အခန်း ၂၇၀
Vol. 27 Ch. 270
အခန်း (၂၇၀) - အားလုံးပါဝင်ခြင်း
တောင်စောင့်နတ်ပူဇော်ပွဲ၏ ထိပ်သီးသုံးယောက်စာရင်း ထွက်ပေါ်လာချေပြီ။
ဂိုဏ်းမှ တရားဝင်ကြေညာရန် ရက်အနည်းငယ်အကြာတွင် ကျင်းပမည့် ရှုတောင်ထိပ်သီးညီလာခံဖွင့်ပွဲအထိ စောင့်ဆိုင်းရမည် ဖြစ်သော်လည်း ရှုတောင်ဟူသည် ကျဉ်းမြောင်းလှရာ မည်သူက ကျောက်စိမ်းဖြူဖန်ခွက်ကို ရရှိသွားကြောင်းသတင်းမှာ ချက်ချင်းပင်ပျံ့နှံ့သွားတော့၏။
ပထမနေရာကိုရရှိသွားသူမှာ ငွေဓားတောင်ထွတ်မှချူလျန် ဖြစ်သောကြောင့် လူအများအပြားကို အလွန်အံ့အားသင့်စေခဲ့သည်။
ယခင်က ချူလျန်သည် သဲလွန်စသုံးခုစလုံးကို ဦးအောင်ရောင်းချခဲ့သဖြင့် လူတိုင်းစိတ်ထဲတွင် သူသည် ပထမနေရာကို ယှဉ်ပြိုင်လိုစိတ်လုံးဝမရှိဘဲ ငွေရှာရန်သာ တစ်စိုက်မတ်မတ်အာရုံစိုက်နေကြောင်း ထင်မှတ်ခဲ့ကြ၏။
ပထမဦးစွာ သူသည် အဖြေကိုရောင်းချသည့် အရှိန်အဟုန်တွင် လူတိုင်းထက် သာလွန်နေရမည်ဖြစ်ပြီး သို့မှသာ ဝယ်ယူမည့်သူရှိပေလိမ့်မည်။ ဒုတိယအနေဖြင့် သူသည် နောက်ထပ်သဲလွန်စတစ်ခုကို ဖော်ထုတ်နိုင်သည့် အရှိန်အဟုန်တွင်လည်း သူ့အဖြေရောင်းချမှုနှုန်းထက် သာလွန်နေရမည်ဖြစ်ရာ သို့မှသာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိဖြင့် ဦးဆောင်မှုကိုထိန်းသိမ်းထားနိုင်ပေမည်။
တစ်နည်းအားဖြင့်ဆိုရသော် ရှုတောင်တပည့်အားလုံးသည် ပထမအဆင့်တွင်သာ ရှိနေချိန်၌ သူတစ်ဦးတည်းက တတိယအဆင့်သို့ရောက်ရှိနေခြင်းပင်။
ထိုအရာမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ယခင်က သူသည် ငွေဓားတောင်ထွတ်လေးတွင် လက်ဖက်ရည်နှင့် သစ်သီးဝလံအချို့ကိုရောင်းချရင်း အပျော်တမ်းအဆင့်သာ ရှိခဲ့ပြီး နာမည်အနည်းငယ်ရရှိခဲ့၏။
ယခုတစ်ကြိမ် တောင်စောင့်နတ်ပူဇော်ပွဲကို ဖြတ်သန်းပြီးနောက်တွင်မူ ရှုတောင်တစ်ခုလုံးသည် ထိုမျှဉာဏ်ပညာထက်မြက်လှသော ကုန်သည်လူလိမ်ကို ကောင်းကောင်းကြီး သိရှိသွားကြပြီဖြစ်သည်။
ဒုတိယနေရာမှာ ပိလော့တောင်ထွတ်မှကျန်းယွဲ့ပိုင် ဖြစ်ပေသည်။
ထိုရလဒ်ကမူ လူအများကို ထူးထူးခြားခြား အံ့အားမသင့်စေခဲ့ချေ။
တောင်စောင့်နတ်ပူဇော်ပွဲ မစတင်မီကပင် လူတိုင်းက ရွှီဇီယန်နှင့် ကျန်းယွဲ့ပိုင်တို့သာ ပထမနှင့် ဒုတိယနေရာကို လုယူကြလိမ့်မည်ဟူ၍ ခန့်မှန်းထားခဲ့ကြပြီး ရွှီဇီယန့်ကို ပို၍မျှော်လင့်ထားကြသူများက များပြားသေးသည်။
