အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း (၂၆၅) - ဝိုင်းဝန်းချေမှုန်းခြင်း
စစ်သူကြီးဟေးယွီသည် ဒူးနှစ်ဖက်လုံး မြေပြင်တွင်ထောက်လျက် ကျောကိုမတ်ထားကာ ခေါင်းကိုမော့ပြီး ရင်ကော့ထားလေသည်။
သူသည် သေသေချာချာဒူးထောက်ထားပြီး မျက်လုံးပြူးကြီးများဖြင့် တိနွီဖုန့်၏ သွားလာလှုပ်ရှားနေသော ပုံရိပ်နောက်သို့လိုက်လံကြည့်ရှုနေ၏။
သူ၏အမူအရာမှာ အလွန်တရာလိမ္မာရေးခြားရှိနေပုံ ပေါ်လွင်နေပေသည်။
သူ ကြောက်လန့်နေသည်မှာလည်း အပြစ်ဆိုဖွယ်ရာမရှိပေ။ ယခုလေးတင် ထိုအမျိုးသမီးသည် ဟန်ရေးတပြပြဖြင့်ထွက်လာပြီးနောက် သူတို့ကိုဒူးထောက်ရန် ပျင်းရိပျင်းတွဲ လေသံဖြင့်ခိုင်းစေခဲ့ခြင်းပင်။
ထိုအသံထဲတွင် အနှိုင်းမဲ့ဖိနှိပ်မှုအရှိန်အဝါများ ပြည့်နှက်နေသော်လည်း၊ အရိုးဖြူနန်းတော်မှ မိစ္ဆာကျင့်ကြံသူများမှာ မျက်တောင်မခတ်တမ်း လူသတ်ရဲသည့် ရက်စက်ကြမ်းကြုတ်သော ဇာတ်ကောင်များဖြစ်ကြရာ သူတို့၏ဝိညာဉ်များမှာ အလွန်ခိုင်မာကြ၏။
ထို့ကြောင့် ပထမဆုံးအချိန်တွင် သူမ၏ဖိနှိပ်မှုအောက်သို့ မကျရောက်သွားဘဲ အားတင်း၍ တောင့်ခံထားနိုင်ခဲ့ကြသည်။
စစ်သူကြီးဟေးယွီတစ်ယောက်တည်းသာလျှင် ဒဏ်ရာပြင်းထန်စွာရရှိထားပြီး မသက်သာသေးသည့်အတွက် ဝိညာဉ်စွမ်းအင်ပိုင်းတွင် အတော်လေး အားနည်းနေခဲ့သည်။
ထို့ကြောင့် တစ်စက္ကန့်မျှပင်တောင့်မခံနိုင်ဘဲ ဝေဝေဝါးဝါးဖြစ်ကာ ဒူးနှစ်ဖက်ခွေကျပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့လေသည်။
နောင်တစ်ချိန်တွင် သူလူလုံးမပြနိုင်တော့မည်ကို စိုးရိမ်နေခိုက်၊ ထိုအမျိုးသမီး၏ ပုံရိပ်သည် ရုတ်တရက်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။
ထို့နောက် မိစ္ဆာကျင့်ကြံသူများအလယ်တွင် ရုတ်တရက်ပေါ်လာလေတော့သည်။
ဝုန်း...
