← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

“ဆရာမ... ကျွန်တော် ရောက်ပါပြီ။”

ကျန်းဟန်သည် ဆရာမ ဝမ်ယိ၏ ရုံးခန်းဆီသို့ လျှောက်လာခဲ့ပြီး တံခါးပွင့်နေသည်ကို တွေ့လိုက်ရသဖြင့် လှမ်း၍ စကားဆိုလိုက်သည်။

“ရောက်လာပြီလား။ အရင်ဝင်ထိုင်ဦး။”

ဆရာမ ဝမ်ယိက ပြုံးကာ ကျန်းဟန်ကို ထိုင်ရန် အမူအရာပြလိုက်ပြီး လက်ရှိကိုင်တွယ်နေသည့် စာရွက်စာတမ်းများကို အဆုံးသတ်ပြီးမှ စကားပြောမည်ဟု ဆိုသည်။

“ဟုတ်ကဲ့ပါ။”

ကျန်းဟန် ထိုင်ချလိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

“ဒီတစ်ခေါက် လေ့ကျင့်ရေးအပေါ် မင်း ဘယ်လိုခံစားရလဲ။”

ဆရာမ ဝမ်ယိက အလုပ်လုပ်နေရင်း လှမ်းမေးမြန်းလာခဲ့သည်။

“အဆင်ပြေပါတယ်။ ဒါပေမဲ့ သားရဲ ရတနာသိုက် ကို ကောင်းကောင်း မရှာဖွေရသေးခင်မှာတင် ဖမ်းဆီးခံလိုက်ရတာ တစ်ခုပဲ နှမြောဖို့ကောင်းတယ်။”

ကျန်းဟန်က အတန်ငယ် နောင်တရသည့်လေသံဖြင့် ပြောလိုက်သည်။

“တကယ်တော့ မင်းတို့သွားခဲ့တဲ့နေရာက သားရဲ ရတနာသိုက် လျှို့ဝှက်နယ်မြေ လုံးဝမဟုတ်ဘူး။ လူတွေ တမင်တကာ ပြုပြင်ဖန်တီးထားတဲ့ အာကာသခွဲတစ်ခုပဲ။ အစစ်အမှန် သားရဲ ရတနာသိုက်တွေက အဲဒီသားရဲတွေရဲ့ မူလစွမ်းရည် သဘာဝတွေနဲ့ နီးကပ် ဆက်နွှယ်နေတတ်တယ်။”

“အကယ်၍ သားရဲထိန်းချုပ်သူက မြေစွမ်းရည်ဆိုရင် အဲဒီ သားရဲလျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ သားရဲမိစ္ဆာတွေနဲ့ စိတ်ဝိညာဉ်အပင် အများစုကလည်း မြေစွမ်းရည်တွေ ဖြစ်နေလိမ့်မယ်။ ယေဘုယျအားဖြင့် ပြောရရင်တော့ အဲဒီမှာ သဘာဝအလျောက် ဖြစ်တည်လာတဲ့ ကျွမ်းကျင်မှုတွေလည်း ရှိတတ်ပြီး ဒါတွေက သားရဲတစ်ကောင် သေဆုံးပြီးနောက် ထွက်ပေါ်လာတဲ့ နိယာမတွေကနေ ပုံပေါ်လာတာမျိုးပဲ။”

ဆရာမ ဝမ်ယိက ရှင်းပြလိုက်သည်။

“ဒါဆို ဒီတစ်ခေါက် ဖြစ်သွားတာက ဘာလဲ။”

“ဒါက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အခြေစိုက်စခန်းတစ်ခုပဲ။ သူတို့က လူတွေကို မျှားခေါ်ဖို့အတွက် တမင်တကာ ဖွင့်လှစ်ခဲ့တာ။ အဲဒီနောက်ကွယ်က အကြောင်းအရင်းတွေက အရမ်းရှုပ်ထွေးလွန်းလို့ လောလောဆယ် မပြောဘဲ ထားလိုက်ကြရအောင်။ ဒါက သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့နဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကြားက အာဏာလုပွဲတွေနဲ့ ပတ်သက်နေလို့ ငါကိုယ်တိုင်လည်း အသေးစိတ်ကို အသေအချာ မသိဘူး။”

ဆရာမ ဝမ်ယိက ခေါင်းခါရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ကျန်းဟန်က နှမြောတသဖြစ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါတွေကို ဆက်မပြောကြရအောင်။”

