အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) အနန္တနေရာလွတ် အဆင့်မြှင့်တင်ခြင်း
"ဒါနဲ့ လင်းအာ... ငါစောစောက ရွှမ်ယန် ချင်းလင် ဆေးလုံး စားပြီးတော့ ဝိညာဉ်အမြစ်က အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပြောင်းသွားတယ်၊ မင်းကိုယ်ပေါ်မှာကော ဘာထူးခြားမှု ရှိလဲ"
ချန်ကျီက ပြောပြီးသည်နှင့် ကျောက်လင်းအာအား မှန်ကို ချခိုင်းလိုက်သည်။
"သခင်... ကျွန်မကတော့ ကျွန်မမှာ ဘာဝိညာဉ်အမြစ် ရှိလဲဆိုတာ မခွဲခြားတတ်ဘူး"
ကျောက်လင်းအာက မှန်ကို ချလိုက်ပြီး ချန်ကျီကို မော့ပင် မကြည့်ရဲပေ ။
ဒီအချိန်တွင် စောစောက ချန်ကျီ ရေချိုးနေစဉ်က ဖြစ်ပေါ်ခဲ့သော သူမ၏ ထူးဆန်းသည့် အတွေးများကို ပြန်လည် သတိရမိသွားသဖြင့် မျက်နှာလေးမှာ ချက်ချင်းပင် ပို၍ နီမြန်းသွားခဲ့သည်။
ထိုမှသာ ချန်ကျီ နားလည်သွားခဲ့သည်၊ သူကမူ စနစ် မျက်နှာပြင် ကို ကြည့်ခဲ့၍သာ သူ့ဝိညာဉ်အမြစ် ပြောင်းလဲသွားကြောင်း သိခဲ့ခြင်း ဖြစ်၏။
ကျောက်လင်းအာကမူ စနစ် မျက်နှာပြင် ကို ကြည့်ခွင့်မရှိသဖြင့် သူမ၏ ဝိညာဉ်အမြစ် အဆင့်ကို ခွဲခြားနိုင်မည် မဟုတ်ချေ။
"မင်း ခဏစောင့်ဦး"
ပြောပြောဆိုဆိုနှင့်ပင် ချန်ကျီက အသိစိတ် ကို အနန္တဆိုင် ထဲသို့ ဝင် လိုက်သည်။
"ငါ ပါရမီစမ်းသပ်ကျောက်တုံး တစ်တုံး ဝယ်ချင်တယ်"
ချန်ကျီက အနန္တဆိုင် ထဲတွင် ပါရမီစမ်းသပ်ကျောက်တုံး လဲလှယ်၍ ရနိုင်ကြောင်း စောစောကတည်းက မြင်ဖူးထားခြင်း ဖြစ်သည်။
"ပါရမီစမ်းသပ်ကျောက်တုံး ၁ တုံး လဲလှယ်မှု၊ အမှတ် ၁၀၀ ကုန်ကျမည်၊ လဲလှယ် ရန် အတည်ပြုပါသလား"
ချန်ကျီက တုံ့ဆိုင်းခြင်းမရှိဘဲ "အတည်ပြုတယ်"
ချက်ချင်းပင် ပါရမီစမ်းသပ်ကျောက်တုံး တစ်တုံးက လေထဲမှ ရုတ်တရက် ပေါ်လာခဲ့သည်။
"ကျေးဇူးပဲ"
ချန်ကျီက အနန္တနေရာလွတ်ထဲမှ ပြန်ထွက်လာခဲ့၏။
ချန်ကျီက လက်ထဲတွင် ပါရမီစမ်းသပ်ကျောက်တုံးကို ကိုင်ထားရင်း လက်ဝါးကို ပါရမီစမ်းသပ်ကျောက်တုံးပေါ်သို့ တင်လိုက်သည်။
ခေတ္တမျှ ကြာပြီးနောက် ပါရမီစမ်းသပ်ကျောက်တုံးပေါ်မှ လိမ္မော်ရောင် အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။
"လင်းအာ... မင်းလည်း လာစမ်းကြည့်ဦး"
"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက ခေါင်းညိတ်လိုက်သည်။
ကျောက်လင်းအာကလည်း သူမ၏ လက်ကို ပါရမီစမ်းသပ်ကျောက်တုံးပေါ်သို့ ထပ်တူ တင်လိုက်ရာ ခဏအကြာတွင် လိမ္မော်ရောင် အလင်းတန်း လင်းထိန်လာခဲ့သည်။
"တကယ်ပဲ... မင်းတို့လည်း အတူတူပဲ၊ ဝိညာဉ်အမြစ်က ပြောင်းလဲသွားတာပဲ"
ချန်ကျီက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရင်းနှင့် တွေးတောလိုက်သည်။ "ဒီလိုကြည့်ရရင် ကိုယ်ပွား အားလုံးရဲ့ ဝိညာဉ်အမြစ်တွေက အကုန်လုံး အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်တွေ ဖြစ်သွားကြပြီပေါ့"
"သခင်... ဒီလိမ္မော်ရောင် အလင်းတန်းက ဘာအဓိပ္ပာယ်လဲ"
ချန်ကျီက ရှင်းပြလိုက်သည်။ "အဝါရောင်က အဆင့်နိမ့် ဝိညာဉ်အမြစ်၊ လိမ္မော်ရောင်က အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်၊ ခရမ်းရောင်က အဆင့်မြင့် ဝိညာဉ်အမြစ်၊ ရွှေရောင်ကတော့ ထိပ်တန်း အဆင့် ဝိညာဉ်အမြစ်ပဲ"
