← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

အချိန်နှစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သောကြောင့် ဤရက်ပိုင်းအတွင်း ကျောင်း၌ လာရောက်လေ့ကျင့်သူ အရေအတွက် နည်းပါးသွားခဲ့သည်။

ကျောင်း၏ခေါင်းဆောင်ပိုင်း အစည်းအဝေးနှင့် ဆွေးနွေးပွဲများအပြီးတွင် နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဘေးမဲ့ဥယျာဉ်၏ နေရာများအတွက် ယှဉ်ပြိုင်ပွဲကို လာမည့်လ ၁၅ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။ အတန်းတစ်ခုချင်းစီအလိုက် ပဏာမ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်အတွက် အတန်းတွင်းပြိုင်ပွဲများကို အရင်ဆုံး ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးမှသာ အဆင့်ဆင့် ရွေးချယ်သည့် အထွေထွေပြိုင်ပွဲကြီးကို ကျင်းပကာ နောက်ဆုံးနေရာများကို သတ်မှတ်ပေးသွားမည် ဖြစ်သည်။

ကျောင်းသားအားလုံးသည် ထိုကပ်ဆိုးကြီးတွင် အတူတူပါဝင်ခဲ့ကြပြီး တူညီသော စွန့်စားရမှုများကို ရင်ဆိုင်ခဲ့ကြရသဖြင့် ကျောင်းတော်ကြီးအနေဖြင့် ရှားရှားပါးပါး လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံရန် ရွေးချယ်ခဲ့ပြီး အတန်းတစ်ခုစီကို နေရာ ၂၀ စီ ခွဲဝေပေးခဲ့သည်။

တတိယနှစ်၏ အတန်း ၁၀ တန်းမှ နောက်ဆုံး လူ ၂၀၀ ထွက်ပေါ်လာမည်ဖြစ်ပြီး ထိုလူ ၂၀၀ သည် နေရာ ၁၀၀ ကို ရွေးချယ်ရန်အတွက် နောက်ထပ် ရှုံးထွက်ပွဲစဉ်တစ်ခုကို ထပ်မံဖြတ်သန်းရဦးမည် ဖြစ်သည်။

နောက်ဆုံးတွင် ထိုလူ ၁၀၀ သည် နောက်ထပ် နှစ်လအကြာတွင် နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဘေးမဲ့ဥယျာဉ်သို့ ဝင်ရောက်ခွင့် အရည်အချင်းကို ရရှိကြမည်ဖြစ်သော်လည်း ထိုအချိန်တွင် မိမိတို့ကိုယ်တိုင် ဒုတိယအဆင့် အခြေခံအဆင့်သို့ ရောက်ရှိထားရမည်ဟူသော ကြိုတင်ကန့်သတ်ချက် ရှိနေပြီး မဟုတ်ပါက ထိုနေရာကို အလိုအလျောက် ဆုံးရှုံးသွားမည် ဖြစ်သည်။

၎င်းအပြင် ကန်မြို့ရှိ ကောင်းကင်မဟာမိတ်၏ အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းချေမှုန်းခဲ့သည့် သတင်းသည်လည်း အဓိက သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်း ခံထားရပြီး ဖြစ်သည်။

နောက်ဆုံးတွင် သောကြာနေ့သို့ ရောက်ရှိလာခဲ့ပြီး ကျောင်းဆင်းသည်နှင့် ကျောင်းသားအားလုံး အိမ်ပြန်ရန် မစောင့်နိုင်အောင် ဖြစ်နေကြတော့သည်။ ကျောင်းကို ပိတ်ဆို့ထားသည့် အချိန်ကာလမှာ သိပ်မကြာလှသော်လည်း လူတိုင်းသည် မိမိတို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်ခံထားရသည့် ခံစားချက်ကို လုံလောက်အောင် ခံစားခဲ့ရပြီးဖြစ်ရာ အပြင်ထွက်ပြီး နို့လက်ဖက်ရည်တစ်ခွက် သွားဝယ်သောက်ရရုံမျှဖြင့်ပင် အလွန်ကောင်းမွန်လှသည်ဟု ခံစားနေကြရသည်။

ကျန်းဟန်သည်လည်း သူ့ပစ္စည်းများကို သိမ်းဆည်းကာ ပိုင်လင်းကို ခေါ်၍ အပြင်သို့ လျှောက်လာခဲ့သည်။

