အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇) - ပထမဦးဆုံး ဆေးဖော်စပ်ခြင်းအတွေ့အကြုံ
ရှေးခေတ်ကာလများက ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ မှော်ဝင်ပစ္စည်းများ ဖန်တီးခြင်း၊ ဆေးလုံးဖော်စပ်ခြင်း၊ အဆောင်မန္တန်ပြုလုပ်ခြင်းနှင့် သိုင်းကွက်ရေးဆွဲခြင်းစသည့် ပညာရပ်အားလုံးကို လေ့လာသင်ယူခဲ့ကြရသည်ဟု ဆိုကြသည်။
ထိုသို့တတ်မြောက်ထားမှသာလျှင် အရည်အချင်းပြည့်ဝသော ကျင့်ကြံသူတစ်ဦးဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။
သို့သော် နောင်တွင် ကျင့်ကြံခြင်းလောက၏ ပြောင်းလဲလာမှုနှင့်အတူ ထိုကဲ့သို့သောစနစ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် မည်သည့်ပညာရပ်ကိုမဆို နက်နက်ရှိုင်းရှိုင်း တတ်မြောက်လိုပါက အချိန်နှင့် သယံဇာတ အမြောက်အမြားကို ပုံအောရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ကျင့်ကြံသူများက သိရှိလာသောကြောင့်ပင်။
အရာအားလုံးကို ကျွမ်းကျင်အောင်လုပ်ခြင်းသည် အရာအားလုံးတွင် အရည်အချင်း မပြည့်ဝခြင်းနှင့် အတူတူပင်ဖြစ်လေ၏။
ဆေးဖော်စပ်ခြင်းကို လေ့လာရန် အချိန်အမြောက်အမြား အသုံးပြုလိုက်သော်လည်း အဆင့်မြင့်မားသော ကျွမ်းကျင်မှုတစ်ခုသို့ ရောက်ရှိနိုင်မည်၊ မရောက်ရှိနိုင်မည်ဆိုသည်မှာ မသေချာလှပေ။
ထို့ပြင် လူတစ်ဦး၏ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ဆေးဖော်စပ်ရန် အလွန်အမင်း လိုအပ်သောအချိန်ဟူသည်မှာလည်း အကြိမ်အနည်းငယ်သာ ရှိနိုင်လေသည်။
ထို့ကြောင့် ပိုက်ဆံပေး၍ ကျွမ်းကျင်သော ဆေးဖော်စပ်သူဆရာကြီးတစ်ဦးကို ငှားရမ်းလိုက်ခြင်းက နှိုင်းယှဉ်ကြည့်လျှင် ပိုမိုအဆင်ပြေပြီးစိတ်ချရပေသည်။
ကျင့်ကြံခြင်းလောကတွင် သီးသန့်ပညာရပ်တစ်ခုကိုသာ ကျွမ်းကျင်သော ဆေးဖော်စပ်သူများ၊ မှော်ဝင်ပစ္စည်းဖန်တီးသူများ၊ ဝင်္ကပါဆရာများ၊ အဆောင်ဆရာများနှင့် သားရဲထိန်းချုပ်သူများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။
ယနေ့ခေတ်ကာလတွင်မူ ၎င်းသည် အဓိကရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့ချေပြီ။
ထိုသူများအထဲတွင် အချမ်းသာဆုံးသူများမှာ ဆေးဖော်စပ်သူများပင်ဖြစ်ကြသည်။
