အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅) ရေနဂါးနန်းတော် ကို ရေလွှမ်းခြင်း (အချင်းချင်း မသိဘဲ တိုက်ခိုက်မိခြင်း)
'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ဆိုသည်မှာ အလွန်အမင်း အဆင့်မြင့်လှသော ဝိညာဉ်ဆေးပင်မျိုး မဟုတ်ပေ၊ ၎င်းကို အသုံးပြု၍ ဖော်စပ်ရသည့် ဆေးနည်း များမှာလည်း အလွန်နည်းပါးလှသည်။
သို့သော်လည်း ဤဆေးပင်မျိုးက အလွန် ရှားပါးလှပြီး အဆင့် အတန်ငယ်မြင့်သော ဝိညာဉ်ဆေးပင် အများစုတွင် သားရဲများ စောင့်ကြပ်နေလေ့ ရှိသည်။
ဝိညာဉ်ဆေးပင်၏ ရနံ့ကိုလည်း သားရဲများက ဖုံးကွယ်ထားတတ်သဖြင့် ရှာဖွေတွေ့ရှိရန် ပို၍ပင် မလွယ်ကူပေ ။
ထို့ကြောင့် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' တစ်ပင်ကို ရှာဖွေတွေ့ရှိရန်မှာ လုံးဝ ကံတရားပေါ်တွင်သာ မူတည်ပေသည်။
သို့မဟုတ်ပါက သားရဲများကို အဆက်မပြတ် လိုက်လံ အမဲလိုက် သတ်ဖြတ်ရမည် ဖြစ်ပြီး အချို့သော သားရဲများမှာ သေခါနီးအချိန်တွင် အသက်လု၍ ထပ်မံ ရုန်းကန်လိုကြသဖြင့်... ၎င်းတို့ ပြေးဝင်ကာ စောင့်ကြပ်နေသော ဝိညာဉ်ဆေးပင်ကို စားသုံးပြီး အဆင့်ကို အတင်းအကျပ် ချိုးဖျက်၍ တက်လှမ်းရန် ကြိုးစားတတ်ကြသည်။
သို့သော်လည်း ဤသို့သော မျှော်လင့်ချက်မှာ အလွန် သေးငယ်လှပေသည်၊ မည်သည့်သားရဲက မည်သည့်ဆေးပင်ကို စောင့်ကြပ်နေသည်ကို မည်သူက သိနိုင်ပါအံ့နည်း၊ ဤအရာက လုံးဝ ကံစမ်းရခြင်း သက်သက်သာ ဖြစ်၏။
ဝိညာဉ်ဆေးပင်ကို ရရှိရန် မလွယ်ကူလှသဖြင့်သာ သတ်မှတ်ထားသော ဝိညာဉ်ဆေးပင်များအတွက် ဆုကြေးငွေဖြင့် ကမ်းလှမ်းသော တာဝန်များ မကြာခဏ ရှိနေခြင်း ဖြစ်ပေသည်။
ထိုအဖိုးအိုသည်လည်း ချန်ဖန်က ထိုအဆင့် ၂ သားရဲကို သတ်ဖြတ်လိုက်သည့် အချိန်ကျမှသာ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ၏ ရနံ့ကို အနည်းငယ် ရရှိခဲ့သဖြင့် ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာခြင်း ဖြစ်၏။
အဖိုးအိုက မြေပြင်သို့ ဆင်းသက်ပြီးနောက် နူးညံ့သိမ်မွေ့စွာဖြင့် စကားစလိုက်သည်။ "ဂျူနီယာလေး... ဒီ'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' က ငါ့အတွက် အလွန် အရေးကြီးလို့ပါ၊ ငါ့ကို ပေးပါလား၊ မင်းကို အစားထိုး နစ်နာကြေးတစ်ခုခု ပေးပါ့မယ်။ ငါ့ဆီမှာ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' တစ်လုံး ရှိတယ်၊ ဒါနဲ့ လဲလှယ်လို့ ရပါတယ်။ ငါ့ရဲ့ ဒီဆေးလုံးက 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ထက် တန်ဖိုး အများကြီး ပိုမြင့်တယ်။ ဒါက အခု မင်းရဲ့ အဆင့်အတန်းနဲ့ အလွန် ကိုက်ညီပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်စေရုံတင်မကဘဲ ကျင့်ကြံမှုကိုပါ တိုးတက် စွမ်းအားကြီးမားလာစေမှာပါ။ မင်း ထင်မှတ်မထားတဲ့ အကျိုးသက်ရောက်မှုအချို့ကိုတောင် ရရှိစေနိုင်လို့ မင်းအတွက်တော့ အကျိုးကျေးဇူးတွေ အများကြီး ရှိမှာပါ"
ထိုအဖိုးအို ပြောသမျှ အရာအားလုံးမှာ ချန်ဖန်ကို အရင်ဆုံး တည်ငြိမ်သွားစေရန်အတွက် ဖြစ်သည်။
ချန်ဖန်က စိတ်လှုပ်ရှားသွားပြီး 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို ဖျက်ဆီးပစ်မည်ကို သူ စိုးရိမ်နေခြင်း ဖြစ်၏။
သို့မဟုတ်ပါက ချန်ဖန်ကို သတ်ပစ်လျှင်ပင် နောက်ထပ် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' တစ်ပင်ကို မည်သည့်အချိန်မှ ထပ်မံ တွေ့ရမည်မှန်း မသိနိုင်သဖြင့် အရှုံးနှင့် အမြတ် မကာမိဘဲ ဖြစ်သွားပေလိမ့်မည်။
'ရွှမ်ယန် ချင်းလင် ဆေးလုံး' မှာ ချန်ဖန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်အတွက် သေချာပေါက် အလွန် အကျိုးရှိလှပေသည်။
ဤဆေးလုံးက အလွန် အဖိုးတန်လှသဖြင့် သူသည်လည်း အလွယ်တကူ ထုတ်ပေးလေ့မရှိပေ။
သို့သော်လည်း ယခုအချိန်တွင် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' က သူ့အတွက် ပို၍ အရေးကြီးနေသည်။
