← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉) - ဘယ်ဆေးလုံး ပေးလိုက်တာလဲ

အရိုက်ခံရသော ရွှေမွေးဟူမှာ သနားစရာကောင်းလှပြီး ၎င်းကို ကူညီဖြေရှင်းပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် ချူလျန်ထံသို့ အကြည့်ပို့လာလေသည်။

ချူလျန်ကမူ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်၏။

တီနွီဖုန့်၏ အိပ်ရာထအလိုမကျမှုသည် အမြဲတမ်း ပြင်းထန်ကြမ်းတမ်းလှရာ သူ အဘယ်သို့ သွားရောက်ထိပ်တိုက်ရင်ဆိုင်ရဲမည်နည်း။

သို့သော် ထိုကိစ္စမှာ သူကိုယ်တိုင် ရွှေမွေးဟူကို ဖျော်ဖြေခိုင်းခဲ့ခြင်းဖြစ်ရာ ယခုအချိန်မှ နောက်ဆုတ်ပုန်းအောင်းနေပါက တာဝန်ယူမှုကင်းမဲ့လွန်းရာကျပေမည်။

ထိုသို့ဆိုလျှင် နောင်တစ်ချိန်၌ ခေါင်းကြီးကို သူ့ကိုယ်စား အသက်စွန့်ခိုင်းရန် မည်သို့လုပ်၍ ရနိုင်တော့မည်နည်း။

ထို့ကြောင့် သူသည် ရှေ့သို့တစ်လှမ်းတိုးသွားကာ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး

"ဆရာသခင် အခု အချိန်လည်း မစောတော့ဘူးလေ နိုးလာတာနဲ့ နေ့လယ်စာ စားလို့ရပြီပဲ...”

ယခုအချိန်မှာ နေ့ခင်းကြောင်တောင်ဖြစ်နေပြီဖြစ်ကြောင်း သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းပင်။

တစ်စုံတစ်ယောက်သည် ရွှေမွေးဟူ၏ဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်ရခြင်းမှာ ရွှေမွေးဟူ၏ အပြစ်သာမဟုတ်ကြောင်း ဆိုလိုရင်းဖြစ်လေသည်။

တီနွီဖုန့်က အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်ရင်း ညည်းတွားလိုက်၏။

"မင်း ဘာသိလို့လဲ ငါ မနေ့ညကတည်းက တို့ငွေဓားတောင်ထွတ်အတွက် အစွမ်းကုန်ကြိုးစားနေတာကွ မိုးလင်းမှ အိပ်ရတာ...”

"အို...”

ချူလျန်သည် အံ့အားသင့်သွားပြီး

"ဆရာသခင် မနေ့ညက အရက်သောက်ပြီး မူးနေတာ မဟုတ်ဘူးလား...”

"ဒါပေါ့ အာ မဟုတ်တာ...”

တီနွီဖုန့်က ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ဒီတစ်ကြိမ် ရှုတောင်တောင်ထွတ်ပွဲတော်မှာ အစီအစဉ်အသစ်တစ်ခု တိုးထားတယ်လေ၊ အဲဒီအတွက် ငါက ပြင်ဆင်နေတာ...”

"ဘာအစီအစဉ်များလဲ...”

ချူလျန်က မေးလိုက်၏။

ထိုကိစ္စသည် လွန်ခဲ့သောရက်က တောင်ထွတ်သခင်များစုဝေးပွဲတွင် ဆွေးနွေးခဲ့ခြင်းဖြစ်မည်ဖြစ်ပြီး သာမန်တပည့်များထံသို့ သတင်းမရောက်သေးခြင်း ဖြစ်ပေမည်။

ထို့ပြင် တောင်ထွတ်သခင်များပါ ပါဝင်နိုင်သည်ဆိုလျှင် အများစုမှာ ဖျော်ဖြေရေးအစီအစဉ်တစ်ခုခုသာ ဖြစ်နိုင်ပြီး တရားဝင်ပြိုင်ပွဲမဖြစ်နိုင်ချေ။

ထင်သည့်အတိုင်းပင် တီနွီဖုန့်က မေးကိုမော့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

"အရက်နတ်ဘုရားပြိုင်ပွဲ...”