အဆင့်မြင့်နည်းပညာဆိုင်ရာ အလုပ်အကိုင်တစ်ခု ဖြစ်သော်လည်း မှော်ဝင်ပစ္စည်းဖန်တီးသူများ၏ ချမ်းသာကြွယ်ဝမှုမှာ ဆေးဖော်စပ်သူများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေဆဲပင်။
အခြေခံကျကျ ပြောရမည်ဆိုလျှင် ဆေးဖော်စပ်သူများ ပို၍ငွေရှာနိုင်ရခြင်းမှာ အကြောင်းရင်းတစ်ခုတည်းကြောင့်သာ ဖြစ်နိုင်ချေရှိသည်။
၎င်းမှာ... ဆေးဖော်စပ်ခြင်းက ပို၍ခက်ခဲသောကြောင့်ပင်။
ခက်ခဲသောကြောင့်ရှားပါးပြီး၊ ရှားပါးသောကြောင့် ငွေပိုမိုရှာဖွေနိုင်ခြင်း ဖြစ်ပေ၏။
ဆေးဖော်စပ်ခြင်းသည် မှော်ဝင်ပစ္စည်းဖန်တီးခြင်းထက် ပို၍ခက်ခဲရသည့် အဓိကအချက်တစ်ခု ရှိသည်။
ဆေးလုံးဖော်စပ်ရာတွင် တစ်ကြိမ် ကျရှုံးသွားသည်နှင့် ယခင်ကြိုးစားအားထုတ်မှုများအားလုံး အလဟဿဖြစ်သွားပြီး ပါဝင်ပစ္စည်းများအားလုံးလည်း အသုံးမဝင်တော့ပေ။
ပြန်လည်ကယ်တင်ရန် အခွင့်အရေး သိပ်မရှိတော့ချေ။ သို့သော် မှော်ဝင်ပစ္စည်းများ ဖန်တီးရာတွင် ကျရှုံးသွားပါက ပါဝင်ပစ္စည်းများကို အကြိမ်များစွာ ပြန်လည်သိမ်းဆည်းထားနိုင်ပြီး အဆိုးဆုံးအခြေအနေတွင် သိုင်းကွက်အစီအရင်များ ပြန်လည်ရေးဆွဲရန် အချိန်အနည်းငယ်ပိုပေးရုံသာ ရှိလေသည်။
ထို့ကြောင့် ပါရမီထူးချွန်သောလူငယ်တစ်ဦးသည် ပစ္စည်းဖန်တီးခြင်း လမ်းစဉ်ကိုလေ့လာလိုပါက ယေဘုယျအားဖြင့် ဆေးဖော်စပ်ခြင်းကို အရင်ဆုံး စတင်လေ့လာကြလေ့ရှိသည်။
ဆေးဖော်စပ်ခြင်းတွင် အောင်မြင်မှုမရမှသာ မှော်ဝင်ပစ္စည်းဖန်တီးခြင်းကို ပြောင်းလဲလေ့လာကြခြင်းဖြစ်သည်။
ဥပမာအားဖြင့် ရှုတောင်ဂိုဏ်းမှ ဝမ်မျိုးရိုးရှိသော တပည့်တစ်ဦးကဲ့သို့ပင်ဖြစ်၏။
သေချာသည်မှာ ဝမ်ယွဲ့လုံ ဆေးဖော်စပ်ခြင်းကိုမအောင်မြင်ခဲ့ခြင်းမှာ ပါရမီပြဿနာကြောင့်ထက် သူ၏လမ်းကြောင်း လွဲချော်သွားခြင်းကြောင့်ဟု ပြောလျှင် ပို၍မှန်ကန်ပေလိမ့်မည်။
ယနေ့တွင်တော့ ချူလျန်သည်လည်း ဆေးဖိုကြီးတစ်ခု၏ ရှေ့တွင်ထိုင်နေခဲ့ပြီ ဖြစ်သည်။
"မြကျောက်စိမ်းပန်းကိုင်း တစ်ပေနှစ်လက်မ၊ ကြည်လင်ဝါးဆစ်တစ်ဆစ်၊ မျက်လုံးစိမ်းကင်းခြေများ အရည်သုံးစက်၊ သစ်သားစွမ်းအင်အမြုတေ တစ်လုံး... ဒါတွေက အဓိကဆေးဖက်ဝင်ပစ္စည်းလေးမျိုးပဲ..."
