← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း (၂၆၄) - အကုန်လုံး ဒူးထောက်ကြစမ်း

ကျောက်ခဲများက မိုးရွာချသကဲ့သို့ တဖွဲဖွဲကျဆင်းလာခဲ့သည်။

ထိုမီးရောင်က တဖြည်းဖြည်းမှေးမှိန်သွားပြီး ကျောဘက်တွင် ဆန့်တန်းထားသော မီးတောင်ပံတစ်စုံရှိသည့် အရပ်ရှည်ရှည် မိန်းကလေးအဖြစ် ပြောင်းလဲသွားလေ၏။

ထိုမိန်းကလေးမှာ မီးတောက်များကိုဝတ်ဆင်ထားပြီး မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်ပေသည်။

"ငါ့တပည့်လေးရော ဘယ်မှာလဲ..."

"ဆရာ... ကျနော် ဒီမှာပါ..."

ချူလျန်က တုန်တုန်ယင်ယင်ဖြင့် အမြန်ထရပ်လိုက်သည်။

"ဆရာ့ကြောင့် ကျနော် သေတော့မလို့ပဲ..."

"ဟင်..."

တိနွီဖုန့်က အရှေ့ဘက်သို့ကြည့်လိုက်ရာ တစ်ကိုယ်လုံးအကောင်းပကတိအတိုင်း ရှိနေသော ချူလျန်ကိုမြင်တွေ့လိုက်ရသဖြင့် သူမခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များကို တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။

"မင်း အသက်အန္တရာယ်နဲ့ ကြုံနေရပြီလို့ ငါ ထင်နေတာ..."

"အရင်ကတော့ တကယ်ကို အန္တရာယ်နည်းနည်းရှိခဲ့ပါတယ်... ဒါပေမဲ့ ဒီမိတ်ဆွေနှစ်ယောက်က ကျနော်နဲ့အတူတူ မိစ္ဆာဂိုဏ်းကလူတွေကို တိုက်ခိုက်အနိုင်ယူပေးခဲ့လို့ တော်သေးတာပေါ့..."

ချူလျန်က ပြောလိုက်သည်။

တိနွီဖုန့်က လော့ယောင်တို့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

"အရင်တစ်ခေါက်က တွေ့ဖူးတယ်မလား... အကုန်လုံးက ကလေးလိမ္မာလေးတွေပါပဲ..."

လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ကလည်း အလျင်အမြန် မတ်တတ်ရပ်လိုက်ကြပြီး တိနွီဖုန့်ကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်ကြရာ သူတို့၏အကြည့်များတွင် အံ့ဩမှုနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေပေသည်။

လူတစ်ယောက်က မြေပြင်ပေါ်သို့ ဆင်းသက်လာရုံမျှဖြင့် သူတို့သုံးယောက်လုံးကို ဖိသတ်မိလုမတတ်ဖြစ်သွားစေခဲ့ရာ သူမအပေါ်တွင် ကြောက်ရွံ့လေးစားမှု မဖြစ်ပေါ်လာရန်မှာ အလွန်ခက်ခဲလှပေသည်။

ထိုဘက်တွင် တိနွီဖုန့်က လျှို့ဝှက်နယ်မြေ၏ကောင်းကင်ယံကို ဆုတ်ဖြဲကာ ဆင်းသက်လာခဲ့ပြီးနောက် သူမအနောက်မှ အလင်းတန်းတစ်တန်း ဝင်ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်သို့ ဆင်းသက်လာကာ ဖြူစင်သော ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားသည့် လူရွယ်ဘုန်းတော်ကြီးတစ်ပါးအဖြစ် ပြောင်းလဲသွားလေသည်။

သူ့ရုပ်ရည်ကို ကြည့်ရသည်မှာ ပုရှန်နှင့် အသက်အရွယ်တူခန့် ရှိသော်လည်း မျက်လုံးများထဲရှိ သက်တမ်းရင့်ကျက်မှုနှင့် ကရုဏာတရားတို့ ပြည့်နှက်နေသော အလင်းရောင်များက သူသည် လုံးဝရိုးရှင်းသူမဟုတ်ကြောင်း သက်သေပြနေပေသည်။

"ဆရာ..."