အကယ်၍ ရွှီဇီယန်ကပထမရပြီး ကျန်းယွဲ့ပိုင်က ဒုတိယရခဲ့လျှင် လူတိုင်း လက်ခံနိုင်ရန် မခက်ခဲလှပေ။ သို့သော် ယခုအခါတွင်မူ ပထမနေရာကို ထိုကုန်သည်လူလိမ်က ရရှိသွားပြီး ကျန်းအစ်မမှာမူ သူ့အောက်သို့ ရောက်သွားရချေသည်။
ထိုကိစ္စမှာ လူတိုင်းကိုဒေါသထွက်စေသည်မှာ မလွဲဧကန်ပင်။
တောင်စောင့်နတ်ပူဇော်ပွဲတွင် တတိယနေရာရရှိသူမှာ ကောင်းကင်ဂင်္ဂါတောင်ထွတ်မှ ကျောက်ကျီကျူး ဖြစ်ပေသည်။
လူအများအပြားသည် ထိုနာမည်ကို တစ်ခါမျှမကြားဖူးကြသော်လည်း ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။
ထိုညီအစ်ကိုသည် ယခုကဲ့သို့ နာမည်ကျော်ကြားလာရခြင်းမှာ လေလံပွဲ၌ ဓားဒင်္ဂါး နှစ်ထောင်နှစ်ရာအထိပေးချေကာ ထင်ရှားကျော်ကြားလာခဲ့ပြီး ချူလျန် လေလံတင်ခဲ့သော တတိယမြောက်သဲလွန်စကို အရယူနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ချူလျန်ကလည်း စေတနာရှေ့ထားကာ အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးကိုပါ လက်ဆောင်ထည့်ပေးခဲ့ပြီး ကျောက်စိမ်းဖြူဖန်ခွက်ကို လဲလှယ်ယူစေခဲ့၏။
ထို့ကြောင့် ကျောက်စိမ်းဖြူဖန်ခွက် သုံးလုံးလုံးမှာ ပိုင်ရှင်ကိုယ်စီရှိသွားကြချေပြီ။
သို့သော်လည်း တတိယရရှိသူအတွက်ရရှိသော အာရုံစိုက်မှုမှာ ထိုမျှသာဖြစ်ပြီး လူအများ၏အကြည့်များမှာ သူ့ဆီသို့ ဦးတည်မည့်အစား ကျောက်စိမ်းဓားတောင်ထွတ်ဆီသို့သာ ပိုမိုဦးတည်နေကြသည်။
ရွှီဇီယန်သည် ယခုတစ်ကြိမ်တွင် လုံးဝအဆင့်မဝင်ခဲ့ခြင်းမှာ အံ့ဩစရာအကောင်းဆုံးဖြစ်ပေရာ သူ့အဖွဲ့မှာ ထိပ်သီးသုံးယောက် စာရင်းထဲတွင်ပင်မပါဝင်ခဲ့ချေ။
သေချာပေါက်ပင် ထိုအကြောင်းအရာသည်မှာ ချူလျန်နှင့် ကင်းကွာ၍မရနိုင်ပေ။
ရွှီဇီယန်၏မာနကြောင့် သူသည် ချူလျန်၏သဲလွန်စများကို တစ်ခုမျှဝယ်ယူခြင်း မပြုခဲ့ပေ။
ရှုတောင်တစ်ခုလုံးသည် သဲလွန်စများကို အပြိုင်အဆိုင်ရှာဖွေနေကြသော်လည်း သူသည် မိမိအတွေးကမ္ဘာထဲတွင်သာ နစ်မြုပ်နေခဲ့သည်။
တောင်စောင့်နတ်ပူဇော်ပွဲ၏ပြိုင်ပွဲ ပြီးဆုံးသွားသည့်တိုင်အောင် သူသည် ရတနာစေတီတောင်ထွတ်၏ဂူအတွင်းရှိ ကျောက်စိမ်းနံရံမှ ပန်းချီကားချပ်များကိုသာ စဉ်းစားနေဆဲဖြစ်၏။