"ရေကန်ဖြူ ရေနတ်သမီးပန်းသုံးပွင့်၊ ချီစုစည်းကြာပန်း ငါးပွင့်၊ ဝိညာဉ်သဲ သုံးမူးသား၊ ရေမင်နီဆေးသဲ ငါးမူးသား၊ အလင်းရှာဖွေမှုန့် တစ်ဆုပ်... ဒါတွေကတော့ အရန်ဆေးဖက်ဝင်ပစ္စည်းငါးမျိုးပဲ..."
၎င်းသည် သူ ချန်စုထံမှ တောင်းယူလာခဲ့သော အစိမ်းရောင်ဆေးလုံး၏ ဆေးဖော်စပ်နည်းပင် ဖြစ်သည်။
အမှန်တကယ်တော့ ချူလျန်သည် ဆေးဖော်စပ်ခြင်း ပညာရပ်အပေါ် စိတ်ဝင်စားနေသည်မှာ ကြာပြီဖြစ်သည်။ ငွေရှာနိုင်သည့် မည်သည့်လမ်းကြောင်းကိုမဆို သူစိတ်ဝင်စားပေသည်။
ယခုတစ်ကြိမ်တွင် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကြောင့် အခက်တွေ့သွားခြင်းက သူကိုယ်တိုင်ဆေးဖော်စပ်လိုစိတ်ကို ပိုမိုလှုံ့ဆော်ပေးလိုက်လေသည်။
နည်းပညာကို ကိုယ်တိုင်မပိုင်ဆိုင်ထားပါက အဆုံးတွင် သူတစ်ပါး၏ ချုပ်ကိုင်မှုအောက် ရောက်သွားရမည်သာဖြစ်သည်။
ထိုဆေးဖော်စပ်သူကို သတ်ဖြတ်လိုက်စဉ်က ဆေးဖော်စပ်ရန် သင့်တော်သော ပစ္စည်းအချို့ ကျန်ရစ်ခဲ့သဖြင့် သူကပါအခွင့်အရေးယူကာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အစိမ်းရောင်ဆေးလုံး၏ ဆေးဖော်စပ်နည်းမှာ အလွန်အမင်း အဖိုးတန်လှသည်တော့ မဟုတ်ပေ။ ချူလျန်က လက်ဆောင်အချို့ ပြင်ဆင်၍ ပေးလိုက်သောအခါ ချန်စုကလည်း သူ့ကို တိတ်တဆိတ် ပေးလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ သီးသန့်ဆေးဖော်စပ်နည်း ရှိနေလျှင်တောင် အဂ္ဂိရတ်အကြီးအကဲနှင့် ရင်းနှီးသော တိုက်ရိုက်တပည့်အချို့သာလျှင် အဆင့်မြင့် အစိမ်းရောင်ဆေးလုံးကို ဖော်စပ်နိုင်ခြင်းဖြစ်သည်။
ချူလျန်က တစ်ကြိမ်တည်းနှင့် အဆင့်မြင့်ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု မတွေးထားခဲ့ပေ။ သို့သော် ဤဆေးလုံး၏ ပါဝင်ပစ္စည်းများမှာ မစျေးကြီးဘဲ အစပြုသူများအတွက် သင့်တော်သောကြောင့် ၎င်းကို အခြေခံစမ်းသပ်မှုအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
သူသည် ရရှိထားသော ရွှေရောင်ကွပ်ထားသည့် အစိမ်းရောင်ဆေးဖိုကြီးကို ဦးစွာ နေရာချလိုက်ပြီးနောက် အောက်ဘက်တွင် မီးဝိညာဉ်အနှစ် လေးခုကို သေချာစွာ စီစဉ်ထားလိုက်သည်။
ထို့နောက် ဓာတ်ကြီးငါးပါးနတ်မီးတောက်ကို စတင်မီးညှိလိုက်လေသည်။
ဤမီးတောက်ကို လောင်ကျွမ်းစေသည့် ဓာတ်ကြီးငါးပါးနတ်မီးတောက်မန္တန်မှာ သင်ယူရန် မခက်ခဲလှပေ။ ချူလျန်သည် အချိန်အနည်းငယ်မျှ လေ့ကျင့်လိုက်ရုံဖြင့် ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့ပြီဖြစ်သည်။
ဝုန်း...