ပုရှန်က ထိုဘုန်းကြီးကိုမြင်သောအခါ ချက်ချင်းပင် လျှောက်သွားလိုက်သည်။

ထိုသူမှာ ပုရှန်၏ဆရာဖြစ်ပြီး မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းထဲမှ တစ်ခုဖြစ်သော ယွမ်ချွယ်ကျောင်းတော်အတွင်းရှိ နာမည်ကျော် ရဟန်းတော်တစ်ပါးဖြစ်သည့် ဇင်ဆရာတော်ရှန်ယိုပင် ဖြစ်လေသည်။

သူသည် ယွမ်ချွယ်ကျောင်းတော်အတွင်းတွင် တမူထူးခြားသူတစ်ဦးဟု ဆိုနိုင်ပေသည်။ ယွမ်ချွယ်ကျောင်းတော်မှာ လောကီရေးရာများနှင့် ကင်းကွာပြီး တပည့်များမှာလည်း လောကီလောကသို့ ဝင်ရောက်လေ့မရှိပေ။

သို့သော် သူကမူ မတူညီသောကိုယ်ပိုင်လက္ခဏာ အသွင်အမျိုးမျိုးဖြင့် လောကီလောကတစ်ခွင် လှည့်လည်သွားလာရသည်ကိုနှစ်သက်ပြီး လူ့လောကတွင် သူတော်စင်တစ်ပါးပေါ်ထွန်းလာခြင်းဟူသော ဒဏ္ဍာရီများစွာကို ချန်ရစ်ထားခဲ့လေသည်။

သို့ရာတွင် ထိုအရာများအားလုံးမှာ လွန်ခဲ့သောနှစ်တစ်ရာခန့်က ကိစ္စများဖြစ်ပြီး ယခုလက်ရှိ ဇင်ဆရာတော်ရှန်ယိုမှာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်း မရှိတော့ပေ။

မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် သူက သူ၏အရှေ့ရှိလူတိုင်းကို ပြုံးကာ အရိုအသေပေးလိုက်သည်။

"မင်းတို့ ယွမ်ချွယ်ကျောင်းတော်အကြောင်းကို ငါပြောနေတာ မဟုတ်ဘူးနော်... လူ့အသက်ကယ်ရမယ့် ကိစ္စမှာတောင် စကားမပြောနိုင်တဲ့လူကို စေလွှတ်လိုက်သေးတယ်…”

“တပည့်ကိုရော တကယ်ဂရုစိုက်ရဲ့လား..."

တိနွီဖုန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"စောစောက အပြင်ဘက်မှာသာ ငါတို့နှစ်ယောက် ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင် ဒီလျှို့ဝှက်နယ်မြေကို စောစောစီးစီးဖွင့်နိုင်နေလောက်ပြီ..."

သူမက အမြဲတမ်း စိတ်မြန်လက်မြန်ရှိတတ်သူဖြစ်ရာ အေးအေးလူလူရှိသော ဇင်ဆရာတော်ရှန်ယိုနှင့် တွေ့ဆုံသောအခါ ဒေါသထွက်မိသည်မှာ ရှောင်လွှဲ၍မရနိုင်ပေ။

သူမပင်လျှင် ဤလျှို့ဝှက်နယ်မြေကို တစ်ကိုယ်တော်ဖွင့်ရန်အတွက် ခွန်အားများစွာ အကုန်အကျခံခဲ့ရလေသည်။

"ဟီးဟီး..."

ဘုန်းကြီးပုရှန်က ခေါင်းကုတ်ကာ ပြုံးလိုက်၏။

"ကျုပ်ရဲ့ဆရာက နှုတ်ပိတ်ကျင့်စဉ်ကိုကျင့်ကြံနေတာ နှစ်သုံးဆယ်တောင် ရှိနေပြီလေ..."

ထိုဘက်တွင် သူတို့၏ဆရာနှင့်တပည့်များ တသီတတန်းကြီး ပြန်လည်ဆုံတွေ့နေသည်ကိုကြည့်ရင်း လော့ယောင်က ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းကို မော့ကြည့်လိုက်ရာ အက်ကွဲကြောင်းထဲမှ အနည်းငယ် လူဆိုးလူမိုက်ဆန်ဆန်အမူအရာဖြင့် အဘိုးအိုတစ်ဦး၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်းမြင်တွေ့လိုက်ရသည်။

ထိုသူမှာ ဆန်းကျွယ်ချိုင့်ဝှမ်းအတွင်းမှ အကြီးအကဲတစ်ဦး ဖြစ်လေသည်။

ထိုအကြီးအကဲက လော့ယောင်ကို လက်ယပ်ခေါ်လိုက်ပြီးနောက် လျှို့ဝှက်နယ်မြေအတွင်းသို့ဝင်ရန် မဝံ့မရဲဖြစ်ကာ ချက်ချင်းပင်ကိုယ်ဖျောက်၍ ပျောက်ကွယ်သွားလေသည်။

