← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း (၂၆၈) - ခေါင်းကို အားဖြင့် ရိုက်ချလိုက်ခြင်း

တောင်ပေါ်တွင်နေရသည့်အချိန်သည် အလွန်ကြာလွန်း၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဩဂုတ်လသို့ ရောက်လာချေပြီ။ ချူလျန်တစ်ယောက် ရတနာစေတီတောင်ထွတ်သို့ရောက်လာပြီး ကျန်းယွဲ့ပိုင်နှင့်တွေ့ခဲ့၏။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း လျှို့ဝှက်နယ်မြေသစ်တစ်ခုပေါ်လာခဲ့ပြီး အင်မော်တယ်ဂိုဏ်းကြီးများမှ တပည့်များကို လေ့လာရန်စေလွှတ်ခဲ့ကြသည်။ ထိုအထဲတွင် ကျန်းယွဲ့ပိုင်သည် ရှုတောင်ဂိုဏ်း၏ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

၎င်းမှာ ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းတစ်ခုပင်။ အလွန်အရေးကြီးသော သယံဇာတများမှလွဲ၍ အခြားသောလျှို့ဝှက်နယ်မြေများနှင့် ရတနာများအတွက် ယှဉ်ပြိုင်လုယူမှုများကို သက်ဆိုင်ရာဂိုဏ်းအသီးသီးမှ ထိပ်တန်းတပည့်များအကြားတွင်သာ ပြုလုပ်လေ့ရှိကြသည်။

ထိုသို့ပြုလုပ်ခြင်းမှာ တပည့်များကို လေ့ကျင့်ပေးနိုင်ရုံသာမက ပဋိပက္ခများကိုပါ ဖြေရှင်းနိုင်မည့် အခြေအနေအထိ ရပ်တန့်သွားစေနိုင်၏။ မည်မျှပင်ပြင်းထန်စွာ ယှဉ်ပြိုင်လုယူကြစေကာမူ အင်မော်တယ်ဂိုဏ်းကြီးနှစ်ခုကြားတွင် ပဋိပက္ခကြီးများ ဖြစ်ပေါ်လာမည်မဟုတ်ပေ။

ယခုလက်ရှိ ရှုတောင်ဂိုဏ်းတွင် ခေါင်းဆောင်တပည့်ကို မရွေးချယ်ရသေးသောကြောင့် ယခုကဲ့သို့သောယှဉ်ပြိုင်မှုမျိုးတွင် ကျန်းယွဲ့ပိုင် သို့မဟုတ် ရွှီဇီယန်တို့သာ သွားရောက်လေ့ရှိပြီး အထက်ပိုင်းက ယာယီသတ်မှတ်ထားသော ကိုယ်စားလှယ်များဟု ဆိုနိုင်လေသည်။

ကျန်းယွဲ့ပိုင်သွားသည်မှာ အချိန်အနည်းငယ် ကြာမြင့်နေပြီဖြစ်ရာ ချူလျန်နှင့် သူမ မတွေ့ရသည်မှာလည်း ရက်အတော်ကြာနေပြီဖြစ်၏။

ယခုတစ်ဖန် ကျန်းယွဲ့ပိုင်ကို ပြန်ကြည့်လိုက်သောအခါ သူမက အပြာရောင်အောက်ခံ ရိုးရှင်းလှသောဝတ်စုံကို ဝတ်ဆင်ထားပြီး သွယ်လျသောခါးနှင့် ရှည်လျားသောခြေတံတို့က မျက်စိပသာဒရှိလှသည်။

သူမမျက်လုံးအစုံမှာ တောက်ပနေပြီး အစွမ်းထက်သူတစ်ယောက်၏ အရှိန်အဝါများ ပိုမိုပြည့်နှက်နေသည်။

သူမစွမ်းအားများ တိုးတက်လာပုံရလေသည်။

စီနီယာအစ်မကျန်းအတွက် အချိန်အတိုင်းအတာတစ်ခုကြာတိုင်း အဆင့်တက်လှမ်းခြင်းများရှိနေသည်မှာ ထူးဆန်းသောအရာတော့မဟုတ်ပေ။

