အခန်း ၂၆၂
Vol. 27 Ch. 262
အခန်း (၂၆၂) - နှုတ်ပိတ်ခ (၁)
လျိုမိုကျီသည် ငြိမ်းချမ်းစွာပင် လောကကြီးကို စွန့်ခွာသွားခဲ့လေသည်။
သူမကိုသတ်ရန် နဂါးပုလဲကို အသုံးပြုစရာမလိုကြောင်း ချူလျန်ပြောသည်ကို ကြားလိုက်ရချိန်တွင် သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ ဒေါသထွက်သွားခြင်းပင် ဖြစ်သည်။
ပုံမှန်အချိန်များတွင် အလှအပဖြင့် မည်မျှပင်ဆွဲဆောင်ဖျားယောင်းလေ့ရှိစေကာမူ၊ ဆဋ္ဌမအဆင့်ရှိ အင်အားကြီးမားသောကျင့်ကြံသူတစ်ဦးအနေဖြင့် သူမတွင်လည်း ကိုယ်ပိုင်ဂုဏ်မာနဆိုသည်က ရှိနေပေသည်။
ယခုအခါတွင်မူ ကျင့်ကြံခြင်းအဆင့်သည် သူမထက် ကျင့်ကြံဆင့်များစွာနိမ့်ကျသော ပုရွက်ဆိတ်တစ်ကောင်က နဂါးပုလဲကဲ့သို့သောနည်းလမ်းကို အသုံးမပြုဘဲနှင့်ပင် သူမကို သတ်နိုင်သည်ဟုပြောဆိုလာသဖြင့် သူမအနေဖြင့် အလွန်အဓိပ္ပာယ်မဲ့လွန်းလှသည်ဟုသာ ခံစားလိုက်ရလေ၏။
'ဒီနဂါးလျှို့ဝှက်နယ်မြေရဲ့ အကူအညီသာ မပါဘူးဆိုရင် ငါ့ရှေ့မှာ လာဟောင်နေဖို့ မင်းမှာ အရည်အချင်းရှိလို့လား...'
"ဟက်... ဒါဆိုလည်း လာစမ်းကြည့်လိုက်လေ..."
လျိုမိုကျီက အေးစက်စက်ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။
ယခင်က ကောင်းကင်မိစ္ဆာသွေးပြေးလွှားခြင်းကြောင့် အတွင်းဒဏ်ရာရထားသော်လည်း အနည်းငယ်အနားယူလိုက်ပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင် သူမခန္ဓာကိုယ်တစ်ခုလုံးရှိ ကျင့်ကြံခြင်းအဆင့်ကို အစွမ်းကုန် လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင်အလင်းဖျော့ဖျော့တစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာလေတော့၏။
သို့သော် လျိုမိုကျီတွင် အသိတရားအနည်းငယ် ကျန်ရစ်နေသေးပေသည်။ တစ်ကြိမ်နှစ်ကြိမ် ထိတွေ့ဆက်ဆံပြီးနောက် ထိုလူငယ်လေးသည် အလွန်ကောက်ကျစ်စဉ်းလဲကြောင်းကို သူမသိရှိထားပြီးဖြစ်ရာ အလျင်စလို တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
နောက်ထပ် ထောင်ချောက်များရှိနေမည်ကို သူမက စိုးရိမ်နေမိခြင်းပင်။
'သူ နဂါးပုလဲကို မသုံးဘူးလို့ပြောတိုင်း တကယ်ကြီးမသုံးဘူးလို့ ပြောလို့ရမလား... ဒါ ငါ့ကို လှည့်စားမယ့် သူ့ရဲ့ အကြံအစည်ဖြစ်နေရင်ကော...'