လော့ယောင်က ထိုဘက်ရှိ တိနွီဖုန့်ကိုကြည့်လိုက်ပြီး ချိုင့်ဝှမ်းမှ အကြီးအကဲက မည်သည့်အတွက်ကြောင့် ထိုမျှကြောက်ရွံ့နေရသည်ကို အကြမ်းဖျင်းခန့်မှန်းမိသွားပေသည်။

တိနွီဖုန့်က အဘိုးအိုများကိုရိုက်နှက်ရာတွင် အမြဲတမ်းရက်စက်လေ့ရှိပေသည်။

အရင်တစ်ခေါက်က သူမသည်တစ်ယောက်တည်းဖြင့် သုံးယောက်ကိုရင်ဆိုင်ခဲ့ပြီး ဆန်းကျွယ်ချိုင့်ဝှမ်းမှ အကြီးအကဲအချို့ကို ငိုယိုအော်ဟစ်သွားရသည်အထိ ရိုက်နှက်ခဲ့ရာ ယခု သူမနှင့်ပြန်လည်တွေ့ဆုံရချိန်တွင် ကြွက်က ကြောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေတော့သည်။

"ဆရာ... ကျနော်တို့လည်း ထွက်ကြရအောင်..."

ဘုန်းကြီးပုရှန်က ပြောလိုက်၏။

ဇင်ဆရာတော်ရှန်ယိုက ခေါင်းကိုညင်သာစွာညိတ်လိုက်ပြီး နက်ရှိုင်းသော အဓိပ္ပာယ်များ ကိန်းအောင်းနေသည့်အကြည့်ဖြင့် ချူလျန်ကို ပြုံးကာ ကြည့်လိုက်သည်။

တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိရှိသွားပုံရပေသည်။

ထိုဆရာနှင့်တပည့် အတွဲနှစ်တွဲ ထွက်ခွာသွားပြီးနောက် ရှုတောင်ဂိုဏ်းမှ ဆရာနှင့်တပည့်အတွဲကမူ အလျင်စလို ထွက်မသွားကြသေးပေ။

ချူလျန်အနေဖြင့်လည်း ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များကို သူ့ဆရာအား အသေးစိတ်ရှင်းပြရန် သီးသန့်နေရာတစ်ခု လိုအပ်နေသေးပေသည်။

ခရီးစဉ်တစ်လျှောက် ကြုံတွေ့ခဲ့ရသော စွန့်စားခန်းများကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် သူသည် နဂါးပုလဲကိုရရှိခဲ့ကြောင်း ကြားသိလိုက်ရသောအခါ တိနွီဖုန့်မှာလည်း အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

"မင်း အဲဒီမိစ္ဆာဂိုဏ်းက သိုင်းပညာရှင်နှစ်ယောက်ကို သတ်လိုက်ရုံတင်မကဘဲ ဒီလျှို့ဝှက်နယ်မြေရဲ့ သခင်ပါ ဖြစ်လာခဲ့တာလား..."

သူမ အံ့ဩတကြီး ရေရွတ်လိုက်ပြီးနောက် ခေတ္တမျှရပ်တန့်ကာ ထပ်မံပြောလိုက်၏။

"တကယ့်ကို ငါ့တပည့်ပီသပါပေတယ်..."

"တိတိကျကျပြောရရင်တော့ အဲဒီလို သတ်မှတ်လို့မရသေးပါဘူး..."

ချူလျန်က ရယ်မောကာ ပြောလိုက်သည်။

"ကျနော့်ရဲ့ ကျင့်ကြံခြင်းအဆင့် လုံလောက်တဲ့အထိစောင့်မှပဲ ဒီလျှို့ဝှက်နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်မှာပါ..."

"အဲဒါလည်း မင်းဟာပဲ မဟုတ်ဘူးလား... လောလောဆယ် ဒီမှာ ခဏထားထားရုံပဲဟာကို..."

တိနွီဖုန့်က တဟားဟား ရယ်မောလိုက်ပြီး ချူလျန်၏ပခုံးကိုပုတ်ကာ ပြောလိုက်၏။

"ဒီလျှို့ဝှက်နယ်မြေက တော်တော်လေးတန်ဖိုးရှိတာပဲ... ကြည့်ရတာ နောက်ပိုင်းကျရင် ဒီဆရာက မင်းကိုအားကိုးပြီး အိုစာမင်းစာ ဖြတ်သန်းလို့ရပြီထင်တယ်..."