"ဒါဆို အဲ့အဖိုးကြီးက ချန်ဖန်မှာ အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိနေတာကို မြင်သွားလို့လား... ဒါကြောင့်ပဲ ဒီ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို သူ့ကို ပေးခဲ့တာ ဖြစ်ရမယ်"
အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က လူတစ်ယောက်၏ ဝိညာဉ်အမြစ်ကို မြင်နိုင်သည်ဆိုလျှင် ချန်ကျီ ယုံကြည်မိပါသည်။
ဘာပဲဖြစ်ဖြစ် အခြေတည် ဝိညာဉ်အဆင့် အကြီးအကဲများ၏ အစွမ်းက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလှသည် မဟုတ်ပါလော။
"ဒီလိုဆိုရင်တော့ ချန်ဖန်အတွက် ချင်းယွမ်ဂိုဏ်းမှာ ပိုပြီး အဆင်ပြေသွားပြီ၊ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် အခြေခံရှိနေမှတော့ ကျင့်ကြံခြင်းအဆင့် မြန်မြန် တိုးတက်လာတာကလည်း သဘာဝကျသွားတာပေါ့"
"ဒါပေမဲ့ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်က ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်း ကို ပိုမြန်လာစေမလားတော့ မသိဘူး"
ချန်ကျီက သူ၏ ကျင့်ကြံခြင်း ပုံစံမှာ အခြားသူများနှင့် မတူညီကြောင်း သူ့ကိုယ်သူ သိရှိထားသဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ဖြစ်သွားလျှင်တောင် ကျင့်ကြံခြင်း အမြန်နှုန်း တိုးတက်လာလိမ့်မည်ဟု အသေအချာ မပြောနိုင်ပေ ။
နောက်တစ်နေ့တွင်
"နောက်ဆုံးတော့ နောက်ထပ် တစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။ သံနက်ရိုင်းမိုင်းတွင်းထဲက ကိုယ်ပွား တွေက ငါ့ကို ဘယ်လို အံ့သြစရာမျိုး ပေးမလဲဆိုတာ ကြည့်ရမယ့် အချိန်ပဲ"
ယခုအချိန်က ချန်ကျီ နောက်ဆုံးအကြိမ် သံနက်ရိုင်းများကို လဲလှယ် ခဲ့သည့်အချိန်မှစ၍ ၂၄ နာရီ တိတိ ရှိခဲ့ပြီ ဖြစ်သည်။
ချန်ကျီက 'ကောင်းကင်ဝိညာဉ် ပေါက်တူး' ၁၇ လက်၏ မိုင်းတူးခြင်း အာနိသင်ကို ကြည့်ချင်စိတ်ကို ဤအချိန်အခိုက်အတန့် ရောက်ရှိလာသည်အထိ အောင့်အီးသည်းခံ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်၏။
ချန်ကျီက အသိစိတ် ကို အနန္တနေရာလွတ်ထဲသို့ သွင်းလိုက်ရာ မျက်စိထဲသို့ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ပြည့်သိပ်နေအောင် စုပုံနေသည့် သံနက်ရိုင်းများ ဖြစ်သည်။
၎င်းတို့မှာ တောင်ငယ်တစ်လုံးကဲ့သို့ စုပုံနေရုံတင်မကဘဲ ယခင်ကထက်ပင် ပိုမိုမြင့်မားသော တောင်ငယ်ပေါင်းများစွာ ဖြစ်နေချေပြီ။
"ဒီလောက်တောင် အများကြီးလား" ချန်ကျီပင် မချီးကျူးဘဲ မနေနိုင်တော့ပေ ။
"ဟားဟား... မိုက်တယ်၊ ဒီတစ်ခါတော့ စနစ် အဆင့်မြှင့်တင်ဖို့ အမှတ်တွေ အလုံအလောက် ရပြီ"
ချန်ကျီက တုံ့ဆိုင်းမနေဘဲ အနန္တဆိုင် ထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်၊ ဤမျှများပြားလှသော သံနက်ရိုင်းများကို သူကိုယ်တိုင် ရေတွက်ရန် မဖြစ်နိုင်ပေ ။
"ငါ သံနက်ရိုင်းတွေ အားလုံးကို လဲလှယ် ချင်တယ်" ချန်ကျီက ဝတ်စုံစိမ်းနှင့် အမျိုးသမီးကို ပြောလိုက်သည်။
ဝတ်စုံစိမ်းနှင့် အမျိုးသမီးက တုံ့ဆိုင်းခြင်းမရှိဘဲ ခဏအကြာတွင် "စုစုပေါင်း သံနက်ရိုင်း ၁၂၂၀၀၀ ကီလိုဂရမ် လဲလှယ် မှု၊ အမှတ် ၂၄၄၀၀ နှင့် လဲလှယ်မည်၊ လဲလှယ် ရန် အတည်ပြုပါသလား"
"အတည်ပြုတယ်" ချန်ကျီက အမှတ်များကို အသုံးပြုရန် မစောင့်နိုင်တော့သကဲ့သို့ ဖြစ်နေချေပြီ။