ကျောင်းထဲမှ ထွက်လာပြီး အိမ်အပြန် လမ်းကြားလေးထဲသို့ လျှောက်လာစဉ်တွင် လူသုံးဦးက သူ့ရှေ့မှ ပိတ်ဆို့လိုက်ကြ၏။

“မင်းက ကျန်းဟန် မဟုတ်လား။ မင်း တစ်ခုခုကို မေ့နေတာမျိုး မရှိဘူးလား။”

ကျန်းဟန် သူ့ရှေ့ရှိ လူငယ်သုံးဦးကို ကြည့်လိုက်၏။ ၎င်းတို့မှာ အကြွေးလာတောင်းသည့် မှောင်ခိုအတိုးပေးစားသူများဖြစ်ကြောင်းကို သူ လုံးဝ စဉ်းစားနေစရာပင် မလိုဘဲ သိလိုက်သည်။

“ပိုက်ဆံ လာတောင်းတာလား။”

ကျန်းဟန်က သိရက်နှင့် မေးလိုက်သည်။

“မင်းက ဘာထင်လို့လဲ။ အခု အောက်တိုဘာ ၃ ရက်နေ့ ရောက်နေပြီ။ မင်း ပြီးခဲ့တဲ့လက ချေးထားတဲ့ အကြွေးက သက်တမ်းကျော်နေပြီ။ အခု လောလောဆယ် မင်း သုံးသောင်း ပြန်ဆပ်ရမယ်။ ကုမ္ပဏီ သုံးခုဆိုတော့ စုစုပေါင်း ကိုးသောင်းပဲ။ ပိုက်ဆံ ထုတ်ပေးစမ်း။ အကယ်၍ မင်း မပေးနိုင်ဘူးဆိုရင်တော့ သေရတာကမှ ပိုကောင်းဦးမယ်ဆိုတဲ့ ခံစားချက်က ဘာလဲဆိုတာကို သိသွားစေရမယ်။”

ခေါင်းဆောင်ဖြစ်သူ ဆံပင်အဝါရောင်နှင့် လူငယ်က ကျန်းဟန်၏ ကျောင်းလွယ်အိတ်ကို ဆွဲယူကာ လှန်လှောရှာဖွေလိုက်သော်လည်း ဆယ်ဂဏန်းမျှသာ ရှိသော ငွေအချို့ကိုသာ တွေ့ရှိခဲ့ရသည်။

“လောလောဆယ်တော့ စာရင်းထဲမှာပဲ မှတ်ထားလိုက်ပါဦး။ ကျွန်တော့်မှာ တကယ် ပိုက်ဆံမရှိလို့ပါ။ ကျွန်တော့်ရဲ့ သားရဲကိုတောင် ကျွေးမွေးဖို့ မတတ်နိုင်တာ ပိုက်ဆံက ဘယ်ကနေ ထွက်လာမှာလဲ။”

ကျန်းဟန်က သူ့လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်သည်။

“မင်းမှာ ပိုက်ဆံမရှိရင် မင်းမိဘတွေဆီ တောင်းလို့မရဘူးလား။ မင်း ငါတို့ကို လာနောက်နေတာလား။”

ဆံပင်ဝါရောင်နှင့် လူငယ်က ကျန်းဟန်၏ ကော်လံစကို ဆွဲကိုင်လိုက်ပြီး တံတွေးများ လွင့်စင်အောင် အော်ဟစ်လိုက်သည်။

“ကျွန်တော့်မှာ မိဘလည်း မရှိဘူး။ ဘယ်ဆွေမျိုး မိတ်ဆွေမှလည်း မရှိဘူးဆိုတာ ခင်ဗျားတို့ မသိဘူးလား။”