အလွန်ကောင်းလေစွ။ အတတ်ပညာနှင့် ကိုက်ညီနေခြင်းပင်။

ချူလျန်သည် တီနွီဖုန့်၏ မျက်နှာထက်မှ 'ဘဝရဲ့ ရည်မှန်းချက်တွေ နောက်ဆုံးတော့ ပြည့်ဝရပြီ' ဟူသော မာယာပါသည့် အပြုံးကို ကြည့်ရင်း အနည်းငယ် နားမလည်နိုင်ဖြစ်သွားရသည်။

ရှုတောင်တောင်ထွတ်ပွဲတော်တွင် ထိုအရာကို ယှဉ်ပြိုင်၍ ဘာလုပ်ရမည်နည်း။

မာကျောက်ပြိုင်ပွဲဆိုလျှင်တောင်မှ ဉာဏ်ရည်ဖွံ့ဖြိုးရေး အစီအစဉ်အဖြစ်ဖြေရှင်း၍ ရနိုင်သေးသည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ထိုအရာမှာ သတင်းကောင်းတစ်ခုပင် ဖြစ်လေသည်။ ရှုတောင်တစ်ခုလုံးတွင် အရက်သမားအဖြစ် တီနွီဖုန့်ကို ဒုတိယနေရာထားလျှင် ပထမနေရာယူရဲသူ ရှိမည်မဟုတ်ပေ။

ဖျော်ဖြေရေးအစီအစဉ် ဖြစ်သည့်တိုင် ဆုလာဘ်နည်းပါးမည်မဟုတ်ချေ။

သူ့ဆရာသခင်သည် ရှုတောင်မှ အထက်လူကြီးများထံ သစ်သီးများ လက်ဆောင်ပေးကာ နည်းလမ်းပေါင်းစုံသုံးပြီးမှ ထိုအစီအစဉ်ကို ထည့်သွင်းစေခဲ့ခြင်းများလားဟုပင် သူသံသယဝင်မိသွား၏။

သို့သော် အရက်နတ်ဘုရားပြိုင်ပွဲအတွက် ပြင်ဆင်သည်ဆိုသည်မှာ။ အရက်သောက်ခြင်းပင် မဟုတ်ပါလေ။

ရွှေမွေးဟူသည် လူစကားကို နားလည်၊ မလည် မသိရသော်လည်း ၎င်း၏မျက်နှာကြီး စူပုပ်သွားပြီး မျက်နှာပေါ်တွင် ဒေါသထွက်သော်လည်း မပြောရဲသည့်ဟန်များ အပြည့်အဝ ပေါ်လွင်နေလေသည်။

နေ့လယ်စာစားချိန်တွင် တောင်စောင့်နတ်ပူဇော်ပွဲအဖွဲ့ဝင်များ စုရုံးရောက်ရှိလာကြသည်။

စားပွဲပေါ်တွင် ရိုးရှင်းသော ဟင်းလျာအချို့ကို ပြင်ဆင်ထားပြီး ချူလျန်က ဒကာခံကျွေးမွေးခြင်း ဖြစ်သောကြောင့် အရသာရှိပြီး တန်ဖိုးသက်သာသော အိမ်သုံးဟင်းလျာများကိုသာ အဓိကထားလေသည်။

သူက လင်းပေ့ကို ကြည့်၍မေးလိုက်သည်။

"တတိယသဲလွန်စအဖြေကို ရောင်းမယ့်ကိစ္စ သတင်းဖြန့်လိုက်ပြီလား...”

"သတင်းဖြန့်လိုက်ပါပြီ…အဖွဲ့ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး နောက်ဆုံးတတိယသဲလွန်စအဖြေကို ရောင်းချတော့မယ်လို့ ပြောလိုက်တာပါ...”

ရှန်ဇီလျန်ကမူ အနည်းငယ် စိုးရိမ်နေလေသည်။

"အစ်ကိုကြီး…ဒီလိုလုပ်လို့ တကယ်အဆင်ပြေပါ့မလား…တတိယသဲလွန်စကိုပါ ရောင်းလိုက်ရင် ကျွန်တော်တို့မှာ ဘာအသာစီးမှ မရှိတော့ဘူးလေ...”

"စိတ်ချပါ…ခဏနေ ကျောက်စိမ်းဖြူဖန်ခွက်ကို သွားထုတ်လိုက်မယ်...”

ချူလျန်က ဆိုလိုက်၏။

"ဟာ…နောက်ဆုံးတော့ ရတော့မှာပေါ့...”