အမှတ်များ ပြသသည့် မျက်နှာပြင် ပေါ်ရှိ ဂဏန်းများမှာ ချက်ချင်းပင် ၂၄၄၀၀ တိုးပွားသွားခဲ့ပြီး လက်ရှိတွင် စုစုပေါင်း အမှတ် ၂၅၃၀၀ ရှိသွားခဲ့သည်။
"ငါ 'ကောင်းကင်ဝိညာဉ် ပေါက်တူး' ၅ လက် လဲလှယ် ချင်တယ်"
"'ကောင်းကင် ဝိညာဉ် ပေါက်တူး' ၅ လက် လဲလှယ်မှု၊ အမှတ် ၅၀၀၀ ကုန်ကျမည်၊ လဲလှယ်ရန် အတည်ပြုပါသလား"
"အတည်ပြုတယ်"
အမှတ် ၂၀၃၀၀ ကျန်ရှိတော့သည်။
အသစ်စက်စက် 'ကောင်းကင်ဝိညာဉ် ပေါက်တူး' ၅ လက် ပေါ်လာခဲ့သည်။
ချန်ကျီက တွေး လိုက်သည်နှင့် သံနကမရိုင်းမိုင်းတွင်းထဲက ကိုယ်ပွားများကို ချက်ချင်း ဆက်သွယ်လိုက်သည်။
ခဏချင်းတွင်ပင် 'ကောင်းကင်ဝိညာဉ် ပေါက်တူး' များ ပျောက်ကွယ်သွားခဲ့ပြီး ကိုယ်ပွားများက အကုန် ယူဆောင်သွားကြချေပြီ။
"ငါ ကိုယ်ပွား တစ်ယောက် လဲလှယ် ချင်တယ်"
"ကိုယ်ပွား တစ်ယောက် လဲလှယ်မှု၊ အမှတ် ၂၉၀၀ ကုန်ကျမည်၊ အတည်ပြုပါသလား"
"အတည်ပြုတယ်"
အမှတ် ၁၇၄၀၀ ကျန်ရှိတော့သည်။
ထို့နောက် ချန်ကျီ၏ ရှေ့မှောက်တွင် ဝါးတားတား အရိပ်တစ်ခု ပေါ်လာပြီး ချန်ကျီက သူ့အတွက် ရုပ်သွင်ပုံစံ ဖန်တီးပေးမည့်အရေးကို စောင့်ဆိုင်းနေသည်။
ချန်ကျီ တုံ့ဆိုင်းမနေခဲ့ပါ၊ ဤကိုယ်ပွား၏ ရုပ်သွင်ပုံစံကို သူ စောစောကတည်းက စဉ်းစားထားပြီးဖြစ်၏။
ထိုအချိန်တွင် နံပါတ် ၂၉ ကိုယ်ပွားက ခန္ဓာကိုယ် အဖြစ် စတင် စုစည်းလာခဲ့သည်။
ခေတ္တမျှ ကြာပြီးနောက် နံပါတ် ၂၉ ကိုယ်ပွား၏ ခန္ဓာကိုယ် စုစည်းမှု ပြီးဆုံး၍ ထွက်ပေါ်လာခဲ့သော်လည်း မျက်လုံးများကမူ အနည်းငယ် မိန်းမောတွေဝေနေဆဲ ဖြစ်သည်။
ချန်ကျီက ငြိမ်သက်စွာ စောင့်ဆိုင်းနေရင်း တွေးလိုက်သည်။ "ငါ့စိတ်ထဲက ပုံရိပ်အတိုင်း တကယ်ကို တစ်ထေရာတည်း တူတာပဲ"
ချန်ကျီ၏ ရှေ့မှောက်က နံပါတ် ၂၉ ကိုယ်ပွားမှာ အရပ်အမောင်း အလွန် ထွားကျိုင်းသန်မာပြီး ရုပ်ရည်မှာလည်း အလွန် ခန့်ညားချောမောကာ မျက်နှာ တည်ဆောက်ပုံမှာ ကျနလှပြီး မျက်ခုံးအစုံကြားတွင်လည်း ရဲရင့်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
"ဒီပုံစံက နည်းနည်း ချောလွန်းနေသလိုပဲ၊ ဆိုင်စောင့်မယ့် သူဌေး အဖြစ်ပဲ ထားဖို့ကျတော့... ဒီရုပ်ရည်ကို အားနာစရာကြီး ဖြစ်မနေဘူးလား"
ဤမျက်နှာကို ကြည့်ရင်း ချန်ကျီပင် သူ့ကိုယ်သူ အားငယ်စိတ် အနည်းငယ် ဖြစ်ပေါ်လာရသည်။
သူကိုယ်တိုင် အသက်အနည်းငယ် ငယ်သွားခဲ့လျှင်တောင် ချန်ကျီအနေဖြင့် နံပါတ် ၂၉ ကိုယ်ပွားနှင့် ကွာဟချက် ရှိနေသေးသည်ဟု ခံစားရသည်။
နံပါတ် ၂၉ ကိုယ်ပွားက နောင်တွင် ဆိုင်ကို အထူး တာဝန်ယူ လည်ပတ်ရမည် ဖြစ်ပြီး သူ၏ ရုပ်သွင်ကိုမူ ချန်ကျီက သူစိတ်ထဲတွင် မှတ်ထင်ထားဖူးသော 'ရှန်းဝမ်စန်း' ၏ ပုံစံအတိုင်း တိုက်ရိုက် ပုံဖော်ထားခြင်း ဖြစ်၏။
မကြာမီတွင် နံပါတ် ၂၉ ကိုယ်ပွား၏ မျက်လုံးများက စင်ကြယ်လင်းလက်လာခဲ့သည်။
"သခင်" နံပါတ် ၂၉ ကိုယ်ပွား၏ အသံမှာ ဟိန်းထွက်နေ၏။
"အင်း... ဒီနေ့ကစပြီး မင်းနာမည်က ရှန်းဝမ်စန်းပဲ"
"ဟုတ်ကဲ့ပါ သခင်"
"ငါနဲ့အတူ အပြင်ကို လိုက်ခဲ့"
"ဟုတ်ကဲ့"
ချန်ကျီ မထွက်ခွာမီ ဝတ်စုံစိမ်းနှင့် အမျိုးသမီးကို တစ်ချက် ပြောလိုက်သည်။ "ပင်ပန်းသွားရပြီ"
သို့သော်လည်း ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ ။
ချန်ကျီလည်း ဂရုမစိုက်တော့ဘဲ အသိစိတ် ကို အနန္တနေရာလွတ်ထဲမှ ပြန်ထုတ်လိုက်ရာ ရှန်းဝမ်စန်းကလည်း အတူတူ လိုက်ပါလာခဲ့သည်။