ထိုအရှိန်အဟုန်မှာ နှေးကွေးသည်ဟု မဆိုနိုင်သော်လည်း ချူလျန်နှင့် နှိုင်းယှဉ်ပါက များစွာ နောက်ကျကျန်ခဲ့သည်မှာအမှန်ပင်။ ရွှီဇီယန်သည်လည်း ထိုရလဒ်ကို အေးအေးဆေးဆေးပင် လက်ခံလိုက်ပြီး ရှုံးသည်မှာ ရှုံးသည်သာဖြစ်၏။
ရှုတောင်ထိပ်သီးညီလာခံတွင် ပြန်လည်အနိုင်ယူလိုက်ရုံသာ ဖြစ်ပေသည်။
ထို့ပြင် ဂိုဏ်းတူအချို့ကလည်း ရွှီဇီယန်နှင့် ကျန်းယွဲ့ပိုင်တို့ပင် ယခုမျှ မြန်မြန်ဆန်ဆန် မဖော်ထုတ်နိုင်သည့် ပုစ္ဆာများကို ချူလျန်က မည်သို့ကြိုတင်၍ ခိုးယူထားသနည်းဟူ၍ သံသယဝင်လာကြသည်။
မည်သို့ပင်ဖြစ်စေ သူသည် တီနွီဖုန့်တပည့်ဖြစ်ရာ ရှက်ဖွယ်ကောင်းသော ကိစ္စရပ်များကို ပြုလုပ်ခဲ့လျှင်ပင် ဆန်းကြယ်လှသည်မဟုတ်ပေ။
မေးခွန်းခိုးယူသည်ဟူသော အတွေးမှာ ချက်ချင်းပင်ငြင်းပယ်ခြင်း ခံလိုက်ရသည်၊ အဘယ်ကြောင့်ဆိုသော် ရှုတောင်၏အထက်လူကြီးများက ယခုကဲ့သို့သော ကိစ္စရပ်မျိုးကို ခွင့်ပြုမည် မဟုတ်သောကြောင့်ဖြစ်သည်။
သို့သော်လည်း ချူလျန်သည် ရှုတောင်အကြီးအကဲများကြားတွင် ကျောထောက်နောက်ခံရှိနေပြီး လျှို့ဝှက်စွာဖြင့် ထူးခြားသောစောင့်ရှောက်မှုများကို ရရှိနေသလောဟူ၍ သံသယဝင်သူများရှိလာပြန်သည်။
သူ ရောင်းချ၍ရရှိခဲ့သော မြောက်မြားစွာသော ဓားဒင်္ဂါးများကို အထက်လူကြီးများကလည်း ခွဲဝေရရှိခဲ့ကြသလော။
အထူးသဖြင့် နောက်ဆုံးအချိန်၌ ဝင်ရောက်စွက်ဖက်ခဲ့သော အဂ္ဂိရတ်ခန်းမ၏လုပ်ရပ်မှာ အလွန်ပင် သံသယဖြစ်ဖွယ်ကောင်းလှရာ ချူလျန်ကို ပထမရရှိစေရန် ကူညီပေးခဲ့ခြင်းလော။
ယခုကဲ့သို့သော မကောင်းမြင်သည့်တွေးတောမှုများနှင့် ပတ်သက်၍ အဂ္ဂိရတ်ခန်းမမှ တပည့်အချို့မှာ ဆဲရေးတိုင်းထွာကြတော့၏။
ထိုကဲ့သို့သော ကောလာဟလများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေစဉ်အတွင်း စုံထောက်မလေး ရွှီဇီချင်တစ်ဦးတည်းသာလျှင် သူမ၏စူးရှသော မျက်လုံးများဖြင့် အမှန်တရားကို အကဲခတ်မိလေသည်။
သူမ အစ်ကိုနှင့် မိမိတို့အဖွဲ့သည် မည်သည့်ရလဒ်မျှ မရရှိခဲ့သဖြင့် အနည်းငယ် ဝမ်းနည်းခဲ့ရသော်လည်း ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့ ပထမနှင့် ဒုတိယ ရရှိသွားသည်ကို မြင်သောအခါ သူမသည် သာယာစွာပြုံးလိုက်မိ၏။
'ရှုတောင်တစ်ခုလုံးမှာ ငါတစ်ယောက်တည်းပဲ အကြောင်းရင်းကိုသိတာ...’
