အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း (၂၆၃) - နှုတ်ပိတ်ခ (၂)
လျိုမိုကျီကဲ့သို့သော သူများအတွက်ဆိုလျှင် မျက်နှာချင်းဆိုင်တွင် ကြက်သွေးရောင်ကွပ်မျက်သူကြီးကို အသုံးပြုမည်ဆိုပါက အောင်မြင်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်မည်မဟုတ်ပေ။
သူမသည် အခြားသူများကိုတိုက်ခိုက်နေချိန်တွင် တကယ်တမ်း၌ လုံးဝအကာအကွယ်မဲ့နေခြင်းမဟုတ်ပေ။
ထိုအချိန်၌ ဝိညာဉ်အာရုံကိုဖြန့်ကျက်ထားလျှင်ပင် တုံ့ပြန်ရန် အချိန်မမီတော့ခြင်းသာ ဖြစ်သည်။ ကြက်သွေးရောင်ကွပ်မျက်သူကြီးက သိုင်းပညာရှင်များကို သတ်ဖြတ်လိုပါက လိုအပ်နေသည်မှာ ဆံခြည်တစ်မျှင်စာအချိန်လေးသာ ဖြစ်လေ၏။
သို့သော် လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ မြေပြင်ပေါ်သို့ ကျဆင်းလာချိန်တွင် သူတို့၏ သွေးကြောများက ပြင်းထန်စွာတုန်ခါနေပြီး ဒဏ်ရာများမှာ မသေးငယ်လှပေ။
သူတို့နှစ်ဦး၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်နှင့် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောပေါက်များမှ သေးငယ်သောသွေးစက်များ ဆက်တိုက်ဆိုသလို စိမ့်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သွေးလူသားနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
စောစောက လျိုမိုကျီ၏တန်ခိုးစွမ်းအင်ကို အသက်သွင်းလိုက်ပြီးဖြစ်ရာ တစ်ခဏမျှသာ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်ခဲ့သော်လည်း၊ ထိုအရာက သူတို့ကို ခံနိုင်ရည်မရှိဖြစ်သွားစေရန် လုံလောက်နေပြီဖြစ်သည်။
ချူလျန်၏ဓားချက်သာ အနည်းငယ်မျှ ထပ်မံနှေးကွေးသွားခဲ့မည်ဆိုပါက သူတို့နှစ်ဦးသည် ထိုနေရာတွင်ပင် အသက်ဆုံးရှုံးသွားလောက်ပေ၏။
ထိုအရာမှာ ဆဋ္ဌမအဆင့်ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းမှုပင်ဖြစ်သည်။
အဆင့်နိမ့်သူ၏ တန်ခိုးစွမ်းအင်က အင်မော်တယ်မန္တန်ပင်ဖြစ်နေပါစေ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပါက အနည်းငယ်မျှသာ အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း၊ သူမ၏တန်ခိုးစွမ်းအင်က အဆင့်နိမ့်သူအပေါ်သို့ အနည်းငယ်မျှ ကျရောက်လာရုံဖြင့် ကြီးမားသောကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်လာနိုင်လေသည်။
"ဒါကို သွေးကြောထဲ ပေါင်းစပ်လိုက်... ပြန်လည်သက်သာလာမယ့် အရှိန်ကို မြန်ဆန်စေလိမ့်မယ်..."