အဖိုးအိုက ဆေးလုံးနှင့် လဲလှယ်မည်ဟု ပြောသည်ကို ကြားသောအခါ ချန်ဖန်က အတန်ငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ "ခင်ဗျားပြောတဲ့ ရွှေယန် ဘာဆေးလုံးလဲဆိုတာကို ကျွန်တော်လည်း မသိဘူး၊ တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို လိမ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ကြည့်ရတာ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်တော့်ထက် မြင့်နေတာ သိသာတယ်၊ တကယ်လို့ ကျွန်တော်က ဒီဝိညာဉ်ဆေးပင်ကို ခင်ဗျားကို ပေးလိုက်ပြီးမှ ခင်ဗျားက ကတိဖျက်သွားရင် ကျွန်တော်က လူကော ပစ္စည်းကော အဆုံးရှုံးခံရမှာပေါ့။ မရဘူး... ကျွန်တော် ခင်ဗျားကို မယုံဘူး၊ မလဲနိုင်ဘူး၊ ခင်ဗျား ဝေးဝေးကို သွားလိုက်ပါ၊ မဟုတ်ရင် ကျွန်တော် ဒါကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်မယ်"
"မလုပ်နဲ့... လုံးဝ မလုပ်ပါနဲ့" အဖိုးအိုက အလျင်အမြန် လက်လှမ်း၍ တားဆီးလိုက်ပြီး သူ့တွင် မရိုးသားသော ရည်ရွယ်ချက် မရှိကြောင်း ပြသသည့်အနေဖြင့် မတတ်သာဘဲ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်ပေးလိုက်သည်။
အဖိုးအို၏ မျက်နှာတစ်ခုလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်၊ သူ့အရှေ့က လူငယ်လေးက တကယ့်ကို အကျိုးအကြောင်း မသိတတ်သည့် လူပေတေလေးတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော၊ သူက ဤမျှအထိ အကောင်းပြောနေသော်လည်း တစ်ဖက်လူက လုံးဝ မယုံကြည်ပေ။
သို့သော်လည်း အဖိုးအိုတွင် အခြားနည်းလမ်းမရှိပေ ၊ ဤ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' က သူ့အတွက် အလွန် အရေးကြီးလွန်းလှသဖြင့် ချန်ဖန်နှင့် ဆက်လက်၍ စိတ်ရှည်လက်ရှည် စကားပြောရန်သာ ရွေးချယ်နိုင်တော့သည်။
အဖိုးအို စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား ချန်ဖန်ကို ဝမ်းသာအားရ ကြည့်လိုက်ပြီး စိတ်ထဲမှလည်း တိတ်တဆိတ် ရေရွတ်လိုက်သည်။ "ပူပန်လွန်းလို့ သတိမထားမိဘဲ ဉာဏ်မျက်စိ ကွယ်နေခဲ့တာပဲ... ပူပန်လွန်းလို့ အမှားအယွင်း ဖြစ်ရတာပဲ"
အဖိုးအိုက သူ၏ အမူအရာကို ပြန်လည် ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ "မင်းက ချင်းယွမ်ဂိုဏ်း က တပည့်တစ်ယောက် ဖြစ်ရမယ် ဟုတ်တယ်မလား၊ ပြီးတော့ အတွင်းစည်းတပည့် တစ်ယောက်လည်း ဟုတ်နေတာပဲ"
ချန်ဖန်က အဖိုးအိုကို ဇဝေဇဝါဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဒါက အရမ်း သိသာနေတဲ့ ကိစ္စပဲဥစ္စာ၊ မေးဖို့ လိုသေးလို့လား။ ခင်ဗျားက ကျွန်တော်တို့ ချင်းယွမ်ဂိုဏ်းအကြောင်းကို သိတယ်ဆိုရင်တော့ အခုပဲ ထွက်သွားဖို့ ကျွန်တော် အကြံပြုချင်တယ်၊ ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးက. အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူဗျ။ ဒါတင်မကသေးဘူး... ကျွန်တော်က ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီး အချစ်ဆုံး တပည့်ပဲ။ ကျွန်တော့်မှာ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးက သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး"
အဖိုးအိုက ချန်ဖန်၏ အစောပိုင်း စကားများကို ကြားသောအခါ ဟုတ်တုတ်တုတ်ဟု ခံစားလိုက်ရသည်။
ချန်ဖန်က ချင်းယွမ်ဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားရာ ချင်းယွမ်ဂိုဏ်း၏ တပည့်မဟုတ်ဘဲ အယောင်ဆောင်ထားသူတစ်ဦး ဖြစ်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ချန်ဖန်၏ နောက်ဆက်တွဲ စကားများကို ကြားလိုက်ရချိန်တွင်မူ အဖိုးအို၏ မျက်နှာတစ်ခုလုံး အမည်းစက်များ ထင်ကျန်သွားကာ စိတ်ပျက်သွားမိသည်။ "မင်းတို့ ဂိုဏ်းချုပ်က မင်းကို အလေး ထားတယ် ဟုတ်လား... ငါက ဘာလို့ မသိရတာလဲ၊ ဒီကောင်လေးကတော့ ငါ့အရှေ့မှာ ပေါက်ကရတွေ လာလျှောက်ပြောနေတာပဲ"