နောက်လိုက် (က) လည်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"တခြားသူတွေ ဆုသွားထုတ်တယ်ဆိုတဲ့ သတင်းမကြားရသေးဘူး ကျွန်တော်တို့ ရရင် ပထမနေရာကို ရပြီပေါ့...”

ချူလျန်သည် အသေးစိတ်ကို ၎င်းတို့အားမပြောပြထားသောကြောင့် ရှုတောင်မှ အထက်လူကြီးများနှင့် ချူလျန် အားပြိုင်နေသည့်အခြေအနေကို သူတို့ နားမလည်ကြပေ။ ချူလျန်တွင် ဖြေရှင်းရန်ပြဿနာများ ကျန်ရှိနေသေးသည်ဟုသာ ထင်မှတ်ထားကြသည်။

သို့သော် ထိုသို့ပြောမည်ဆိုလျှင်လည်း မမှားပေ။ တောင်စောင့်နတ်ပူဇော်ပွဲတွင် ထိပ်ဆုံးသုံးနေရာကိုသာ ရွေးချယ်မည်ဖြစ်ပြီး ထိပ်ဆုံးသုံးဖွဲ့လုံး ဆုလာဘ်များ ရရှိမည်ဖြစ်ကာ အနည်းနှင့်အများသာ ကွာခြားမည်ဖြစ်သည်။

ချူလျန်နှင့် အဖွဲ့မဖွဲ့မီက သူတို့၏ အကောင်းဆုံးမျှော်လင့်ချက်မှာ တတိယနေရာရရန်သာဖြစ်ခဲ့ပြီး ပထမနေရာရမည်ဟု မည်သို့များ ထင်မှတ်ထားခဲ့မည်နည်း။

ချူလျန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

စီနီယာအစ်မကျန်း၏မာနအရ သူသည် ထိုအစိမ်းရောင်ဆေးလုံးကို မလိုချင်ဟု ပြောခဲ့လျှင်ပင် သူမက အရင်သွား၍ ဆုထုတ်ယူမည်မဟုတ်ပေ။

ဤသည်မှာ ချူလျန် အလျင်အမြန်လှုပ်ရှားရန် ပြင်ဆင်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ အခြားသူများလည်း ပဟေဠိကို တဖြည်းဖြည်း ဖြေရှင်းနိုင်လာကြတော့မည်ဖြစ်ရာ သူသာ အေးအေးဆေးဆေးနေပြီး ဆုမထုတ်ပါက အခြားသူများက သူ့ကို စောင့်နေမည်ဟုတပ်အပ်မပြောနိုင်ပေ။

သူ ဆုမထုတ်သရွေ့ စီနီယာအစ်မကျန်းက သူ့အရင်သွားထုတ်မည်မဟုတ်ရာ သူမ၏ အဆင့်နေရာအပေါ်လည်း သက်ရောက်မှုရှိလာနိုင်လေသည်။

"ဒါနဲ့…ကျွန်တော်တို့ရဲ့ တတိယသဲလွန်စကို ဘယ်လိုရောင်းကြမလဲ...”

လင်းပေ့က ထပ်မေးလိုက်၏။

"စိတ်ဝင်စားတဲ့သူ အများကြီးရှိပေမဲ့ ဝယ်တဲ့သူ များလာရင် နောက်လူတွေက ဝယ်တော့မှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ထိပ်ဆုံးသုံးနေရာပဲ ယူမှာဆိုတော့ နောက်မှ ဝယ်လည်း အဓိပ္ပာယ်မရှိဘူးလေ...”

ချူလျန်က ပြုံးရွှင်စွာဖြင့် "လေလံပစ်မယ်...”

"ဟင်...”

အဖွဲ့ဝင်အားလုံး အံ့ဩတကြီး ရေရွတ်လိုက်မိကြသည်။

ဤအချက်ကို မည်သူမျှ ကြိုမတွေးမိခဲ့ကြပေ။

သဲလွန်စသုံးခုကို မတူညီသော ရောင်းချပုံသုံးမျိုးဖြင့် ရောင်းချခြင်းမှာ အသင့်တော်ဆုံးဖြစ်ပြီး ချူလျန်အား ဝင်ငွေများစွာရရှိစေခဲ့လေသည်။

အခြားတစ်ယောက်သာဆိုလျှင် ထိုသဲလွန်စသုံးခုကို ရရှိထားသည့်တိုင် ထိုမျှကောင်းမွန်သော အကျိုးသက်ရောက်မှုကို ရနိုင်မည်မဟုတ်ချေ။

ချူလျန်က လက်ကာပြကာ ပြုံးလျက် ပြောလိုက်သည်။

"အံ့ဩမနေကြပါနဲ့၊ အရင်ဆုံး ထမင်းစားကြတာပေါ့…ဟင်...”