ချူလျန်က နဂါးသွေးသလင်းကျောက်နှစ်လုံးကို အမြန်လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။
သူတို့နှစ်ဦးက အသီးသီးအသုံးပြုလိုက်ကြပြီးနောက် မြေပြင်ပေါ်တွင်ထိုင်ချကာ သွေးလေလှည့်ပတ်မှုကို ထိန်းညှိလိုက်ကြသည်။
ချူလျန်ကမူ ဤအချိန်ကို အခွင့်ကောင်းယူကာ ဝိညာဉ်အာရုံကိုဖြန့်ကျက်၍ ဟိုဟိုဒီဒီ ရှာဖွေလိုက်ရာ နောက်ဆုံးတွင် မြက်ခင်းပြင်ပေါ်မှ သွေးရောင်ကျောက်စိမ်း လက်ကောက်တစ်ကွင်းကို ရှာတွေ့သွားခဲ့လေသည်။
၎င်းမှာ လျိုမိုကျီ ချန်ထားရစ်ခဲ့သော ရတနာပင်ဖြစ်သည်။ ၎င်းသည် အဆင့်အတန်းမြင့်မားသော မှော်ဝင်ကိရိယာတစ်ခုဖြစ်သင့်ပြီး ပစ္စည်းများကို သိမ်းဆည်းနိုင်သော စွမ်းရည်လည်းပါဝင်ပေသည်။
လျိုမိုကျီ၏ တစ်သက်တာစုဆောင်းထားမှုများ အားလုံးသည် ထိုထဲတွင် ရှိနေသင့်သည်။
အချိန်အတော်ကြာပြီးနောက် လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့၏ သွေးလေလှည့်ပတ်မှုထိန်းညှိခြင်းမှာ ပြီးဆုံးသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ပြင်လုံးရှိ ဒဏ်ရာများမှာ အပြည့်အဝပြန်လည်ကောင်းမွန်လာရန် မဖြစ်နိုင်သော်လည်း ခက်ခက်ခဲခဲ တည်ငြိမ်သွားခဲ့ပြီဟုဆိုနိုင်ပေသည်။
ယခုဆက်လက်၍ ရန်သူများမရှိတော့သဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ကုသနိုင်သည်မှာ သဘာဝပင်ဖြစ်လေ၏။
မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ချူလျန်က မှော်ဝင်ကိရိယာနှစ်ခုကို သူတို့ရှေ့သို့ တွန်းပို့ပေးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
စောစောက ကောက်ရထားသော သွေးရောင်ကျောက်စိမ်း လက်ကောက်အပြင်၊ ရှေးဟောင်းပုံစံရှိသော အမည်းရောင်ဆွဲကြိုးတစ်ခုလည်း ပါဝင်လေသည်။ ၎င်း၏ သဘာဝမှာ သစ်သားနှင့် တူသော်လည်း သစ်သားမဟုတ်သလို၊ ကျောက်စိမ်းနှင့် တူသော်လည်း ကျောက်စိမ်းမဟုတ်ဘဲ ဆရာမု၏ခန္ဓာကိုယ်မှ ထွက်ကျလာခြင်းပင်ဖြစ်သည်။
ချူလျန်က ထိုဆွဲကြိုးကို ဘုန်းတော်ကြီးပုရှန်ထံသို့ လှမ်းပေးလိုက်ပြီး သွေးရောင်ကျောက်စိမ်းလက်ကောက်ကိုမူ လော့ယောင်ထံသို့ လှမ်းပေးလိုက်သည်။
"ဒါတွေက မိစ္ဆာဂိုဏ်းသားနှစ်ယောက်ဆီကနေ ကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပဲ... ဒီတစ်ခေါက် ခရီးစဉ်မှာ ကျုပ် တော်တော်လေးအကျိုးအမြတ်ရခဲ့ပြီးပြီမလို့ ဒါတွေကို မင်းတို့အတွက် ခွဲပေးသင့်တယ်လို့ထင်တယ်..."
ဤသည်မှာ သူက ရက်ရောလွန်းနေခြင်းကြောင့်တော့ မဟုတ်ချေ။
ယခင်တစ်ခေါက် တောင်ပိုင်းဒေသကိုနှိမ်နင်းသည့် တောင်တန်းမှစတင်ကာ၊ လျှို့ဝှက်စုံစမ်းရေး လူငယ်သုံးဦး၏အကျိုးအမြတ်များအားလုံးတွင် သူကသာ အများဆုံး ရယူခဲ့ခြင်းကြောင့်ဖြစ်သည်။
သူက အင်အားအများဆုံး စိုက်ထုတ်ခဲ့ရသည် မှန်သော်လည်း၊ ၎င်းအထဲတွင် လော့ယောင်နှင့် ပုရှန်တို့၏ အခန်းကဏ္ဍကလည်း မရှိမဖြစ် လိုအပ်နေခဲ့ခြင်းကြောင့်ပင်။
စောစောကတိုက်ပွဲကဲ့သို့ပင် အကယ်၍ သူတို့နှစ်ဦးသာ လျိုမိုကျီကို မျက်နှာချင်းဆိုင် ရင်ဆိုင်မတိုက်ခိုက်ခဲ့ပါက၊ သူကလည်း တစ်ချက်တည်းဖြင့် အသက်နုတ်ယူနိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်မဟုတ်ပေ။
တစ်ယောက်တည်း အကုန်သိမ်းပိုက်စားသုံးခြင်းက အကျိုးမရှိနိုင်ဘူးဆိုသည့် သဘောတရားကို ချူလျန်က နက်ရှိုင်းစွာနားလည်ထားပေသည်။