"သခင်... ဒါက ကိုယ်ပွားအသစ်လား" ကျောက်လင်းအာက ချန်ကျီ မျက်လုံးဖွင့်လာသည်ကို မြင်လိုက်ရသလို ဘေးနားတွင်လည်း လူတစ်ယောက် တိုးလာသည်ကို တွေ့လိုက်ရသည်။
"အင်း... မင်းတို့ မိတ်ဆက်ထားကြဦး၊ သူက ရှန်းဝမ်စန်းတဲ့၊ နောက်ဆိုရင် 'အနန္တ ကုန်စုံဆိုင်' ကို သူပဲ အထူး တာဝန်ယူ လည်ပတ်သွားမှာ"
ကိုယ်ပွားများအကြားတွင် မွေးရာပါ သဘာဝအလျောက် အာရုံခံစားနိုင်စွမ်း ရှိကြသဖြင့် တစ်ယောက်ကိုတစ်ယောက် ချန်ကျီ ဖန်တီးထားသည့် ကိုယ်ပွားများဖြစ်ကြောင်း အပြန်အလှန် ခံစားသိရှိနိုင်ကြသည်။
ကျောက်လင်းအာက အနည်းငယ် အရိုအသေပေး လိုက်ရင်း "ကျွန်မက ကျောက်လင်းအာပါ"
ရှန်းဝမ်စန်း၏ နာမည်ကို ချန်ကျီက မိတ်ဆက်ပေးပြီးဖြစ်၍ သူလည်း ထွေထွေထူးထူး ထပ်မပြောတော့ဘဲ လက်သီးဆုပ်၍ အပြန်အလှန် အရိုအသေပေး လိုက်သည်။
"လင်းအာ... မင်း သူ့ကို ဝမ်နန်မြို့ရဲ့ အခြေအနေကို အရင် ရှင်းပြပေးလိုက်ဦး၊ ပြီးရင် 'အနန္တ ကုန်စုံဆိုင်' ရဲ့ အခြေအနေကိုပါ ပြောပြလိုက်။ ငါ လုပ်စရာ ကိစ္စတစ်ခု ရှိသေးလို့၊ ခဏနေရင် ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက ပြန်ဖြေ လိုက်သည်။
ကျောက်လင်းအာက ချန်ကျီကို အနှောင့်အယှက် မဖြစ်စေရန် ရှန်းဝမ်စန်းကို ဘေးတစ်ဖက်သို့ ခေါ်သွားခဲ့သည်။
ချန်ကျီ၏ ရှေ့မှောက်တွင်မူ အလင်းတစ်ချက် လင်းလက်သွားပြီး စနစ် မျက်နှာပြင် ပေါ်လာခဲ့သည်။
ချန်ကျီက တုံ့ဆိုင်းမနေဘဲ အနန္တနေရာလွတ်ကို အဆင့်မြှင့်တင်ရန် တိုက်ရိုက် ရွေးချယ်လိုက်တော့သည်။
"အနန္တနေရာလွတ် အဆင့်မြှင့်တင်ခြင်း၊ အမှတ် ၁ သောင်း ကုန်ကျမည်၊ အတည်ပြုပါသလား"
စနစ်၏ သတိပေးချက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ချန်ကျီက အတည်ပြုရန် တိုက်ရိုက် ရွေးချယ်လိုက်သည်။
"အနန္တနေရာလွတ် အဆင့်မြှင့်တင်နေပါသည်၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပါ"
အမှတ် ၇၄၀၀ ကျန်ရှိတော့သည်။
"နောက်တစ်ကြိမ် အနန္တနေရာလွတ် အဆင့်မြှင့်တင်ဖို့ဆိုရင်တော့ အမှတ် တစ်သိန်းလောက် လိုအပ်မှာပေါ့။ အမှတ်တွေက ရှာရတာ မြန်သလို ကုန်ရတာလည်း မြန်တာပဲ။ ဒီသံရိုင်းနက်မိုင်းတွင်းက ငါ့ကို နောက်ထပ် အမှတ်တစ်သိန်း ထပ်ရှာပေးနိုင်တဲ့အထိ ကြံ့ကြံ့ခံနိုင်ပါစေလို့ မျှော်လင့်ရတာပဲ"
အနန္တနေရာလွတ်၏ အဆင့်မြှင့်တင်မှု အမြန်နှုန်း မှာ အလွန်မြန်ဆန်လှသဖြင့် ခဏအကြာတွင် စနစ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့သည်။
"ဂုဏ်ယူပါသည်၊ အနန္တနေရာလွတ် အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်"
"သတိပေးချက် - နောက်တစ်ကြိမ် အနန္တနေရာလွတ် အဆင့်မြှင့်တင်ရန် အမှတ် ၁၀၀၀၀၀ ကုန်ကျမည်ဖြစ်ပါသည်"
"တကယ်ပဲ..." ချန်ကျီ ဆွံ့အသွားရသည်။
စနစ်၏ မျက်နှာပြင် ကို ထပ်မံ ကြည့်လိုက်ရာ 'အနန္တနေရာလွတ် အဆင့် (၂)' ဆိုသည့် စာသားမှာ 'အနန္တနေရာလွတ် အဆင့် (၃)' အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
အခန်း (၇၀) ကောင်းကင် မျက်စိ၊ အစီအရင် လေ့လာခန်း
"အဆင့်မြှင့်တင်ပြီးနောက် အနန္တနေရာလွတ်ထဲမှာ ဘာတွေများ ထပ်ပြောင်းလဲသွားလဲဆိုတာ ဝင်ကြည့်ရအောင်" ချန်ကျီက ရေရွတ်လိုက်ရင်း တွေး လိုက်သည်နှင့် အသိစိတ်ကို အနန္တနေရာလွတ်ထဲသို့ သွင်းလိုက်သည်။