အဖိုးအို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ရှက်ကိုးရှက်ကန်း ပုံစံဖြင့် ပြောလိုက်သည်။ "မင်း ငါ့ရဲ့ ဒီဝတ်စုံကို တစ်ချက်လောက် ကြည့်လိုက်ဦး"
ပြောပြောဆိုဆိုဖြင့် အဖိုးအိုက ချန်ဖန်အား ပြသလိုသည့်အလား သူ၏ အဝတ်အစားများကို ခါယမ်းပြလိုက်သည်။
ချန်ဖန်က အဖိုးအို၏ ထိုသို့ အဝတ်အစား ခါယမ်းပြနေပြီး အလွန် ဂုဏ်ယူဝင့်ကြွားနေသည့် ပုံစံကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
အဝတ်အစားက အတန်ငယ် ဆန်းပြားပြီး ခန့်ညားလှသော်လည်း ဤမျှအထိ ဂုဏ်ယူပြနေရန် လိုအပ်ပါသလော။
ချန်ဖန်က တိုက်ရိုက်ပင် ပြောချလိုက်သည်။ "မလှဘူး"
အဖိုးအိုက ထိုစကားကို ကြားသောအခါ ဒေါသထွက်လွန်းသဖြင့် အံ့တကြိတ်ကြိတ် ဖြစ်သွားရသည်၊ ချန်ဖန်၏ လက်ထဲတွင် 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' သာ ရှိမနေခဲ့ပါက သူသည် ချန်ဖန်ကို မြေပြင်ပေါ်တွင် ဖိပြီး ရိုက် ပစ်ချင်စိတ် ပေါက်သွားပေလိမ့်မည်။
ချန်ဖန်ကလည်း အဖိုးအို၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသဖြင့် အော်ပြောလိုက်သည်။ "ကျွန်တော် ပြောသားပဲ... ခင်ဗျားက လူသတ်ပြီး ပစ္စည်းလုချင်နေတာပဲ၊ အခုတော့ အရှက်ရပြီး ဒေါသထွက်လာပြီမလား"
အဖိုးအိုမှာ တကယ့်ကို ဒေါသပေါက်ကွဲမတတ် ဖြစ်သွားပြီး ချန်ဖန်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်၊ သူက ဤကဲ့သို့သော ကျင့်ကြံသူမျိုးကို တစ်ခါမျှ မကြုံဖူးချေ၊ အတန်ငယ်မျှပင် စိတ်သဘောထား ကြီးမြတ်ခြင်း မရှိဘဲ ချင်းယွမ်ဂိုဏ်း တပည့်တစ်ယောက်၏ အရှိန်အဝါ မျိုး လုံးဝ မရှိပေ။
"အိုး... ငါလည်း အသက်ကြီးလို့ အိုမင်းသွားပြီ ထင်တယ်၊ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ၊ အဝတ်အစားကို မှတ်မိမထားနိုင်ရင်တောင် စာသားကိုတော့ မင်း သေချာပေါက် သိရမှာပေါ့"
အဖိုးအို၏ လက်ထဲတွင် ရုတ်တရက် တိုကင် နှင့် ဆင်တူသော ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။
"ဟင်... သူက လက်စသတ်တော့မလို့လား၊ ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါ အခြေအနေ မကောင်းတော့ဘူး ထင်တယ်။ အခုပဲ ဒီဝိညာဉ်ဆေးပင်ကို အနန္တနေရာလွတ်ထဲ ထည့်လိုက်ရမလား၊ ဒါမှမဟုတ် တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရမလား"
ချန်ဖန်က အဖိုးအို ထုတ်ယူလိုက်သည့် အရာကို မည်သည့် ရတနာ ဟု ထင်မှတ်နေပြီး သူ့အနေဖြင့် တိုက်ခိုက်၍ နိုင်မည်မဟုတ်ကြောင်း၊ ထွက်ပြေးရန် ကြိုးစားလျှင်လည်း ရလိမ့်မည်မဟုတ်ကြောင်း စိတ်ထဲ၌ အတည်ပြုလိုက်သည်။
ထို့အပြင် ဤ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' တစ်ပင်တည်းအတွက်နှင့် ချန်ကျီ ကို အနှောင့်အယှက် ပေးရန်လည်း မလိုအပ်ပေ။
သူ၏ မျက်ဝန်းများက သတိမထားမိဘဲ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ဆီသို့ ဦးတည်သွားခဲ့သည်။
"သူ ဘာလုပ်မလို့လဲ"
အဖိုးအိုက ချန်ဖန် ဘာလုပ်တော့မည်ကို ရိပ်မိသွားသည့်အလား အလျင်အမြန် လက်ထဲမှ တိုကင် ကို မြှောက်ပြကာ အော်ပြောလိုက်သည်။ "လူငယ်လေး... စိတ်မလောပါနဲ့၊ မင်း အရင်ဆုံး ဒါက ဘာလဲဆိုတာကို ကြည့်လိုက်ပါဦး"
ချန်ဖန်၏ စိတ်ထဲက ထိုအတွေးမှာ တွေးတောရုံသာ ရှိသေးသော်လည်း အဖိုးအို၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် လန့်သွားသဖြင့် လက်ချော်သွားလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော်လည်း တော်သေးသည်မှာ ချန်ဖန်က တည်ငြိမ်မှု ရှိနေသေးသဖြင့် ကြီးမားသော ဘေးအန္တရာယ် မဖြစ်ပွားခဲ့ခြင်း ဖြစ်၏။
ချန်ဖန်က အဖိုးအိုကို မကျေမနပ် ဖြစ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အတန်ငယ် အပြစ်တင်လိုဟန်ဖြင့် မေးလိုက်သည်။ "ဘာကို ကြည့်ရမှာလဲ"