ယခုတစ်ခေါက် ခရီးစဉ်တွင် သူကနဂါးပုလဲကို ရရှိထားခဲ့ပြီးဖြစ်ရာ လျှို့ဝှက်နယ်မြေတစ်ခုလုံးကို အုပ်စိုးထားခြင်းနှင့် ညီမျှနေပြီဖြစ်သည်။
ထိုအရာမှာ ကောင်းကင်ကြီးထက်ပင် ကြီးမားလှသောအကျိုးအမြတ်ပင်တည်း။ အကယ်၍ သူသည် သေးငယ်သောအကျိုးအမြတ်လေးများကိုပါ လောဘတကြီး လိုချင်နေဦးမည်ဆိုပါက နောက်နောင်တွင် သူနှင့်အတူစွန့်စားချင်သူ မည်သူမျှ ရှိလာတော့မည်မဟုတ်ပေ။
စစ်သုံ့ပန်းပစ္စည်းများကိုခွဲဝေရာတွင်လည်း သူ အနည်းငယ် စဉ်းစားတွေးတောထားခဲ့သည်။
လော့ယောင်က ဆန်းကြယ်မှုသုံးရပ်တောင်ကြားမှ ဆင်းသက်လာသူဖြစ်ပြီး ကောင်းခြင်းဆိုးခြင်း နှစ်မျိုးလုံးရောယှက်နေရာ မိစ္ဆာဂိုဏ်း၏ပစ္စည်းများက သူမအတွက် ပို၍အသုံးဝင်နိုင်သဖြင့် လျိုမိုကျီ၏လက်ကောက်ကို သူမအား ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ဘုန်းတော်ကြီးပုရှန်မှာမူ ယွင်ချွယ်ကျောင်းတော်မှ ဆင်းသက်လာသူဖြစ်ရာ မိစ္ဆာဂိုဏ်း၏ပစ္စည်းများက သူ့အတွက်အဓိပ္ပာယ်သိပ်မရှိလှပေ။
ထို့အပြင် ထိုဆရာမုက သိုင်းကွက်ပညာရပ်များကို လေ့လာလိုက်စားသူဖြစ်ရာ သူ့ပစ္စည်းများထဲတွင် ပုရှန်အတွက် တန်ဖိုးရှိသောအရာများ ပို၍ပါဝင်သင့်ပေသည်။
"ဒီလိုဆိုတော့လည်း အားနာစရာကြီးဗျာ... ရန်သူတွေအကုန်လုံးကို ခင်ဗျားပဲ သတ်ခဲ့တာကို..."
ဘုန်းတော်ကြီးပုရှန်က သူ့ကတုံးကို ကုတ်ကာ ပြောလိုက်သည်။
"မင်းတို့ကို ဒီအတိုင်း အလကားယူခိုင်းနေတာတော့ မဟုတ်ပါဘူး..."
ချူလျန်က ပြုံးကာ ပြောလိုက်သည်။
"ကျုပ်ကို အကူအညီတစ်ခုလောက် ပေးဖို့မျှော်လင့်ပါတယ်..."
"ဘာအကူအညီလဲ..."
ချူလျန်က လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။
"ကျုပ် နဂါးပုလဲကိုရခဲ့တယ်ဆိုတဲ့ကိစ္စကို မင်းတို့အနေနဲ့ လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်..."
လျှို့ဝှက်ထားရမည်ဟူသော ကိစ္စမှာ ၎င်းတို့၏သက်ဆိုင်ရာဂိုဏ်းမှ အကြီးအကဲများကို လိမ်ညာရန် ဆိုလိုခြင်းမဟုတ်ပေ။ထိုသို့လုပ်ခိုင်းခြင်းမှာ လက်တွေ့မကျသော ကိစ္စရပ်ပင်။
ချူလျန်က ထိုကိစ္စကို သိရှိသူအရေအတွက်မှာ အနည်းဆုံးအားဖြင့် အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းမှ အထက်ပိုင်းခေါင်းဆောင် အနည်းငယ်အတွင်း၌သာ ကန့်သတ်ထားပြီး သတင်းမပေါက်ကြားစေရန်သာ မျှော်လင့်ခြင်းဖြစ်သည်။
နဂါးလျှို့ဝှက်နယ်မြေက မည်မျှအရေးကြီးကြောင်းကို သတင်းထွက်သွားသည်နှင့် ကြယ်ခုနစ်စင်းသတင်းစာတွင်ပါလာမည်မှာ သေချာပေါက်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် တစ်လောကလုံးသိသွားမည် ဖြစ်ပေသည်။
လူတွင် အပြစ်မရှိသော်လည်း ရတနာပိုင်ဆိုင်ထားခြင်းကပင် အပြစ်တစ်ခုဖြစ်လာတတ်သည် မဟုတ်လော။
ချူလျန်၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် နဂါးပုလဲကိုရရှိထားကြောင်း သတင်းပျံ့သွားပါက အလင်းဘက်ခြမ်းနှင့် အမှောင်ဘက်ခြမ်း နှစ်ရပ်လုံးမှ လူများစွာက သူ့ကိုပစ်မှတ်ထားလာကြမည်ဖြစ်ပြီး နဂါးပုလဲကို ပြန်အန်ထုတ်စေရန် မျှော်လင့်လာကြမည်မှာ အသေအချာပင်။
ထိုအချိန်ကျလျှင် ရွှေရောင်လိပ်ပြာငယ်လေးကို သူအနိုင်ကျင့်ခဲ့သကဲ့သို့ သူ့ကို ပြန်လည်အနိုင်ကျင့်မည့်သူများ ပေါ်မလာနိုင်ဟု မည်သူမျှအာမမခံနိုင်ပေ။
ကောင်းကင်တာအို၏ ကံကြမ္မာလည်ပတ်မှုဆိုသော စကားလုံးများက သူ့ကိုယ်ပေါ်သို့ ကျရောက်လာနိုင်ခြေရှိလေသည်။
ထို့ကြောင့် သူ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်၏။
"ရပါတယ်..."