အနန္တနေရာလွတ်ထဲ ရောက်သည်နှင့် ချန်ကျီ ပထမဆုံး ခံစားလိုက်ရသည်မှာ နေရာလွတ်၏ အကျယ်အဝန်းက ပိုမိုကျယ်ဝန်းလာခြင်းဖြစ်ပြီး ယခင်ကထက် တစ်ဆခန့် ပိုမိုကျယ်ပြန့်သွားသည်။
ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်တစ်ခုလုံးကို တစ်ပတ်လှည့်ပတ် ကြည့်လိုက်ရာ အသစ်တိုးချဲ့ထားသော နေရာလွတ်ထဲတွင် ပန်းမန်၊ သစ်ပင်၊ တောအုပ်များ ပိုမိုထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
"အခုဆိုရင် အနည်းဆုံးတော့ စတုရန်းမီတာ နှစ်ထောင်လောက် ကျယ်ဝန်းတဲ့ ဧရိယာကို မြင်နေရပြီပဲ"
ချန်ကျီက ဝိညာဉ်စိုက်ခင်းရှိရာ နေရာသို့ ပြန်လာခဲ့ကာ တွေးလိုက်သည်။ "အရင်က ဝိညာဉ်စိုက်ခင်း ၂၀ ရှိရာကနေ အဆင့်မြှင့်ပြီးနောက် ၄၀ ဖြစ်သွားပြီပဲ။ ကြည့်ရတာ အနန္တနေရာလွတ်က တစ်ခါအဆင့်မြှင့်တိုင်း အမှတ်တွေ နှစ်ဆတိုးတိုးတောင်းတာကလည်း သက်သက်မဲ့ ဈေးခေါ်နေတာ မဟုတ်ဘူးပဲ။ ဒီဝိညာဉ်စိုက်ခင်း ၄၀ ရဲ့ အချိန်မြန် နှုန်းကလည်း နှစ်ဆလောက် တိုးသွားလောက်ပြီ။ အနှစ် ၃၀ သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်တွေက အခုဆိုရင် ခြောက်ရက်ပဲ အချိန်ပေးရတော့မယ်၊ ဒါဆိုရင် ရင့်မှည့်သွားနိုင်ပြီ"
ချန်ကျီက တွေး လိုက်သည်နှင့် ဝိညာဉ်စိုက်ခင်းအသစ် ၂၀ ပေါ်တွင် အနှစ် ၃၀ သက်တမ်းရှိ ဝိညာဉ်ဆေးပင်မျိုးစေ့များကို အကုန် ကြဲပက်လိုက်သည်။ အနှစ် ၃၀ သက်တမ်းရှိ ဝိညာဉ်ဆေးပင်မျိုးစေ့များက အများကြီး ကျန်ရှိနေသေးပြီး ၎င်းတို့မှာ ဝိညာဉ်ဆေးပင်များကို ခူးဆွတ်တိုင်း တမင်တကာ ချန်ထားခဲ့သော မျိုးစေ့များ ဖြစ်ကြသည်။
ဝိညာဉ်ဆေးပင်များ စိုက်ပျိုးပြီးနောက် ချန်ကျီက အနန္တဆိုင်ထဲသို့ ဝင်ရောက်ကာ ဝယ်ယူခြင်း မျက်နှာပြင်ကို ဖွင့်ပြီး အကြမ်းဖျင်း လှည့်ပတ်ကြည့်လိုက်သည်။ ယခုအခါ ရွှေအူတိုင်အဆင့် ရှိသော အရင်းအမြစ်များကိုပါ လဲလှယ်နိုင်နေပြီ ဖြစ်သော်လည်း ၎င်းတို့ကို နောင်မှ ဖြည်းဖြည်းချင်း ကြည့်၍ရသဖြင့် လောလောဆယ် မလောဆော်တော့ပေ။
ချန်ကျီက ယခုအချိန်တွင် စွမ်းရည် နှင့် လုပ်ဆောင်ချက် လဲလှယ်သည့် မျက်နှာပြင်တွင် ဘာတွေ အသစ်တိုးလာသလဲဆိုတာကိုသာ အဓိက ကြည့်ချင်နေခြင်း ဖြစ်သည်။
သူက စွမ်းရည်လဲလှယ်သည့် မျက်နှာပြင်ကို ဖွင့်လိုက်သည်။ စွမ်းရည်လဲလှယ်သည့် မျက်နှာပြင်ပေါ်တွင် သန့်ရှင်းမွန်မြတ်လှသော မျက်လုံးတစ်လုံးကဲ့သို့ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ကောင်းကင် မျက်စိ၊ ဈေးနှုန်း အမှတ် ၂၀၀၀။ အသုံးပြုသူသည် ပုံရိပ်ယောင် အားလုံးကို စိတ်ကြိုက် ဖောက်ထွင်းမြင်နိုင်မည် ဖြစ်သည်။ အစီအရင်များ၊ ဝင်္ကပါများ၊ ပုံရိပ်ယောင် များ၊ ကိုယ်ပျောက် ခြင်းများနှင့် ကျင့်ကြံခြင်းအဆင့်များ ပါဝင်သော်လည်း ၎င်းတို့ချည်းသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ တစ်ကြိမ်အသုံးပြုတိုင်း စစ်ဆေးခံရသည့် အရာဝတ္ထု၏ အဆင့်အပေါ် မူတည်၍ အမှတ်များ ကုန်ကျမည် ဖြစ်သည်။
"ဒီစွမ်းရည်က မဆိုးဘူးပဲ၊ ဒါက ကွန်ပြူတာဓာတ်မှန်လို မျက်လုံးမျိုး ရလိုက်သလိုပဲ၊ နောင်ကျရင် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေနဲ့ တွေ့ရင်တောင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် ဖောက်ထွင်းကြည့်လို့ရပြီ။ တကယ်လို့ ကျင့်ကြံသူကြီးတွေနဲ့ တွေ့ခဲ့ရင်တောင် စိတ်ထဲကနေ ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့။ ဒါပေမဲ့ ဒီအမှတ်ကုန်ကျမယ့် စနစ်က ဘယ်လိုသတ်မှတ်ထားလဲဆိုတာတော့ မသိဘူး"