ချူလျန်က ပြုံး၍နေလိုက်သော်လည်း တစ်ချိန်တည်းမှာပင် စောစောက သူမသာ ထိုအပေါက်ကြီးကို မဖောက်ခဲ့ပါက လျှို့ဝှက်နယ်မြေက ယခုထက်ပို၍ တန်ဖိုးရှိနေဦးမည်ဖြစ်ကြောင်း စိတ်ထဲမှ တွေးတောနေမိလေသည်။

ဇင်ဆရာတော်ရှန်ယိုက ပြဿနာကိုဖြေရှင်းပေးခဲ့၍သာ တော်တော့သည်။

ဆရာနှင့်တပည့်နှစ်ဦး အပြင်သို့ထွက်သွားပြီးနောက် စောစောက နဂါးအသိုက်အောက်ဘက်ရှိ ချိုင့်ဝှမ်းဆီသို့ ပြန်လည်ရောက်ရှိသွားကြသည်။

ထိုတောင်နံရံပေါ်ရှိ ရေဝဲကြီးမှာ စောစောကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

မူလကပင် နဂါးလျှို့ဝှက်နယ်မြေတွင် အခြားသောအဝင်အထွက်ပေါက်များ ရှိတော့မည်မဟုတ်ဘဲ ချူလျန်တစ်ဦးတည်းသာလျှင် ဝင်ထွက်ခွင့်ရှိပေသည်။

စောစောကတိနွီဖုန့်သည် ရက်စက်ကြမ်းကြုတ်သောခွန်အားကို အသုံးပြု၍ ပကတိနှင့် ပုံရိပ်ယောင်လောကကြားရှိ ထိုလျှို့ဝှက်နယ်မြေ၏ အတားအဆီးကို အတင်းအဓမ္မ ဖောက်ထွက်လာခဲ့ခြင်းပင်။

ဇင်ဆရာတော်ရှန်ယိုက သူ့လက်နှစ်ဖက်ဖြင့် ညင်သာစွာပွတ်ဆွဲလိုက်သည်ကို မြင်လိုက်ရပြီး အလင်းဖြူတစ်တန်းက ထိုလျှို့ဝှက်နယ်မြေပေါ်ရှိအပေါက်ကို တဖြည်းဖြည်း ပြန်လည်ဖာထေးပေးသွားခဲ့သည်။

ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် တိနွီဖုန့်က ကျွမ်းကျင်သော်လည်း တည်ဆောက်ရေးလုပ်ငန်းများအတွက်မူ ဗုဒ္ဓဘာသာဂိုဏ်းမှ စွမ်းအားရှင်များကိုသာ အားကိုးရမည် ဖြစ်ပေသည်။

ဆရာနှင့်တပည့် အတွဲသုံးတွဲစလုံးမှာ ချိုင့်ဝှမ်းအတွင်း၌ရပ်နေကြပြီး နားလည်ရခက်သော အကွာအဝေးတစ်ခုစီကို ထိန်းသိမ်းထားကြလျက် နှုတ်ဆက်ခွဲခွာရန်ပြင်လိုက်ချိန်တွင် ရုတ်တရက်ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာသည့်အသံကို ကြားလိုက်ရတော့သည်။

ကောင်းကင်ယံသို့ထိုးတက်သွားသော မိစ္ဆာစွမ်းအင်များကိုလည်း ခပ်ရေးရေး မြင်တွေ့လိုက်ရ၏။

လူတိုင်းက ယာယီပုန်းအောင်းနေလိုက်ကြပြီး ကောင်းကင်ထက်မှ ကျဆင်းလာသော တိမ်မည်းတစ်အုပ်ကိုမြင်လိုက်ရကာ တိမ်တိုက်ထိပ်တွင် မိစ္ဆာကျင့်ကြံသူ ရာဂဏန်းခန့်ရပ်နေကြပြီး ဦးဆောင်လာသူမှာ သွေးဆုတ်ဖြူရော်နေသော မျက်နှာနှင့် စစ်သူကြီးဟေးယွီပင် ဖြစ်ပေသည်။

ယခင်က ဆရာမုနှင့် မိစ္ဆာမယ်လျိုတို့သည် ကလေးငယ်သုံးယောက် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်ကို လိုက်လံဖမ်းဆီးရာတွင် သူ့အား အသေအလဲတိုက်ခိုက်ခဲ့ရန် မေ့လျော့မနေခဲ့ကြပေ။

သို့သော် စစ်သူကြီးဟေးယွီမှာ အရိုးဖြူကျောင်းတော်တွင် နှစ်ပေါင်းများစွာတိုင်အောင် လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့သူဖြစ်ရာ အသက်ကယ် တန်ခိုးစွမ်းအင်အချို့တော့ ရှိနေသေးပေသည်။