အဖိုးအိုက ချန်ဖန် ဘာတွေးနေသည်ကို မသိဘဲ လက်ထဲက တိုကင် ကို ထပ်မံ မြှောက်ပြလိုက်ပြန်သည်။
ချန်ဖန် မျက်လုံးပင့်၍ ကြည့်လိုက်ရာ အတန်ငယ် ရင်းနှီးနေသကဲ့သို့ ရှိသော်လည်း သူ တစ်ခါမျှ မမြင်ဖူးကြောင်း အသေအချာ သိသဖြင့် ခေါင်းယမ်းပြကာ ပြောလိုက်သည်။ "သေချာ မမြင်ရဘူး"
အဖိုးအိုက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ခေါင်းကိုက်သွားရပြီး စိတ်ထဲမှလည်း ကျိန်ဆဲလိုက်မိသည်။ "ကောင်စုတ်လေး... မင်း စောင့်နေလိုက်ဦး၊ ငါ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို ရပြီးတာနဲ့ မင်းကို ဘယ်လို ဆုံးမရမလဲဆိုတာ ပြပေးမယ်"
အဖိုးအိုက လက်ထဲက တိုကင်ကို ကြည့်ကာ "စော်ကားမိရင် ခွင့်လွှတ်ပါ" ဟု စိတ်ထဲက ရေရွတ်ရင်း လက်ကို ဝှေ့ယမ်းကာ တိုကင် ကို ချန်ဖန်ရှိရာဘက်သို့ လှမ်းပစ်ပေးလိုက်သည်။
သူက ကိုယ်တိုင် လျှောက်သွားပြီး မပေးရဲချေ၊ အရှေ့က လူငယ်လေးက အတန်ငယ် ကြောင်တောင်တောင် ဖြစ်နေသဖြင့် ချန်ဖန်ကို ရုတ်တရက် စိတ်လှုပ်ရှားသွားအောင် ပြုလုပ်မိပါက ထိုကောင်လေးက 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို တကယ်ပဲ ဖျက်ဆီးပစ်ဝံ့သည်ကို သူ စိုးရိမ်နေခြင်း ဖြစ်၏။
"ကောင်စုတ်လေး... စောင့်နေလိုက်ဦး" အဖိုးအိုက တိုကင် ကို ပစ်ပေးရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်ပြန်သည်။
သို့သော်လည်း ချန်ဖန်၏ အာရုံစိုက်မှုကမူ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ပေါ်တွင်သာ အမြဲ ရှိနေခဲ့ပြီး သူက ဆေးပင်ကို ခူးဆွတ်ရမည်လော၊ သို့မဟုတ် ဖျက်ဆီးပစ်ရမည်လောဟုသာ တွေးတောနေသဖြင့် အဖိုးအို ပစ်လွှတ်လိုက်သည်မှာ တိုကင် ဖြစ်သည်ကို လုံးဝ သတိမထားမိခဲ့ပေ။
ချန်ဖန် သတိပြန်ဝင်လာသည့် အချိန်တွင်မူ အရာဝတ္ထုတစ်ခုက သူ့ထံသို့ ပျံသန်းလာသည်ကိုသာ မြင်လိုက်ရသဖြင့် "လက်နက်ပုန်းလား" ဟု ထင်မှတ်သွားသည်။
တိုကင် က ချန်ဖန်၏ အနီးသို့ ပျံသန်းလာချိန်တွင် သူက လက်ကို မြှောက်၍ 'မီးတောက်မန္တန်' ဖြင့် မီးလုံးတစ်လုံးကို ထုတ်ဖော်ကာ ပစ်လွှတ်လိုက်ရာ မီးလုံးနှင့် တိုကင် တို့ တိုက်မိသွားပြီး တိုကင် မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။
"ဟာ... သေစမ်း ..." အမြဲတမ်း နူးညံ့သိမ်မွေ့ တည်ငြိမ်လှသော အဖိုးအိုပင်လျှင် အခြေအနေကြောင့် ဆဲရေးတိုင်းထွာမိသွားရရှာသည်။
တိုကင် မြေပြင်ပေါ်သို့ ကျသွားသည်ကို မြင်သောအခါ သူက အပြေးအလွှား သွားရောက် ဖမ်းယူချင်စိတ် ပေါက်သွားသည်။
မီးလုံးက တိုကင် ပေါ်သို့ ထိမှန်သွားခြင်းအတွက်မူ သူ မစိုးရိမ်ပေ။
တိုကင် ကို အထူးသန့်စင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မန္တန်အစီအရင်များဖြင့်ပါ အကာအကွယ် ပေးထားသဖြင့် ပျက်စီးသွားရန် လုံးဝ မဖြစ်နိုင်ပေ ။
သို့သော်လည်း တိုကင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်းမှာ အလွန် ကြီးမားလှသော အရှက်ရမှုကြီး ဖြစ်ပေသည်၊ ၎င်းက သူတစ်ဦးတည်း၏ အရှက်ရမှု မဟုတ်ဘဲ ချင်းယွမ်ဂိုဏ်း၏ သမိုင်းအဆက်ဆက် ဂိုဏ်းချုပ်ကြီးများ၏ အဆင့်အတန်း အမှတ်အသား သင်္ကေတ ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' အတွက်ကြောင့် သူက ယာယီအားဖြင့် သည်းခံရန်သာ ရွေးချယ်လိုက်ရသည်။
ချန်ဖန်သည်လည်း ထိုအချိန်ကျမှသာ မြေပြင်ပေါ်က အရာမှာ တိုကင် ဖြစ်ကြောင်း သေသေချာချာ မြင်လိုက်ရပြီး အဖိုးအို၏ ပူပန်သောကရောက်နေသော အမူအရာကိုပါ မြင်လိုက်ရသည်။
သူ့အနေဖြင့် အထင်လွဲသွားခြင်းဖြစ်ကြောင်း၊ အဖိုးအိုက တိုကင် ကို သူ့အား သေသေချာချာ မြင်ရအောင် ပစ်ပေးခြင်းသာ ဖြစ်ကြောင်း သူ သိရှိသွားတော့သည်။
"တောင်းပန်ပါတယ်... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး၊ ခင်ဗျား ပစ်လိုက်တာ လက်နက်ပုန်းလို့ ထင်သွားလို့ပါ"
"ငါ့ရဲ့ ဒေါသအိုးလေး ထွက်လာတော့မှာပဲ..."