ကျန်းဟန်က လက်ကို ထပ်မံဖြန့်ပြလိုက်သည်။

“ခင်ဗျားတို့ ကျွန်တော့်ကို သတ်ပစ်ရင်တောင် ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ပြီးတော့ ခင်ဗျားတို့တွေ လူသတ်မှုနဲ့ တစ်သက်လုံး ထွက်ပြေးတိမ်းရှောင်နေရလိမ့်မယ်။ ကျွန်တော့်ကို ရိုက်နှက်မယ်ဆိုရင်လည်း ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်ရင် ကျွန်တော် ခင်ဗျားတို့ကို ပိုက်ဆံပြန်ဆပ်နိုင်စွမ်း ပိုပြီးတော့တောင် ရှိတော့မှာမဟုတ်ဘူး။ ကျွန်တော်က တကယ် သနားဖို့ကောင်းပါတယ်။ သားရဲတစ်ကောင် ဝယ်ဖို့အတွက် ခင်ဗျားတို့ဆီကနေ သုံးသိန်း ချေးခဲ့တာကို အဲဒီ သောက်ကျိုးနည်း သားရဲကုန်သည်က လိမ်ညာသွားခဲ့တယ်။ ကျောက်စိမ်းပိုးကောင် တစ်ကောင်တည်းကို ငါးသိန်း ပေးခဲ့ရတာ။ ကျွန်တော် တကယ်ပဲ ဆက်ပြီး အသက်မသန်ချင်တော့ဘူး။”

“မင်း... မအေလူးလေး...”

ဆံပင်ဝါနှင့် လူငယ်က လက်သီးကို မြှောက်လိုက်၏။ သူ အလွန်အမင်း ဒေါသထွက်နေသော်လည်း ဤလက်သီးကို ရိုက်ချရန်မူ မဝံ့ရဲပေ။

“သူပြောတာက တကယ် ဟုတ်နေပုံပဲ။ တောက်... အဓိပ္ပာယ်မရှိလိုက်တာကွာ။”

ကျန်တဲ့ နှစ်ယောက်က လေသံတိုးတိုးဖြင့် ပြောလိုက်ကြသည်။ ၎င်းတို့၏ စကားလုံးများထဲတွင် မတတ်သာမှုများနှင့် သနားစိတ်အချို့ပင် ရောပြွမ်းနေခဲ့သည်။

အကြွေးတောင်းတဲ့နေရာမှာ ဤကဲ့သို့ ဘာမှမရှိတော့ဘဲ အသက်ပါ ဖက်ဆွဲမည့်သူမျိုးကို အကြောက်ဆုံးပင် ဖြစ်သည်။

ဘယ်လိုကောင်က ဒီချေးငွေကို အတည်ပြုပေးလိုက်တာလဲ။ တောက်... တော်တော် အသုံးမကျတဲ့ဟာတွေကွာ။

၎င်းတို့ သုံးဦးစလုံး စိတ်ထဲကနေ ကျိန်ဆဲနေကြသည်။ ဤကဲ့သို့ အခြေအနေမျိုးမှ အကြွေးကို ဘယ်လိုနည်းနှင့် တောင်းရမည်နည်း။

ကျန်းဟန်က ထိုအရာကို အစောကြီးကတည်းက တွက်ချက်ထားပြီး ဖြစ်သည်။ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ မူလကတည်းက ချေးငွေရယူရန် အခြေအနေများနှင့် မကိုက်ညီသော်လည်း ချေးငွေအရာရှိက မိမိ၏ လုပ်ငန်းစွမ်းဆောင်ရည် မှတ်တမ်း ပြည့်မီရန်အတွက်သာ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အကြွေးပြန်တောင်းရမည့် ကိစ္စက ထိုအရာရှိ၏ တာဝန် မဟုတ်ပေ။

“ဒါဆိုရင် မင်းက ငါတို့ကို ဘာလုပ်စေချင်တာလဲ။ တောက်... အဓိပ္ပာယ်မရှိလိုက်တာ။”

ဆံပင်ဝါရောင်နှင့် လူငယ်က ကျန်းဟန်၏ ကော်လံစကို ဆွဲကိုင်ထားဆဲဖြစ်ပြီး ကျိန်ဆဲလိုက်၏။

“လောလောဆယ်တော့ စာရင်းထဲမှာပဲ တိုးရက်နဲ့ မှတ်ထားလိုက်ပါ။ အတိုးအားလုံးကိုလည်း ကျွန်တော် လက်ခံပါတယ်။ ကျွန်တော် ကြီးပြင်းလာပြီး တောရိုင်းထဲကို သားရဲမိစ္ဆာတွေ သွားရောက်အမဲလိုက်နိုင်တဲ့အထိ စောင့်ပေးကြပါ။ အဲဒီကျရင် တစ်ဖြည်းဖြည်းချင်း ပြန်ဆပ်ပါ့မယ်။”

ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။

“မင်းအမေကို စောင့်ရမှာလားကွ။ ဒီသောက်ကျိုးနည်း ကျောက်စိမ်းပိုးကောင်နဲ့ မင်းမှာ ကြီးပြင်းလာဖို့ အခွင့်အရေးရော ရှိဦးမှာမို့လို့လား။”

ဆံပင်ဝါရောင်နှင့် လူငယ်က မြေပြင်ပေါ်ရှိ ပိုင်လင်းကို တစ်ချက်လှမ်းကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဒါဆိုရင်တော့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ ခင်ဗျားတို့အားလုံးက ဒီမှောင်ခိုနယ်ပယ်ထဲမှာ ကျင်လည်နေကြတာဆိုတော့ ကန်မြို့ ပတ်ဝန်းကျင်က သားရဲကုန်သည်တွေအကြောင်းကို သေချာပေါက် ကောင်းကောင်း သိကြမှာပဲ။ အကယ်၍ ခင်ဗျားတို့ ကျွန်တော့်အတွက် အဲဒီသားရဲကုန်သည်တွေရဲ့ အချက်အလက်ကို ရှာပေးနိုင်မယ်ဆိုရင် ကျွန်တော့်ကို လိမ်သွားတဲ့ အဲဒီသောက်ကျိုးနည်း ကုန်သည်အိုကြီးကို ကျွန်တော် ပြန်ရှာတွေ့နိုင်လိမ့်မယ်။ အဲဒီကနေ ပိုက်ဆံပြန်ရပြီဆိုရင် ခင်ဗျားတို့ကို ပြန်ဆပ်လို့ရပြီ။”

ကျန်းဟန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ထိုလူများ တိတ်ဆိတ်သွားကြ၏။ ဒါက အလုပ်ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းဖြစ်ပုံရသည်။

“မင်း အဲဒီလူလိမ် အဘိုးကြီးကို ရှာတွေ့ရင် သူက မင်းကို ပိုက်ဆံပြန်ပေးမှာ သေချာလို့လား။”

ဆံပင်အဝါရောင်နှင့် လူငယ်က အော်ဟစ်မေးမြန်းလိုက်သည်။

“သေချာပါတယ်။ ကျွန်တော် ကျွန်တော့်ရဲ့ ဆရာမကို အကူအညီတောင်းထားပြီးပြီ။ သူက အဲဒီလူကို ရှာတွေ့တာနဲ့ ကျွန်တော့်ကို ကူညီပေးမယ်လို့ ပြောထားတယ်။”

ကျန်းဟန်က ထပ်လောင်းပြောဆိုလိုက်သည်။

“မင်း ဒီမှာပဲ ခဏစောင့်နေဦး မအေလူးလေး... ငါတို့ အရင်တိုင်ပင်လိုက်ဦးမယ်။”

ထိုသုံးဦးက ထိုသို့ပြောပြီး ဘေးဘက်သို့ လျှောက်သွားခဲ့ကြကာ ကျန်းဟန်ကို စောင့်ကြည့်ရန်အတွက် အားကောင်းသော ခေါင်းဆောင်အဆင့် သားရဲ သုံးကောင်ကို ချန်ထားခဲ့သည်။

ကျန်းဟန်က အနည်းငယ် ပြုံးလိုက်မိ၏။ အပြင်မထွက်မီကတည်းက သူသည် တုံ့ပြန်မည့် နည်းလမ်းများကို တွက်ချက်ထားပြီးဖြစ်ကာ သူ့ကို လိမ်လည်သွားသော ထိုကုန်သည်အိုကြီးကို ရှာဖွေရန်အတွက် ဤလူများကို အသုံးချရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သူ့ကို လိမ်ညာသွားခြင်း...။

ထိုအရာက သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ခဲ့လျှင်ပင် ဤအတိုင်း အလွယ်တကူ လွှတ်ပေးလိုက်၍မရပေ။

ချမ်းသာတဲ့သူတွေကို လိမ်တာက တစ်ကြောင်းပေါ့။ သို့ မိမိဘဝ ပြောင်းလဲဖို့အတွက် ခက်ခက်ခဲခဲ ချေးငှားထားရသည့် ဆင်းရဲသော ကျောင်းသားတစ်ယောက်၏ ငွေကို လိမ်လည်သွားခြင်းကတော့ လူ့ကျင့်ဝတ် လုံးဝကင်းမဲ့လွန်းလှရာ တကယ်ကို သေဒဏ်ပေးထိုက်သည့် အလုပ်ပင် ဖြစ်သည်။

