အခန်း ၅၆
Vol. 6 Ch. 56
အခန်း ၅၆
“ကျေးဇူးတင်ပါတယ် ဆရာမ။ ကျွန်တော် အတွေးလွန်သွားတာပါ။”
ကျန်းဟန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး တောင်းပန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါ။ မင်းရဲ့ခွင့်ပြုချက်မရှိဘဲ ငါ ဒီလျှို့ဝှက်ချက်ကို တခြားဘယ်သူ့ကိုမှ မသိစေရပါဘူး။”
ဆရာမ ဝမ်ယိက ပြုံးကာ ပြောလိုက်သည်။ တကယ်တော့ သူမသည် ကျန်းဟန်ကို သူမ၏ နောက်ဆုံး လက်ရင်းတပည့် အဖြစ် လက်ခံရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သော်လည်း ကျန်းဟန်က ကျောက်စိမ်းပိုးကောင်၏ အလားအလာ ပြဿနာကို သူ့ဘာသာသူ အပြီးတိုင် ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ဤအတောအတွင်း သူမ၏ စောင့်ကြည့်လေ့လာချက်များအရ ကျန်းဟန်သည် သူ၏စွမ်းအား နိုးထလာပြီးနောက်ပိုင်း လူတစ်ယောက်လုံး လုံးဝပြောင်းလဲသွားသကဲ့သို့ ခံစားခဲ့ရသည်။ သူသည် မည်သူ့ထံတွင်မှ တပည့်ခံရန် ဆန္ဒရှိပုံမရသဖြင့် သူမဘက်ကလည်း ထိုကိစ္စကို ထုတ်မပြောတော့ခြင်း ဖြစ်သည်။
ကျန်းဟန်ကဲ့သို့ ရင့်ကျက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သော အတွေးအခေါ်ရှိသူမျိုးသည် မိမိ၏လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခံရသည့် ခံစားချက်ကို ကြိုက်နှစ်သက်မည်မဟုတ်ကြောင်း သူမ ခံစားမိသည်။ သူ၏လွတ်လပ်ခွင့်ကို ဝင်ရောက်မစွက်ဖက်ဘဲ ကူညီစောင်မပေးခြင်းဖြင့်သာ သူ၏လေးစားမှုကို ရရှိနိုင်မည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာမ။”
ကျန်းဟန်က ထပ်မံ၍ ခေါင်းညိတ်ပြလိုက်သည်။
“ငါ မင်းကို အဲဒီ သားရဲပျိုးထောင်သူရဲ့ ဆက်သွယ်ရန်အချက်အလက်တွေ ပေးထားမယ်။ အကယ်၍ နောက်ထပ် အကူအညီတစ်ခုခု လိုအပ်ရင် ငါ့ဆီကို အချိန်မရွေး ဖုန်းဆက်လိုက်ပါ။”
ဆရာမ ဝမ်ယိက ကျန်းဟန်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ထို့နောက်တွင် ကျန်းဟန်သည် ဆရာမ ဝမ်ယိထံမှ အခြားအကြောင်းအရာ အနည်းငယ်ကို ထပ်မံမေးမြန်းပြီးနောက် သူမ၏ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
“အဆင့်မြင့် သားရဲထိန်းချုပ်သူတစ်ယောက်ကို တကယ် လျှော့တွက်လို့မရဘူးပဲ။”
ကျန်းဟန် သက်ပြင်းချလိုက်မိသည်။ မိမိ၏လျှို့ဝှက်ချက်မှာ အနှေးနှင့်အမြန် လူသိရှင်ကြားဖြစ်လာမည်ကို သူ သိထားသော်လည်း ဤမျှလောက် မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ဤအရာက လုံးဝဥဿုံ မကောင်းသောအရာတော့ မဟုတ်ပေ။ ဆရာမ ဝမ်ယိသည် သူ၏တန်ဖိုးကို သိရှိသွားသည်နှင့် သူမ၏ ပထမဆုံးအတွေးမှာ ကြိုတင်ရင်းနှီးမြှုပ်နှံရန်သာ ဖြစ်ပေလိမ့်မည်။ သူမ ပြောခဲ့သလိုပင်... သူ၏ပါရမီအရဆိုလျှင် ပုံမှန်အတိုင်း ကြီးပြင်းလာသရွေ့ အလွန်အင်အားကြီးမားသော သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။
သူမနှင့် သူ့ကြားတွင် အကျိုးစီးပွားပဋိပက္ခ မရှိသဖြင့် သူ့အပေါ် ရင်းနှီးမြှုပ်နှံခြင်းက သဘာဝအတိုင်း ပထမဆုံး ရွေးချယ်စရာ ဖြစ်ပေသည်။