'ဒါပေမဲ့ ငါတော့ ထုတ်မပြောဘူး…ဟီးဟီး...’
ငွေဓားတောင်ထွတ်ပေါ်တွင် ဖြစ်၏။
တီနွီဖုန့်သည် ဧည့်ခန်းမဆောင်အတွင်း၌ သစ်သားသင်ပုန်းတစ်ခုကို ထောင်ထားပြီး တောင်ထွတ်တစ်ခုလုံးရှိ လူများအားလုံးကို စစ်မတိုက်မီ စိတ်ဓာတ်မြှင့်တင်ရေး ပြုလုပ်နေသည်။
"ဆယ်စုနှစ်တစ်ခုမှာ တစ်ကြိမ်သာကျင်းပတဲ့ ရှုတောင်ထိပ်သီးညီလာခံက ငါတို့အတွက် ရှားပါးတဲ့ အခွင့်အရေးပဲ…ပျော်ပွဲရွှင်ပွဲတွေမှာ ပထမရရင်တောင် ဓားဒင်္ဂါးသုံးထောင်နီးပါး ဆုလာဘ်ရနိုင်တယ်”
“တရားဝင်ပြိုင်ပွဲဆိုရင်တော့ ပြောနေစရာတောင်မလိုဘူး…ထိပ်သီးတပည့်ရရှိမယ့် ကျင့်ကြံခြင်းအရင်းအမြစ်တွေက ရေတွက်လို့တောင် မရနိုင်ဘူး…ငါတို့တွေ ဒါကို အလေးအနက်ထားရမယ်...”
သူမသည် ဝါးခက်တစ်ခက်ကို ကောက်ကိုင်လိုက်ပြီး သင်ပုန်းပေါ်ရှိ "ချူလျန်" ဟူသော နာမည်ကိုတို့လိုက်၏။
"ပထမဆုံးအနေနဲ့ ရှုတောင်ထိပ်သီးညီလာခံရဲ့ တရားဝင်ပြိုင်ပွဲကို မင်းတစ်ယောက်ပဲ တက်ရောက် ယှဉ်ပြိုင်နိုင်တာမို့ ငါ မင်းကို ဖိအားမပေးတော့ပါဘူး”
“ဆရာက မင်းအပေါ် သိပ်ပြီး မျှော်လင့်ချက်မကြီးပါဘူး…မင်းအနေနဲ့ ဒီတစ်ကြိမ်မှာ ရွှီဇီယန်နဲ့ ကျန်းယွဲ့ပိုင်ကို အနိုင်ယူနိုင်ရင်ရပြီ...”
တီနွီဖုန့်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
ချူလျန်သည် ထိုစကားကို ကြားသောအခါ နွေးထွေးဖြူစင်လှသော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။
'ဟဲဟဲ...’
"ဒါပေမဲ့ တရားဝင်ပြိုင်ပွဲအပြင် တခြားပြိုင်ပွဲအချို့ကိုလည်း ရွေးချယ်ပြီးဝင်ပြိုင်ဦးမလား...”
တီနွီဖုန့်က ထပ်မံ မေးမြန်းလိုက်၏။
"ဒီတပည့် ဆရာသခင်ရဲ့ အမိန့်ကို သေချာပေါက် နာခံပါ့မယ်…အမိန့်ရှိတဲ့အချိန်မှာ အသင့်ဖြစ်နေစေရပါ့မယ်…တိုက်ပွဲဝင်ဖို့ အမြဲတမ်း အသင့်ပါပဲ...”
ချူလျန်က ပြန်လည်၍ ဖြေလိုက်သည်။
"ကျွန်တော် ဓားပျံပျံသန်းခြင်းပြိုင်ပွဲနဲ့ မာကျောက်ကစားနည်း ပြိုင်ပွဲတွေမှာလည်း ထပ်တိုးစာရင်းပေးဖို့ ပြင်ဆင်ထားပါတယ်...”
"ကောင်းတယ်…မင်းရဲ့ ဒီလိုတက်ကြွတဲ့စိတ်ဓာတ်က တကယ့်ကို ချီးကျူးဖို့ကောင်းတယ်...”