ဆရာမ ဝမ်ယိသည် သူမ၏အလုပ်များကို အဆုံးသတ်လိုက်ပြီးနောက် ကျန်းဟန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“မင်းရဲ့ စိတ်စွမ်းအား ကျင့်စဉ်ကို ကျင့်ကြံတာ ဘယ်လိုအခြေအနေ ရှိလဲ။”

“ကျွန်တော် အဏုကြည့်အဆင့်ကို ရောက်သွားပြီ။”

ကျန်းဟန်က ပြန်ဖြေလိုက်သည်။

“အဲလောက်တောင် မြန်တယ်လား။”

ထိုစကားကို ကြားသောအခါ ဆရာမ ဝမ်ယိ အတန်ငယ် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်ကဲ့။ ဆရာမ သင်ပေးတဲ့ ကျင့်စဉ်က အရမ်းထိရောက်မှုရှိလို့ပါ။”

ကျန်းဟန် ခေါင်းညိတ်ပြလိုက်သည်။

အမှန်တကယ်တွင် ထိုအဆင့်သို့ ရောက်ရှိခဲ့သည်မှာ လွန်ခဲ့သော ခုနစ်ရက်ကပင် ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း သူ၏ စိတ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာသည်ဟု သူ ခံစားနေရပြီး မျက်လုံးဖွံ့ဖြိုးမှု၏ ဒုတိယအဆင့်ဖြစ်သော အမှောင်ကို အလင်းကဲ့သို့ ရှုမြင်ခြင်း သို့မဟုတ် ညကို နေ့ကဲ့သို့ မြင်နိုင်ခြင်း အဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီဟု ယူဆ၍ရသည်။

“အခြေအနေက အဲဒီလိုဆိုရင်တော့ မင်းက ဒီကျင့်စဉ်ကို အပြည့်အဝ တတ်မြောက်သွားပြီပဲ။ ဒါကြောင့် ငါ့ရဲ့ လမ်းညွှန်မှုကိုလည်း ထပ်လိုတော့မှာ မဟုတ်ဘူး။”

ဆရာမ ဝမ်ယိက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“ဒါနဲ့ မင်းရဲ့သားရဲ... ဟို ကျောက်စိမ်းပိုးကောင်ရော...။ အခု သူ့အခြေအနေ ဘယ်လိုလဲ။ ငါသိတဲ့ သားရဲမွေးမြူသူတစ်ယောက်ဆီမှာ သားရဲရဲ့ အလားအလာကို မြှင့်တင်ပေးနိုင်တဲ့ သွေးပြောင်းလဲခြင်းဆေးရည် တစ်မျိုး ရှိတယ်။ အဲဒါက မင်းရဲ့ ကျောက်စိမ်းပိုးကောင်ကို သာမန်အဆင့်ကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ငါထင်တယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဟန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူ၏ အတန်းပိုင်ဆရာမဖြစ်သူ ဝမ်ယိသည် သူ့အပေါ်တွင် ကောင်းလွန်းနေ၏။

သူသည် လူမှုပတ်ဝန်းကျင်ထဲသို့ ခုမှစတင်ဝင်ရောက်လာသည့် လူငယ်လေးတစ်ဦး မဟုတ်ပေ။ အကြောင်းပြချက် မရှိဘဲ တစ်စုံတစ်ယောက်က သင့်အပေါ် ဤမျှအထိ ကောင်းမွန်နေခြင်းမှာ အလွန်ပင် ပုံမှန်မဟုတ်သော ကိစ္စဖြစ်သည်။

“ဒါပေမဲ့ အဲဒီ သားရဲမွေးမြူသူရဲ့ စရိုက်က နည်းနည်း ဆန်းကြယ်တယ်။ အကယ်၍ မင်း အဲဒီဆေးရည်ကို ရချင်တယ်ဆိုရင်တော့ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်။”

ဆရာမ ဝမ်ယိက ဆက်ပြောလိုက်ပြီး ကျန်းဟန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကိုတော့ သတိမပြုမိခဲ့ပေ။

“အာ... ဆရာမ တကယ်တော့ အဲဒါကို မလိုတော့ပါဘူး။ ပိုင်လင်းက လွန်ခဲ့တဲ့ ရက်ပိုင်းက အဆင့်တက်တဲ့အချိန်မှာ ရုတ်တရက် ဆင့်ကဲပြောင်းလဲတစ်ခုမှု ဖြစ်သွားခဲ့ပါတယ်။”

ကျန်းဟန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဆရာမ ဝမ်ယိမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