ချူလျန်သည် ရက်ပိုင်းအတွင်း ကျင့်ကြံမှုအလွန်မြန်ဆန်နေခဲ့သော်လည်း သူက တစ်ကြိမ်တစ်ခါမျှ မာနမထောင်လွှားဝံ့ပေ။ အကြောင်းမှာ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းကောင်းသိထားသည်။

အကယ်၍ နေ့မနားညမနားကြိုးစားပေးနေသော ခေါင်းကြီးရုပ်သေးများမရှိပါက ပါရမီပိုင်းဆိုင်ရာတွင် ၎င်းတို့နှင့် ယှဉ်ပြိုင်ရန်ပင် အရည်အချင်းပြည့်မီမည် မဟုတ်ချေ။

ချူလျန်က ပြုံး၍ဆီးကြိုလိုက်ရင်း ပြောလိုက်သည်။

"မတွေ့ရတာကြာလို့ အရမ်းသတိရနေတာဗျ...နောက်ဆုံးတော့ စီနီယာအစ်မပြန်လာပြီပဲ..."

ကျန်းယွဲ့ပိုင်က သူမဆံပင်များကို သပ်တင်လိုက်ရာ ဖြူဖွေးနုဖတ်နေသော ဘေးတိုက်မျက်နှာလေး ပေါ်လာပြီး ပြုံးကာပြောလိုက်၏။

“ငါလည်း ရှုတောင်ကို လွမ်းနေတာ... အိမ်ပြန်လာရတဲ့ခံစားချက်က တကယ် ကောင်းတယ်..."

ချူလျန်က မေးလိုက်သည်။

"ဒီရက်ပိုင်း စီနီယာအစ်မ သိမ်းလို့ရတာတွေရှိခဲ့တဲ့ပုံပဲ..."

ကျန်းယွဲ့ပိုင်က စကားအနည်းငယ်ဖြင့် လွှဲချလိုက်လေသည်။

"ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေ စူးစမ်းလေ့လာရေးကနေ နည်းနည်းတော့ ရခဲ့ပါတယ်...အကောင်းစားကြီးတွေ မရခဲ့ပေမဲ့ အလကားတော့မဖြစ်ပါဘူး..."

ရှုတောင်ထိပ်သီးညီလာခံကြီး စတင်တော့မည်ဖြစ်ရာ သူမက တစ်စုံတစ်ရာကို တမင်သက်သက် ဖုံးကွယ်ထားလိုပုံရပေသည်။

ချူလျန်လည်း ထိုနည်းတူပင် ဖြစ်၏။ လက်ရှိ ကျင့်ကြံမှု တိုးတက်မှုအခြေအနေများကို ကျန်းယွဲ့ပိုင်ထံသို့ အကုန်အစင် ထုတ်ဖော်ပြောပြရန် မဖြစ်နိုင်ပေ။

ရှုတောင်ထိပ်သီးညီလာခံကို ရောက်လာသောအခါ ဖုံးကွယ်ထားသော အစွမ်းအစများအားလုံးကို လျှို့ဝှက်ဖဲချပ်များအဖြစ် ထုတ်သုံးနိုင်မည် ဖြစ်လေသည်။

ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး သတိထားနေခြင်းက မကောင်းဟု သူ မခံစားရပေ။ ခင်မင်မှုက ခင်မင်မှုဖြစ်ပြီး ယှဉ်ပြိုင်မှုက ယှဉ်ပြိုင်မှုသာ ဖြစ်၏။

ထိုအချက်ကပင် စီနီယာအစ်မကျန်းအနေဖြင့် သူ့ကို တူညီသော အဆင့်အတန်းရှိ ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း ပြသနေခြင်းပင်။

၎င်းမှာ နှစ်ဖက်လုံး၏ အပြန်အလှန်လေးစားမှုပင် ဖြစ်ပေသည်။

အကယ်၍ သူ့ပြိုင်ဘက်က လင်းပေ့တစ်ယောက်တည်းသာ ဆိုပါက သူသည် သေချာပေါက် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားမည်မဟုတ်ချေ။

ချူလျန်က ပွင့်ပွင့်လင်းလင်းပင် ပြုံး၍ပြောလိုက်လေသည်။

"ညီလာခံမှာ စီနီယာအစ်မကျန်းရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် မျှော်လင့်နေပါပြီ..."