တီနွီဖုန့်က ဘေးနားရှိ လျိုရှောင်ယွီကို ကြည့်လိုက်၏။
"တခြား အဖွဲ့ဝင်တွေလည်းအတုယူသင့်တယ်...”
လျိုရှောင်ယွီသည် မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်လျက် မျက်ဝန်းအစုံတွင် ဝေခွဲမရခြင်းများဖြင့် ပြည့်နှက်နေသည်။
တီနွီဖုန့်သည် သူမလှုပ်ရှားမှုမရှိသည်ကို မြင်သောအခါ ချောင်းတစ်ချက် ဟန့်လိုက်၏။
"ရှောင်ယွီလေး…မင်းရော ဘယ်လိုပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်ဖို့ပြင်ဆင်ထားလဲ...”
"ကျွန်မလည်း ဝင်ပြိုင်လို့ရတာလား...”
လျိုရှောင်ယွီက မေးလိုက်၏။
သူမသည် အတိအကျဆိုရလျှင် ရှုတောင်တပည့် မဟုတ်သကဲ့သို့ မည်သည့် ဝိညာဉ်သားရဲမျှလည်း မဟုတ်ပေ။
သို့သော်လည်း ရှုတောင်သည် ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများနှင့် ပတ်သက်၍ တင်းကျပ်စွာ စည်းကမ်းသတ်မှတ်ထားခြင်းမရှိရာ လူသားအသွင်ယူထားသော မိစ္ဆာတစ်ကောင်အနေဖြင့် သူမသည် တရားဝင်ပြိုင်ပွဲမှလွဲ၍ မည်သည့်ပြိုင်ပွဲတွင်မဆို ပါဝင်ယှဉ်ပြိုင်နိုင်ပေသည်။
"မင်း သေချာပေါက် ဝင်လို့ရတာပေါ့ ပြိုင်ပွဲကို ရွေးချယ်လိုက်ရုံပဲ...”
ချူလျန်က ဘေးနားမှ ရှင်းပြပေးလိုက်သည်။
"သေရည်နတ်ဘုရားပြိုင်ပွဲဆိုတာက ငါ့ရဲ့ ဆရာသခင်လို လူတွေနဲ့ အရက်သောက်ပြိုင်ရတာ…ဝိညာဉ်သားရဲတိုက်ခိုက်ရေး ပြိုင်ပွဲဆိုတာက ရွှေမွေးဟူလို သားရဲတွေနဲ့တိုက်ခိုက်ရတာ”
“ဓားပျံပျံသန်းခြင်းပြိုင်ပွဲဆိုတာက ငါ့လို လူတွေနဲ့ ဓားပျံစီးပြီးပြိုင်ရတာ...”
လျိုရှောင်ယွီသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
"ဒါဆိုရင် ကျွန်မ မာကျောက်ပြိုင်ပွဲမှာဝင်ပြိုင်မယ်...”
"မင်း မာကျောက် ကစားတတ်လို့လား...”
ချူလျန်က သံသယဖြင့် မေးမြန်းလိုက်၏။
သူမသည် ရှုတောင်ပေါ်သို့ ရောက်ရှိလာကတည်းက အပြင်သို့ သွားရောက်ဆော့ကစားခြင်းမရှိခဲ့ရာ ယခင်က မြစ်ထဲတွင်ရှိစဉ်ကပင် သင်ယူခဲ့ခြင်းလော။
မိန်းကလေးငယ်လေးမှာ ရိုးသားစွာဖြင့် ဖြေကြားလိုက်၏။
"မကစားတတ်ဘူး...”