“ဟင်... ဆင့်ကဲပြောင်းလဲသွားတာလား။ သူ့ကို အပြင်ထုတ်ပြီး ငါ့ကို ပြပါဦး။ သူက ဘာအဖြစ် ပြောင်းလဲသွားတာလဲ။”

“သူက လျှပ်စီးပိုးကောင်အဖြစ် ပြောင်းလဲသွားတာပါ။ ဘယ်လိုကြောင့် ဖြစ်သွားလဲဆိုတာကိုတော့ ကျွန်တော်လည်း သေသေချာချာ မသိပါဘူး။ ရုတ်တရက်ကြီး အဲလို ဖြစ်သွားတာပါပဲ။”

ကျန်းဟန်က ပိုင်လင်းကို အပြင်သို့ ထုတ်လိုက်ပြီး ပုခုံးတွန့်ကာ ပြောလိုက်သည်။

“ကျိ... (∩△∩)”

အပြင်သို့ ထွက်လာပြီးနောက် ပိုင်လင်းသည် လေ့ကျင့်ရေးစတင်ရန် အချိန်ကျပြီဟု ထင်မှတ်ကာ ကျန်းဟန်ကို ဝေခွဲမရသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဆရာမ ဝမ်ယိသည် ခေါင်းပေါ်တွင် ထက်မြက်သော ဦးချိုတစ်ချောင်း ပေါက်နေသည့် ထိုပိုးကောင်လေးကို ကြည့်ပြီး အလွန်ပင် မယုံနိုင်စရာကောင်းလှသည်ဟု ခံစားနေရပြီး အလွန်အမင်း အံ့ဩသွားခဲ့သည်။

“တကယ်ကို အံ့သြစရာကောင်းတဲ့ ကိစ္စပဲ။ လူသားတွေအနေနဲ့ သားရဲတွေရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ဖို့ လိုနေသေးတာပဲ။”

ဆရာမ ဝမ်ယိက အံ့အားသင့်စွာ ပြောလိုက်သည်။

“မင်းကို ကောင်းကင်ကြီးက မစလိုက်တဲ့ပုံပဲ။ ဒီလျှပ်စီးပိုးကောင်နဲ့ဆိုရင် မင်း တကယ်ပဲ အတောင်ပံဖြန့်ပြီး ပျံသန်းနိုင်ပြီ။ အရင်က ငါ အလကား စိတ်ပူနေခဲ့တာပဲ။”

ကျန်းဟန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆရာမ ဝမ်ယိကို ကြည့်ကာ မေးလိုက်သည်။

“ဆရာမ... ကျွန်တော့်ကို ကူညီပေးစေချင်တဲ့ အရာတစ်ခုခု ရှိလို့လား။”

“တကယ်တော့... ငါ မင်းအပေါ် ဘာလို့ ဒီလောက်ကောင်းနေရတာလဲဆိုတာကို မင်း အရမ်းသိချင်နေတယ် မဟုတ်လား။”

ဆရာမ ဝမ်ယိက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဟုတ်ပါတယ်။”

ကျန်းဟန်က လှည့်ပတ်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ဆရာမက ကျွန်တော့်အပေါ်ကို နည်းနည်း ကောင်းလွန်းနေလို့ပါ။”

“အမှန်အတိုင်း ပြောရရင်... မင်းရဲ့ စိတ်စွမ်းအားနဲ့ တခြားအခြေအနေအချို့ကို ငါ့ရဲ့ ဘက်စုံသုံးသပ်ချက်အရ ငါ အထင်မမှားဘူးဆိုရင် မင်းမှာ သားရဲထိန်းချုပ်ခြင်း မျိုးစေ့နှစ်ခု ရှိနေတယ် မဟုတ်လား။”

ဆရာမ ဝမ်ယိသည် ကျန်းဟန်၏ မျက်လုံးများကို စိုက်ကြည့်ကာ သူ့ကို တုန်လှုပ်ခြောက်ခြားသွားစေသည့် စကားလုံးများကို ဖြည်းညှင်းစွာ ပြောကြားလိုက်သည်။

“ဆရာမ... ဆရာမက...”