အဖိုးအိုက စိတ်ထဲတွင် ဆဲချင်နေသော်လည်း အားတင်းကာ အောင့်အီးထားရင်း နူးညံ့သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ မင်း အခုပဲ သေသေချာချာ ကြည့်လိုက်ပါ"
ဤစကားလုံး အနည်းငယ်ကို အဖိုးအိုက သွားကြိတ်၍ ပြောလိုက်ခြင်း ဖြစ်၏။
တိုကင် က အလွန် ဝေးကွာသော နေရာသို့ လွင့်စဉ်သွားခြင်း မဟုတ်သဖြင့် ချန်ဖန်က တိုက်ရိုက်ပင် 'ပစ္စည်းထိန်းချုပ်မန္တန်' ကို အသုံးပြု၍ တိုကင် ကို သူ၏ လက်ထဲသို့ ပျံသန်း ရောက်ရှိလာစေခဲ့သည်။
တိုကင် က လက်ထဲသို့ ရောက်ရှိလာသည်နှင့် ချန်ဖန်က နူးညံ့ပျော့ပျောင်းသော ခံစားချက်ကို ရရှိလိုက်သည်။
ဤတိုကင် ၏ ပစ္စည်းအရည်အသွေးမှာ အလွန်ပင် ကောင်းမွန်လှပေသည်။
ချန်ဖန်က တိုကင် ၏ ပစ္စည်းအရည်အသွေးကို ခံစားနေသည်ကို မြင်သောအခါ အဖိုးအိုက ထပ်မံ ခေါင်းကိုက်သွားရပြန်ကာ စိတ်ပျက်နေမိသည်။ "မင်း အရင်ဆုံး အပေါ်က စာသားကို သေသေချာချာ အရင် ကြည့်ပါဦးလား"
ချန်ဖန်က ခေတ္တမျှ ခံစားကြည့်သော်လည်း တိုကင် ကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူမသိသဖြင့် ထိုအချိန်ကျမှသာ တိုကင် ပေါ်က စာသားကို သေသေချာချာ ကြည့်လိုက်သည်။
"ချင်းယွမ်ဂိုဏ်း လား"
ဤစာသားသုံးလုံးကို မြင်လိုက်ရချိန်တွင် ချန်ဖန်က စိတ်ထဲမှ "ရေနဂါးနန်းတော် ကို ရေလွှမ်းတာပဲ... ဂိုဏ်းတူအချင်းချင်းကြီးလား" ဟု တုန်လှုပ်သွားမိသည်။
ချန်ဖန်က အဖိုးအိုကို မော့ကြည့်လိုက်သော်လည်း ဤဝတ်စုံမျိုးကို သူ မမြင်ဖူးချေ၊ ဂိုဏ်း၏ အကြီးအကဲများ ဝတ်ဆင်သော ဝတ်စုံနှင့် မတူပေ။
အဖိုးအိုကမူ ချန်ဖန်က 'ချင်းယွမ်ဂိုဏ်း' ဆိုသည့် စာသားသုံးလုံးကိုသာ မြင်ပုံရသည်ကို တွေ့သောအခါ ထပ်မံ ခေါင်းကိုက်သွားရပြန်ပြီး စိတ်ထဲက ညည်းတွားနေမိသည်။ "နောက်ကျောဘက်က စာသားကိုပါ တစ်ခါတည်း အကုန်လုံး ကြည့်လိုက်လို့ မရဘူးလား"
သို့သော်လည်း အဖိုးအိုက ယခုအခါ အလွန် ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ပြသလိုက်ပြီး စိတ်ထဲမှလည်း ကျေနပ်နေခဲ့သည်။ "ဘယ်လိုလဲ... အခုထိ ဒူးမထောက် သေးဘူးလား"
ချန်ဖန်က စိုးရိမ်ထိတ်လန့်သော စိတ်ဖြင့် တိုကင် ကို နောက်ပြန်လှန်လိုက်ပြီး နောက်ကျောဘက်တွင် ထွင်းထုထားသော စာသားနှစ်လုံးကို သေသေချာချာ ကြည့်လိုက်သည့် အချိန်တွင်မူ
"သွားပြီ"
အခန်း (၆၆) ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်
ဂိုဏ်းချုပ်
ထိုစာသားကြီးနှစ်လုံးမှာ ချန်ဖန်၏ မျက်လုံးထဲသို့ အတိုင်းသား တိုးဝင်လာခဲ့သည်။
ချန်ဖန်က တိုကင်ကို ကြည့်လိုက်ပြီးနောက် အဖိုးအိုကို ထပ်မံ မော့ကြည့်လိုက်မိသည်။
ဒီတစ်ခေါက်တော့ တကယ့်ကို သွားပြီ ဖြစ်၏၊ ဤအဖိုးအိုက ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ဖြစ်နေသည် မဟုတ်ပါလော။
တစ်ဖက်လူက လက်ညှိုးလေး တစ်ချောင်း ဝှေ့ယမ်းလိုက်ရုံဖြင့် သူမှာ အသက်ပျောက်သွားနိုင်သည်။
ယခု ဘာဆက်လုပ်ရပါအံ့နည်း။
ဒီအဖိုးကြီးကလည်း စောစောက ဘာလို့ သူ့ရဲ့ ဝတ်စုံကို အတင်း လိုက်ကြည့်ခိုင်းနေလဲဆိုတာ အခုမှ သဘောပေါက်တော့သည်။
ဒါက ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ် ဝတ်ဆင်ရသည့် ဝိညာဉ်ဝတ်ရုံ ဖြစ်နေ၍ပင်။
သူ ချင်းယွမ်ဂိုဏ်းသို့ ရောက်ရှိလာသည်မှာ တစ်လပင် မပြည့်သေးချေ၊ ဂိုဏ်းချုပ်ကိုလည်း တစ်ခါမျှ မမြင်ဖူးသလို ဂိုဏ်းထဲတွင် နေထိုင်ခဲ့သည့် အချိန်မှာလည်း မများလှရာ ဤဝတ်ရုံကို ဘယ်မှာ သွား၍ သိနိုင်ပါအံ့နည်း။
"စောစောက ငါက မလှဘူးလို့တောင် ပြောလိုက်သေးတယ်၊ ဒီတစ်ခါတော့ တကယ် သေတာထက် ပိုဆိုးပြီ။ ဒီအဖိုးကြီးကလည်း အစကတည်းက တိုက်ရိုက် ပြောလိုက်ရင် ပြီးနေတာကို၊ ဘာလို့ ဒီလို ပဟေဠိ ဝှက်နေရတာလဲ။ သခင်... သခင် ကျွန်တော့်ကို ချင်းယွမ်ဂိုဏ်းထဲမှာ ပုန်းအောင်းနေဖို့ ပေးထားတဲ့ တာဝန်ကတော့ မပြီးမြောက်နိုင်တော့ဘူး ထင်တယ်ဗျာ။ ကျိုးချွမ်နဲ့ မိုယောင်တို့ရဲ့ သတင်းကိုလည်း ကျွန်တော် စုံစမ်းလို့ ရတော့မှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲ..."