ဤအရောင်ငါးမျိုးရှိသော နတ်မီးတောက်၏ အလင်းရောင်များ လင်းလက်လာသည်နှင့် တစ်ပြိုင်နက် ဆေးဖိုကြီးပေါ်ရှိ တောင်တန်းနှင့် ပင်လယ် ပုံရိပ်များမှာ စတင်လှုပ်ရှားလာသကဲ့သို့ဖြစ်သွားပြီး လှိုင်းလုံးကြီးများ ရိုက်ခတ်သံများ ထွက်ပေါ်လာလေတော့သည်။
ချန်စုက ချူလျန်အား ဆေးဖိုပေါ်ရှိ ထိုအလင်းရောင် သိုင်းကွက်အစီအရင်များသည် အလှအပအတွက် သို့မဟုတ် ခမ်းနားမှုအတွက် သက်သက်မဟုတ်ကြောင်း ရှင်းပြခဲ့ဖူးသည်။ သေချာသည်မှာ ထိုအကြောင်းပြချက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ပေသည်။
သို့သော် အဓိကရည်ရွယ်ချက်မှာ မီးတောက်၏ပြင်းအားကို ပြသရန်နှင့် ဆေးဖော်စပ်သူအား မီးအပူချိန်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဆေးဖော်စပ်သူများသည် မီးတောက်၏ပြင်းအားကို လက်ဖြင့် စမ်းသပ်၍ မရနိုင်ပေ။ ထည့်သွင်းလိုက်သော ချီစွမ်းအင်၏ပြင်းအားကို မှီခို၍ ခံစားရခြင်းမှာလည်း အသစ်စက်စက် ဆေးဖော်စပ်သူများအတွက် အဆင်မပြေလှပေ။
ထိုကဲ့သို့ မီးတောက်၏ပြင်းအားကို တိုက်ရိုက်ပြသခြင်းက လူကိုယ်တိုင် အဆင့်များ သတ်မှတ်ထားသကဲ့သို့ ရှင်းလင်းစွာမြင်တွေ့နိုင်စေသည်။
ချူလျန်သည် မီးတောက်ကို အချိန်အနည်းငယ်အပူပေးထားပြီးမှ ပထမဆုံး ပါဝင်ပစ္စည်းဖြစ်သော မျက်လုံးစိမ်းကင်းခြေများ အရည်သုံးစက်ကို ဆေးဖိုထဲသို့ ထည့်လိုက်၏။
ဤအစိမ်းရောင် အရည်သုံးစက်သည် ဆေးဖိုထဲသို့ ကျဆင်းသွားသည်နှင့် အပူဒဏ်ကြောင့် ချက်ချင်းအခိုးအငွေ့အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ဆေးဖိုအပြင်သို့ လွင့်စင်မသွားဘဲ အစိမ်းရောင်အခိုးအငွေ့တန်းအဖြစ် ပြောင်းလဲကာ ဆေးဖိုအောက်ခြေတွင် ကပ်ငြိသွားလေသည်။
အကြောင်းမှာ မျက်လုံးစိမ်းကင်းခြေများအရည်၏ ထူးခြားဆန်းကြယ်မှုပင် ဖြစ်သည်။ အပူနှင့် တွေ့သောအခါတွင် ကပ်ငြိသွားတတ်သော သဘာဝရှိလေသည်။
ထိုသို့ဖြင့် ဆေးဖိုအောက်ခြေတွင် အလွှာတစ်ထပ်အပိုပါလာသကဲ့သို့ ဖြစ်သွားကာ အခြားပါဝင်ပစ္စည်းများက နတ်မီးတောက်နှင့် တိုက်ရိုက်ထိတွေ့လောင်ကျွမ်းခြင်းမှ ကာကွယ်နိုင်သွားသည်။
ထိုအခါမှသာ ချူလျန်သည် သစ်သားစွမ်းအင်အမြုတေကို ထည့်လိုက်လေသည်။