ကျန်းဟန်သည် မိမိ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ဆရာမက သိရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် တစ်ခဏမျှ စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။

“မကြောက်ပါနဲ့။ ငါ့မှာ မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မဟုတ်ရင် ငါ မင်းအပေါ် ဒီလောက် ကောင်းနေမှာ မဟုတ်ဘူး။”

“ငါ ဒါကို သိသွားရတဲ့ အကြောင်းရင်းက လတ်တလော ရက်ပိုင်းတွေမှာ ကျောင်းအပြင်ဘက်မှာ မင်းနောက်ကို တောက်လျှောက် လျှို့ဝှက်ခြေရာခံနေတဲ့သူတွေ ရှိနေတာကို သတိထားမိလို့ပဲ။ နောက်မှ သိရတာက သူတို့က အတိုးကြီးပေးစားတဲ့ ကုမ္ပဏီက လူတွေဖြစ်နေပြီး စုံစမ်းကြည့်လိုက်တော့ မင်း ကြွေးမဆပ်လို့ မင်းနောက်ကို လိုက်နေကြတာတဲ့။”

“ဒါပေမဲ့ ငါက မင်းရဲ့ သွေးအရိပ်ညဇီးကွက်ကို ကုသပေးခဲ့တဲ့သူပဲ။ သူ့ရဲ့ တန်ဖိုးနဲ့ဆိုရင် မင်း အဲဒီကြွေးမြီကို အလွယ်တကူ ဆပ်နိုင်ရက်သားနဲ့ မင်း မဆပ်ခဲ့ဘူး။”

“ပထမတော့ ငါ မင်း အလိမ်ခံလိုက်ရတာလားလို့ ထင်မိပေမဲ့ စုံစမ်းကြည့်တဲ့အခါကျတော့ မင်း အဲဒီ သွေးအရိပ်ညဇီးကွက်ကို ဘယ်တုန်းကမှ မရောင်းခဲ့ဘူးဆိုတာ သိလိုက်ရတယ်။”

“အဲဒီနောက် မင်းရဲ့ စိတ်စွမ်းအားက သာမန်လူတွေနဲ့ မတူတာကိုပါ ပေါင်းစပ်ပြီး မင်းအကြောင်းကို ငါ ထပ်ပြီးစုံစမ်းကြည့်တဲ့အခါ... မင်းက အရမ်းရှားပါးတဲ့ သားရဲထိန်းချုပ်ခြင်းမျိုးစေ့နှစ်ခုပါတဲ့ သားရဲထ်းချုပ်သူ ဖြစ်ရမယ်လို့ ငါ ကောက်ချက်ချလိုက်တာပဲ။”

“မူလက မင်းကို အဲဒီကျင့်စဉ်ပေးခဲ့တာက မင်းရဲ့ ကြိုးစားမှုကို အားပေးချင်ရုံသက်သက်ပဲ။ မင်း လက်မလျှော့သ၍ ကျောက်စိမ်းပိုးကောင်အတွက် အခွင့်အရေး ရှိနေသေးတယ်လို့ ငါ မျှော်လင့်ခဲ့မိလို့ပဲ။”

“ဒါကို ခန့်မှန်းမိပြီးတဲ့နောက်မှာတော့ ကျောက်စိမ်းပိုးကောင်ရဲ့ အလားအလာကို ပြောင်းလဲပေးဖို့အတွက် သားရဲမွေးမြူစောင့်ရှောက်သူတစ်ယောက် ရှာပေးဖို့ ငါ စဉ်းစားခဲ့တယ်။”

“မင်းမှာ သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခုရှိနေတာက အရမ်းကို တန်ဖိုးရှိလွန်းတယ်။ အကယ်၍ ကျောက်စိမ်းပိုးကောင်ကြောင့် သားရဲထိန်းချုပ်ခြင်းမျိုးစေ့တစ်ခု ပျက်စီးသွားမယ်ဆိုရင် ဒါက တကယ်ကို နှမြောစရာကောင်းလွန်းတယ်။”

ဆရာမ ဝမ်ယိက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ကျန်းဟန်ကို ကြည့်ကာ စကားကို အေးအေးလူလူ ဆက်ပြောလိုက်သည်။

ကျန်းဟန်သည် ဆရာမ ဝမ်ယိ၏ လှပသော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများကို ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။ လှပသော အမျိုးသမီးများက တကယ်ကို မရိုးရှင်းလှပေ။ သူမသည် သေးငယ်သော အသေးစိတ်အချက်အလက်များမှတစ်ဆင့် ဤမျှများပြားသော အရာများကို အပြောင်းပြောင်းပြန်ပြန်တွက်ချက် သွားနိုင်ခဲ့သည်။

သို့သော်လည်း သူသည် ထိုစကားမှ အချက်အလက်တစ်ခုကို သိရှိသွားခဲ့သည်။

“အရင်က အစောပိုင်း သားရဲထိန်းချုပ်ခြင်းမျိုးစေ့နှစ်ခုပါတဲ့ လူတွေ ပေါ်လာဖူးတာလား။ ဒါဆို ဘာလို့ မှတ်တမ်းမရှိတာလဲ။”