"ဂိုဏ်း... ဂိုဏ်းချုပ်လား..." ချန်ဖန်က စိတ်ထဲတွင် အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးမှ တုန်တုန်ရီရီဖြင့် လှမ်းမေးလိုက်သည်။
အဖိုးအိုက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ချန်ဖန်အား လက်ဟန်ပြလိုက်သည်ကို တွေ့ရ၏။
ချန်ဖန်က ချက်ချင်းပင် သဘောပေါက်သွားကာ တိုက်ရိုက်ပင် 'ပစ္စည်းထိန်းချုပ်မန္တန်' ကို အသုံးပြု၍ ဂိုဏ်းချုပ်တိုကင်ကို ဂိုဏ်းချုပ်ရှိရာ ဘက်သို့ ဖြည်းညင်းစွာ ပျံသန်း သွားစေခဲ့သည်။
ဂိုဏ်းချုပ်က တိုကင်က သူ့အရှေ့သို့ ပျံသန်း ရောက်ရှိလာသည်ကို မြင်သောအခါ အသာအယာ ဖမ်းယူလိုက်ပြီး လက်ထဲတွင် အသာအယာ ပွတ်သပ် သန့်စင်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘိုးဘေးတို့ရေ... အပြစ်မယူကြပါနဲ့၊ မျိုးဆက်သစ် တပည့်က အူကြောင်ကြောင် ဖြစ်နေလို့ပါ၊ ခွင့်လွှတ်ပေးကြပါ"
ဂိုဏ်းချုပ်တိုကင်ကို သန့်စင်ပြီးနောက်မှ အဖိုးအိုက တိုကင်ကို ပြန်လည် သိမ်းဆည်းလိုက်တော့သည်။
အဖိုးအိုက ချန်ဖန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ "မင်းက ဒီ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို ရှာတွေ့ခဲ့တာဆိုတော့ ဂိုဏ်းအတွက် ကြီးမားတဲ့ အကျိုးပြုမှုကို လုပ်ဆောင်ခဲ့တာပဲ၊ ကြည့်ရတာ မင်းက ဂိုဏ်းရဲ့ တာဝန်ကို လက်ခံပြီးမှ ထွက်လာပြီး ရှာဖွေတာ ဖြစ်ရမယ်။ ဒီ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ပုလင်းကို မင်းကို ဆုလာဘ်အနေနဲ့ ပေးလိုက်မယ်၊ ချင်းယွမ်ဂိုဏ်းကို ပြန်ရောက်တဲ့အခါကျရင်လည်း ဂိုဏ်းရဲ့ ကုသိုလ်မှတ် တွေကို ပုံမှန်အတိုင်း ထည့်ပေးလိုက်မယ်"
ပြောပြီးသည်နှင့် အဖိုးအိုက 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ပုလင်းကို ချန်ဖန်၏ ရှေ့သို့ လှမ်းပို့ပေးလိုက်သည်။
ချန်ဖန်က စိုးရိမ်ထိတ်လန့်စွာဖြင့် လက်တစ်ဖက်ဖြင့် ဆေးပုလင်းကို လှမ်းယူလိုက်ရာ ဆေးပုလင်း လက်ထဲ ရောက်သည်နှင့် ၎င်းမှာ အလွန် ကောင်းမွန်သော ဆေးလုံး ဖြစ်ကြောင်း ခံစားလိုက်ရပြီး တန်ဖိုးမှာလည်း 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ထက် မနိမ့်နိုင်ကြောင်း သေချာသွားသည်။
သို့သော်လည်း ချန်ဖန်၏ အခြား လက်တစ်ဖက်ကမူ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ပေါ်တွင် ရှိနေဆဲ ဖြစ်၏။
"ဒီကောင်လေးကတော့..." ချန်ဖန်၏ လှုပ်ရှားမှုကို ဂိုဏ်းချုပ်က အထင်အရှား မြင်လိုက်ရသဖြင့် ချန်ဖန်က သူ့အပေါ် စိတ်မချသေးကြောင်း ရိပ်မိလိုက်သည်။
ချန်ဖန်က သေချာပေါက် စိတ်မချနိုင်သေးချေ၊ အဖိုးအိုက သူ၏ အဆင့်အတန်းကို ဖော်ပြလိုက်ပြီး သူကိုယ်တိုင်လည်း လက်ခံလိုက်ပြီ ဖြစ်သော်လည်း တစ်ဖက်လူက အခြေတည် ဝိညာဉ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်နေသဖြင့် သူ့ကို သတ်ပစ်ရန်မှာ ကစားစရာကဲ့သို့ လွယ်ကူလှပေသည်။
"မင်းရဲ့ သတိထားမှုက မဆိုးပါဘူး၊ ဒါပေမဲ့ လွန်ကဲသွားရင်တော့ ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး"
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချန်ဖန်က ဤစကားထဲက ခြိမ်းခြောက်မှု အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် လက်ကို လွှတ်ရတော့မည် ဖြစ်ကြောင်း သိလိုက်၏။
"ထားလိုက်ပါတော့... ဒီ 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို လိုချင်တာကလည်း တာဝန်အတွက်ပဲဥစ္စာ။ အခု ဒီ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ရပြီဆိုတော့ သေသွားရင်တောင် မရှုံးပါဘူး" ချန်ဖန်က စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်သည်။
ချန်ဖန်၏ လက်က 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ပေါ်မှ ဖြည်းညင်းစွာ ကွာဝေးသွားခဲ့သည်။
"တပည့် ချန်ဖန်... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
ချန်ဖန်က လက်သီးဆုပ် ၍ ဂါရဝပြုလိုက်သည်။
"အာ..."
ချန်ဖန်က တစ်စုံတစ်ခုသော အရာက သူ့၏ ဘေးမှ ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်ရာ အဖိုးအိုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"အခြေတည် ဝိညာဉ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ"
ချန်ဖန်၏ ဆံစများကြားမှ ချွေးစေးတစ်စက် စီးကျလာခဲ့သည်။
အချိန်အတော်ကြာသည်အထိ ချန်ဖန်က လှုပ်ရှားမှု မရှိဘဲ ဂါရဝပြုထားသည့် ပုံစံအတိုင်း ဆက်လက် ရပ်နေခဲ့ပြီး သူ၏ အနောက်မှ အဖိုးအို စကားပြောလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း အနောက်မှ မည်သည့် အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
"မဖြစ်နိုင်တာ... 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကို ခူးဆွတ်ရတာ ဒီလောက်တောင် ခက်ခဲလို့လား"
ချန်ဖန်က စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းကို ဖြည်းညင်းစွာ လှည့်၍ မျက်လုံးဖြင့် အနောက်သို့ လှမ်းမြော်ကြည့်လိုက်သည်။
"ဟင်" ချန်ဖန်က တစ်ကိုယ်လုံး လှည့်လိုက်ပြီး ရေရွတ်လိုက်မိသည်။ "လူကော... ဘယ်ရောက်သွားတာလဲ"
အနောက်တွင် အဖိုးအိုကို မမြင်ရတော့သလို 'ရှောက်ယန် ထိုက်ချင်း မိစ္ဆာ မြက်' ကိုလည်း မတွေ့ရတော့ပေ ။
"ထွက်သွားပြီလား..."