ချန်ကျီက ခေတ္တမျှ စဉ်းစားပြီးနောက် တိုက်ရိုက်ပင် လဲလှယ်ရန် ရွေးချယ်လိုက်ရာ အမှတ် ၂၀၀၀ ကုန်ကျသွားခဲ့သည်။
အမှတ် ၅၄၀၀ ကျန်ရှိတော့သည်။
ချန်ကျီက တစ်ခါတရံ တွေးမိသည်မှာ သူက ဤစွမ်းရည်များကို လဲလှယ်ထားသော်လည်း တစ်ခါမျှ မသုံးဖူးသေးပေ ။ 'ပြိုင်ဘက်ကင်း ရွှေခန္ဓာ' နှင့် 'တစ်သောင်းသော ပြောင်းလဲခြင်း' စွမ်းရည်တို့မှာ အမှတ်များကို ဆက်တိုက် ကုန်ဆုံးစေမည့် စွမ်းရည်များဖြစ်ပြီး ကုန်ကျမှုပမာဏကလည်း အလွန်များပြားလှသည်။
ပထမအချက်မှာ သူ့အနေဖြင့် အသုံးပြုရန် အခွင့်အရေးမရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လောလောဆယ် သူ မသုံးစွဲနိုင်သေးခြင်းကြောင့် ဖြစ်သည်။ အကယ်၍သာ အမှတ်များ မကုန်ကျနိုင်ပါက သူက ရုပ်သွင်တစ်ခုကို တိုက်ရိုက်ပြောင်းလဲပြီး 'အနန္တ ကုန်စုံဆိုင်' ကို ဆက်လက် ဖွင့်လှစ်နိုင်ရမည်ဖြစ်ရာ ကိုယ်ပွားတစ်ခုကို တမင်တကာ ထပ်မံပြုလုပ်နေစရာ မလိုတော့ပေ။
စွမ်းရည်လဲလှယ်သည့် မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက် ချန်ကျီက ဆက်လက်၍ လုပ်ဆောင်ချက်လဲလှယ်သည့် မျက်နှာပြင်ကို ဖွင့်လိုက်သည်။ လုပ်ဆောင်ချက်လဲလှယ်သည့် မျက်နှာပြင်ပေါ်တွင်လည်း အလားတူ ပုံရိပ်တစ်ခု ရှိနေပြီး ၎င်းပုံရိပ်ပေါ်တွင်မူ အဆောက်အအုံပုံစံတစ်ခု ရှိနေသည်။
အစီအရင် လေ့လာခန်း၊ ဈေးနှုန်း အမှတ် ၁၀၀၀။ မန္တန်အစီအရင်များကို အလိုအလျောက် လေ့လာပေးမည် ဖြစ်သည်။ မြင်ဖူးသမျှ အစီအရင် အားလုံးကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်ပြီး တတ်မြောက်သွားသော အစီအရင်များကိုမူ မျက်စိတစ်မှိတ်အတွင်း တည်ဆောက်နိုင်သည်။ လေ့လာနေစဉ်အတွင်း တစ်နာရီလျှင် အမှတ် ၁၀၀ ကုန်ကျမည် ဖြစ်သည်။
"ဒီအစီအရင် လေ့လာခန်းကတော့ ကောင်းကင် မျက်စိနဲ့ ကွက်တိ ကိုက်ညီသွားတာပဲ။ ကောင်းကင် မျက်စိက အစီအရင်တွေကို ဖောက်ထွင်းကြည့်မယ်၊ အစီအရင် လေ့လာခန်းကကျတော့ အစီအရင်တွေကို လေ့လာမယ်။ အလိုအလျောက် ကျင့်ကြံခြင်းအခန်းနဲ့ သဘောတရားချင်း အတူတူပဲ၊ အမှတ်တွေ ကုန်ရုံနဲ့ အလိုအလျောက် ကျင့်ကြံနိုင်တာပဲ။ ပြီးတော့ အစီအရင်လမ်းစဉ်ကလည်း အလွန် လက်တွေ့ဆန်တယ်၊ နောင်ကျရင် ငါကိုယ်တိုင် ပြိုင်ဘက်ကင်း ဂူတစ်ခုကို တည်ဆောက်လို့ရတာပေါ့"
ချန်ကျီက တုံ့ဆိုင်းမနေခဲ့ပါ၊ ဤမျှ လက်တွေ့ဆန်သော လုပ်ဆောင်ချက်မျိုးကို သူက တိုက်ရိုက်လဲလှယ်ရန်သာ ရွေးချယ်လိုက်တော့သည်။ အမှတ် ၁၀၀၀ ကုန်ကျသွားပြီးနောက် လုပ်ဆောင်ချက်လဲလှယ်သည့် မျက်နှာပြင်ပေါ်ရှိ အစီအရင် လေ့လာခန်း ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
အမှတ် ၄၄၀၀ ကျန်ရှိတော့သည်။
"အမှတ် ၄ ထောင်ကျော် ကျန်သေးတာပဲ၊ ထားလိုက်ပါတော့၊ အကုန် သုံးပစ်လိုက်မယ်၊ အဟောင်းမသွားရင် အသစ်မလာဘူး၊ ပိုက်ဆံကုန်သွားရင်လည်း ပြန်ရှာလို့ရတာပဲ"
ချန်ကျီက ကိုယ်ပွား တစ်ယောက်ကို ထပ်မံလဲလှယ်လိုက်ရာ နံပါတ် ၃၀ မြောက် ကိုယ်ပွားအဖြစ် ကွက်တိဖြစ်သွားပြီး အမှတ် ၃၀၀၀ ကုန်ကျသွားခဲ့သည်။ နံပါတ် ၃၀ ကိုယ်ပွား၏ ရုပ်သွင်ကိုမူ ချန်ကျီက တမင်တကာ ပုံမဖော်တော့ဘဲ စိတ်ထဲရှိရာ ပုံစံတစ်ခုကိုသာ ရွေးချယ်လိုက်သည်။ နံပါတ် ၃၀ ကိုယ်ပွား၏ ခန္ဓာကိုယ်က စတင် ရုပ်လုံးပေါ်လာခဲ့သည်။