သူ စကားပြောနေရင်း ခေါင်းငုံ့ကြည့်လိုက်ရာ ရုတ်တရက် သူ့ရှေ့တွင် ဟင်းပွဲများ ဗလာနတ္ထိ ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

"ငါ ဟင်းမှာခဲ့တယ်လို့ မှတ်မိနေပါတယ်...”

ခဏအကြာတွင် ချူလျန်သည် ပိလော့တောင်ထွတ်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

ပိလော့ရှေးဟောင်းသစ်ပင်ကြီးမှာ ယခင်အတိုင်း တိမ်တိုက်များကြားသို့ မြင့်မားစွာထိုးထွက်နေဆဲပင်။

သူ ယခင်က လာခဲ့ဖူးသောသစ်ကိုင်းပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် ကျယ်လောင်စွာ အသံပြုလိုက်၏။

"ဒေါ်လေးယန့်...ကျွန်တော် ထပ်ပြီး အနှောင့်အယှက်ပေးရပြန်ပြီ...”

ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ချက်ချင်းပင် လူရိပ်တစ်ခု ထွက်ပေါ်လာလေသည်။

ထိုသူမှာ အစိမ်းနှင့်အဖြူ ရောစပ်ထားသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်သော မျက်နှာသွင်ပြင်နှင့် မာနကြီးသော အရှိန်အဝါရှိသည့် ပိလော့တောင်ထွတ်သခင် တာအိုပညာရှင်ယန့်ပင်ဖြစ်လေသည်။

အမြဲတမ်း ဂရုမစိုက်တတ်သော သူမမျက်ဝန်းများက ချူလျန်ထံသို့ ကျရောက်လာသည်။

"မင်း ထပ်လာပြန်ပြီပဲ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို ရလာလို့လား...”

"ဟုတ်ပါတယ်...”

ချူလျန်က ပြုံးပြလိုက်ပြီး ဆေးဘူးငယ်လေးတစ်ခုကို ထုတ်ယူကာ လက်ကိုမြှောက်၍ လေထဲမှတစ်ဆင့် လွင့်မျောသွားစေကာ ပေးပို့လိုက်သည်။

တာအိုပညာရှင်ယန့်က ဆေးဘူးကို လက်ခံရယူကာ တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလာခဲ့သည်။

"ဒါဆို ဆေးစစ်ဖို့ အဂ္ဂိရတ်ခန်းမက တပည့်ကိုခေါ်လိုက်မယ်...”

သူမက အစိမ်းရောင်ဆေးလုံး၏အဆင့်အတန်းကို ခွဲခြားသိမြင်နိုင်သော်လည်း ထိုကဲ့သို့သောကိစ္စမျိုးကို အဂ္ဂိရတ်ခန်းမမှ တပည့်ကိုယ်တိုင်စစ်ဆေးမှသာ အတည်ဖြစ်ပေမည်။

ထိုအရာမှာ တောင်စောင့်နတ်ပူဇော်ပွဲ၏ လိုအပ်သောလုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်လေသည်။

ပြောပြီးသည်နှင့် သူမက လက်ကိုမြှောက်၍ အဖြူရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ရာ အလင်းတန်းမှာ လျင်မြန်စွာထွက်ခွာသွားပြီး ချက်ချင်းပင် ကောင်းကင်တက်လှမ်းတောင်ထွတ်ရှိ အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိသွားကာ ကောင်းကင်ထက်၌ အဖြူရောင်စာကြောင်း နှစ်ကြောင်းအဖြစ် ပြောင်းလဲသွားလေသည်။

"ငွေဓားတောင်ထွတ်မှ တပည့်သည် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို ရရှိခဲ့ပြီဖြစ်ရာ လာရောက်စစ်ဆေးကြပါ...”