ဖီးနစ်ငှက်တစ်ကောင် ပြင်းထန်သော မီးတောက်များကြားမှ အတောင်ပံဖြန့်ကျက်ထွက်ပေါ်လာသကဲ့သို့ ပြင်းထန်လှသော မီးတောက်များသည် လူတိုင်းကို ချက်ချင်း လွှမ်းခြုံသွားလေသည်။
မီးတောက်အနည်းငယ် စွဲကပ်သွားသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့၏။
စစ်သူကြီးဟေးယွီ စုစည်းလာသော လူစုသည် ဆဋ္ဌမအဆင့်ကျင့်ကြံသူနှစ်ဦးကို ရင်ဆိုင်ရန် လာခဲ့ခြင်းဖြစ်ရာ၊ သူတို့၏ စွမ်းအားမှာ သဘာဝကျကျပင် အားနည်းလွန်းမည်မဟုတ်ပေ။
ခေါ်ဆောင်လာသော ခန်းမသခင်ရှစ်ယောက်အနက် လေးယောက်မှာ ဆဋ္ဌမအဆင့်တွင်ရှိနေကြပြီး၊ ၎င်းတို့နောက်တွင်လည်း အထက်တန်းစား လက်အောက်ငယ်သားများ ပါဝင်လာကြသည်။
စွမ်းအားများကိုသာ စုစည်းလိုက်ပါက သေးငယ်သော အင်မော်တယ်ဂိုဏ်းတစ်ခုကိုပင် ရင်ဆိုင်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ထိုသို့ဆိုလျှင်ပင် တိနွီဖုန့်၏လက်အောက်တွင် သူတို့ မည်မျှကြာအောင် တောင့်ခံနိုင်ခဲ့ပါသနည်း။
တစ်ခဏလေးမျှသာလျှင်ကြာလိုက်လေစည်။
ထိုတစ်ခဏတာအချိန်လေးသည် တိနွီဖုန့်၏ ခရမ်းရွှေရောင်မီးတောက်များ ပေါ်ထွက်လာပြီး လူအများကို ဝါးမျိုလိုက်သည့် အချိန်ပင်ဖြစ်သည်။ လက်တွေ့တွင်မူ မည်သည့် ခုခံမှုမှမရှိဘဲ လုံးဝသတ်ဖြတ်ခြင်းခံလိုက်ရခြင်းသာ ဖြစ်ပေသည်။
ထိမိသည်နှင့် သေဆုံးသွားရခြင်းပင်။
မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများသာမကဘဲ၊ ချူလျန် အပါအဝင် အမှောင်ထဲမှ လျှို့ဝှက်စွာစောင့်ကြည့်နေကြသော ဖြောင့်မတ်သောလမ်းစဉ်မှ လူများပင်လျှင် အလွန်တရာ အံ့အားသင့်သွားကြလေသည်။
ထိုအရာမှာ သာမန်မီးတောက် မဟုတ်ပေ။
ထိုမီးတောက်သည် သမာဓိနတ်မီးတောက်ပင်။
မိစ္ဆာကျင့်ကြံသူများကို မဆိုထားနှင့်၊ တိနွီဖုန့်နှင့် အဆင့်တူညီသော စွမ်းအားရှင်ကြီးများပင်လျှင် နောက်ဆုတ်ရှောင်ရှားရမည်ဖြစ်ရာ၊ ထိုအညတရလေးများ ချက်ချင်းအသတ်ခံရသည်မှာ အံ့ဩစရာမဟုတ်ပေ။
ထိုကဲ့သို့သော နတ်မီးတောက်သည် စစ်မှန်သောချီစွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းစေသည်။
ပုံမှန်အားဖြင့် မီးပွင့်လေးများ၊ မီးစလေးများအဖြစ်သာ ထွက်ပေါ်လာလေ့ရှိပြီး ယခုကဲ့သို့ အလကားရသကဲ့သို့ အများအပြားပေါက်ကွဲထွက်လာသည်ကို မြင်ရခဲလှသည်။
တကယ်တမ်းတွင် ချူလျန်ကိုယ်တိုင်လည်း တိနွီဖုန့်အစွမ်းကုန်ထုတ်သုံးသည်ကို မမြင်ဖူးခဲ့ပေ။ သူ မှတ်မိသည့်အချိန်မှစ၍ ဆရာဖြစ်သူ တိုက်ခိုက်ရာတွင် တစ်ကြိမ်တစ်ခါမျှ မရှုံးဖူးကြောင်းကိုသာ သူသိထားသည်။
ယခင်က သူ့ကိုကာကွယ်ပေးရန် ဝင်ရောက်စွက်ဖက်ခဲ့သော အကြိမ်အနည်းငယ်တွင်လည်း ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက် စသည်တို့ဖြင့်သာဖြေရှင်းခဲ့ပြီး အင်အားကို အပြည့်အဝမသုံးခဲ့ဖူးပေ။
ထို့ကြောင့် ယခုအခိုက်အတန့်တွင် သူကိုယ်တိုင်လည်း အလွန်အမင်း အံ့ဩချီးကျူးမိသွားလေသည်။
'အခုတောင် ဆရာက အစွမ်းကုန်ထုတ်သုံးတယ်လို့ ပြောလို့မရသေးဘူး...ပထမဆုံးအနေနဲ့ တန်ခိုးစွမ်းအင်ကို ထုတ်သုံးလိုက်ရုံလေးပဲ...'