“ငါတို့ ဘာလုပ်ကြမလဲ။”

ဘေးသို့ လျှောက်သွားပြီးနောက် ဆံပင်အဝါရောင်နှင့် လူငယ်က ကျန်နှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

“တခြား ဘာလုပ်လို့ရဦးမှာလဲ။ ဒီကောင်က ဘာမှမရှိတော့ဘဲ အသက်ပါ ဖက်ဆွဲမယ့်အဆင့် ရောက်နေတာကို မင်းမမြင်ဘူးလား။ ငါတို့ အဲဒီလူလိမ် အဘိုးကြီးကိုပဲ ရှာပေးရတော့မယ်။ သူဌေးမှာလည်း တခြားနည်းလမ်း ရှိမယ်မထင်ဘူး။”

“ဟုတ်တယ်။ သူက အရမ်းသနားဖို့ကောင်းပါတယ်။ မိဘနှစ်ပါးစလုံးလည်း ဆုံးပါးသွားရှာပြီ။ သားရဲဝယ်ဖို့ အကြွေးကို အနိုင်နိုင်ချေးခဲ့ရတာကိုမှ အလိမ်ခံလိုက်ရသေးတယ်။ ငါ သူ့ကို ရိုက်ဖို့တောင် စိတ်မပါတော့ဘူး။”

“ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ဒီလို လိမ်လည်တဲ့ကောင်မျိုးက သိပ်အဝေးကြီးကို ထွက်ပြေးနိုင်ဦးမှာ မဟုတ်ပါဘူး။”

ခဏမျှ တိုင်ပင်ပြီးနောက် ထိုသုံးဦး ပြန်လျှောက်လာခဲ့ကြပြီး ကျန်းဟန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဒီနေ့တော့ မင်းကို လွှတ်ပေးလိုက်မယ်။ ပိုက်ဆံရအောင် အမြန်လုပ်။ မဟုတ်ရင် မင်းကို ကျောက်မီးသွေးတူးဖို့ မှောင်ခိုတွင်းတွေဆီကို ရောင်းပစ်မယ်။”

ထိုသို့ပြောပြီးနောက် သုံးဦးစလုံး စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားကြတော့သည်။

ထိုလူသုံးဦး ထွက်ခွာသွားပြီးနောက် ကျန်းဟန်က ပခုံးတွန့်လိုက်ပြီး အိမ်သို့ ပြန်ရန် လှည့်ထွက်ခဲ့လိုက်သည်။

အိမ်သို့ ပြန်ရောက်သောအခါ အိမ်၏ ပြတင်းပေါက်မှန်များ ရိုက်ခွဲခံထားရပြီး တစ်စုံတစ်ယောက် အထဲသို့ ဝင်ရောက်မွှေနှောက်ထားသည့် သဲလွန်စများကို တွေ့ရှိခဲ့ရသည်။

“သေစမ်း... ငါ့အဝတ်အစားတွေကို ဖရိုဖရဲလုပ်ထားတာကို ထားလိုက်ဦး။ ငါ့ရဲ့ အသင့်စားခေါက်ဆွဲထုပ်တွေကိုပါ ခိုးသွားတယ်ဟုတ်လား။”

ကျန်းဟန် စစ်ဆေးကြည့်ပြီးနောက် ဆွံ့အသွားခဲ့ရသည်။

ယနေ့ခေတ် သူခိုးတွေက အသင့်စားခေါက်ဆွဲထုပ်တွေကိုပါ ခိုးကြတာလား။

သူက ခေါင်းခါလိုက်ပြီးနောက် အထဲတွင် အတော်ကြာ ဂူအောင်းနေခဲ့ရသည့် ဟုတ်ဟုတ်ကို အပြင်ထုတ်တ်ပေးလိုက်သည်။

“ဂူး... ဂူး... ဂူး...”