အဂ္ဂိရတ်ခန်းမမှ လူများ သတင်းရရှိသည်နှင့် မကြာမီ ရောက်ရှိလာကြသည်။ လာသောသူမှာ အခြားသူမဟုတ်ဘဲ ချူလျန်မြင်ဖူးသည့် အဂ္ဂိရတ်အကြီးအကဲ၏ သတ္တမမြောက် တိုက်ရိုက်တပည့်ဖြစ်သူလျိုချင်းပင် ဖြစ်လေသည်။

သူသည် ကြီးမားကျယ်ဝန်းသော အဖြူရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး လေဟုန်စီးကာ အလျင်အမြန်ရောက်ရှိလာသော်လည်း မျက်နှာထားမှာ ကြည်လင်မှုမရှိပေ။

ယခင်က ချူလျန်ပထမနေရာမရစေရန် တားဆီးရာတွင် သူတို့အဂ္ဂိရတ်ခန်းမသည် အားထုတ်မှုအများဆုံးဖြစ်ခဲ့သည်။ ချူလျန်ထံမှ သတင်းအစအနမရချိန်အတွင်း သူတို့အဖွဲ့မှာ အစိုးရိမ်ဆုံးဖြစ်ခဲ့ပြီး အခြားအဖွဲ့များ ထိုအဆင့်သို့ အမြန်ရောက်လာစေရန် အလွန်ဆန္ဒပြင်းပြနေခဲ့ကြသည်။

ထို့ကြောင့် စီနီယာအစ်မကျန်းက အဆင့်မြင့်အစိမ်းရောင်ဆေးလုံး လာတောင်းချိန်တွင် သူတို့က အခမဲ့နီးပါးပေးလိုက်သည့်အပြင် အိမ်အရောက်ပို့ဝန်ဆောင်မှုပါ ပေးခဲ့ကြပြီး အခြားသူများကိုသာ အမြန်ဆုံး ပထမနေရာရစေချင်ခဲ့ကြသည်။

မည်သူ ထင်မှတ်ထားမည်နည်း။ ပထမဆုံး ဆေးလာစစ်သူမှာ ချူလျန်ဖြစ်နေဆဲပင်။

တောင်စောင့်နတ်ပူဇော်ပွဲကဲ့သို့သော အရေးကြီးသည့်ကိစ္စမျိုးတွင် တိုက်ရိုက်တပည့်တစ်ဦးကို ဆေးစစ်ရန်ခေါ်ယူခြင်းမှာ ပုံမှန်ကိစ္စဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယခုလာသူမှာ ချူလျန်နှင့် ရန်ငြိုးရှိဖူးသူဖြစ်နေခြင်းက အဂ္ဂိရတ်ခန်းမ၏သဘောထားကို ထင်ရှားစွာမြင်တွေ့နိုင်လေသည်။

ချူလျန်အား မည်သည့်အကြောင်းပြချက်ဖြင့်မျှ လိမ်လည်လှည့်ဖြား၍ အောင်မြင်ခွင့် မပေးရန် သေချာပေါက်ဆုံးဖြတ်ထားခြင်းပင်။

"စီနီယာအစ်ကိုလျို...”

ချူလျန်က ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ဆဲပင်။

လျိုချင်းသည် ထိုကောင်စုတ်ကို ကြည့်ကာနှုတ်ခမ်းမဲ့လိုက်ပြီး မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။

ယခင်တစ်ခေါက်က ကိစ္စတွင် ချူလျန်သည် အကျိုးအမြတ်ရခဲ့သဖြင့် မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သကဲ့သို့နေနိုင်သော်လည်း သူကမူ အရိုက်ခံရပြီး အရှုံးပေါ်ခဲ့သောကြောင့် စိတ်ထဲတွင်အတိုင်းအတာတစ်ခုအထိ မကျေနပ်မှုများရှိနေဆဲပင်။

"ဒါ သူလာပေးတဲ့ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးပဲ တစ်ချက်လောက် စစ်ကြည့်လိုက်ပါဦး...”

တာအိုပညာရှင်ယန့်က ချူလျန်ပေးအပ်ထားသော ဆေးလုံးကိုလှမ်းပေးလိုက်သည်။

"ဟုတ်ကဲ့ပါ...”