ဟုတ်ပေသည်...။ ၎င်းက အကျိုးစီးပွား ရှုထောင့်ကနေသာ ကြည့်ခြင်းဖြစ်သည်။ သူတို့ကြား၌ သံယောဇဉ်ပိုင်းဆိုင်ရာ ကိစ္စတချို့လည်း ရှိနေပါသေးသည်။ ထိုအရာများ အားလုံးကို ပေါင်းစပ်ကြည့်ရင် ဆရာမ ဝမ်ယိသည် သူ့ဘက်တော်သားတစ်ယောက် ဖြစ်လာဖို့ ရာခိုင်နှုန်း တော်တော်များပေသည်။
လူသားများသည် ဤလူ့အဖွဲ့အစည်းအတွင်း နေထိုင်နေသ၍ အစုအဖွဲ့တစ်ခု လိုအပ်သည်ချည်းပင်။ သားရဲထိန်းချုပ်သူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှပင်ပဲ မြင့်မားနေပါစေ...လူသားမျိုးနွယ်စုကြီးတစ်ခုလုံးနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်သေးပါချေ။
သင်က လက်ရှိ လူသားများ၏ အမြင့်ဆုံး အထွတ်အထိပ်ကို ကျော်လွန်နိုင်မှသာ တစ်မျိုး ဖြစ်လာပေလိမ့်မည်။
ဆရာမ ဝမ်ယိနှင့် စကားပြောဆိုမှုမှတစ်ဆင့် ကျန်းဟန်သည် ရုတ်တရက် အခြားအရာတစ်ခုကို သဘောပေါက်သွားခဲ့သည်။ ဟုတ်ဟုတ်၏ သွေးထွက်စေခြင်းဝိသေသကို သွေးနတ်ဆိုးဝိသေသအဖြစ် ပြောင်းလဲပစ်ရန်အတွက် သားရဲမွေးမြူစောင့်ရှောက်သူတစ်ဦးကို လုံးဝ ရှာဖွေနိုင်ပေသည်။
လူသားများသည် နှစ်ပေါင်းများစွာတိုင်အောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြပြီး သားရဲမွေးမြူခြင်းဆိုင်ရာ လျှို့ဝှက်ချက်အားလုံးကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးသော်လည်း သိပ္ပံနည်းကျ သုတေသနပြုမှုများ၏ လမ်းညွှန်မှုအောက်တွင် သားရဲကျင့်ကြံထိန်းချုပ်ခြင်းနယ်ပယ်မှာ အတော်လေး ရင့်ကျက်နေပြီဖြစ်သည်။ မဟုတ်ပါက လူသားများသည် ၎င်းတို့၏ ဆုံးရှုံးသွားသော ဇာတိမြေကို ပြန်လည်ရယူနိုင်ခဲ့ကြမည် မဟုတ်ပေ။
တောရိုင်းသားရဲမိစ္ဆာများနှင့် နှိုင်းယှဉ်ပါက လူသားများ မွေးမြူထားသော သားရဲများသည် ၎င်းတို့၏ အလားအလာကို အမြင့်ဆုံးအထိ အပြည့်အဝ အသုံးချနိုင်သည်။ သိပ္ပံနည်းကျ သုတေသနပြုမှုသည် လူသားတို့၏ အကြီးမားဆုံးသော ယုံကြည်မှု အရင်းအမြစ်ပင်ဖြစ်သည်။
သွေးအရိပ်ညဇီးကွက်၏ သွေးနတ်ဆိုးဝိသေသကို မှတ်တမ်းတင်ထားပြီးဖြစ်၍ သိပ္ပံနည်းကျနည်းလမ်းများဖြင့် ၎င်း၏ အသွင်ပြောင်းလဲခြင်းကို လှုံ့ဆော်ပေးနိုင်ရမည်ဖြစ်ကာ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းဖြင့်သာ ဖြစ်ရမည်ဟု ပုံသေမရှိပေ။
ထို့အပြင် ကျန်းဟန်သည် ဤနည်းလမ်းကို အသုံးပြု၍ သွေးနတ်ဆိုးဝိသေသအဖြစ် ပြောင်းလဲခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ပါက အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်း ပြောင်းလဲသွားခြင်း ရှိ၊ မရှိကိုပါ စမ်းသပ်ကြည့်ချင်နေခဲ့သည်။
ထိုကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်ပြီး ကျန်းဟန်သည် ပိုင်လင်းကို လေ့ကျင့်ရေးကွင်းဆီသို့ ခေါ်ဆောင်လာခဲ့လိုက်သည်။ ပထမဦးစွာ ၎င်းတို့သည် အနှုတ် ၂၀ ဒီဂရီ အပူချိန်တွင် လေ့ကျင့်မှုကို အတွေ့အကြုံယူရန် ရေခဲနှင့် နှင်းလေ့ကျင့်ရေးဧရိယာသို့ သွားရောက်ခဲ့ကြသည်။
“ဘယ်လိုလဲ... မင်း တောင့်ခံနိုင်သေးရဲ့လား။”