ကျန်းယွဲ့ပိုင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။

"ကျွန်မလည်း ရှင့်ကို မျှော်လင့်နေတာပါပဲ... အနည်းဆုံးတော့ ရှင်က နာမည်ကျော်ကြားတော့မယ်ဆိုတာကို ကျွန်မသိထားတယ်လေ..."

ချူလျန်ကိုယ်တိုင်ကမူ မသိသေးသဖြင့် မေးလိုက်၏။

"အိုး... ဘာများလဲဗျ..."

ကျန်းယွဲ့ပိုင်သည် ရင်ခွင်ထဲမှ ဆေးလုံးသေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ချူလျန်အရှေ့သို့ တွန်းပေးလိုက်လေသည်။

ချူလျန်က ဖွင့်ကြည့်လိုက်သောအခါ ၎င်းအထဲတွင် မျက်နှာပြင်ထက်၌ ဝိညာဉ်အလင်းတန်းများ လွှမ်းခြုံနေသော ကြည်လင်တောက်ပသည့် အစိမ်းရောင်ဆေးလုံးလေးတစ်လုံးရှိနေသည်ကို တွေ့လိုက်ရ၏။

၎င်းမှာ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးပင် ဖြစ်နေလေသည်။

ချူလျန်က အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"စီနီယာအစ်မကျန်း... ဒါက..."

ကျန်းယွဲ့ပိုင်က နှာမှုတ်လိုက်ရင်း ပြောလိုက်၏။

"ဒါ ရှင် ရသင့်တာပါ... ပြီးခဲ့တဲ့လပြည့်နေ့တုန်းက တောင်စောင့်နတ်ပွဲရဲ့ တတိယမြောက်သဲလွန်စကို ဖော်ထုတ်နိုင်ခဲ့တာက ကျွန်မရဲ့ ပိလော့တောင်ထွတ်မှာဆိုတာကို ကျွန်မသိလိုက်ရတယ်…”

“အဲဒီတော့ ကျွန်မ ဆရာ့ကို သွားရှာပြီးတော့ ဆရာက ရှင့်အကြောင်းကို ပြောပြတယ်..."

သူမက ဆက်ပြောလိုက်သည်။

"ရှင်က တခြားသူတွေထက် အများကြီးစောပြီး ပဟေဠိကိုဖြေရှင်းနိုင်ခဲ့တာတောင် အကြီးအကဲတွေက ရှင့်ကို အဆင့်မြင့်အစိမ်းရောင်ဆေးလုံးနဲ့ ပိတ်ပင်ထားပြီး ပထမနေရာကို မယူခိုင်းတာ ကျွန်မဒေါသထွက်လို့…”

“အဲဒါနဲ့ ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေကနေပြန်လာတော့ အဂ္ဂိရတ်အကြီးအကဲဆီကနေ တစ်လုံး သွားတောင်းခဲ့တာပဲ..."

ထိုဆေးလုံးကိုကိုင်ထားရင်း ချူလျန်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့လေသည်။

'သူမ ငါ့ကို ကာကွယ်ပေးဖို့ တမင်လုပ်ခဲ့တာလား...'

စီနီယာအစ်မကျန်းသည် သဲလွန်စသုံးခုကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ရာ အစိမ်းရောင်ဆေးလုံးကို ယူ၍ ဆုလာဒ်ကိုယူရန် လုံလောက်နေပြီဖြစ်၏။

သူမ ထိုဆေးလုံးကို သူ့ထံပေးရခြင်းမှာ သူ မတရားဆက်ဆံခံနေရသည်ဟု ခံစားရသောကြောင့်သာ ဖြစ်လေသည်။

အဂ္ဂိရတ်အကြီးအကဲသည် ကျန်းယွဲ့ပိုင်က ဆေးလုံးကိုတောင်းပြီး သူ့အား ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။ သို့မဟုတ်ပါက သေချာပေါက် ထိုမျှလွယ်လွယ်ကူကူ ပေးမည်မဟုတ်ချေ။