"ဒီအဖိုးကြီးရဲ့ စိတ်နေသဘောထားက တကယ့်ကို ထူးဆန်းတာပဲ"
"ကြည့်ရတာတော့ ဒီအဖိုးကြီးက ငါ့ကို တစ်ခေါက် လွှတ်ပေးလိုက်ပုံပဲ၊ ချင်းယွမ်ဂိုဏ်းကိုတော့ ပြန်လို့ ရဦးမှာပါ"
"သခင် စီစဉ်ပေးထားတဲ့ တာဝန်ကိုလည်း ဆက်ပြီး လုပ်ဆောင်လို့ ရတာပေါ့"
ချန်ဖန်က လူသူမရှိသော မသိမသာ နေရာတစ်ခုကို ရှာဖွေလိုက်ပြီး ဘေးကင်းကြောင်း အတည်ပြုပြီးနောက် ဝိညာဉ်စွမ်းအား များကို ပြန်လည် ဖြည့်တင်းရန် အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်လိုက်သည်။
အဆင့် ၂ သားရဲတစ်ကောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသဖြင့် သူ၏ ဝိညာဉ် စွမ်းအားများမှာလည်း အတော်အတန် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်၏။
အနန္တနေရာလွတ်ထဲသို့ ရောက်ရှိပြီးနောက် သူက ကျောက်လင်းအာ ကို ခေါ်ယူလိုက်ပြီး ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် ဆုံတွေ့ခဲ့ရသည့် ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြောပြလိုက်သည်။
ထို့နောက် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို သူမအား ပေးအပ်လိုက်ပြီး ချန်ကျီ ထံသို့ လွှဲပြောင်းပေးရန် မှာကြားလိုက်တော့သည်။
ချန်ကျီ၏ အိမ်တော်
"သခင်... ဒီဆေးလုံး ပုလင်းက ချန်ဖန်က သခင့်ကို လွှဲပေးခိုင်းလိုက်တာပါ"
"ဟင် ဆေးလုံးတွေကို အနန္တနေရာလွတ်ထဲမှာပဲ ထားလိုက်ရင် ရတာကို ဘာလို့ သီးသန့်ကြီး လာပေးခိုင်းရတာလဲ"
ချန်ကျီက ဇဝေဇဝါဖြင့် လက်ထဲက ဆေးပုလင်းကို ကြည့်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ အနံ့ခံကြည့်လိုက်ရင်း မေးလိုက်သည်။ "ဒါက ဘာဆေးလုံးလဲ"
"ချန်ဖန် ပြောတာကတော့ 'ရွှမ်ယန် ချင်းလင် ဆေးလုံး' တဲ့"
"ရွှမ်ယန် ချင်းလင် ဆေးလုံး ဟုတ်လား... စောစောက ဝယ်ယူခြင်း မျက်နှာ ပြင် ကို ကြည့်တုန်းက ဒီလို ဆေးလုံးမျိုးကို မတွေ့မိပါဘူး။ ကြည့်ရတာ အနန္တနေရာလွတ်ရဲ့ အဆင့်က နိမ့်လွန်းနေသေးတာ ဖြစ်ရမယ်၊ ဒါပေမဲ့ ဒါကလည်း ဒီဆေးလုံးရဲ့ အဆင့်က မနိမ့်ဘူးဆိုတာကို သက်သေပြနေတာပဲ။ ဒါပေမဲ့ ငါကလည်း ဆေးဖော်စပ်တာ ကို မတတ်တော့ ဒီဆေးလုံးက ဘယ်လို အဆင့်မျိုးလဲဆိုတာကို သေချာ မခွဲခြားတတ်ဘူး။ ဒါပေမဲ့ ကြည့်ရတာတော့ အရင်က စားဖူးတဲ့ ဆေးလုံးတွေထက် ဝိညာဉ်စွမ်းအား တွေ ပိုပြီး သိပ်သည်း နေတာတော့ အမှန်ပဲ"
ချန်ကျီက လက်ထဲတွင် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ကိုင်ထားရင်း သေသေချာချာ စစ်ဆေးနေခဲ့သည်။
"လင်အာ... ချန်ဖန်က ဆေးလုံး ပေးတဲ့အချိန်မှာ တခြား ဘာပြောသေးလဲ"
"ပြောပါတယ်... သူ ပြောတာက ဒါက ချင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပေးတဲ့ ဆေးလုံးတဲ့ သခင်"
"ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ် ဟုတ်လား" ချန်ကျီက အံ့ဩသွားရသည်။
ချန်ဖန်က ချင်းယွမ်ဂိုဏ်းမှာ အုတ်မြစ်ချခြင်း အဆင့် ပဲ ရှိသေးတာ၊ ဂိုဏ်းချုပ်လို အခြေတည် ဝိညာဉ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးနဲ့ မထိတွေ့နိုင်သေးသင့်ဘူး မဟုတ်လား။
"အသေးစိတ် ပြောပြစမ်းပါဦး"
"ဟုတ်ကဲ့ပါ သခင်"
ထို့နောက်တွင် ကျောက်လင်းအာက ချန်ဖန် သူမအား ပြောပြခဲ့သည့် အကြောင်းအရာ အားလုံးကို တစ်လုံးမကျန် ချန်ကျီကို ပြန်လည် ပြောပြလိုက်တော့သည်။
"ပါရမီရှင်ပဲ... ဒီချန်ဖန်က တကယ့်ကို ပါရမီရှင်ပဲ။ ဒီလို ကိစ္စမျိုးကိုတောင် သူ့အနေနဲ့ ကြုံတွေ့နိုင်တယ်ပေါ့။ ဒါက တကယ့်ကို ကံကောင်းခြင်း နိမိတ်ဆိုးကြီး မဟုတ်ပါလား။ တကယ်လို့ ပုံမှန် ဇာတ်လမ်းတွေအတိုင်း သွားမယ်ဆိုရင်တော့... နောက်တစ်ဆင့်က ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ အားကိုးမှုကို ရရှိပြီး တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားသွားဖို့ပဲ"
"ဟားဟားဟားဟား"