ကျန်းဟန်သည် အနှုတ် ၂၀ ဒီဂရီ ပတ်ဝန်းကျင်တွင် ရှိနေသော ပိုင်လင်းကို ကြည့်လိုက်သည်။ ၎င်း၏ အခြေအနေမှာ ယခင်ကထက် များစွာ ကောင်းမွန်နေ၏။
“ကျိ... “
ပိုင်လင်းက ၎င်းအနေဖြင့် လက်ခံနိုင်သေးကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ရှိ တိုင်လုံးကို အရှိန်ပြင်းတိုက်ခိုက်ခြင်း စွမ်းရည်မှုဖြင့် ဝင်ဆောင့်လိုက်ရာ ၎င်း၏ခန္ဓာကိုယ်မှ လျှပ်စစ်မီးပွားများ လွင့်စင်ထွက်သွားခဲ့သည်။
“မနက်ဖြန်ကျရင် တတိယမြောက် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းဖြစ်တဲ့ နဂါးအသွင်ပြောင်းလဲခြင်းကို စတင်နိုင်တော့မယ့်ပုံပဲ။”
ကျန်းဟန်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ယခုတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုက ပိုင်လင်းအတွက် အမှန်တကယ်ပင် ကြီးမားသော ခွန်အားတိုးတက်မှုကို ပေးစွမ်းနိုင်ခဲ့ပုံရသည်။
အနှုတ် ၂၀ ဒီဂရီ အပူချိန်အောက်တွင် အကြိမ်ရေ တစ်ထောင် တိုက်ခိုက်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် ကျန်းဟန်သည် ၎င်းကို ၁၆၀ ဒီဂရီ မြင့်မားသော အပူချိန်တွင် စမ်းသပ်ရန် မီးလျှံလေ့ကျင့်ရေးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။
အတန်ငယ် ပင်ပန်းဆင်းရဲရဆဲ ဖြစ်သော်လည်း ပိုင်လင်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ အချိန်ကာလတစ်ခုအထိ တောင့်ခံထားနိုင်ပြီ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းသည် ဖိအားပုံဆောင်ခဲအောက်တွင် ခုန်ပျံသည့် လှုပ်ရှားမှုများကို လုပ်ဆောင်ပြီး ဖိအားစွမ်းရည်ကို နားလည်သဘောပေါက်ရန် ကြိုးစားရမည်ဖြစ်သည်။
“ကျိ... “
ပြင်းထန်လှသော ဖိအားအောက်တွင် ပိုင်လင်းသည် မီတာဝက်ခန့်သာ မြင့်အောင် ခုန်နိုင်ပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားနေရသည်။ ဤအရာ၏ ခက်ခဲမှုသည် ယခင် ပရောဂျက်နှစ်ခုထက် များစွာ ပိုမိုကြီးမားသည်။
“ငါ မင်းကို စိတ်ဝိညာဉ်ဆက်သွယ်မှုအလင်းနဲ့ ကောင်းချီးပေးထားတယ်။ ဒါကြောင့် မင်း ကြိုးစားရမယ်။ ဒါက နဂါးအသွင်ပြောင်းလဲခြင်းအတွက် အရေးကြီးဆုံး အဆင့်ပဲ။ ဖိအားဆိုတာ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ခြောက်လှန့်တားဆီးမှုမျိုး ဖြစ်တာမို့ မင်းရဲ့ စိတ်ဆန္ဒကသာ ခိုင်မာမယ်ဆိုရင် ကြောက်နေစရာ မလိုဘူး။”
ကျန်းဟန်က ပိုင်လင်းကို ပြောလိုက်သည်။ ပိုင်လင်းနှင့် နှိုင်းယှဉ်ပါက သူသည် ဤမျှလောက်သော ဖိအားအဆင့်ကို သိပ်မကြောက်လှပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်စွမ်းအားမှာ ပိုင်လင်းထက် များစွာ ပိုမိုအားကောင်းပြီး ဖိအားအပေါ် ခံနိုင်ရည်မှာလည်း များစွာ ပိုမိုကြီးမားသောကြောင့်ပင်။
“ကျိ... (ง •̀_•́)ง”
ပိုင်လင်းက ခေါင်းညိတ်ပြလိုက်ပြီး ထပ်မံ၍ စတင်ခုန်ပျံလိုက်တော့သည်။
မွန်းလွဲပိုင်း အချိန်တစ်ခုသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ကျန်းဟန်သည် ပိုင်လင်းနှင့်အတူ လေ့ကျင့်ရေး၌ တစ်ချိန်လုံး အဖော်ပြုပေးခဲ့သည်။
“ကျီးးးး...”