ချူလျန်မှာမူ ဘာပြောရမှန်း မသိတော့ပေ။
ရွှေမွေးဟူမှာမူ ဝိညာဉ်သားရဲတိုက်ခိုက်ရေး ပြိုင်ပွဲတွင် ပါဝင်ရမည်မှာ ပြောနေစရာပင် မလိုတော့ပေ။ ၎င်း၏ခေါင်းကြီးမှာ တိုက်အပြင်ဘက်၌ ငိုက်မြည်းနေပြီး မိမိအပေါ်တွင် မည်မျှကြီးမားလှသော တာဝန်ကို ပေးအပ်ထားသည်ကို လုံးဝသိရှိခြင်းမရှိသေးချေ။
စိတ်ဓာတ်မြှင့်တင်ရေး အစည်းအဝေးတွင် တောင်ထွတ်သခင် တီနွီဖုန့်သည် "ထူးခြားသော စရိုက်လက္ခဏာကို ပြသရန်၊ တောက်ပသော ဂုဏ်သိက္ခာကို ဆောင်ကျဉ်းရန်နှင့် ဓားဒင်္ဂါးများကိုအရယူရန်" ဟူသော ပြိုင်ပွဲဝင်ဆောင်ပုဒ်ကို ချမှတ်ခဲ့ပြီး ငွေဓားတောင်ထွတ်၏အဖွဲ့ဝင်တိုင်းကို ရင်းနှီးပွင့်လင်းစွာ အားပေးစကား ပြောကြားခဲ့သည်။
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ချူလျန်သည် မိမိအိမ်ငယ်လေးသို့ ပြန်လာခဲ့၏။
မကြာမီ အချိန်အတွင်းမှာပင် တစ်စုံတစ်ယောက်က သူ့ထံသို့ ရောက်ရှိလာခဲ့ပြန်သည်။
သူသည် ရောက်ရှိလာသောသူကို မြင်လိုက်ရသောအခါ အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။
"အဂ္ဂိရတ်အကြီးအကဲပါလား...”
သူသည် ချက်ချင်းပင် ရှေ့သို့တိုးသွားကာ အရိုအသေပြုလိုက်၏။
ယခင်က ဤအကြီးအကဲနှင့် ဆက်ဆံခဲ့ရသည့် နှစ်ကြိမ်လုံးမှာ သိပ်ပြီး စိတ်ချမ်းသာစရာ မကောင်းခဲ့သော်လည်း သူသည် တောင်စောင့်အကြီးအကဲကြီး လေးဦးအနက် တစ်ဦးဖြစ်သည့်အတွက် ပြုမူရမည့် ရိုသေမှုများကိုမူ ပြုလုပ်ရပေမည်။
တောင်စောင့်အကြီးအကဲကြီးသည် ခေါင်းကို အသာအယာညိတ်ပြလိုက်၏။
ထို့နောက် သူသည် ချူလျန်ကို စူးရှသောမျက်ဝန်းများဖြင့် ခေတ္တမျှ ကြည့်ရှုအကဲခတ်နေပြီး ချူလျန်၏စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်လာသည့် အချိန်ကျမှသာ စကားစတင်ပြောကြားလာတော့၏။
"ဟို ဆေးဘူးထဲက အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတွေက မင်းကိုယ်တိုင် ဖော်စပ်ထားတာလား...”
'ဒါ လာမေးတာကိုး...’
"ဟုတ်ပါတယ်...”
ချူလျန်က ခေါင်းကိုညိတ်ပြကာ ပြုံးလျက် လျှောက်တင်လိုက်၏။
"တကယ်တော့ အဲဒီဆေးဘူးထဲက အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတွေက လေ့ကျင့်တဲ့အနေနဲ့ ဖော်စပ်ထားတာပါ”
“အဲဒီအထဲမှာ အနည်းနဲ့အများတော့ ချို့ယွင်းချက်တွေ ရှိနေပါသေးတယ်…နောက်ဆုံး ဖော်စပ်ခဲ့တဲ့ ဆေးလုံးအနည်းငယ်လောက်ပဲ ပြီးပြည့်စုံတယ်လို့ပြောလို့ရတာပါ...”
"ဆေးလုံးတွေက လိုချင်တဲ့ အာနိသင်ရှိရင်ရပြီပဲ…အရေးမပါတဲ့ ချို့ယွင်းချက်လေးတွေ ရှိနေတာက ဘာအရေးလဲ...”
အဂ္ဂိရတ်အကြီးအကဲက ခေါင်းကိုခါယမ်းလိုက်ရင်း ထပ်မံမေးမြန်းလိုက်၏။
"မင်းမှာ အရင်က အဂ္ဂိရတ်ပညာအခြေခံရှိခဲ့ဖူးလား...”
"မရှိခဲ့ပါဘူး...”