လော့ယောင်က ခေါင်းညိတ်ကာ တိုက်ရိုက်ပင် သဘောတူလိုက်လေသည်။
သူမနောက်ခံဇာစ်မြစ်ကြောင့် ဖြစ်နိုင်သော်လည်း သူမက အမှောင်ထုနှင့် အမြဲတမ်း ပို၍ရင်းနှီးကျွမ်းဝင်နေတတ်သည်။ သူမအမြင်တွင် ချူလျန်အနေဖြင့် သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်နေပါက စောစောကပင် သူတို့ ဒဏ်ရာကုသနေချိန်၌ပင် လူသတ်ပြီးနှုတ်ပိတ်လိုက်နိုင်ပေသည်။
မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့၏ လုပ်ရပ်များကဲ့သို့ပင် ဤသည်က အလုံခြုံဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။
တစ်ခဏမျှ သူမ အတွေးနက်သွားလေ၏။
"မိန်းကလေးလော့အတွက်တော့ ကျုပ် အရင်ကတည်းက စိတ်ပူမနေပါဘူး..."
ချူလျန်က တုံ့ပြန်လိုက်သည်။
"ဟင်..."
ဘုန်းကြီးပုရှန်က မျက်မှောင်ကြုတ်လိုက်၏။
မယုံသင်္ကာဖြစ်မှုကို အနည်းငယ်ခံစားလိုက်ရသဖြင့် သူသည်လည်း မဆိုင်းမတွပင် ခေါင်းညိတ်ပြလိုက်လေသည်။
"စိတ်ချပါ သိုင်းသူရဲကောင်းလေးချူ... အကျိုးအမြတ်တွေကို လက်ခံရရှိထားမှတော့ နှုတ်လုံအောင်ထားရမှာကသဘာဝပါပဲ..."
ချူလျန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
'မင်းဒီလိုဖြစ်နေတာ အကောင်းဆုံးပဲ...'
သူ့စိတ်ထဲမှ တွေးလိုက်၏။
သူတို့သုံးဦး၏ ခေတ္တမျှသော လျှို့ဝှက်ထောက်လှမ်းရေး ဘဝတိုလေးအတွင်းတွင် နက်ရှိုင်းသော တော်လှန်ရေးရဲဘော်ရဲဘက် မိတ်ဆွေသံယောဇဉ်ကို တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
သူတို့ကတိစကားအပေါ်တွင် ချူလျန်က ယုံကြည်ရန်ရွေးချယ်လိုက်လေသည်။
သဘောတူညီမှုပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်မှ ဧရာမ ဆုတ်ဖြဲသံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။
ကောင်းကင်ကို တစ်စုံတစ်ယောက်က ဆွဲဖြဲလိုက်သကဲ့သို့ပင်။
ရန်သူဝင်ရောက်လာကြောင်းကို ကြိုတင်သတိပေးနေသည့်အလား ချူလျန်၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးပုလဲမှာ တဖျပ်ဖျပ်တောက်ပလာခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ အာရုံခံစားမှုထက်မြက်သော နဂါးမျိုးနွယ်ဝင်များအားလုံးမှာလည်း ထိတ်လန့်တုန်လှုပ်ဖွယ် နဂါးဟိန်းသံများကို ထုတ်ဖော်လိုက်ကြလေ၏။
ဘုန်း...
ထို့နောက်တွင် မီးရောင်တစ်ချက်က ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဘေးဘက်ရှိ တောင်ပေါ်သို့ တိုက်ရိုက်ကျရောက်လာကာ သူတို့သုံးယောက်၏ မျက်မှောက်တွင်ပင် တောင်ထွတ်ငယ်တစ်ခုကို အစအနမကျန် ပျက်စီးသွားစေပြီးနောက် လျှို့ဝှက်နယ်မြေအတွင်းမှ ပျောက်ကွယ်သွားတော့သည်။