အပြင်သို့ ရောက်သည်နှင့် ဟုတ်ဟုတ်သည် စွမ်းအင်များ ပြည့်ဝလာကာ အသိုက်ပတ်ပတ်လည်တွင် ပျံသန်းရင်း နေရာအနှံ့ အော်မြည်နေခဲ့သည်။

“မင်း အိမ်ထဲမှာပဲ ဆော့လို့ရမယ်နော်။ ဒီည ငါတို့ မှောင်ခိုဈေးကွက်ကိုသွားပြီး မင်းကို ကြည့်ပေးဖို့ သားရဲပြုစုပျိုးထောင်သူ တစ်ယောက်ကို ရှာကြမယ်။”

ကျန်းဟန်က ဟုတ်ဟုတ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဂူး... ဂူး။”

ဟုတ်ဟုတ်က အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း မည်သည့် တော်လှန်ပုန်ကန်လိုစိတ်မျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကိုယ်တိုင်လည်း ပိုမိုသန်မာလာချင်သောကြောင့် ဖြစ်သည်။

ကျန်းဟန် ဤတစ်ခေါက် အိမ်ပြန်လာရခြင်းမှာ ပစ္စည်းအချို့ လာရောက်သိမ်းဆည်းရန်အတွက်သာ ဖြစ်ပြီး ထို့နောက်တွင် ကျောင်းသို့ ပြန်သွားကာ အတန်းပိုင်ဆရာမ ဖြစ်သူ ဆရာမ ဝမ်ယိနှင့်အတူ မှောင်ခိုဈေးကွက်သို့ သွားရောက်မည် ဖြစ်သည်။

မှောင်ခိုဈေးကွက်သို့ သွားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဟုတ်ဟုတ်၏ သွေးထွက်စေခြင်း စွမ်းရည်ကို သွေးနတ်ဆိုးစွမ်းရည်အဖြစ် အဆင့်မြှင့်တင်ရန်အတွက် ဖြစ်သည်။

မူလက သူသည် ယခုတစ်ခေါက် အိမ်ကို သေသေချာချာ သန့်ရှင်းရေးလုပ်ပြီး နောက်ဖေးခြံဝင်းကို စိတ်ဝိညာဉ်အပင် စိုက်ခင်းအသေးစားလေးတစ်ခုအဖြစ် အသွင်ပြောင်းလဲရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ဤနေရာ၏ လုံခြုံရေးအခြေအနေကို မြင်တွေ့ပြီးနောက်တွင်မူ ထိုစိတ်ကူးကို လက်လျှော့လိုက်တော့သည်။ အကာအကွယ်အတားအဆီး ဖြစ်ပေါ်စေသည့် စက်ပစ္စည်းတစ်ခု ဝယ်ယူတပ်ဆင်လျှင်ပင် ဘေးကင်းလိမ့်မည် မဟုတ်ချေ။

အခြားလူတွေကို ထားလိုက်ဦးတော့...သူ့အိမ်နီးနားချင်းက ကလေးဆိုးတွေပင်လျှင် ဝင်ရောက်ခိုးယူ ဖျက်ဆီးကြပေလိမ့်မည်။

အဝတ်အစားများကို ထုပ်ပိုးပြီးနောက် ကျန်းဟန်သည် ဤတိတ်ဆိတ်ခြောက်ကပ်နေသော အိမ်လေးကို တစ်ချက်ကြည့်လိုက်၏။ တိုတောင်းသော အချိန်ကာလတစ်ခုအတွင်း သူ ဤနေရာသို့ ပြန်လာဖြစ်တော့မည် မဟုတ်ကြောင်း ခန့်မှန်းမိသဖြင့် ပြတင်းပေါက်မှန်များကို လိုက်လံပြင်ဆင်နေရန် စိတ်မပါတော့ပေ။ အိမ်ထဲတွင်လည်း ဘာမှမရှိသဖြင့် ခိုးချင်လည်း ခိုးပါစေဟုသာ သဘောထားလိုက်သည်။

“သွားကြစို့”

ကျန်းဟန်က ဟုတ်ဟုတ်နှင့် ပိုင်လင်းကို ကြည့်ကာ ပြောလိုက်သည်။ ဟုတ်ဟုတ်ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ မတတ်သာဘဲ ပြန်လည်သိမ်းဆည်းလိုက်ရပြီး ပိုင်လင်းကမူ ကျန်းဟန်၏နောက်မှ လိုက်ပါလျက် အပြင်သို့ လျှောက်လာခဲ့လိုက်ကြတော့သည်။

All Chapters