူတွေက သူတို့အလိုအလျောက် ဝင်လာကြမှာပေါ့။ မင်းတို့ ဖမ်းဆီးပြီး အတင်းအကျပ် နိုးကြားခိုင်းနေစရာ မလိုဘူးမလား။”

လမ်းလျှောက်နေရင်း ကျန်းဟန်က ရှေ့မှမြင်းမျက်နှာနှင့် လူငယ်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်း ဘာသိလို့လဲ။ ဒီကမ္ဘာကြီးရဲ့ အမှန်တရားကို ရာထူးကြီးပိုင်းက လူနည်းစုက ဖုံးကွယ်ထားတာ ကြာပြီ။ သူတို့ရဲ့ အကျိုးစီးပွားတွေက တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေပြီး သူတို့ရဲ့ အုပ်ချုပ်မှုကို ထိန်းသိမ်းဖို့အတွက် အရင်းအမြစ် အများစုကို လက်ဝါးကြီးအုပ်ထားကြတယ်။ သာမန်လူတွေကတော့ သူတို့သတ်မှတ်ထားတဲ့ ကစားပွဲစည်းမျဉ်းတွေထဲမှာပဲ တစ်သက်လုံး ရုန်းကန်နေကြရတာ။ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ သားရဲထိန်းချုပ်သူတွေတောင် အတူတူပဲ။ စွမ်းအားကသာ ထူးခြားဆန်းကြယ်တာ...လူ့သဘာဝကတော့ အရင်အတိုင်းပဲလေ။ လူတွေကို တကယ် နိုးကြားလာစေမှသာ ငါတို့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်ထဲ ပါဝင်လာနိုင်လိမ့်မယ်။”

မြင်းမျက်နှာနှင့် လူငယ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဒါပေါ့။ မင်း ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်မယ်ဆိုရင် ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီ။ အတိတ်က ပဋိပက္ခတွေကို ဘေးဖယ်ထားပြီး ငါတို့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်အတွက် အတူတူ ကြိုးစားကြမယ်။”

ခဲ့ရွှမ်းလီကလည်း ဝင်ပြောလိုက်သည်။

“ဟုတ်တယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်စမ်းပါ။ ကောင်းမွန်တဲ့ သားရဲတစ်ကောင်ရဖို့ မင်း ဘယ်လောက်တောင် အပင်ပန်းခဲ့ရလဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ကျောက်စိမ်းပိုးကောင်တစ်ကောင်ပဲ ရခဲ့တယ်။ မင်း မနာလိုမဖြစ်ဘူးလား။ အဲဒီမျိုးရိုးကြီး မိသားစုတွေကတော့ အထက်စီးဆန်ဆန်နဲ့ ငါတို့အားလုံး ပိုင်ဆိုင်သင့်တဲ့ သားရဲတွေကို သူတို့ရဲ့ မိသားစုပိုင် သားရဲတွေအဖြစ် လက်ဝါးကြီးအုပ်ထားကြတယ်။ နဂါးတွေ၊ ဖီးနစ်တွေ... အဲဒီလို မော်ကွန်းအဆင့်နဲ့ ဒဏ္ဍာရီအဆင့် သားရဲတွေအားလုံးကို သူတို့ပဲ ထိန်းချုပ်ထားတာ။ သူတို့က ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးပြီး ကမ္ဘာကြီးကို လှည့်စားပြီး အစကတည်းက ငါတို့အားလုံးနဲ့ သက်ဆိုင်တဲ့အရာရာတိုင်းကို ရယူခဲ့ကြတယ်။ ငါတို့ကို ဘာအကျိုးကျေးဇူးမှ မပေးတဲ့အပြင် သူတို့က ငါတို့ခန္ဓာကိုယ်ပေါ်မှာ ကပ်ပြီး ဝဖြီးတဲ့အထိ သွေးစုပ်နေတဲ့ မျှော့တွေလိုပဲ။”

ချန်ကန်းက ကျန်းဟန်ကို ကြည့်ကာ ပြောရင်း ပြောရင်းနှင့် ပိုမိုစိတ်လှုပ်ရှားလာခဲ့သည်။ သူ၏ လူ့အဖွဲ့အစည်းအပေါ် မုန်းတီးမှု၊ အထူးသဖြင့် သားရဲထိန်းချုပ်သူမဟာမိတ်အဖွဲ့အပေါ် မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။ အကြောင်းမှာ သူတို့ပြောသည့် စကားများမှာ အမှန်တရားများ ဖြစ်နေပြီး ၎င်းကို ချေပရန် မည်သည့်စကားလုံးမျှ ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။

ကျန်းဟန်က ချန်ကန်းနှင့် ခဲ့ရွှမ်းလီတို့ကို တစ်ချက်ကြည့်လိုက်သည်။ ကောင်းကင်မဟာမိတ်အဖွဲ့၏ နည်းလမ်းများကြောင့် သူ အနည်းငယ် အံ့အားသင့်သွားရ၏။ အချိန်တိုလေးအတွင်းမှာပင် ဤနှစ်ယောက်မှာ ဦးနှောက်ဆေးခြင်းကို အပြည့်အဝ ခံလိုက်ရပြီး ကောင်းကင်မဟာမိတ်အဖွဲ့အတွက် အရာရာကို စွန့်လွှတ် အနစ်နာခံရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ပေါက်နေခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူတို့၏ စကားများကြောင့် ဆွံ့အသွားကြသော အခြားသူများနှင့်မတူဘဲ သူကတော့ ပြန်ပြီး ချေပပြောဆိုနေပြီး အချိန်မဖြုန်းချင်ရုံသာ ဖြစ်သည်။

လူသားတို့၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ထိုကဲ့သို့သောအရာမျိုးမှာ ဘယ်တုန်းကမှ မရှားခဲ့ချေ။ အစမှအဆုံးအထိ ၎င်းသည် လူအချင်းချင်း ဝါးမြိုခြင်းဆိုသည့် စကားလုံးကိုသာ ဖော်ပြနေခဲ့သည်။ လူသား ၂၀ ရာခိုင်နှုန်းက အရင်းအမြစ် ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်မှာ အမြဲတမ်းပင် ဖြစ်သည်။

ခုခံတော်လှန်ခြင်း ဆိုသည်မှာလည်း နောက်ထပ် သံသရာတစ်ပတ် လည်ခြင်းမျှသာ ဖြစ်သည်။

သူသည်လည်း တစ်ချိန်က ဤစနစ်ကို ဖြိုဖျက်ရန် စဉ်းစားခဲ့ဖူးသော်လည်း ၎င်းကို မည်သို့ဖြိုဖျက်ရမည်ကို စဉ်းစားလိုက်ရုံမျှနှင့်ပင် ခေါင်းခဲစရာ ဖြစ်လာခဲ့သည်။ သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များစွာပင် မအောင်မြင်ခဲ့ကြရာ သူကဲ့သို့သောသူမှာ ဆိုဖွယ်ရာပင် မရှိပေ။

ထို့ကြောင့် သူ၏ လက်ရှိပန်းတိုင်မှာ ဤစနစ်ကို ဖြိုဖျက်ရန်မဟုတ်ဘဲ အခြားတစ်ခုသာ ဖြစ်သည်။ ၎င်းမှာ ဤကမ္ဘာသို့ ရောက်ရှိပြီး မကြာမီမှာပင် သူ ဆုံးဖြတ်ချက်ချခဲ့သော ကြီးမြတ်လှသော ရည်မှန်းချက် ပန်းတိုင်တစ်ခု ဖြစ်ပေသည်။

All Chapters