တစ်ချိန်တည်းမှာပင် ချူလျန်သည် အနည်းငယ်ကံကောင်းသည်ဟုလည်း ခံစားလိုက်ရသည်။ မကောင်းမှုများပြည့်နှက်နေသော မိစ္ဆာဂိုဏ်းမှကျင့်ကြံသူများကို သတ်ဖြတ်ခြင်းသည် သွေးချီကံကြမ္မာအကုသိုလ်ကို မတိုးပွားစေသည့်အပြင်၊ အချို့ဆိုလျှင် ကုသိုလ်ပင်ရနိုင်သေးသောကြောင့် တော်သေးတော့သည်။
ထိုသို့မဟုတ်လျှင် ဆရာဖြစ်သူ၏မြန်ဆန်သော လူသတ်နှုန်းဖြင့်သာဆိုလျှင် ကြက်သွေးရောင်ကွပ်မျက်သူကြီးက သူမကို မြင်သည်နှင့် ရူးသွပ်သွားနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရလျှင် မျက်တောင်တစ်ခတ်အတွင်းမှာပင်။
ကောင်းကင်တစ်ခွင်လွှမ်းမိုးနေသော ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာအငွေ့အသက်များကို တိနွီဖုန့်တစ်ယောက်တည်း ရှင်းလင်းပစ်လိုက်လေရာ၊ ချက်ချင်းပင် ကောင်းကင်ကြီးမှာကြည်လင်လာပြီး နေရောင်ခြည်များ တောက်ပလာလေတော့သည်။
စစ်သူကြီးဟေးယွီသည် မြေပြင်တွင် ဒူးထောက်ထားဆဲဖြစ်ပြီး နောက်ကျမှ သိလိုက်ရသော ကြောက်ရွံ့ထိတ်လန့်မှုများက သူ့ခေါင်းနောက်ဘက်သို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာလေသည်။
အကယ်၍ ယခုလေးတင် သူသာ အနည်းငယ်တင်းမာနေခဲ့မည်ဆိုလျှင်... တွေးပင် မတွေးရဲတော့ပေ။
ယခုလေးတင်က သူက အရှက်ကွဲမည်ကို စိုးရိမ်နေခဲ့သေးသည်။
ယခုမူ အနည်းဆုံးတော့ သူ့ဦးခေါင်း ကျန်ရှိနေသေးသည့်အတွက် ကံကောင်းလှပြီဟုသာ သဘောထားလိုက်တော့၏။
"အင်း..."
တိနွီဖုန့်သည် ပျံသန်းရာမှမြေပြင်သို့ ဆင်းသက်လာပြီး တစ်ဦးတည်းသော စကားနားထောင်သည့် မိစ္ဆာကျင့်ကြံသူ၏အရှေ့သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ့ကို မည်သို့စီမံရမည်ကို တွေးတောနေဟန်ဖြင့် ခေတ္တမျှ ငြိမ်သက်သွားလေသည်။
ချူလျန်သည်လည်း ကိုယ်ယောင်မပြဘဲ အမှောင်ထဲမှနေ၍ ခပ်တိုးတိုး အသံပို့လွှတ်လိုက်၏။
"ဆရာ... ကျွန်တော်တို့ အရိုးဖြူနန်းတော်ကနေ ထွက်လာတာ အချိန်နည်းနည်း ကြာနေပြီဆိုတော့၊ အရင်မှတ်ထားတဲ့နေရာက ပြောင်းသွားလောက်ပြီ... သူ့ကို နေရာသစ်ကို ပြောပြခိုင်းလိုက်ပါ..."
"အော်... ဟုတ်သားပဲ..."
တိနွီဖုန့်က ထိုစကားကိုကြားသောအခါ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး စစ်သူကြီးဟေးယွီအား ရင့်သီးစွာပင်ပြောလိုက်သည်။
"အရိုးဖြူနန်းတော်ရဲ့ တည်နေရာကိုပြောပြ... မင်းကို ငါ မသတ်ဘဲထားပေးမယ်..."
"ဗျာ..."
စစ်သူကြီးဟေးယွီ၏မျက်နှာမှာ အကြီးအကျယ်ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
"မရဘူးလေ... ကျွန်တော်တို့ရဲ့ နန်းတော်သခင်ကြီးဆီမှာ လောကကြီးတစ်ခုလုံးကို သိနားလည်နေသလိုမျိုး ခန့်မှန်းရခက်တဲ့ အရိုးဖြူနှလုံးသားမိစ္ဆာတစ်ကောင် ရှိတယ်…”
“အရိုးဖြူနန်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်ရဲတဲ့သူတွေက ဘယ်တော့မှ အသက်မရှင်နိုင်ဘူးဗျ..."