သို့သော်ငြားလည်း ချူလျန်ကမူ တစ်ချက်ကလေးမျှ လှုပ်ရှားခြင်းမရှိချေ။
လူတစ်ယောက်က ထောင်ချောက်များရှိနေမည်ဟု ခံစားနေရသော်လည်း၊ တကယ်တမ်းတွင် သူ၌ မည်သည့်ထောင်ချောက်မျှ မရှိနေခြင်းကလည်း ထောင်ချောက်တစ်မျိုးပင် မဟုတ်ပါလော။
လျိုမိုကျီသည် ထိုသို့သော အမှန်နှင့် အမှားကြားတွင် ချူလျန်၏လှည့်စားခြင်းကို ခံလိုက်ရကာ လက်မရဲဘဲ သူမည်သို့လှုပ်ရှားမည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
သူမအာရုံများအားလုံးကို ချူလျန်အပေါ်သို့ စူးစိုက်ထားချိန်တွင်ပင် အခြားသော မန္တန်တစ်ခုက သူမအပေါ်သို့ ကျဆင်းလာခဲ့လေ၏။
လော့ယောင်က တောင်ထွတ်အထက်မှ တိတ်တဆိတ်ချဉ်းကပ်လာပြီး အဝေးမှနေ၍ လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်။
အင်မော်တယ်မန္တန် ပင်ပန်းမှုငါးရပ်နှင့် ဒဏ်ရာခုနစ်သွယ်။
ဘုန်းကနဲ မြည်သံတစ်ချက် ထွက်ပေါ်လာလေသည်။
ဤမန္တန်ကို ရှောင်တိမ်းရန်မဖြစ်နိုင်သဖြင့် လျိုမိုကျီသည် ချက်ချင်းပင် ထိမှန်သွားခဲ့သည်။
သို့သော် ထိုမန္တန်ကို လော့ယောင်နှင့် အဆင့်တူညီသူများအပေါ်တွင် အသုံးပြုပါက တစ်ဖက်လူကို မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်နိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားစေရန် လုံလောက်ပေသည်။
လျိုမိုကျီအပေါ်တွင် အသုံးပြုသောအခါ၌မူ သူမဒဏ်ရာများကို အနည်းငယ်မျှသာ ပိုမိုဆိုးရွားသွားစေနိုင်ခဲ့လေ၏။
"အွန်း..."
လျိုမိုကျီက တိုးတိတ်စွာညည်းတွားလိုက်ပြီးနောက် သူမဝိညာဉ်အာရုံက လော့ယောင်ရှိနေသည်ကိုပါ အာရုံခံမိသွားလေသည်။
'ဒီကောင်လေးမှာ အကူအညီပေးမယ့်သူတွေ ရှိသေးတယ်ဆိုတာကို မေ့တော့မလို့...'
'ဒါပေမဲ့ ပုရွက်ဆိတ်ရဲ့ အကူအညီကလည်း ပုရွက်ဆိတ်ပဲလေ... ဘာအသုံးဝင်မှာမို့လို့လဲ...'
လျိုမိုကျီသည် ချူလျန်၏လက်ထဲရှိ နဂါးပုလဲကိုသာ အကြောက်အလန့်ရှိသော်လည်း၊ လော့ယောင်ကဲ့သို့သော စစ်မှန်သည့် စတုတ္ထအဆင့်ကျင့်ကြံသူကိုမူ မည်သည့်ကြောက်ရွံ့မှုမျှ မရှိချေ။
သူမသည် သွေးရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားကာ တောင်ခါးပန်းရှိ လော့ယောင်ထံသို့ တည့်မတ်စွာ ပျံသန်းသွားလေတော့သည်။
အကယ်၍ လူကိုသာ ဖမ်းဆီးနိုင်ခဲ့ပါက၊ သူမကို လွှတ်ပေးရန် လျှို့ဝှက်နယ်မြေကို ဖွင့်ပေးဖို့ ထိုလူငယ်လေးကို ခြိမ်းခြောက်နိုင်ကောင်းသည်ဟု သူမရင်ထဲတွင် တွေးတောနေမိခြင်းပင်။
သို့သော် သူမက ထိုနေရာသို့ ချဉ်းကပ်သွားချိန်တွင် ရုတ်တရက်ဆိုသလို သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ထပ်မံ၍ဖိနှိပ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
မန္တန်တားမြစ်နယ်မြေ။
ထိုအရာမှာ လော့ယောင်ကျင့်ကြံထားသော စုန်းကဝေအတတ်ပညာများထဲမှ တစ်ခုပင် ဖြစ်သည်။
ချူလျန်သည် ယခင်က ထိုလှည့်ကွက်ကို ခံခဲ့ရဖူးပြီးနောက်ပိုင်းတွင် ခန္ဓာကိုယ်၏ အင်အားကိုသာ အားပြု၍ရှောင်တိမ်းခဲ့ရသည်။