ချန်ကျီက လက်နက်များ လဲလှယ်သည့် မျက်နှာပြင်ကို ထပ်မံဖွင့်လှစ်ပြီး အလျင်အမြန် ရှာဖွေလိုက်သော်လည်း 'ကောင်းကင်ဝိညာဉ် ပေါက်တူး' ကဲ့သို့သော မြေကြီး အဆင့် လက်နက်မျိုးကို မတွေ့ရပေ။ ထို့ကြောင့် သူက 'ကောင်းကင်ဝိညာဉ် ပေါက်တူး' တစ်လက်ကိုသာ ထပ်မံလဲလှယ်လိုက်ရာ အမှတ် ၁၀၀၀ ကုန်ကျသွားခဲ့သည်။
အမှတ် ၄၀၀ သာ ကျန်ရှိတော့သည်။
"တစ်ခါပြန်ပြီး လူမွဲ ဖြစ်သွားပြန်ပြီ၊ တခြားလူတွေက လကုန်မှ ပိုက်ဆံပြတ်ကြတာ၊ ငါကတော့ တစ်ရက်တည်းနဲ့ ပြတ်တာပဲ"
'ကောင်းကင်ဝိညာဉ် ပေါက်တူး' က ချန်ကျီ၏ ရှေ့မှောက်တွင် ပေါ်လာခဲ့ပြီး ထိုအချိန်တွင် နံပါတ် ၃၀ ကိုယ်ပွား၏ ခန္ဓာကိုယ်မှာလည်း အောင်မြင်စွာ ရုပ်လုံးပေါ်လာခဲ့ကာ မျက်လုံးများကလည်း စင်ကြယ်လင်းလက်လာခဲ့သည်။
"သခင်" နံပါတ် ၃၀ ကိုယ်ပွားက လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
"အင်း... 'ကောင်းကင်ဝိညာဉ် ပေါက်တူး' ကို ယူပြီး မိုင်းသွားတူးချေတော့"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက တွေး လိုက်သည်နှင့် သံနက်ရိုင်းမိုင်းတွင်းထဲက ကိုယ်ပွားများထံသို့ စိတ်ချင်းဆက်သွယ်၍ အသိပေးလိုက်သည်။ ခဏချင်းတွင်ပင် နံပါတ် ၃၀ ကိုယ်ပွားက အနန္တနေရာလွတ်ထဲမှ ပျောက်ကွယ်သွားခဲ့ပြီး သံနက်ရိုင်းမိုင်းတွင်းထဲသို့ ဆင့်ခေါ်ခြင်း ခံလိုက်ရသည်။
ယခုအချိန်အထိ ချန်ကျီတွင် စုစုပေါင်း ကိုယ်ပွား ၃၀ ရှိသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိရှိသော ကိုယ်ပွား ၃၀ ထဲတွင် ၄ ယောက်မှာ သူ့အတွက် အပြင်တွင် ကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည်။ ၂၆ ယောက်မှာ သံနက်ရိုင်းမိုင်းတွင်းထဲတွင် ရှိနေကြပြီး နေ့စဉ် ကိုယ်ပွား ၃ ယောက်မှာ ရုပ်သေးသဖွယ် ယဲ့မိသားစုဝင်များကို စောင့်ကြပ်ရန်နှင့် သံနက်ရိုင်းမိုင်းဂူအပြင်ဘက်တွင် ကင်းစောင့်ရန် တာဝန်ယူရသည်။ ကျန်ရှိသော ကိုယ်ပွား ၂၃ ယောက်ကမူ မနားတမ်း မိုင်းတူးရန် တာဝန်ယူရသည်။
ချန်ကျီက ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံ သွားရောက်၍ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' တစ်လုံးကို လဲလှယ်ရန် ထပ်မံ ကြိုးစားကြည့်သော်လည်း နောက်ဆုံးရလဒ်မှာ သူ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ တကယ်ပဲ လဲလှယ်၍မရပါ၊ ခွင့်ပြုချက် မပြည့်စုံသေးပေ ။
ဤသို့ကြည့်ရလျှင် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' မှာ အခြေတည် ဝိညာဉ်အဆင့် ရှိသော ဆေးလုံးတစ်မျိုး ဖြစ်ရန် အလွန်နီးစပ်လှသည်။ သို့သော်လည်း ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဤမျှ အဖိုးတန်လှသော ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ချန်ဖန်နှင့် လဲလှယ်ခဲ့ခြင်းအပေါ် ချန်ကျီအနေဖြင့် အနည်းငယ် အံ့သြမိဆဲ ဖြစ်သည်။ သူက တိုက်ရိုက် အဓမ္မတောင်းယူသွားနိုင်ပါလျက်နှင့် နောက်ဆုံးတွင် အဖိုးတန်ဆေးလုံးတစ်လုံးကို ပေးချေခဲ့သည်။ ချန်ကျီအနေဖြင့် တကယ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