"အော်... ဒါဆိုလည်း မင်း သေလိုက်တော့လေ..."
တိနွီဖုန့်က သူမအင်္ကျီလက်စကို ပင့်တင်လိုက်၏။
"ကျွန်တော်မျိုး မပြောချင်လို့မဟုတ်ရပါဘူး...ဒါပေမဲ့ ဒါ...ဘယ်လိုပဲဖြစ်ဖြစ် သေရမှာဆိုတော့...ကျွန်တော့်ကို အသက်ရှင်ခွင့်လေး တစ်လမ်းလောက်တော့ ချန်ပေးပါဦး..."
စစ်သူကြီးဟေးယွီသည် ခေါင်းကို တရစပ်ကြမ်းပြင်နှင့်ဆောင့်ကာ တောင်းပန်လေတော့သည်။
ထိုအချိန်မှာပင်၊ ဇင်ဆရာတော်ရှန်ယိုသည် သူ့အရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။ သူမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး သူ့အကြည့်များက စစ်သူကြီးဟေးယွီ၏မျက်လုံးများနှင့် ရုတ်တရက် ဆုံသွားလေသည်။
ရွှီး...
သူ့မျက်လုံးများထဲတွင် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီး သူ့လက်တစ်ဖက်ကို စစ်သူကြီးဟေးယွီ၏နဖူးပေါ်သို့ ဖွဖွလေး ဖိအုပ်လိုက်သည်။
စစ်သူကြီးဟေးယွီ၏အမူအရာမှာ ချက်ချင်းလျော့ကျသွားပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ကာ ပြောလိုက်လေသည်။
"အရိုးဖြူနန်းတော် သွားမယ့်နောက်ထပ်နေရာက...တောင်ပိုင်းဒေသမှာ..."
ချူလျန်သည် ထိုလုပ်ရပ်ကိုကြည့်ကာ လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်မိ၏။
'ဗုဒ္ဓဘာသာဂိုဏ်းရဲ့ တန်ခိုးစွမ်းအင်တွေကလည်း အသုံးဝင်တဲ့ အချက်လေးတွေ ရှိသားပဲ...'
...
တောင်ပိုင်းဒေသရှိ နေရာတစ်နေရာ။
ကောင်းကင်ထက်တွင် မည်းမှောင်နေသော တိမ်တိုက်များ ဖုံးလွှမ်းနေသော်လည်း မိုးရွာကျခြင်းတော့ မရှိပေ။
မကြာမီမှာပင် ထိုတိမ်မည်းကြီးသည် ထိုနယ်မြေမှ ဖြည်းညင်းစွာ ထွက်ခွာသွားလေသည်။
မြေပြင်ပေါ်မှ ကြည့်လျှင် ထိုသို့ထင်ရသော်လည်း၊ ကောင်းကင်ယံမှ ကြည့်မည်ဆိုပါက ထိုတိမ်မည်းကြီးသည် ရွှေရောင်နဂါးများနှင့် ခရမ်းရောင် လျှပ်စီးတန်းများ ရောယှက်နေပြီး မြန်ဆန်သော အရှိန်အဟုန်ဖြင့် အမြဲတမ်း ရွေ့လျားနေသည်ကို တွေ့ရပေမည်။
ထိုတိမ်မည်းကြီးထဲတွင် တောင်တန်းကြီးတစ်ခုပမာ ကြီးမားလှသော ဦးခေါင်းခွံကြီးတစ်ခု ရှိနေလေသည်။
ထိုအချိန်မှာပင်၊ အဝေးမှနေ၍ လေထုကိုခွဲထွက်လာသော စူးရှသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး၊ တိမ်ဖြူများကို ကန့်လန့်ဖြတ် ဖြတ်တောက်သွားသော ဧရာမဓားအလင်းတန်းကြီးတစ်ခုသည် လေတိုးသံများနှင့်အတူ ပြေးဝင်လာလေသည်။ ထိုဓားအလင်းတန်းပေါ်တွင် လူရိပ်များစွာပြည့်နှက်နေပြီး ကျင့်ကြံသူမည်မျှ ပါဝင်လာသည်ကိုပင်မသိနိုင်ပေ။