သို့သော် ထိုလှည့်ကွက်က လျိုမိုကျီအပေါ်သို့ ကျရောက်လာသောအခါ သူမ၏ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်မျှသာ ဖိနှိပ်နိုင်ပြီး မန္တန်များကို အပြည့်အဝ တားမြစ်နိုင်ခြင်းမရှိခဲ့ပေ။
၄င်းမှာ ကျင့်ကြံခြင်းအဆင့်ကွာခြားမှုကြောင့် ရရှိလာသောအားသာချက်ပင် ဖြစ်သည်။
မူလအခြေခံစွမ်းအားကွာဟချက်က ကြီးမားသော ချောက်ကမ်းပါးကြီးတစ်ခုကဲ့သို့ ဖြစ်နေသည့် အခြေအနေမျိုးတွင်၊ တစ်ဖက်လူ၏ တန်ခိုးစွမ်းအင်နှင့် မန္တန်ပညာရပ်များအားလုံး၏ အကျိုးသက်ရောက်မှုများက တစ်ခြားတစ်ဖက်အပေါ်သို့ ကျရောက်လာပါက များစွာလျော့ကျသွားမည် ဖြစ်လေ၏။
သို့သော် မည်မျှပင်အားနည်းသွားစေကာမူ ထိုအကျိုးသက်ရောက်မှုက ရှိနေဆဲပင် ဖြစ်သည်။
ထိုအချိန်တွင်ပင် ဧရာမလက်သီးရာကြီးတစ်ခုက ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ပြန်သည်။
ဤမန္တန်တားမြစ်နယ်မြေ၏လွှမ်းမိုးမှုကို လုံးဝမခံရဘဲ လျိုမိုကျီ၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွားလေတော့၏။
လျိုမိုကျီက လက်ကိုမြှောက်ကာ လွယ်ကူစွာပင် ကာကွယ်လိုက်သော်လည်း၊ ၎င်းနှင့်အတူ ပြင်းထန်လှသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့် အတွေးအမြင်များက ဆက်တိုက်ဆိုသလိုရောက်ရှိလာသည်။
ဝမ်းနည်းခြင်း၊ ဆင်းရဲဒုက္ခရောက်ခြင်း၊ ပူဆွေးသောကရောက်ခြင်းနှင့် နာကြည်းခြင်း စသည့်ခံစားချက်များက သူမဝိညာဉ်ပင်လယ်ကို ရူးသွပ်စွာဖြင့် ဝင်ရောက်ရိုက်ခတ်သွားလေတော့သည်။
ထိုတိုက်ခိုက်မှုသည် ဘေးတစ်ဖက်တွင် အစကတည်းကပင် စောင့်ဆိုင်းနေခဲ့သော ဘုန်းတော်ကြီးပုရှန်ထံမှ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
သူသည် တရားတစ်သောင်းဖန်သားခန္ဓာဖြင့် မန္တန်တားမြစ်နယ်မြေအတွင်းသို့ ခြေချလာသောကြောင့် မည်သည့်လွှမ်းမိုးမှုကိုမျှ မခံရခြင်းဖြစ်သည်။
ထိုအကြောင်းမှာ သူနှင့် လော့ယောင်တို့၏ အင်မော်တယ်မန္တန်နှစ်ခုကို ပေါင်းစပ်ထားသော ပညာရပ်တစ်ခုဟုလည်း ဆိုနိုင်ပေသည်။ ယခု သူအသုံးပြုလိုက်သော လှည့်ကွက်မှာ သူ နေရာသို့မလာမီက အထူးတလည် လေ့ကျင့်သင်ယူထားခဲ့သော ဗုဒ္ဓဘာသာ၏တားမြစ်ထားသည့် ပညာရပ်များထဲမှ တစ်ခုပင်ဖြစ်လေ၏။
ဆင်းရဲဒုက္ခပင်လယ် လှိုင်းတံပိုးလက်သီး။
ယွင်ချွယ်ကျောင်းတော်သည် အနည်းငယ်အမှောင်ဘက်ဆန်သော တန်ခိုးစွမ်းအင်များအားလုံးကို တားမြစ်ပညာရပ်များအဖြစ် သတ်မှတ်ထားခြင်းမှာ ၎င်းတို့က အားနည်းသောကြောင့်လုံးဝမဟုတ်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့က အလွန်အမင်း အင်အားကြီးမားနေခြင်းကြောင့်ပင်ဖြစ်သည်။
စွမ်းအားကြီးမားလွန်းပြီး သတ်ဖြတ်နိုင်စွမ်းပြင်းထန်လွန်းခြင်းကြောင့် ဗုဒ္ဓဘာသာ၏ အဆုံးအမများနှင့် ဆန့်ကျင်နေသောကြောင့်သာ ဖြစ်လေသည်။