ရှုတောင်အကြီးအကဲပိုင်းက ဆေးလုံးကိုအသုံးပြု၍ သူ့အား ထိန်းချုပ်ထားရန်နှင့် သူ၏ မသင့်လျော်သောဝင်ငွေအများစုကို ထုတ်ပေးရန် ဖိအားပေးလိုခြင်းဖြစ်၏။

ထိုလုပ်ရပ်မှာ မှားယွင်းသည်ဟု မဆိုနိုင်သော်လည်း အကြီးအကဲများ၏ ရှုထောင့်မှကြည့်လျှင်မူ ထိန်းချုပ်မှုနည်းလမ်းတစ်ရပ်သာ ဖြစ်ပေသည်။

တကယ်တမ်းတွင် ရှုတောင်အကြီးအကဲများသည် ချူလျန်က ထိုမျှခေါင်းမာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ တောင်စောင့်နတ်ပွဲတော်၏ ပထမနေရာကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် သူ့ငွေကြေးများကို အဆုံးရှုံးခံမည်မဟုတ်ချေ။

ဓားဒင်္ဂါးတစ်သောင်းမှာ များပြားလှသော်လည်း ပထမနေရာမှ ဆုလာဘ်နှင့် နှိုင်းယှဉ်ပါက သေချာပေါက်နိမ့်ကျနေသေးသည်။

အကယ်၍ အခြားတပည့်တစ်ဦးဦးသာ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို သွားရောက်တောင်းဆိုမည်ဆိုလျှင် အဂ္ဂိရတ်အကြီးအကဲသည် ချူလျန် စေလွှတ်လိုက်သော ဝယ်ယူရေးကိုယ်စားလှယ်များဟုတ်မဟုတ် သေချာပေါက် သတိထားနေလိမ့်မည်။

သို့သော် ကျန်းယွဲ့ပိုင်သွားတောင်းသောအခါတွင်မူ သူသည် အနည်းငယ်မျှ သတိထားမိခဲ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင် ပထမနေရာအတွက် အလားအလာအရှိဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် ယနေ့အချိန်အထိ ရှုတောင်ပေါ်တွင် စုံထောက်ငယ်လေးရွှီဇီချင်မှလွဲ၍ ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့ တိတ်တဆိတ်ရင်းနှီးကြသည်ကို မည်သူမျှ မသိကြသေးချေ။

သေချာပေါက် ရွှီဇီချင်မှာမူ အခြားသောလမ်းကြောင်းတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

စိတ်လှုပ်ရှားသွားပြီးနောက် ချူလျန်သည် ထိုဆေးလုံးကို အသာအယာ ပြန်တွန်းပေးလိုက်ရင်း ပြောလိုက်သည်။

"ကျွန်တော်မလိုပါဘူး... အကြီးအကဲတွေရဲ့ မူလရည်ရွယ်ချက်က ကျွန်တော့်ကို အပြစ်ပေးဖို့လေ…”

“စီနီယာအစ်မသာ ကျွန်တော့်အတွက် ကိုယ်စားဝင်ပါပေးရင် ဆိုးကျိုးတွေ သက်ရောက်သွားနိုင်တယ်..."

ကျန်းယွဲ့ပိုင်က နားချလိုက်၏။

"ရှင် အဲဒါတွေကို ဂရုစိုက်နေစရာမလိုပါဘူး... ဒါ ရှင့်အတွက် ဖြစ်လာတာပဲဟာ..."

ချူလျန်က သူမကို ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်။

"စီနီယာအစ်မ စိတ်ပူစရာမလိုပါဘူး... သူတို့ ကျွန်တော့်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး..."

...

