အခန်း ၂၃၃
Vol. 21 Ch. 233
အခန်း (၂၃၃) မင်း မိသားစုရဲ့ ငွေကြေးလည်ပတ်မှု ရပ်တန့်သွားတာကို မင်း မလိုလားဘူး မဟုတ်လား
"ရှောင်ချန်... စိတ်ဓာတ်မကျနဲ့... လူတွေကြားမှာ ကွာဟချက်ဆိုတာ ရှိစမြဲပဲ... ငါတို့က ဌာနတစ်ခုတည်းမှာ အလုပ်လုပ်နေပေမဲ့ ငါတို့ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိနေတုန်းပဲ..."
ဌာနမှူးဝမ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
လူတိုင်းက သူ၏အပေါ် ကြည့်ရှုနေကြသည့် ပုံစံကို မြင်လိုက်ရချိန်တွင် ချန်လုံ၏ စိတ်နှလုံးသည် လုံးဝ ဆိုးရွားသွားခဲ့သော်လည်း သူ တတ်နိုင်သည့်အရာ တစ်ခုမျှ ရှိမနေခဲ့ချေ။
သူ့တွင် မည်သည့်ပြဿနာမျှ ရှိမနေဘဲ သူ၏အလုပ်ကို သေချာစွာ လုပ်ဆောင်ရန်သာ လိုအပ်ကြောင်း သိရှိနားလည်ထားသဖြင့် သူ၏စိတ်ကို အလျင်အမြန် ပြန်လည်မြှင့်တင်လိုက်ပေသည်။
ဤလူများနှင့် ငြင်းခုံနေရန် မလိုအပ်ပေ။
"ကျွန်တော် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမှာပါ... တခြားကိစ္စတွေကတော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး..."
ချန်လုံက တည်ငြိမ်ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဟွန့်... ခေါင်းမာလိုက်တာ..."
ဟန်ပန်းက ချန်လုံအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် ဌာနမှူးဝမ်နှင့်အတူ ထွက်ခွာသွားတော့၏။
"ချန်လုံ... ဒေါသထွက်နေစရာ မလိုပါဘူး... သူတို့က အဲဒီလိုလူမျိုးတွေပါပဲ..."
ရှာပင်းပင်းအမည်ရသည့် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးက လျှောက်လာရင်း ပြောဆိုလိုက်သည်။
သူမ၏ မိသားစုသည် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားသော်လည်း သူတို့သည် ဟန်ပန်းတို့ကဲ့သို့ မဟုတ်ချေ။
"အင်း... ငါ ဒေါသတော့ မထွက်ပါဘူး... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ ဘာမှ လှုပ်ရှားဖြစ်မှာ မဟုတ်ဘူး..."
ချန်လုံက ပြန်ပြောလိုက်၏။
"ဒါက ပရဟိတပွဲလေး တစ်ခုပါပဲ..."
ရှာပင်းပင်းက ပြောဆိုလိုက်သည်။
သူမ ကုမ္ပဏီသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ချန်လုံ၏ လမ်းညွှန်ပြသမှုများကို ရရှိခဲ့ပေသည်။ ချန်လုံသည် လူကောင်းတစ်ယောက်ဖြစ်ပြီး သူမ၏စိတ်ထဲတွင် ချန်လုံအပေါ် ခံစားချက်အချို့ ရှိနေခဲ့၏။
ချန်လုံ၏ဘက်တွင်လည်း ရှာပင်းပင်းအပေါ် ခံစားချက်များ ရှိနေခဲ့သော်လည်း မိသားစုနောက်ခံ ကွာခြားမှုများကြောင့် ထိုခံစားချက်များကို ရင်ထဲတွင်သာ မြိုသိပ်ထားခဲ့ရပေသည်။
"ငါ ဖုန်းပြောစရာလေး ရှိလို့ ဒါပဲနော်..."
ချန်လုံက ပြောလိုက်၏။
"အိုကေ... နင် အလုပ်များနေတယဆိုလဲ ထားပါ.."
ရှာပင်းပင်းက ပြောဆိုပြီးနောက် ဦးစွာ ထွက်ခွာသွားလေသည်။
ချန်လုံသည် ဘေးဘက်သို့သွားကာ ချန်ချွေ့ဖန်၏ ဖုန်းကို ကိုင်လိုက်သည်။
"ဟလို... အဒေါ်... ဘာကိစ္စများ ရှိလို့လဲ..."