လျိုချင်းက တာအိုပညာရှင်ယန့်၏လက်ထဲမှ ဆေးဘူးကို ရိုသေလေးစားစွာ လက်ခံယူလိုက်၏။

လှည့်ထွက်လာသည်နှင့် သူ့မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာလေသည်။

ချူလျန်သည် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကိုရနိုင်မည်ဟု သူမယုံကြည်ပေ။ ခဏနေလျှင် သူ့လိမ်လည်မှုကို မည်သည့်မျက်နှာထားဖြင့် ဖော်ထုတ်ရမည်ကို စိတ်ထဲတွင် ကြိုတွေးနေလေသည်။

သို့သော် မကြာမီ သူ့မျက်နှာထားမှာ ဒေါသထွက်လာပြီး နွားမျက်လုံးကဲ့သို့ ပြူးကျယ်ကာ ဆေးလုံးပေါ်မှဖုန်တစ်မှုန်ကိုပင် အလွတ်မပေးတော့မည့်အလား သေချာစွာ စစ်ဆေးကြည့်ရှုနေလေသည်။

အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးထဲတွင် အံ့ဩသံသယများ ပြည့်နှက်နေလေပြီ။

လျိုချင်းက ချူလျန်ကိုမော့ကြည့်လိုက်ပြီး တစ်ခုခုသတိရသွားဟန်ဖြင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"မင်း ဆေးလုံးက ဂျူနီယာအစ်မကျန်းယွဲ့ပိုင်ရဲ့ ဆေးလုံးပဲ ဖြစ်ရမယ်...”

"ဘာဖြစ်တယ်...”

တာအိုပညာရှင်ယန့်သည် သူမချစ်တပည့်အမည်ကို ကြားလိုက်ရသဖြင့် တိုးတိုးလေး မေးလိုက်သည်။

"လတ်တလော ကျွန်တော်တို့အဂ္ဂိရတ်ခန်းမကနေ ထွက်ထားတဲ့ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးပဲ ရှိတယ် အဲဒါကလည်း ဂျူနီယာအစ်မကျန်းယွဲ့ပိုင်ကို ပေးထားတာပဲ”

“သူ့ဆီက ဆေးလုံး ဘယ်ကရလာလဲဆိုတာ ထပ်မေးနေစရာတောင်မလိုတော့ဘူး...”

တာအိုပညာရှင်ယန့်က ချူလျန်ကို ကြည့်ကာမေးလိုက်၏။

"ဒီဆေးလုံးကို ယွဲ့ပိုင်က မင်းကို ပေးလိုက်တာလား...”

"မဟုတ်ပါဘူး...”

ချူလျန်က ချက်ချင်း ခေါင်းခါလိုက်သည်။

"သူ ပေးတာ မဟုတ်တာတော့ သေချာတာပေါ့…ဂျူနီယာအစ်မကျန်းက မင်းကို အလကားပေးပြီး ပထမနေရာကိုလက်လွှတ်ခံပါ့မလား...”

လျိုချင်းက ဆက်ပြောလေသည်။

"မင်း မသမာတဲ့နည်းလမ်းတွေနဲ့ လုယူလာတာပဲဖြစ်ရမယ်…မခိုးရင် လုလာတာပဲ...”

တာအိုပညာရှင်ယန့်သည် မျက်နှာထားမပြောင်းလဲဘဲ ချူလျန်ကိုသာ စိုက်ကြည့်နေလေသည်။ တောင်စောင့်နတ်ပူဇော်ပွဲ ပြိုင်ပွဲတွင် ခိုးခြင်း၊ လုယူခြင်းများကို တားမြစ်ထားခြင်းမရှိသော်လည်း ချူလျန်က သူမချစ်တပည့်လက်ထဲမှ ဆေးလုံးကိုခိုးယူလာခြင်းဆိုလျှင် သူမလည်း သိပ်ပြီး ကျေနပ်မည်မဟုတ်ပေ။

ချူလျန်က လျိုချင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာမေးလိုက်၏။

"ခင်ဗျားတို့ အဂ္ဂိရတ်ခန်းမက စီနီယာအစ်မကျန်းကို အဆင့်မြင့်အစိမ်းရောင်ဆေးလုံး ဘယ်နှစ်လုံး ပေးလိုက်တာလဲ...”

"တစ်လုံးတည်းပေးတာပေါ့...”

လျိုချင်းက ဖြေလိုက်သည်။

"မင်း လုသွားပြီဆိုတော့ ဂျူနီယာအစ်မကျန်းဆီမှာ မရှိတော့ဘူးပေါ့...”