အသက်ကယ်တန်ခိုးစွမ်းအင်နှင့် သေချင်ယောင်ဆောင်ခြင်းတို့ကို ပေါင်းစပ်အသုံးပြု၍သာ သူက ကပ်ဘေးမှ မသေရုံတမယ်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အရိုးဖြူကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် သူလုပ်ဆောင်ခဲ့သည့် ပထမဆုံးကိစ္စမှာ လက်တုံ့ပြန်ရန်အတွက် လူအင်အားစုဆောင်းခြင်းပင်။

ချိုင့်ဝှမ်းအတွင်းသို့ ရောက်ရှိလာသောအခါ စစ်သူကြီးဟေးယွီမှာ သူ့အာဏာကိုပြသနေပြီး သေချင်ယောင်ဆောင်ကာ ထွက်ပြေးလာရစဉ်က သနားစရာကောင်းသောအခြေအနေမျိုး လုံးဝမရှိတော့ဘဲ သူအသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။

"ငါတို့တွေ ဒီမှာပဲ သူတို့ကိုပိတ်ဆို့ထားကြမယ်... အဲဒီ ခွေးကောင်နဲ့ ခွေးမက သေချာပေါက် ထွက်မလာသေးလောက်ဘူး…”

“သူတို့က ငါတို့ရဲ့ သစ္စာစောင့်သိခြင်းခန်းမဆောင်တစ်ခုလုံးကို လုပ်ကြံနိုင်ခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ ခန်းမဆောင်ရှစ်ခုက ညီအစ်ကိုတွေကို ခေါ်လာခဲ့တယ်... သူတို့တွေ အကုန်လုံးကိုသတ်နိုင်မလား ကြည့်ကြသေးတာပေါ့..."

ကြည့်ရသည်မှာ သူက မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့ လျှို့ဝှက်နယ်မြေအတွင်းမှ ရတနာများကိုရရှိပြီးနောက် ထွက်ပြေးသွားမည်ကို စိုးရိမ်နေပုံရပြီး ပြန်ရောက်ရောက်ချင်း အလျင်စလိုလူစုကာ အင်အားအလုံးအရင်းဖြင့် ပြန်လည်သတ်ဖြတ်ရန် ရောက်လာခြင်းဖြစ်ပေသည်။

ကလဲ့စားချေရန်အတွက် အချိန်နှောင့်နှေး၍ မရနိုင်ပေ။

သို့သော် သူစောင့်ချင်နေသောလူများကိုမူ သေချာပေါက် စောင့်နိုင်တော့မည် မဟုတ်ပေ။

မိစ္ဆာကျင့်ကြံသူတစ်အုပ်ကြီးက တစ်တောင်လုံးကို အုံခဲ၍ ဖုံးလွှမ်းသွားကြပြီး လေထုမှာ သရဲတစ္ဆေနယ်ပယ်ကဲ့သို့ မှောင်မိုက်အေးစက်လာခဲ့သည်။

ရုတ်တရက် မိန်းကလေးတစ်ဦး၏ပုံရိပ်က လျှောက်ထွက်လာခဲ့၏။

သူမ၏ကိုယ်နေကိုယ်ထားမှာ အရပ်ရှည်ရှည်နှင့် သွယ်လျကျော့ရှင်းကာ ပြည့်ဖြိုးသော ရင်သား၊ သေးသွယ်သောခါးနှင့် ရှည်လျားသောခြေတံများကို ပိုင်ဆိုင်ထားပြီး သူမ၏မျက်နှာသွင်ပြင်မှာ ခံ့ညားသော်လည်း ဆွဲဆောင်မှုအပြည့်ရှိကာ အနည်းငယ်ပျင်းရိလေးတွဲနေသော အမူအရာလေးလည်း ပါဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။

ချက်ချင်းပင် မကောင်းဆိုးဝါးအတွေးများပါဝင်နေသည့် အကြည့်မြောက်မြားစွာက ထိုမိန်းကလေး၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့တော့သည်။

သူမက မည်သူ့ကိုမျှငြင်းပယ်ခြင်းမရှိဘဲ မိစ္ဆာကျင့်ကြံသူများစွာ၏ အကြည့်များကို ရင်ဆိုင်ရင်း ခေါင်းမော့ကာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရ၏။

"ဟေ့..."

"အကုန်လုံး ဒူးထောက်ကြစမ်း..."

All Chapters