"ဘာမှတော့ မဟုတ်ပါဘူး ရှောင်လုံရယ်... ပြီးခဲ့တဲ့အကြိမ်က မင်း ယူလာပေးတဲ့ ကြက်ကင်က တော်တော်လေး စားကောင်းလို့... မင်း ညီမက စားချင်နေလို့လေ... အဒေါ်က မင်း ဘယ်ကဝယ်တာလဲလို့ လှမ်းမေးတာပါ..."
ချန်ချွေ့ဖန်က ပြောဆိုလိုက်၏။
"အာ... ဒါလား... ညီမလေး စားချင်တယ်ဆိုရင် ကျွန်တော် နောက်ထပ် နည်းနည်းလောက် ထပ်ဝယ်ပြီး မြို့တွင်း အမြန်ချောပို့နဲ့ ပို့ပေးလိုက်မယ်လေ... အိမ်ပေါက်ဝအထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မယ်..."
ချန်လုံက ဖြေကြားလိုက်သည်။
"အို... ဘယ်လောက်ကျလဲ... အဒေါ် မင်းဆီ ငွေလွှဲပေးလိုက်မယ်..."
ချန်ချွေ့ဖန်က ပြောဆိုလိုက်၏။
"အဒေါ်ကလည်း... ဘာတွေ ပြောနေတာလဲ... အဒေါ်က ကျွန်တော့်အဒေါ်ပဲလေ... ကျွန်တော်တို့က မိသားစုတွေလေ... ကျွန်တော်က အဒေါ်တို့အတွက် ကြက်ကင်လေး ဝယ်ပေးတာကို ဘာလို့ ပိုက်ဆံတောင်းရမှာလဲ... ပိုက်ဆံပေးစရာ မလိုပါဘူး..."
ချန်လုံက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
"ဟီးဟီး.. မင်းကတော့လေ... ကောင်းပါပြီကွယ်..."
ချန်ချွေ့ဖန်က ရယ်မောကာ ပြောဆိုလိုက်၏။
"အဒေါ် တခြား ပြောစရာ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်နော်..."
ချန်လုံက မေးမြန်းလိုက်သည်။
"အင်း... ဒါပေမဲ့ ရှောင်လုံ... မင်းရဲ့ လေသံက တစ်ခုခု ထူးဆန်းနေသလိုပဲ... ဘာကိစ္စများ ဖြစ်လို့လဲ..."
ချန်ချွေ့ဖန်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
ချန်လုံ လုံးဝ အံ့အားသင့်သွားရပေသည်။ သူ၏ အဒေါ်သည် သူ၏ အသေးငယ်ဆုံးသော စိတ်ခံစားချက်ကိုပင် သတိပြုမိနေခဲ့၏။ သူတို့သည် အမှန်တကယ်ပင် မိသားစုဝင်များ ဖြစ်ပေသည်။
ထို့နောက် ချန်လုံသည် ပရဟိတပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်သည်။
"အော်... ဒီလိုကိုး... အဒေါ် မင်းရဲ့ အစ်ကိုနဲ့ စကားပြောပြီး နည်းနည်းလောက် လှူခိုင်းလိုက်ရင်ရော ဘယ်လိုလဲ... ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ အလုပ်တစ်ခုပဲလေ..."
ချန်ချွေ့ဖန်က ပြောဆိုလိုက်၏။
"မလိုပါဘူး အဒေါ်ရယ်... အစ်ကိုယွန်းလည်း ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာနိုင်တာမှ မဟုတ်တာ... ဒီစီးပွားရေးလုပ်ငန်းရှင်တွေက တစ်ကြိမ်ကို ယွန်းသန်းချီ ဒါမှမဟုတ် ဆယ်သန်းချီပြီး လှူဒါန်းကြတာဆိုတော့ ဒါက ကြီးမားတဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးတစ်ခုပဲ... အစ်ကိုယွန်းကို ဒုက္ခမပေးပါနဲ့တော့..."