ချူလျန်ကလည်း ခေါင်းကို ခါယမ်းလိုက်၏။
"ကျွန်တော် စိတ်ဝင်စားရုံသက်သက်ပါပဲ…ပြီးတော့ ဒီတစ်ကြိမ် တောင်စောင့်နတ်ပူဇော်ပွဲကိုလည်း ကျေးဇူးတင်ရမှာပါ”
“ဒါကြောင့်မို့လို့ ကျွန်တော်ကိုယ်တိုင် ဆေးလုံးဖော်စပ်ဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပါ...”
"ဒါဆိုရင် မင်း အဂ္ဂိရတ်ပညာကို လုံးဝမထိတွေ့ဖူးရာကနေ ပထမဆုံး အဆင့်မြင့်အစိမ်းရောင်ဆေးလုံးကို ဖော်စပ်နိုင်တဲ့အထိ တစ်လလောက်ပဲ အချိန်ယူခဲ့ရတာပေါ့...”
အဂ္ဂိရတ်အကြီးအကဲက မသိမသာမေးမြန်းလိုက်၏။
"ခန့်မှန်းခြေပါပဲ...”
ချူလျန်က ခေါင်းညိတ်လိုက်၏။
အမှန်တကယ်တွင်မူ ထိုထက်ပင် ပို၍တိုတောင်းလှပေသေးသည်။
"ငါ ဒီကိုလာခဲ့တာ မင်းကိုမေးချင်လို့...”
အဂ္ဂိရတ်အကြီးအကဲက ရုတ်တရက် ပြောကြားလိုက်၏။
"မင်း အဂ္ဂိရတ်ခန်းမကိုလာပြီး ငါ့ရဲ့ တပည့်ရင်းဖြစ်ချင်လား…ပြီးတော့ ငါ့ရဲ့ နောက်ဆုံး ပိတ်သိမ်းတပည့်အဖြစ်သတ်မှတ်ပေးမယ်...”
ဖူး…။
ယခင်က အစောင့်အရှောက်အကြီးအကဲ၏ ရုတ်တရက်ကမ်းလှမ်းမှုမှာ ချူလျန် မျှော်လင့်မထားခဲ့သောအရာ ဖြစ်သော်လည်း ထိုမျှအထိ တုန်လှုပ်စရာ မကောင်းခဲ့ပေ။
သို့သော် ယခုတစ်ကြိမ် အဂ္ဂိရတ်အကြီးအကဲ၏ကမ်းလှမ်းမှုကမူ အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။
မည်သို့ပင်ဖြစ်စေ ယခင်ကနှစ်ဦးနှစ်ဖက်ကြားတွင် ရန်ငြိုးဒေါသအချို့ ရှိခဲ့ဖူးသည် မဟုတ်ပါလော။
အဂ္ဂိရတ်အကြီးအကဲသည် သူ့အမူအရာကို မြင်သောအခါ သူ့အတွေးများကို ခန့်မှန်းမိသွားပြီး ညင်သာစွာ ပြောဆိုလိုက်၏။
"ငါတို့ အဂ္ဂိရတ်ခန်းမက မင်းတို့ရဲ့ ငွေဓားတောင်ထွတ်နဲ့ ပွတ်တိုက်မှုအချို့ ရှိခဲ့ဖူးတော့ မင်းရဲ့ စိတ်ထဲမှာ အဖုအထစ်တွေ ရှိနေနိုင်ပါတယ်…ဒါပေမဲ့ ဂိုဏ်းတူချင်းကြားမှာ အနည်းငယ် ပွတ်တိုက်မှုရှိတာက ရှောင်လွှဲလို့မရနိုင်တဲ့အရာဆိုတာ မင်း သိထားရမယ်လေ”
“တကယ့်ကို အရေးကြီးတဲ့ကိစ္စတွေနဲ့ယှဉ်ရင် အဲဒါတွေက ပြောပလောက်စရာ မရှိပါဘူး...”
"ငါ မင်း ဖော်စပ်ထားတဲ့ အစိမ်းရောင်ဆေးလုံးတွေကို ကြည့်ပြီးပြီ…မင်းရဲ့ ဆေးလုံးဖော်စပ်ခြင်းပါရမီက ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလောက်အောင် ထူးခြားတယ်”
“တကယ်လို့ အကောင်းဆုံးပျိုးထောင်မှုကို မရရှိဘူးဆိုရင် ဒါ တကယ် နှမြောစရာ ကောင်းလိမ့်မယ်…ငါ့မှာ မင်းကို ရှုတောင်ရဲ့ အကောင်းဆုံး ဆေးလုံးဖော်စပ်သူ ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ ယုံကြည်ချက်အပြည့်ရှိတယ်”
“တစ်လောကလုံးမှာ အကောင်းဆုံးဖြစ်လာရင်တောင် မဆန်းပါဘူး...”