ငွေဓားတောင်ထွတ်သို့ ချူလျန် ပြန်ရောက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ချက်ချင်း သတိထားမိလိုက်သည်။

တောင်ကုန်းကို ကွေ့ပတ်သွားလိုက်သောအခါ ရှုပ်ပွနေသောမြင်ကွင်းကို တကယ်ပင် တွေ့လိုက်ရ၏။

ပန်းခင်း၏တစ်စိတ်တစ်ပိုင်းမှာ ရှုပ်ပွနေပြီး တစ်စုံတစ်ယောက်က ရက်စက်စွာ နင်းချေသွားခဲ့သည့်ပုံပေါ်နေသည်။

တောင်ပေါ်သစ်တောများထဲရှိ သစ်ပင်များ ပြိုလဲနေကာ မြေပြင်ပေါ်တွင်လည်း တွင်းနက်ကြီးများ ဖြစ်ပေါ်နေ၏။ အိမ်အဆောက်အအုံ အနည်းငယ်မှာလည်း အတိုင်းအတာတစ်ခုအထိ ပျက်စီးနေလေသည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။

'...ရန်သူတွေ ရောက်လာတာများလား...'

'မဖြစ်နိုင်ဘူး... ဘယ်ရန်သူကများ ငွေဓားတောင်ထွတ်ကို ရောက်လာပြီးတော့ ဘာမှမလုပ်ဘဲ ဒီတိုင်းလေးနင်းချေဖျက်ဆီးရုံပဲ လုပ်သွားမှာလဲ...'

'...ဆရာ အိမ်ကို ထပ်ပြီးဖျက်ဆီးလိုက်တာလား...'

'အဲဒါလည်း မဖြစ်နိုင်သေးပါဘူး... ပုံမှန်ဆိုရင် တခြားသူတွေရဲ့အိမ်ကို ရက်ရက်စက်စက် ဖျက်စီးတတ်ပေမဲ့ ကိုယ့်အိမ်က ပစ္စည်းတွေကိုတော့ တော်တော်လေး တန်ဖိုးထားတတ်တယ်လေ...'

'ဒါမှမဟုတ်...'

သူက ရွှေမွေးဟူ၏သစ်သားတဲရှေ့သို့ ပျံသန်းသွားလိုက်ရာ သစ်သားတဲတစ်ခုလုံး ပြိုလဲနေပြီး မကြာသေးမီက အိပ်မောကျနေခဲ့သော ရွှေမွေးဟူမှာလည်း ပျောက်ဆုံးနေကြောင်း တွေ့လိုက်ရလေသည်။

ချူလျန်တစ်ယောက် ကမန်းကတန်းသွားရှာရန် ပြင်လိုက်စဉ်မှာပင် အဝေးရှိ ကောင်းကင်ယံဆီမှ ဝမ်းသာအားရ အော်ဟစ်သံများကိုကြားလိုက်ရ၏။

မော့ကြည့်လိုက်သောအခါ ငွေရောင်အကြေးခွံများဖုံးလွှမ်းနေသော ပိုင်ဇယ်လေးက အရှေ့မှ ပျံသန်းလာပြီး ၎င်းအနောက်တွင်မူ ရွှေရောင်ဧရာမသတ္တဝါကြီးတစ်ကောင်က လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

ထိုဝိညာဉ်သားရဲနှစ်ကောင်သည် လျှပ်စီးလက်သကဲ့သို့ အလွန်မြန်ဆန်သောအရှိန်ဖြင့် ငွေဓားတောင်ထွတ်ဆီသို့ ဦးတည်ပျံသန်းလာကြလေသည်။

ထိုသတ္တဝါကြီး၏ တစ်ကိုယ်လုံးတွင် ရွှေရောင်အမွှေးရှည်များရှိနေပြီး ကြမ်းတမ်းခက်ထန်သော မျက်နှာသွင်ပြင်ရှိသော်လည်း ပါးစပ်ကြီးကို အမြဲတမ်း ဟထားကာ မြှောက်ပင့်ဖားယားနေသော အပြုံးမျိုးကိုပြသနေ၏။

၎င်းက ငွေဓားတောင်ထွတ်၏ ခေါင်းကြီးမဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။

ယခုအချိန်တွင် ၎င်းခန္ဓာကိုယ်ထက်၌ အရှိန်အဝါများ ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်သော မီးတောက်များက ဖုံးလွှမ်းနေရာ ဆဋ္ဌမအဆင့်၏ စွမ်းအားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