ဤသစ်သားစွမ်းအင်အမြုတေသည် မီးဓာတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သဖြင့် တိုက်ရိုက် လောင်ကျွမ်းပါက ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြားခံတစ်ခု လိုအပ်ခြင်းဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ၎င်းသည်လည်း အစိမ်းရောင် အခိုးအငွေ့များကြားတွင် တဖြည်းဖြည်းအရည်ပျော်သွားကာ ရေစက်များအဖြစ် ကျဆင်းသွားလေသည်။
ထို့နောက်မှ ချူလျန်သည် ကြည်လင်ဝါးဆစ်ကိုထည့်လိုက်၏။
ကြည်လင်နေသည့်အစိမ်းရောင်ဝါးဆစ်သည် အပူဒဏ်ကို ခံယူရင်း သစ်သားစွမ်းအင်များကို စုပ်ယူလိုက်သဖြင့် ပို၍ ကြည်လင်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားတော့သည်။
ထိုအခါမှ ချူလျန်သည် နောက်ဆုံး အဓိကဆေးဖက်ဝင်ပစ္စည်းဖြစ်သော မြကျောက်စိမ်းပန်းကိုင်းကို ထည့်လိုက်လေသည်။
၎င်းကို နောက်ဆုံးမှ ထည့်ရခြင်း၏အကြောင်းရင်းမှာ ထိုပစ္စည်းသည် အပူဒဏ်ကို အလွယ်တကူ ခံနိုင်ရည်မရှိသောကြောင့်ဖြစ်သည်။
ယခုအချိန်တွင်မူ အခြားပါဝင်ပစ္စည်းများနှင့်အတူ ပေါင်းစပ်အရည်ပျော်သွားရန် အချိန်ကိုက်ပင်ဖြစ်သည်။
အဓိက ဆေးဖက်ဝင်ပစ္စည်းလေးမျိုးလုံးကို ထည့်ပြီးနောက် ချူလျန်သည် ချီစွမ်းအင်ကို အနည်းငယ်လှုံ့ဆော်ကာ မီးတောက်၏ပြင်းအားကို တိုးမြှင့်လိုက်သည်။
ဝုန်း...
ချီစွမ်းအင်ကို သိမ်မွေ့စွာထိန်းချုပ်ရာတွင်လည်း သူသည် လေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့ဖူးသည်။
ယခုအခါတွင် သူသည် ဆေးဖော်စပ်သည့် တပည့်များထက်ပင် နောက်မကျတော့ဘဲ မီးတောက်၏ သိမ်မွေ့သောပြောင်းလဲမှုများကို အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးကို ချန်စု ပြောပြထားသည့် အဆင့်များအတိုင်း သူသည် တိကျစွာ လိုက်နာဆောင်ရွက်ခဲ့သည်။ ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း အနည်းငယ်မျှပင် အမှားအယွင်းမရှိခဲ့ပေ။
အကယ်၍ ချန်စုသာ ကိုယ်တိုင်လာရောက်လမ်းညွှန်ပေးနေပါက သူ၏ ပါရမီထူးချွန်မှုကို အံ့အားသင့်စွာ ချီးကျူးသွားမည်မှာ သေချာလှသည်။