ချန်ကျီက တအံ့တဩ ရေရွတ်လိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"ကြည့်ရတာ ချန်ဖန်ကို ချင်းယွမ်ဂိုဏ်းကို စေလွှတ်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ ။ လင်းအာ... မင်း ချန်ဖန်ဆီ သွားပြီး ပြောလိုက်ပါ၊ သူ့အနေနဲ့ ချင်းယွမ်ဂိုဏ်းမှာ သေသေချာချာ ကြိုးစားပြီး တိုးတက်အောင် လုပ်ဖို့ပဲ။ နောင်ကျရင် ငါတို့က သူ့ရဲ့ ခြေထောက်ကိုပဲ အမိအရ ဖက်ထားရတော့မှာ၊ အခြေတည် ဝိညာဉ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးရဲ့ အကာအကွယ် ရှိနေရင် ဒီမိုင်ပေါင်း သောင်းချီတဲ့ နယ်မြေထဲမှာ ဘယ်နေရာကိုမဆို သွားလို့ ရပြီ။ ဒီဝမ်နန်မြို့ ထဲမှာပဲ ပုန်းအောင်းနေပြီး အသက်ဘေး မလုံခြုံမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး။ ဟားဟားဟားဟား"
ချန်ကျီက စိတ်ချမ်းမြေ့စွာဖြင့် ကျယ်လောင်စွာ ရယ်မောနေသည်ကို မြင်သောအခါ ကျောက်လင်းအာကလည်း နှုတ်ခမ်းလေးကို ပိတ်၍ ခိုးပြုံးလိုက်မိသည်။
"ကောင်းပါပြီ သခင်... ကျွန်မ အခုပဲ သူ့ကို သွားပြောလိုက်ပါ့မယ်"
ချန်ဖန်ကို ချင်းယွမ်ဂိုဏ်းထဲတွင် အမြဲ ရှိနေစေရန် စီစဉ်ခြင်းမှာ အစပိုင်းက စစ်တုရင်တစ်ခု ချထားခြင်း သက်သက်သာ ဖြစ်သည်။
သို့သော်လည်း မထင်မှတ်ဘဲ ချန်ဖန်က ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် မတော်တဆ ဆက်စပ်မှု ရှိသွားခဲ့လေသည်။
မည်သည့်အဆင့်အထိ ဆက်လက် တက်လှမ်းနိုင်မည်ဆိုသည်မှာမူ နောက်ပိုင်းတွင် ချန်ဖန် ကိုယ်တိုင် မည်သို့ စွမ်းဆောင်နိုင်မည်လဲဆိုသည်ပေါ်တွင်သာ မူတည်တော့သည်။
ချင်းယွမ်ဂိုဏ်း၏ အားကိုးမှုကို ရရှိနိုင်မည်လော၊ မရရှိနိုင်မည်လော ဆိုသည်မှာလည်း ချန်ဖန်အနေဖြင့် ချင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည့် အပေါ်တွင်သာ မူတည်ပေသည်။
ချန်ကျီ၏ လက်ထဲတွင် 'ရွှမ်ယန် ချင်းလင် ဆေးလုံး' ကို ကိုင်ထားသော်လည်း ဤဆေးလုံး၏ အာနိသင်ကိုမူ သူ လုံးဝ မသိရှိပေ ။
သူက စားသုံးရမည်လော၊ သို့မဟုတ် မစားသုံးရမည်လောဟု ဝေခွဲမရ ဖြစ်နေခဲ့သည်။
ချန်ကျီက ဆေးလုံးများကို စားသုံးခြင်းက ဘေးထွက်ဆိုးကျိုးများ ရှိကြောင်း ရှာဖွေတွေ့ရှိပြီးကတည်းက မည်သည့် ဆေးလုံးကိုမျှ ထပ်မံ မစားသုံးတော့ပေ ။
သူက စာအုပ်အချို့ကို ဖတ်ရှုပြီးနောက်မှသာ သိရှိခဲ့ရခြင်း ဖြစ်၏၊ ဆေးလုံးအဆင့် နိမ့်လေလေ၊ စားသုံးပြီးနောက် ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ ပိုမို ကျန်ရှိနေလေလေ ဖြစ်သည်။
ဒါတင်မကသေးဘဲ မည်သည့် ဆေးလုံးမျိုးမဆို အလွန်အကျွံ စားသုံးမိပါက ခန္ဓာကိုယ်တွင် ဆေးယဉ်ပါးမှု များ ဖြစ်ပေါ်လာတတ်သည်။
အရေးကြီးဆုံး အချက်မှာကျင့်ကြံခြင်း၏ နောက်ပိုင်းကာလများတွင် အဆင့်ကျော်ဖြတ်ခြင်း ကိုပါ ထိခိုက်လာစေနိုင်ခြင်း ဖြစ်၏။
ဤအချက်အလက်များကို သိရှိပြီးနောက်တွင် ချန်ကျီက ဆေးလုံးများကို လဲလှယ်ခြင်းကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ဆေးလုံးများအပေါ် အမှီပြု၍ ကျင့်ကြံခြင်း အမြန်နှုန်း ကို မြှင့်တင်ရန် အတွေးကိုပါ စွန့်လွှတ်လိုက်တော့သည်။
မဟုတ်ပါက ချန်ကျီအနေဖြင့် ဆေးလုံးများ၏ အကူအညီ သက်သက်ဖြင့်ပင် ယခုအချိန်တွင် ရွှေအူတိုင်အဆင့် သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ချန်ကျီ၏ အတွေးမှာလည်း အလွန် ရိုးရှင်းလှပေသည်၊ ဆေးလုံးများ စားသုံးခြင်းက နောင်အနာဂတ်အပေါ် သက်ရောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သက်ရောက်မှု မည်မျှပင် ကြီးမားသည်ဖြစ်စေ သူ၏ လက်ရှိ ကျင့်ကြံခြင်း အမြန်မှုန်း က လုံလောက်စွာ မြန်ဆန်နေပြီ ဖြစ်ပြီး ကျင့်ကြံမှုမှ ရရှိလာသော အခြေခံမှာလည်း အလွန် ခိုင်မာလှသဖြင့် ကျင့်ကြံမှုကို အထောက်အကူပြုရန် ဆေးလုံးများကို အသုံးပြုရန် မလိုအပ်တော့ပေ ။
အခြားသူများက ဆေးလုံးများကို အမြဲတမ်း အသုံးပြု၍ ကျင့်ကြံနေလျှင်ပင် သူ၏ ကျင့်ကြံခြင်း အမြန်နှုန်း ကို မှီနိုင်ရန်မှာ မဖြစ်နိုင်ပေ ။