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းဟန်သည် အာရုဏ်ဦး ထင်းရှူးစိမ်းကျင့်စဉ် ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ရုံရှိသေးစဉ်မှာပင် ကောင်းကင်မှ စူးရှပြီး ရှည်လျားသော ဗျိုင်းအော်သံအချို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျောင်း၏ ကစားကွင်းထဲသို့ ချက်ချင်းဆိုသလိုပင် အတောင်လေးခု လေဗျိုင်းဖြူ သုံးကောင် ဆင်းသက်လာခဲ့သည်။
“ဒီလောက်အမြန်ကြီး ပြန်ရောက်လာတာလား။”
ကျန်းဟန်သည် ဗျိုင်းဖြူများ၏ ကျောပေါ်ရှိ လူရိပ်များကို မြင်လိုက်ရပြီး မနေ့က ခေါ်ဆောင်ခြင်း ခံခဲ့ရသည့် လီဇီဝေနှင့် အဖွဲ့သားများ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်ရသည်။
မနက်စာ စားသောက်ပြီးနောက် စာသင်ခန်းသို့ ပြန်ရောက်သောအခါ ကျန်းဟန်သည် လီဇီဝေကို တွေ့လိုက်ရသည်။
“မင်း အဆင်ပြေရဲ့လား။ သူတို့ မင်းကို ဘာလို့ ခေါ်သွားကြတာလဲ။”
ကျန်းဟန်က သူ့နေရာတွင် ထိုင်နေသော လီဇီဝေကို ကြည့်ကာ မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်။ သူတို့က ငါတို့ကို သူတို့ရဲ့ အခြေစိုက်စခန်းတစ်ခုဆီ ခေါ်သွားချင်ကြတာ။ အဲဒီနောက် မနေ့ညက သားရဲထိန်းချုပ်သူ မဟာမိတ်အဖွဲ့က စုံစမ်းစစ်ဆေးရေးအရာရှိ ငါတို့သိတဲ့ ချီရှီးမား ဆာကူရာ ရောက်လာခဲ့တယ်။ သူက အဲဒီအခြေစိုက်စခန်းကို တစ်ယောက်တည်း အပြတ်ရှင်းပြီး ငါတို့ကို ကယ်တင်ခဲ့တာပဲ။”
လီဇီဝေက ကျန်းဟန်ကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောပြလိုက်သည်။
“မင်း အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ။”
ကျန်းဟန်သည် လီဇီဝေကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အနည်းငယ် မူမမှန်သကဲ့သို့ ခံစားရသော်လည်း သူမအနေဖြင့် ဤဖြစ်ရပ်ဆိုးမှ စိတ်မသက်သာသေး၍ ဖြစ်လိမ့်မည်ဟုသာ တွေးကာ အလေးအနက် သိပ်မထားမိပေ။
ထို့နောက်တွင် မနက်ခင်း ကိုယ်ပိုင်စာလေ့လာချိန်အတွင်း ကျောင်းသည် ဤတောရိုင်းရှင်သန်မှု လေ့ကျင့်ရေးနှင့် ပတ်သက်၍ အနှစ်ချုပ်မိန့်ခွန်းပြောကြားရန် ကျောင်းသားများကို ကစားကွင်းတွင် ထပ်မံစုစည်းခဲ့ပြန်သည်။
ပထမဦးစွာ ရှည်လျားပြီး ပျင်းစရာကောင်းလှသော ပုံမှန်မိန့်ခွန်းကို ပြောကြားပြီးနောက် ကျောင်းခေါင်းဆောင်ပိုင်းက အခြားကိစ္စရပ်တစ်ခုကို ကြေညာလိုက်တော့သည်။
“အားလုံးအတွက် သတင်းကောင်းတစ်ခု ရှိတယ်။ ဒီနေ့ကစပြီး မင်းတို့တွေ အဆောင်မှာ မဖြစ်မနေ နေထိုင်စရာ မလိုတော့ဘူး။ ကျောင်းက ယခင် စီမံခန့်ခွဲမှုစနစ်ဟောင်းအတိုင်း ပြန်လည်ပြောင်းလဲပေးသွားမှာ ဖြစ်တယ်။”
“ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက သားရဲထိန်းချုပ်သူ မဟာမိတ်အဖွဲ့နဲ့ သားရဲယဉ်ပါးထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဦးစီးဌာနတို့ကြောင့်ပဲ။ စုံစမ်းစစ်ဆေးရေးအရာရှိ နှစ်ဦးရဲ့ ကူညီစောင်မမှုကြောင့် ငါတို့ရဲ့ ကန်မြို့ ဧရိယာထဲမှာရှိတဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး ကောင်းကင်မဟာမိတ်အဖွဲ့ဝင် ငါးဆယ်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်။ အခု စုံစမ်းစစ်ဆေးရေးအရာရှိ နှစ်ဦးဖြစ်တဲ့ ချီရှီးမား ဆာကူရာနဲ့ ကျောက်ခိုင်တို့ကို အားလုံးအတွက် စကားပြောကြားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။”
လက်ခုပ်သံများကြားထဲတွင် ချီရှီးမား ဆာကူရာက မိုက်ခရိုဖုန်းကို ပထမဆုံး ယူလိုက်သည်။ သူမသည် လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်၏။
“ကျောင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ဒီအစီအစဉ် အောင်မြင်မှုအတွက် ကျောင်းသားတွေမှာလည်း အသိအမှတ်ပြုစရာတွေ အများကြီး ရှိပါတယ်။”
“ကျွန်မတို့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြတဲ့အနေနဲ့ မဟာမိတ်အဖွဲ့ဟာ သားရဲမွေးမြူရေး ဆေးရည်တချို့ကို အားလုံးအတွက် ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆေးရည်တွေက မင်းတို့ရဲ့ သားရဲတွေကို ပိုမိုကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်ပြီး ပိုမိုလျင်မြန်စွာ ကြီးထွားလာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။”
ထိုစကားကို ကြားသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။ မည်သူမဆို ခန့်ညားထည်ဝါသော စကားများကို ပြောဆိုနိုင်သော်လည်း သားရဲမွေးမြူရေးဆေးရည်ကဲ့သို့သော လက်တွေ့ကျသည့် အကျိုးကျေးဇူးများကို ပေးအပ်သူမှာ နည်းပါးလှသည်။ သဘာဝအတိုင်းပင် လူတိုင်း ယခုအချိန်တွင် အလွန်ဝမ်းမြောက်နေကြသည်။
“ပထမဦးစွာ ဒီအစီအစဉ်အတွင်းမှာ ထိခိုက်နစ်နာခဲ့ရတဲ့ ကျောင်းသားတွေကို တောင်းပန်ချင်ပါတယ်။ မင်းတို့အားလုံး နောက်ပိုင်းမှာ နိုင်ငံတော် သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဦးစီးဌာနဆီကနေ နစ်နာကြေးတွေ ရရှိကြမှာ ဖြစ်ပါတယ်။”
“ဒုတိယအချက်အနေနဲ့ကတော့ ဒီအစီအစဉ်ကြောင့် ကျောင်းသားအများအပြား မလိုအပ်ဘဲ စွန့်စားမှုတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲမှုဦးစီးဌာနကနေ နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခ့င်း ဘေးမဲ့ဥယျာဉ်အတွက် နေရာ အရေအတွက် ၁၀၀ ကို ဖွင့်လှစ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေရာကို ရရှိတဲ့ ကျောင်းသားတွေဟာ နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်း ဘေးမဲ့ဥယျာဉ်ထဲကို ဝင်ရောက်ပြီး သားရဲတစ်ကောင်ကို အခမဲ့ စာချုပ်ချုပ်ဆို ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။”
ကျောက်ခိုင်သည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ရွှေရောင်မျက်မှန် တပ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူ ထိုစကားများကို ပြောလိုက်သည်နှင့် ကျောင်းသားအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဟုန်းဟုန်းတောက် အော်ဟစ်အားပေးကြလေတော့သည်။