အသက်ရှူအကြိမ်အနည်းငယ်အတွင်းမှာပင် ဆေးဖိုထဲရှိ အဓိကဆေးဖက်ဝင်ပစ္စည်းများ အားလုံး အရည်ပျော်သွားကာ ပြစ်ချွဲပြီး ပျစ်ခဲနေသော အစိမ်းရောင်ဝိညာဉ်စွမ်းအင် အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ထိုအခါမှသာ ချူလျန်သည် အရန်ဆေးဖက်ဝင်ပစ္စည်းများကို စတင်ထည့်သွင်းလိုက်သည်။
ရေကန်ဖြူ ရေနတ်သမီးပန်း သုံးပွင့်သည် ဆေးဖိုထဲသို့ ဝင်ရောက်သွားသည်နှင့် အခိုးအငွေ့ဖြူများအဖြစ် ပြောင်းလဲကာ ရောနှောသွားလေတော့သည်။
သူသည် ချီစွမ်းအင်ကိုအသုံးပြု၍ ထိုအခိုးအငွေ့ဖြူများကို လှုံ့ဆော်ကာ ဖြည်းညင်းစွာ မွှေနှောက်လိုက်ပြီး ဆေးစွမ်းများ ပါဝင်သော အစိမ်းရောင် အခိုးအငွေ့များကို ညီညာစွာ လည်ပတ်စေလိုက်သည်။
ဤသည်မှာ ရေကန်ဖြူ ရေနတ်သမီးပန်း၏ အသုံးဝင်မှုပင် ဖြစ်သည်။ ဝိညာဉ်စွမ်းအင်များကို မွှေနှောက်ရန် အစပြုပေးနိုင်ပြီး ဆေးစွမ်းကို မထိခိုက်စေဘဲ ဖိအားကို ခံနိုင်ရည်ရှိလေသည်။
ထို့နောက်တွင် ချူလျန်သည် အရေးပါသောဝိညာဉ်သဲကို ထည့်သွင်းလိုက်ပြန်သည်။ ၎င်းမှာ အများဆုံး အသုံးပြုလေ့ရှိသော ဆေးဖော်စပ်ရာတွင် သုံးသည့် သဲတစ်မျိုးပင် ဖြစ်သည်။
ဆေးဖော်စပ်ရာတွင် သုံးသည့် သဲမှာ လေထက်တွင်မျောလွင့်နေကာ အစိမ်းရောင် အခိုးအငွေ့များကြားတွင် တည်ရှိနေသည်။
ထိုအချိန်တွင် ချီစုစည်းကြာပန်းကို ထည့်သွင်းလိုက်ပြန်သည်။ ပန်းပွင့်ဖတ်များ ပြန့်ကျဲသွားသည်နှင့် ပတ်ဝန်းကျင်ရှိ အစိမ်းရောင်အခိုးအငွေ့များကို ချက်ချင်း စုပ်ယူလိုက်ကာ စုစည်းမှုစွမ်းအားတစ်ခု ဖြစ်ပေါ်လာစေသည်။
ဝိညာဉ်သဲသည် စုပ်ယူမှု၏ဗဟိုချက်အဖြစ် တည်ရှိနေပြီး ဝိညာဉ်စွမ်းအင်အားလုံးကို တဖြည်းဖြည်း စုစည်းပေးနေလေသည်။
ဝိညာဉ်စွမ်းအင်အားလုံး ဝိညာဉ်သဲထဲသို့ ဝင်ရောက်သွားပြီးနောက် ချူလျန်သည် ရေမင်နီဆေးသဲကို ထည့်လိုက်ပြန်သည်။
ဤအရာသည် ရေကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ချီစွမ်းအင်၏ ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်သဲကို ချက်ချင်းဖုံးအုပ်သွားကာ နောက်ထပ် အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ယခုအချိန်သည် အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်၏။