ထို့အပြင် တိမ်မည်းကြီး၏အရှေ့ဘက်တွင်လည်း ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ရုတ်တရက် ဖြာကျလာပြီး၊ ထိုအလင်းတန်းများကြားမှ လူရိပ်အမြောက်အမြားသည် ရုတ်ချည်းပေါ်ထွက်လာကာ ကောင်းကင်ထက်မှ ဆင်းသက်လာကြလေသည်။
အခြားတစ်ဖက်တွင်လည်း ပျားအုံနှင့်တူသော ဧရာမမှော်ဝင်ကိရိယာကြီးတစ်ခု ပေါ်ထွက်လာပြီး၊ ၎င်းအတွင်းရှိ မှောင်မည်းနေသောအပေါက်များထဲတွင် ရှိနေသည်မှာ ပျားများမဟုတ်ဘဲ ကျင့်ကြံသူတစ်ဦးချင်းစီဖြစ်နေကြသည်။
ရှုတောင်ဂိုဏ်း၊ ယွမ်ချွယ်ကျောင်းတော်၊ ဆန်းကျွယ်ချိုင့်ဝှမ်း။
ထိုဂိုဏ်းသုံးဂိုဏ်းမှ လူများသည် တစ်ပြိုင်နက်တည်းပေါ်ထွက်လာကြပြီး ဤအရိုးဖြူတောင်ကြီးကို အလယ်တွင်ဝိုင်းရံထားကာ ညှပ်ပိတ်ဖမ်းဆီးမည့် အနေအထားကို ဖန်တီးလိုက်ကြလေသည်။
ဖြစ်ရပ်မှာ ရုတ်တရက် ဖြစ်ပွားသွားသဖြင့် တိမ်မည်းကြီးထဲနှင့် အရိုးဖြူတောင်ပေါ်ရှိ မိစ္ဆာကျင့်ကြံသူအများအပြားမှာ မည်သည့်အရာ ဖြစ်ပျက်နေသည်ကိုပင် မသိလိုက်ကြပေ။
သို့သော်လည်း အရိုးဖြူတောင်ကြီး၏တုံ့ပြန်မှုမှာမူ အလွန်တရာ ပြင်းထန်လှပေသည်။ ဦးခေါင်းခွံကြီး၏ မျက်လုံးပေါက်များထဲမှ နတ်ဘုရားအလင်းတန်းများ ရုတ်တရက်တောက်ပလာပြီး ပါးစပ်ထဲတွင်လည်း အဖြူရောင်အလင်းများ ဖြာထွက်လာသည်ကိုမြင်လိုက်ရသည်။
ထို့နောက် ပတ်ဝန်းကျင်ရှိတိမ်မည်းများကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးခေါင်းခွံကြီး၏ပါးစပ်ထဲသို့ စုပ်ယူလိုက်လေရာ ပတ်ပတ်လည်တွင် မည်သည့် အကာအကွယ်မျှ မရှိတော့ပေ။
တိမ်မည်းများ၏အရိပ်အောက်တွင် လှုပ်ရှားနေကြသော အရိုးဖြူနန်းတော်မှ မိစ္ဆာကျင့်ကြံသူများသည် ကောင်းကင်အလင်းရောင်ကို ရုတ်တရက် မြင်လိုက်ရသောအခါ ချက်ချင်းပင် အလွန်အမင်းထိတ်လန့်သွားကြလေတော့သည်။
နောက်တစ်စက္ကန့်တွင်၊ ထိုဦးခေါင်းခွံကြီး၏ မျက်လုံးထဲမှ နတ်ဘုရားအလင်းတန်းသည် လေဟာနယ်ကိုထိုးဖောက်သွားကာ အလင်းကန့်လန့်ကာတစ်ခုကို ဖန်တီးလိုက်သည်ကို မြင်လိုက်ရသည်။
ထို့နောက် ထိုအလင်းကန့်လန့်ကာထဲသို့ အတင်းတိုးဝင်သွားကာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
၎င်းက လေဟာနယ်ကို တိုက်ရိုက်ဖောက်ခွဲပြီး ထွက်ပြေးရန်ကြံရွယ်နေခြင်းပင်။
ဝုန်း...