အကယ်၍ ချူလျန်၏ခန့်မှန်းချက် မှန်ကန်ပါက ထိုကောင်ကြီးသည် အိပ်မောကျနေရာမှ နိုးလာပြီးနောက် ၎င်း၏အဆင့်တက်လှမ်းခြင်း အောင်မြင်သွားကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းသာအားရ သောင်းကျန်းနေခဲ့ခြင်း ဖြစ်တန်ရာ၏။

အိမ်ကို ဖျက်ဆီးပြီးနောက် ဤရက်ပိုင်းအတွင်း မည်သည့်အရာကိုမျှ မစားရသေးကြောင်း သတိရသွားသဖြင့် ဗိုက်ဆာလာကာ အစောင့်အရှောက်တောင်ထွတ်သို့ ပြေးသွားပြီး ၎င်း၏ သူငယ်ချင်းကောင်း ပိုင်ဇယ်လေးနှင့် ကစားရန်နှင့် အခွင့်အရေးရခိုက် အစားသွားစားရန် သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

စိတ်ထဲရှိ တွေးတောမှုအားလုံးကို ခန့်မှန်းခံလိုက်ရသော ရွှေမွေးဟူကြီးသည် ချူလျန်ကို မြင်လိုက်ရသောအခါ အလွန်ဝမ်းသာအားရပြုံးလျက် ချက်ချင်းပြေးဝင်လာကာ ချူလျန်နှင့် အချစ်စမ်းချင်နေပုံရလေသည်။

ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သော ဝိညာဉ်သားရဲကြီးကို ကြည့်ရင်း ချူလျန်ကလည်း ကျေနပ်အားရသောအပြုံးတစ်ခုကို ပြသလိုက်ကာ အချစ်များအပြည့်ဖြင့် သူ့ညာဘက်လက်မောင်းကို မြှောက်လိုက်ပြီး... ၎င်း၏ ခေါင်းကို အားဖြင့်ရိုက်ချလိုက်လေတော့သည်။

ချူလျန်က အော်ဟစ်လိုက်သည်။

"ပန်းခင်းထဲမှာ မသောင်းကျန်းရဘူးလို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ... မင်း နင်းခြေပစ်လိုက်တဲ့ အသီးတွေက... အကုန်လုံးက ပိုက်ဆံတွေကွ..."

"ဝေါင်း... ဝေါင်း... ဝေါင်း..."

ဆုံးမပြီးနောက်မှသာ ချူလျန်ကငြိမ်သက်သွားပြီး အဆင့်တက်လှမ်းပြီးနောက် ရွှေမွေးဟူ၏အခြေအနေကို သေချာစွာစစ်ဆေးလိုက်၏။

၎င်း၏ မူလအစွမ်းထက်ဆုံးအချက်မှာ အရေခွံနှင့် အသားများ ထူထဲနေခြင်းပင် ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိန်တုံးကြီးဖြင့် သွန်းလုပ်ထားသကဲ့သို့ ဖြစ်နေပြီး ကာကွယ်ရေးကို ဖောက်ထွင်းရန် အလွန်ခက်ခဲလေသည်။

ဒေါသထွက်လာသောအခါတွင် ချွန်ထက်သောလက်သည်းများနှင့် သွားများအပြင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ရွှေရောင်အမွှေးများကိုပါ လက်နက်အဖြစ် အသုံးပြု၍ လူများကို ဒဏ်ရာရစေနိုင်ပေသည်။

ပုံမှန်အားဖြင့် ဝိညာဉ်သားရဲများတွင် မွေးရာပါတန်ခိုးစွမ်းအင်အချို့ ရှိတတ်သော်လည်း ၎င်းကမူမကျွမ်းကျင်ခဲ့ပေ။ ဦးနှောက်မကောင်း၍ မေ့နေခြင်းလား သို့မဟုတ် တကယ်ပင် မရှိခြင်းလားဆိုသည်ကိုတော့ သူလည်းမသိချေ။

သို့သော် ယခု ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသော ရွှေမွေးဟူကြီး၏ မျက်လုံးများထဲတွင်မူ အလင်းတန်းများ တောက်ပနေပြီး တစ်စုံတစ်ခု ထူးခြားနေပုံရလေသည်။

ချူလျန်က ခေါင်းကြီးကို ပုတ်ရင်း ပြောလိုက်သည်။

"ဒီတစ်ခေါက်ရော ဘာတန်ခိုးစွမ်းအင်တွေများ တိုးလာသေးလဲ... ငါ့ကို ပြစမ်းပါဦး..."