အကယ်၍ ရေမင်နီဆေးသဲက ဝိညာဉ်သဲကို ထိုအတိုင်း ဖုံးအုပ်ထားရန် ခွင့်ပြုလိုက်ပါက ဆေးလုံးပုံပေါ်လာနိုင်သော်လည်း ၎င်းသည် သာမန် အလယ်အလတ် သို့မဟုတ် အောက်တန်းစား အစိမ်းရောင်ဆေးလုံးသာ ဖြစ်လာပေမည်။
ဤအချိန်တွင် အလင်းရှာဖွေမှုန့်အနည်းငယ်ကို လျင်မြန်စွာ ထည့်သွင်းကာ ရေမင်နီဆေးသဲထဲသို့ ညီညာစွာပြန့်နှံ့သွားစေမှသာလျှင် အဆင့်မြင့် အစိမ်းရောင်ဆေးလုံးတစ်လုံးအဖြစ် အောင်မြင်စွာဖန်တီးနိုင်မည်ဖြစ်သည်။
အလယ်အလတ် သို့မဟုတ် အဆင့်နိမ့် အစိမ်းရောင်ဆေးလုံးများသည် သစ်ပင်ပန်းမန် ဝိညာဉ်စွမ်းအင်များထဲသို့ ဝင်ရောက်နိုင်သော်လည်း အလင်းရှာဖွေမှုန့် ပါဝင်သော အဆင့်မြင့်ဝိညာဉ်ဆေးလုံးကသာ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန် ဝိညာဉ်စွမ်းအင်များနှင့် ဆက်သွယ်မှုကို ဖန်တီးနိုင်ပြီး အမှန်တကယ် အပြစ်ကင်းစင်သောအစွမ်းကို ရရှိစေနိုင်ပေသည်။
အခက်အခဲမှာအလင်းရှာဖွေမှုန့်သည် အလွန်တည်ငြိမ်မှုမရှိသောပစ္စည်းဖြစ်ပြီး အလင်းရောင်နှင့် အနည်းငယ် ထိတွေ့လိုက်သည်နှင့်... ပေါက်ကွဲသွားနိုင်ခြင်းပင် ဖြစ်သည်။
"ဆန်းကြယ်လက်နတ်ဘုရားအတတ်" ကို ကျွမ်းကျင်စွာ အသုံးပြုရန်ပင်။
၎င်းသည်ပင် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးဖော်စပ်ရာတွင် အရေးကြီးဆုံးအချက်ဖြစ်လေ၏။
ချူလျန်သည် သူ၏သိမ်မွေ့သော လက်လှုပ်ရှားမှုများကိုပြသရန် ပြင်ဆင်နေစဉ် သူ၏ သိုလှောင်ရေးမှော်ဝင်ပစ္စည်းအတွင်းရှိ ဝိညာဉ်ချုပ်တံဆိပ်ပြားက ခပ်ဖွဖွလေး တုန်ခါသွားသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
'ဒုက္ခပဲ...'
ချူလျန်၏စိတ်အာရုံက အနည်းငယ်အနှောင့်အယှက် ဖြစ်သွားသည်။ ထိုခဏတာမျှသော အချိန်ပိုင်းလေးသည် သာမန်အချိန်တွင်ဆိုလျှင် ပြဿနာမရှိသော်လည်း ပါဝင်ပစ္စည်းများကို ထည့်သွင်းရမည့် အချိန်လေးတွင်မူ အချိန်ကိုက်လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲလှပေသည်။
ဝုန်း...
...
[အရှေ့ပိုင်း လမ်းပြသူ] - "အရိုးဖြူခန်းမဆောင်က အင်မော်တယ်ဂိုဏ်း သုံးခုရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံရတယ်တဲ့... မင်းတို့ အဆင်ပြေကြရဲ့လား..."
[၆၀] - "အဆင်ပြေပါတယ်..."