"ငါ့ရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ…ငါ မရှိတော့တဲ့နောက်မှာ ရှုတောင်အတွက် တာဝန်ယူနိုင်မယ့် ဆေးလုံးဖော်စပ်သူတစ်ယောက်ကို ချန်ထားရစ်ချင်တယ်…ဒါပေမဲ့ ငါ့မှာအခုရှိနေတဲ့ တပည့်ရင်းတွေက အဲဒီအဆင့်ကို ရောက်ဖို့ မလုံလောက်သေးဘူး”
“ဒါကြောင့်မို့လို့ ဒီနှစ်တွေအတွင်းမှာ ငါ ပိတ်သိမ်းတပည့်တစ်ယောက်ကို အမြဲတမ်း ရှာဖွေနေခဲ့တာ…အဲဒါက မင်း ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
“မင်းသာ ငါ့ကို သဘောတူမယ်ဆိုရင် အရင်က ကိစ္စအားလုံးကို အတိတ်မှာပဲ ထားခဲ့လိုက်မယ်…ငါကိုယ်တိုင် အဂ္ဂိရတ်ခန်းမတစ်ခုလုံးကိုဦးဆောင်ပြီး မင်းကို တောင်းပန်ဖို့တောင်အဆင်သင့်ပဲ...”
သူ့စကားလုံးများမှာ ရိုးသားဖြူစင်လှပြီး နှလုံးသားထဲမှလာသော စကားများဖြစ်ပေသည်။
ချူလျန်သည်လည်း ထိုအဘိုးကြီးမှာ မိမိကို တပည့်အဖြစ်လက်ခံရန် အမှန်တကယ်ပင် ဆန္ဒရှိနေကြောင်းခံစားမိလိုက်သည်။
ရှုတောင်အတွက် ထိပ်တန်းဆေးလုံးဖော်စပ်သူတစ်ဦး ချန်ရစ်ခဲ့ရခြင်းနှင့် နှိုင်းယှဉ်ပါက ယခင်က ပဋိပက္ခများမှာ အမှန်တကယ်ပင် ပြောပလောက်စရာမရှိချေ။
"အကြီးအကဲက ဒီတပည့်တော်အပေါ် ခုလို မျှော်လင့်ချက်ကြီးကြီးမားမား ထားပေးတဲ့အတွက် တကယ်ကျေးဇူးတင်မိပါတယ်…”
“ဒီတပည့် တကယ်ပဲ ကြောက်ရွံ့တုန်လှုပ်လောက်တဲ့အထိ ခံစားမိပါတယ်...”
ချူလျန်က ပြန်ဖြေလိုက်၏။
"တကယ်လို့ ရှုတောင်ကလိုအပ်တယ်ဆိုရင် ကျွန်တော်လည်း ဆေးလုံးဖော်စပ်ခြင်း ပညာရပ်ကို ပိုမိုသင်ယူဖို့ဆန္ဒရှိပါတယ်…ဒါပေမဲ့ အဂ္ဂိရတ်ခန်းမရဲ့ တပည့်ရင်းအဖြစ် ပြောင်းလဲဖို့ မလိုအပ်ဘူးမလား”
“ကျွန်တော် ငွေဓားတောင်ထွတ်မှာပဲနေပြီး အဂ္ဂိရတ်ခန်းမမှာ သွားကူညီပေးရင်လည်း အတူတူပဲ မဟုတ်ဘူးလား...”
"မင်း ဆရာသခင် မပြောင်းချင်ဘူးလား...”
အဂ္ဂိရတ်အကြီးအကဲက မျက်မှောင်ကြုတ်လိုက်၏။ ထိုကိစ္စမှာ ဆန်းကြယ်လှသည် မဟုတ်သော်လည်း သူသည် အနည်းငယ်အံ့အားသင့်နေဆဲဖြစ်သည်။
"မင်းရဲ့ ဆရာသခင်က တီနွီဖုန့် ဖြစ်နေတာတောင်မှလား...”