တာအိုပညာရှင်ယန့်၏ရှေ့တွင် သူ့စကားလုံးတိုင်းက ချူလျန်၏ပြဿနာကို ပိလော့တောင်ထွတ်သို့ ဦးတည်သွားစေရန်ဆွဲခေါ်နေခြင်းပင်။

သို့သော် ချူလျန်က ပြန်လည်မချေပခဲ့ပေ။

သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အလင်းရောင်များတောက်ပနေသော နောက်ထပ် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး မေးလိုက်လေသည်။

"အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို စီနီယာအစ်မကျန်းဆီ ပြန်ပေးရမယ်ဆိုရင်လည်း ရပါတယ်…”

“ဒါပေမဲ့ စီနီယာအစ်ကိုလျိုက ဒီနှစ်လုံးထဲက ဘယ်တစ်လုံးကို သူ့ကို ပေးခဲ့တာလဲဆိုတာ တစ်ချက်လောက်ခွဲခြားပေးပါဦးလား...”

"ဟင်...”

ဒုတိယမြောက်အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို မြင်လိုက်ရသောအခါ လျိုချင်းနှင့် တာအိုပညာရှင်ယန့်တို့ နှစ်ဦးလုံး အံ့ဩသွားကြလေသည်။

အဂ္ဂိရတ်ခန်းမသည် အပြင်လောကတွင် ပျံ့နှံ့နေသော အစိမ်းရောင်ဆေးလုံး မရှိတော့သည်ကို သေချာသိပြီးမှ ထိုပဟေဠိကို ထုတ်ခဲ့ခြင်းဖြစ်သည်။

တစ်လုံးရရန်ပင် အလွန်ခက်ခဲနေပြီဖြစ်ရာ သူက ဒုတိယတစ်လုံးကို ဘယ်ကရလာသနည်း။

ပို၍ မထင်မှတ်ထားသည်မှာ ထို့နောက် ချူလျန်က လက်တစ်ချက် ထပ်မံဝှေ့ယမ်းလိုက်ပြီး တတိယမြောက် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို ထုတ်ယူလိုက်ခြင်းပင်။

"ဒီတစ်လုံးကိုရော ခင်ဗျားတို့ ပေးခဲ့တာလား...”

"ဒီတစ်လုံးရော...”

"ဒါမှမဟုတ် ဒီတစ်လုံးလား...”

သူသည် မျက်လှည့်ပြသူတစ်ဦးအလား လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လက်ဝါးထဲတွင် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးစီ ထွက်ပေါ်လာပြီး အချိန်တိုအတွင်း ဆေးလုံးငါးလုံး၊ ခြောက်လုံးခန့်ကို ကိုင်ဆောင်ထားလေပြီ။

ယခုရက်ပိုင်းအတွင်း ချူလျန်သည် ဆေးဖော်စပ်ခြင်းပညာရပ်ကို လေ့လာလိုက်စားခဲ့ရာ အမှန်တကယ်ပင် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို အောင်မြင်စွာဖော်စပ်နိုင်ခဲ့လေပြီ။

သို့သော် ဆေးအာနိသင်က အဆင့်မြင့်အဆင့်သို့ရောက်ရှိသော်လည်း ဆေးလုံးပေါ်တွင် အပြစ်အနာအဆာ အနည်းငယ်စီရှိနေခဲ့သည်။ ထို့ကြောင့် အခြားသူများ၏အပြစ်တင်ပြောဆိုခြင်းမှ ကင်းဝေးစေရန်အတွက် သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါတလဲလဲဖော်စပ်ခဲ့ရာ နောက်ဆုံးတွင် ပြီးပြည့်စုံသော အဆင့်မြင့်အစိမ်းရောင်ဆေးလုံးအချို့ကို ဖော်စပ်နိုင်ခဲ့ခြင်းပင်။

ယခု ဖော်စပ်ထားသော အဆင့်မြင့်အစိမ်းရောင်ဆေးလုံး အားလုံးမှာ သည်နေရာတွင် ရှိနေလေသည်။

တဖြည်းဖြည်း အံ့ဩမှင်တက်လာသော လျိုချင်း၏မျက်နှာထားရှေ့တွင် ချူလျန်က နောက်ဆုံးအဖြစ် ကျောက်စိမ်းဘူးလေးတစ်ခုကို ကိုင်မြှောက်လိုက်ပြီး ဘူးတစ်ခုလုံးကို အလွယ်တကူပစ်ပေးလိုက်လေသည်။

"စီနီယာအစ်ကိုလျို…ဒီအထဲမှာ စီနီယာအစ်မကျန်းကိုပေးခဲ့တဲ့ ဆေးလုံးက ဘယ်တစ်လုံးလဲဆိုတာ သေချာရှာကြည့်ပေးပါဦးဗျာ...”

All Chapters