“သေချာတာပေါ့။ ရှိခဲ့ဖူးတယ်။ စုစုပေါင်း နှစ်ယောက် ရှိခဲ့တယ်။ အဲဒီလို အခြေအနေမျိုးရှိတဲ့သူတွေကလည်း မင်းလိုပဲ အပြင်ကို ထုတ်မပြောချင်ကြဘူး။ ဒါက တခြားရွေးချယ်စရာ မရှိတော့တဲ့အချိန်မှပဲ ထုတ်သုံးရမယ့် ဝှက်ဖဲမျိုး ဖြစ်ပြီး ဒီလိုအချက်အလက်တွေကို လူအနည်းငယ်ပဲ သိကြတာ။”

ဆရာမ ဝမ်ယိက ပြောလိုက်သည်။

“အဲဒီ လူနှစ်ယောက်က ဘယ်သူတွေလဲ။”

ကျန်းဟန် အလွန်သိချင်သွားခဲ့သည်။

“တစ်ယောက်ကို ဝမ်ကျိုးလို့ ခေါ်တယ်။ သူက အလင်းအမှောင်လက်ရွေးစင်လို့ အမည်ပြောင်ရခဲ့တယ်။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်က စီနီယာတစ်ယောက်ဖြစ်ပြီး သားရဲထိန်းချုပ်သူ မဟာမိတ်အဖွဲ့ကို ပူးတွဲတည်ထောင်သူတွေထဲက တစ်ယောက်ပဲ။ သူက လွန်ခဲ့တဲ့ နှစ်ငါးဆယ်က အန္တာတိကတိုက် စူးစမ်းလေ့လာရေး ခရီးစဉ်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တယ်။”

“နောက်တစ်ယောက်ကိုတော့ ရှောင်ကန်းလို့ ခေါ်တယ်။ သူကလည်း ဆန်းကြယ်ကပ်ဘေးလို့ အမည်ပြောင်ရထားတယ်။ သူကတော့ ဒီနေ့ကမ္ဘာမှာ အကြီးမားဆုံး မှောင်ခိုအဖွဲ့အစည်းဖြစ်တဲ့ ဂြိုဟ်ပြင်ပအဖွဲ့အစည်းကို တည်ထောင်ခဲ့သူပဲ။ သူက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အန္တာတိကတိုက်မှာပဲ ပျောက်ဆုံးသွားခဲ့ပြီး ဒီနေ့အထိ သူ့ရဲ့ သတင်းအစအနကို မသိရတော့ဘူး။”

“သူတို့နှစ်ယောက်စလုံးက သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခုပိုင်ဆိုင်ကြောင်း အတည်ပြုနိုင်ခဲ့သူတွေဖြစ်ပြီး သဘာဝအတိုင်းပဲ တခြားသူတွေထက် သားရဲတစ်ကောင် ပိုပြီး မွေးမြူနိုင်ကြတယ်။”

“ဒါပေမဲ့ သက်သေအထောက်အထား မရှိတာရယ်၊ တခြားအကြောင်းအရင်းအချို့ကြောင့်ရယ်ကြောင့် ဒါကို အများပြည်သူတွေ မသိကြတာပဲ။”

ဆရာမ ဝမ်ယိက ဖြည်းည်းစွာ ပြောပြလိုက်သည်။

“ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါပြီ။”

ကျန်းဟန် ခေါင်းညိတ်လိုက်သည်။ ဆရာမ ဝမ်ယိ၏ စကားများမှတစ်ဆင့် သူ အချက်အလက်တစ်ခုကိုလည်း သဘောပေါက်လိုက်သည်။ သူ၏ဆရာမဖြစ်သူ ဆရာမ ဝမ်ယိသည်လည်း သာမန်လူတစ်ယောက် မဟုတ်ပေ။

“အခု ငါ ဒါတွေအားလုံးကို ဘာလို့လုပ်ပေးရလဲဆိုတဲ့ ရည်ရွယ်ချက်ကို မင်း နားလည်ပြီ မဟုတ်လား။ ငါက ပါရမီရှင်ကို နှမြောပြီး အနာဂတ်ရဲ့ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ဆီမှာ ကြိုတင်ရင်းနှီးမြှုပ်နှံချင်ရုံသက်သက်ပဲ။”

ဆရာမ ဝမ်ယိက ကျန်းဟန်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

All Chapters