လျိုမိုကျီသည် လက်သီးချက်ကိုထိမှန်သွားသောအခါ စိတ်လှုပ်ရှားဂနာမငြိမ်ဖြစ်သွားပြီး ခေတ္တမျှဖိနှိပ်ထားရန် ခက်ခဲသွားကာ အနည်းငယ် လွှမ်းမိုးခံလိုက်ရလေသည်။
သို့သော်လည်း အဆုံးတွင်မူ သူမသည် ဒဏ်ရာကြီးကြီးမားမား မရသွားဘဲ အနည်းငယ်သဘ အားနည်းသွားသည်။
သူမသည် အေးစက်သောအကြည့်များဖြင့် သူမရှေ့ရှိလူနှစ်ဦးကို ကြည့်ကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
ဝတ်ရုံနီခန်းမဆောင်၏ သွေးထိန်းချုပ်ခြင်းမန္တန်ကို လောကတစ်ခုလုံးက သိရှိထားကြပေသည်။
အသက်တစ်ရှိုက်စာ အချိန်မျှသာလိုအပ်သည်။
သူမရှေ့ရှိ လူနှစ်ဦး၏ခန္ဓာကိုယ်အနှံ့မှ သွေးများကိုစုပ်ယူကာ ၎င်းတို့အား ခြောက်သွေ့နေသော အလောင်းကောင်များအဖြစ် ပြောင်းလဲပစ်နိုင်မည်ဟု သူမက ယုံကြည်မှုအပြည့်ရှိနေခဲ့၏။
ဖောင်းကနဲ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာလေသည်။
ပြင်းထန်သောပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ကောင်းကင်တစ်ခွင်လုံးတွင် သွေးပွင့်များကပေါက်ကွဲပျံကျဲသွားလေသည်။
သို့သော် ပေါက်ကွဲသွားသည်မှာ လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့မဟုတ်ဘဲ လျိုမိုကျီ၏ခန္ဓာကိုယ်ပင် ဖြစ်နေခဲ့၏။
ယခင်က ရှုပ်ထွေးလှသောတန်ခိုးစွမ်းအင်မန္တန်များနှင့် မတူဘဲ၊ ထပ်နေသော မိုးကြိုးအဆောင်များပါဝင်သည့် ရွှေရောင်နဂါးဓားချီက လေတိုးသံများနှင့်အတူ ဖြတ်သန်းသွားကာ လျိုမိုကျီကို တစ်ချက်တည်းဖြင့် ပေါက်ကွဲသေဆုံးသွားစေခဲ့လေသည်။
ရိုးရှင်းပြီး သန့်စင်လွန်းလှပေသည်။
ဤသည်ကပင် အင်အားမတူညီမှုကြောင့် ဖြစ်ပေါ်လာသော ကွာခြားချက်ပင် ဖြစ်သည်။ စစ်မှန်သောချီစွမ်းအင်က သတ်မှတ်ထားသော ပမာဏတစ်ခုသို့ ရောက်ရှိသွားပါက၊ အလွယ်ကူဆုံးသော နည်းလမ်းကပင်လျှင် တိုက်ရိုက်အကျဆုံးသော အကျိုးသက်ရောက်မှုကိုရရှိနိုင်လေ၏။
ပေါက်ကွဲသတ်ဖြတ်ခြင်းပင်။
ကြက်သွေးရောင်ကွပ်မျက်သူကြီး၏ဓားချီများက လျှံကျလာပြီး တောင်စောင်းတစ်ခုလုံးနီးပါးကို ညီညာသွားစေခဲ့သည်။ ချူလျန်ကလည်း ၎င်းပြသနေသော အတိုင်းအဆမဲ့စိတ်လှုပ်ရှားမှုကို နားလည်ပေးနိုင်ပေသည်။
အရိုးဖြူတောင်တန်းအတွင်းသို့ ဝင်ရောက်လာကတည်းက ၎င်းသည် အချိန်မည်မျှကြာအောင် အောင့်အည်းသည်းခံနေခဲ့ရမှန်းမသိနိုင်ချေ။ ယခုအခါတွင်မူ အဆုံးသတ်၌ လွတ်မြောက်ခွင့် ရရှိသွားခဲ့ပြီဖြစ်လေ၏။
မီးတောင်ပေါက်ကွဲသွားသည့်အလားပင်။
ယခင်က ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည်လည်း လူငယ်သုံးဦး ကြိုတင်စီစဉ်ထားခဲ့သော အဆင့်များပင်ဖြစ်သည်။ ချူလျန်က လျိုမိုကျီ၏ အာရုံစိုက်မှုကို ဦးစွာဆွဲဆောင်ခဲ့ပြီးနောက် လော့ယောင်နှင့် ပုရှန်တို့က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့ကြသည်။
လျိုမိုကျီ၏အာရုံစိုက်မှုကို ပြောင်းလဲသွားစေပြီးနောက် ချူလျန်က သူ၏အသန်မာဆုံးသော သတ်ဖြတ်ခြင်းကိုအသုံးပြုကာ တစ်ချက်တည်းဖြင့် အသက်ကိုနုတ်ယူခဲ့ခြင်းပင်။