နားမလည်နိုင်သဖြင့် ချန်ကျီလည်း အဝေးကြီးအထိ ဆက်မတွေးတော့ဘဲ သဘာဝအတိုင်းသာ လွှတ်ထားလိုက်သည်၊ အချိန်တန်လျှင် အမှန်တရားက ပေါ်ပေါက်လာမည်သာ ဖြစ်သည်။
ဆက်မတွေးတော့ဘဲ ချန်ကျီက အနန္တဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့ရာ ကိုယ်ပွားနားနေဆောင်၏ ဘေးနားတွင် အဆောက်အအုံ တစ်ခု ထင်ထင်ရှားရှား ဆောက်လုပ်ပြီးစီးနေသည်ကို တွေ့လိုက်ရသည်။ ၎င်းအဆောက်အအုံပေါ်တွင် ဆိုင်းဘုတ်တစ်ခု ရှိနေပြီး 'အစီအရင် လေ့လာခန်း' ဟု ရေးသားထားသည်။
ချန်ကျီက အစီအရင် လေ့လာခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့ရာ ဤနေရာက အလိုအလျောက် ကျင့်ကြံခြင်းအခန်းကဲ့သို့ပင် ဝါးတားတား ပံုရိပ်တစ်ခုက တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်နေသည်။ ချန်ကျီတွင် ယခုလောလောဆယ် လေ့လာစရာ အစီအရင် မရှိသေးသဖြင့် ဆက်လက်၍ အများကြီး မကြည့်တော့ပေ။
ချန်ကျီက အသိစိတ်ကို တစ်ချက်ပြောင်းလဲလိုက်ပြီး အသိစိတ်ကို အနန္တနေရာလွတ်ထဲမှ ပြန်ထုတ်လိုက်သည်။
ကျောက်လင်းအာနှင့် ရှန်းဝမ်စန်းတို့က ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ကျောက်လင်းအာက ရှန်းဝမ်စန်းကို ရှင်းပြပြီးနောက် ချန်ကျီ ပြန်လည်နိုးထလာမည့်အရေးကို ဘေးနားတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
"လင်းအာ... ငါ အပြင်ကို တစ်ခေါက်သွားဦးမယ်၊ မင်း အိမ်မှာပဲ သေသေချာချာ စောင့်နေနော်"
"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက လိမ္မာယဉ်ကျေးစွာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ရှန်းဝမ်စန်း... မင်းရဲ့ ခန္ဓာကိုယ်ကို ခဏလောက် သုံးရအောင်"
"သခင် စေခိုင်းသမျှ အကုန် နာခံပါ့မယ်" ရှန်းဝမ်စန်းက တည်ကြည်စွာ ပြောလိုက်သည်။
ချန်ကျီက ပက်လက် ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး ခန္ဓာကိုယ်ကို သက်သောင့်သက်သာရှိမည့် ပုံစံမျိုး ဖြစ်အောင် ပြင်လိုက်သည်။ ယနေ့ အပြင်သို့ သွားမည့်အချိန်က အနည်းငယ် ကြာမြင့်နိုင်ပြီး ကိစ္စ အတော်များများကလည်း မလုပ်ရသေးပေ ။
ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ချန်ကျီက တွေး လိုက်သည်နှင့် အသိစိတ်ကို ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းစေလိုက်သည်။
ခဏချင်းတွင်ပင် ချန်ကျီက ရှန်းဝမ်စန်း၏ ဤခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ ရှန်းဝမ်စန်း၏ အသိစိတ်ကလည်း ပျောက်ကွယ်သွားခြင်းမရှိဘဲ သူကလည်း ချန်ကျီနှင့်အတူ သူ့ခန္ဓာကိုယ်၏ မြင်ကွင်းများကို အတူတူ မျှဝေခံစားနိုင်သော်လည်း ဤခန္ဓာကိုယ်ကိုမူ သူ မထိန်းချုပ်နိုင်တော့ပေ။
အသိစိတ်က ရှန်းဝမ်စန်း၏ ကိုယ်ပေါ်သို့ ရောက်ရှိနေသော ချန်ကျီက ပက်လက် ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသည့် ကိုယ့်ကိုကိုယ် ပြန်လည် ကြည့်လိုက်သည်။
"ဒီခံစားချက်က နည်းနည်းတော့ ထူးဆန်းတာပဲ" ချန်ကျီက ခေါင်းခါရင်း ပြုံးလိုက်ကာ "လင်းအာ... မင်း အိမ်ကို သေသေချာချာ စောင့်ထားနော်"
"ဟုတ်ကဲ့ပါ သခင်" ကျောက်လင်းအာက ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ကို ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။