ထိုအကြောင်းကို ပြောလိုက်သည်နှင့် ရွှေမွေးဟူကြီးက ချက်ချင်းပင် စိတ်လှုပ်ရှားလာလေသည်။

"ဝေါင်း..."

၎င်းက စိတ်လှုပ်ရှားစွာဖြင့် ခုန်ထွက်လိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ဝပ်ချလိုက်ကာ ရုတ်တရက် ခေါင်းကိုမော့၍ ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားစေမည့် ဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်၏။

"ဝေါင်း..."

ထိုဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်အလင်းလှိုင်းများက ရေလှိုင်းများကဲ့သို့ ပြန့်နှံ့သွားပြီး အစစ်အမှန်ပုံစံအဖြစ် ပြောင်းလဲသွားလေသည်။

၎င်းသည် ချူလျန်ဘက်သို့ ဦးတည်၍ အသုံးမပြုခဲ့သော်လည်း ချူလျန်မှာမူ အနည်းငယ်ရိုက်ခတ်သွားပြီး ချက်ချင်းပင် မျက်စိပြာကာမူးဝေသွားခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ခေါင်းကြီးနှင့် နှိုင်းယှဉ်ပါက သူ့အဆင့်မှာ များစွာ နိမ့်ကျနေဆဲဖြစ်လေသည်။

ထိုဟိန်းဟောက်သံတွင် မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်း၊ မိစ္ဆာများကို နှိမ်နင်းခြင်းနှင့် ပုံရိပ်ယောင်များကို ဖျက်ဆီးခြင်းစသည့် အစွမ်းထက်သော စွမ်းအားများ ရှိနေပုံရကြောင်းကို သူခံစားလိုက်ရသည်။ ရန်သူများကို မူးဝေသွားစေခြင်းမှာမူ တွဲဖက်ပါဝင်လာသော အာနိသင်တစ်ခုသာဖြစ်ပေသည်။

အလွန် အစွမ်းထက်လှ၏။

အချိန်တန်၍ ရှုတောင်ထိပ်သီးညီလာခံ၏ ဝိညာဉ်သားရဲတိုက်ခိုက်ရေးပြိုင်ပွဲတွင် ၎င်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပါက အရပ်လေးမျက်နှာလုံးကို လွှမ်းမိုးနိုင်မည်ဟု သူ ယုံကြည်ထားလေသည်။

ရွှေမွေးဟူကြီးက စွမ်းရည်များကိုပြသပြီးနောက် ချီးမွမ်းခံရမည်ကို မျှော်လင့်နေသော မျက်နှာဖြင့် ချူလျန်ဆီသို့ပြေးလာခဲ့သည်။

ထိုအချိန်တွင် ဘေးဘက်မှ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စိတ်အလိုမကျဖြစ်နေသောမျက်နှာဖြင့် တိနွီဖုန့်က ရုတ်တရက် ပေါ်လာကာ လက်မောင်းကို ဝှေ့ယမ်း၍ ခေါင်းကို အားဖြင့် ရိုက်ချလိုက်ရင်း အော်ဟစ်လိုက်လေသည်။

"အိပ်လို့ကောင်းနေတုန်းကို မင်း ဘာလို့လျှောက်အော်နေတာလဲ..."

ဘုန်း...

ရိုက်ခံလိုက်ရသော ရွှေမွေးဟူ၏ခေါင်းကြီးမှာ တဝီဝီမြည်သွားပြီး ၎င်း၏ မျက်လုံးကြီးများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်သွားလေတော့သည်။

'ဒီလောကကြီးက ဒီ့ထပ် ကောင်းနိုင်ပါဦးမလား...'

All Chapters