ဤအခိုက်အတန့်တွင်၊ ရှုတောင်ဂိုဏ်းမှ ထိုဧရာမဓားအလင်းတန်းကြီးသည် ကန့်လန့်ဖြတ်ဖြစ်သွားပြီး အပေါ်ရှိလူအားလုံးကို အောက်သို့ချပေးလိုက်သည်။ ထို့နောက် ဓားအလင်းတန်းတစ်ခုလုံးသည် တစ်ဖန်ပြန်လည်တောက်ပလာကာ ပေတစ်သောင်းရှည်လျားသော အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ကို ခွဲထွက်လာလေတော့သည်။
ထိုဦးခေါင်းခွံကြီး လေဟာနယ်ထဲသို့ တိုးဝင်သွားသည့် တစ်ခဏအတွင်းမှာပင်၊ ဓားအလင်းတန်းကြီးသည် ၎င်းအပေါ်သို့ ကန့်လန့်ဖြတ် ထိုးစိုက်ဝင်သွားလေသည်။ ထိုသို့တိုက်မိသွားမှုကြောင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသောအသံကြီး ထွက်ပေါ်လာပြီး မိုင်တစ်ထောင်ပတ်လည်အထိ တုန်ခါသွားလေတော့သည်။
နှစ်ဖက်လုံးက အလွန်တရာကြီးမားလှသောကြောင့်၊ တစ်ခုနှင့်တစ်ခု ယှဉ်လိုက်သောအခါတွင်မူ ပုံမှန်အရွယ်အစားအချိုးအစားနှင့် တူနေလေသည်။
အင်မော်တယ် မှော်ပညာ...ကောင်းကင်ထောက် ဓားတစ်ချက်...
ဓားတစ်ချက်တည်းဖြင့် အရိုးဖြူတောင်ကြီးကိုထိုးဖောက်သွားလေသည်။
ဒိုင်း...
အရိုးဖြူတောင်ကြီးသည် နောက်ဆုံးတွင် လေဟာနယ်ထဲသို့ပျောက်ကွယ်သွားခဲ့ပြီး၊ ထိုဓားအလင်းတန်းကြီးမှာလည်း နောက်သို့ပြန်လည်ပျံသန်းလာခဲ့လေသည်။
...
ထိုလ၏ ကြယ်ခုနစ်စင်းသတင်းစာပေါ်ရှိ ကျိုကျိုးမြေရေစီးကြောင်းကဏ္ဍတွင် ပထမဆုံးသတင်းမှာ ထိုကိစ္စပင်ဖြစ်သည်။
ဖြောင့်မတ်သောလမ်းစဉ်မှ သူရဲကောင်းများသည် အမှောင်ဘုရင်ဂိုဏ်း၊ အရိုးဖြူနန်းတော်၏ခြေရာကို ပထမဆုံးအကြိမ်ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယွမ်ချွယ်ကျောင်းတော်၊ ရှုတောင်ဂိုဏ်းနှင့် ဆန်းကျွယ်ချိုင့်ဝှမ်းတို့ သုံးဂိုဏ်းပေါင်းကာ ၎င်းတို့ကို ဝိုင်းဝန်းချေမှုန်းခဲ့ကြသည်။
အရိုးဖြူတောင်ကြီးသည် လေဟာနယ်ကိုဖောက်ခွဲ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ရှုတောင်ဂိုဏ်းမှ တာအိုပညာရှင်ယန့်က ၎င်းကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းပစ်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုပမာဏကိုမူ မသိရသေးပေ။
၎င်း၏အနောက်တွင် နောက်ထပ်သတင်းတစ်ပုဒ် ရှိနေသေးသည်။
ရှေးဟောင်းနဂါးအသိုက်ထဲတွင် နဂါးလျှို့ဝှက်နယ်မြေ ပေါ်ထွက်လာခဲ့ပြီး၊ ဝတ်ရုံနီနန်းဆောင်မှ မိစ္ဆာမယ်လျိုနှင့် မိစ္ဆာဂိုဏ်းမှ သိုင်းကွက်ဆရာမုတို့က ရရှိသွားခဲ့ကြသည်။ ထိုသူနှစ်ဦးသည် အရိုးဖြူနန်းတော်၏လက်အောက်ခံ ရာပေါင်းများစွာကိုသတ်ဖြတ်ပြီးနောက် လွတ်မြောက်သွားခဲ့ကြသည်။
အရိုးဖြူနန်းတော်တစ်ခုတည်းသာ နာကျင်ထိခိုက်ရသောကမ္ဘာကြီးဖြစ်ပေသည်။