[၅၉] - "လမ်းပြသူသခင်ရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ သုံးယောက်က အဲဒီအချိန်တုန်းက အရိုးဖြူတောင်ပေါ်မှာ မရှိလို့ အတော်လေး လုံခြုံခဲ့ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခန်းမဆောင်သခင် စစ်သူကြီးဟေးယွီ ကတော့ သေဆုံးသွားပါပြီ... အခု ကျွန်တော်တို့က အပြင်ဘက်မှာ သီးခြားဖြစ်နေပြီး အရိုးဖြူခန်းမဆောင်ဆီကို ဘယ်လိုပြန်ရမလဲဆိုတာ မသိတော့ပါဘူး... ကျွန်တော်တို့ရဲ့ ဒီအချိန်ကာလက တိုတောင်းပေမဲ့ အတော်လေး အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုကို ရရှိခဲ့ပါတယ်... တကယ်တော့ ဝတ်ရုံနီခန်းမဆောင်က မိစ္ဆာမယ်လျို နဲ့ ခရမ်းရွှေမြို့စားရဲ့ လက်အောက်က တောင်ပိုင်းလမ်းပြသူတို့က တိတ်တိတ်ပုန်းချစ်သူတွေ ဖြစ်နေကြတာပါ... အရင်က သူတို့နှစ်ယောက် အတူတူ နဂါးလျှို့ဝှက်နယ်မြေကို သွားရောက်စူးစမ်းရှာဖွေဖို့ ရည်ရွယ်ထားကြတာပါ... နောက်တော့ တောင်ပိုင်းလမ်းပြသူ သေဆုံးသွားလို့ မိစ္ဆာမယ်လျို က ဆရာမု နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်..."
[အရှေ့ပိုင်း လမ်းပြသူ] - "ဘာ... ဒီလိုကိစ္စမျိုးတောင် ရှိသေးတာလား..."
[အရှေ့ပိုင်း လမ်းပြသူ] - "ဒါဆိုရင် အရင်က ခရမ်းရွှေမြို့စား နဲ့ ငွေဖြူဘုရင် တို့ရဲ့ နေရာကို ငါတို့လို အရမ်းရင်းနှီးတဲ့လက်အောက်ငယ်သား နည်းနည်းလောက်ပဲ သိခဲ့တာ... ဒီကိစ္စသာ အမှန်ဆိုရင်တောင်ပိုင်းလမ်းပြသူက မြူခိုးဖုံး အင်မော်တယ်တောင်တန်းက လူတွေကို သတင်းပေါက်ကြားစေခဲ့တာ ဖြစ်နိုင်ခြေများတယ်... သူက ဝတ်ရုံနီခန်းမဆောင်နဲ့တောင် ပူးပေါင်းကြံစည်နေမယ်လို့ မထင်ထားမိဘူး..."
[၅၉] - "ဘုရားရေ... ခရမ်းရွှေမြို့စားက သူ့ကို ဒီလောက်တောင် အရေးပေးထားတာကို သူက ခရမ်းရွှေမြို့စားကို သစ္စာဖောက်လိုက်တာလား... တကယ်ကို ကျေးဇူးကန်းတဲ့ကောင်ပဲ..."
[အရှေ့ပိုင်း လမ်းပြသူ] - "ဒီကိစ္စကို ငါခရမ်းရွှေမြို့စားဆီကို တင်ပြလိုက်မယ်... မင်းတို့ အလုပ်လုပ်တာ ကောင်းတယ်... ဒီတစ်ကြိမ် မင်းတို့ရဲ့ အထောက်အထား မပေါက်ကြားသွားဘူးဆိုတော့ အချိန်နည်းနည်း ကြာရင် မင်းတို့ကို တခြား ခန်းမဆောင်တွေထဲ ဝင်နိုင်အောင် ငါ နည်းလမ်းရှာပေးမယ်..."
[အရှေ့ပိုင်း လမ်းပြသူ] - "[၅၈] ရော ဘယ်လိုနေလဲ... ဘာလို့ သတင်းအစအနလေးတောင် မကြားရတာလဲ... သူများ တစ်ခုခုအခက်အခဲ ဖြစ်နေတာလား..."
အချိန်အနည်းငယ် ကြာပြီးနောက်မှ အကြောင်းပြန်စာတစ်ခု ဝင်လာလေသည်။
[၅၈] - "ကျွန်တော် အဆင်ပြေပါတယ်..."