ချန်လုံက ပြောဆိုလိုက်သည်။
"ကောင်းပြီလေ... အရာအားလုံးကို မင်းတစ်ယောက်တည်း ခါးစည်းမခံပါနဲ့... ငါတို့အားလုံးက မိသားစုတွေပဲ... အကူအညီလိုရင် ဖွင့်ပြောလိုက်ပါ... မင်း အလုပ်ဆက်လုပ်လိုက်ဦး... အဒေါ် ဖုန်းချလိုက်တော့မယ်နော်..."
ချန်ချွေ့ဖန် စကားပြောဆိုပြီးနောက် သူတို့နှစ်ဦး ဖုန်းချလိုက်ကြလေသည်။
ချန်လုံက ခေါင်းခါမ်းလိုက်၏။ စုယွမ် ယခုအချိန်တွင် ငွေရှာနေနိုင်ပြီဖြစ်ကြောင်း သူသိသော်လည်း စုယွမ် မည်သည့် စီးပွားရေးလုပ်ငန်းမျိုး လုပ်ကိုင်နေသည်ကိုမူ သူ မသိရှိပေ။
သူ၏ ဝမ်းကွဲညီလေး စုယွမ်နှင့် နာမည်တူသည့် စုယွမ်ဆိုသူအကြောင်းကို မကြာခဏ ကြားနေရသော်လည်း ချန်လုံသည် ထိုအရာကို တစ်ကြိမ်မျှ ထိုသို့ မတွေးတောခဲ့ဖူးချေ။
မည်သို့ပင်ဆိုစေကာမူ စုယွမ်သည် တက္ကသိုလ်မှ ယခုမှ ဘွဲ့ရခါစသာ ရှိသေးရာ အခြေခံမှ စတင်၍ ဤမျှ ကြီးမားသော အောင်မြင်မှုမျိုး ရရှိရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
များစွာ တွေးတောမနေတော့ဘဲ ချန်လုံသည် အချိန်ကို ကြည့်ရှုလိုက်ပြီး ကြက်ကင်ဝယ်ရန် အပြင်သို့ ထွက်လာခဲ့တော့သည်။
ချန်လုံ ပြောခဲ့သည့် စကားများကို တွေးတောပြီးနောက် ချန်ချွေ့ဖန်သည် စုယွမ်ထံသို့ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်၏။
"ဟယ်လို... ရှောင်ယွန်း... သား အလုပ်များနေလား..."
ချန်ချွေ့ဖန်က မေးမြန်းလိုက်သည်။
"မများပါဘူး... အမေ... ဘာကိစ္စရှိလို့လဲ... ကျွန်တော် ချန်ချန်နဲ့ အတူရှိနေတာ..."
စုယွမ်က ပြန်လည်ဖြေကြားလိုက်၏။
"အော်... သားတို့နှစ်ယောက် အဆင်ပြေပြေ နေကြနော်... အမေကတော့ ချန်ချန်ကို ငါ့ချွေးမလေးအဖြစ် သဘောကျနေပြီ..."
ချန်ချွေ့ဖန်က ပြုံးကာ ပြောဆိုလိုက်သည်။
"ဟားဟားဟား... သေချာပေါက် သူမကို လက်ထပ်မှာပါ..."
စုယွမ်က ရယ်မောလိုက်၏။
"ဖုန်းကို ချန်ချန်ဆီ ပေးလိုက်ဦး... အမေ သူမနဲ့ စကားနည်းနည်းလောက် ပြောချင်လို့..."
ချန်ချွေ့ဖန်က ပြောဆိုလိုက်သည်။
"ဟယ်လို... အန်တီ... အန်တီနဲ့ မတွေ့ရတာ တော်တော်ကြာပြီနော်... သမီး အန်တီ့ကို လွမ်းနေတာ..."
ပိုင်ချန်က ပြောဆိုလိုက်၏။
"ဟီးဟီး.... သမီးကတော့လေ..."
သူတို့နှစ်ဦးသည် ဆယ်မိနစ်ခန့် စကားပြောဆိုနေကြပြီး စုယွမ်မှာမူ စကားတစ်ခွန်းမျှ ဝင်ပြောရန် အခွင့်အရေး မရခဲ့ချေ။
သူတို့နှစ်ဦး စကားပြောဆိုပြီးချိန်တွင် ဖုန်းသည် စုယွမ်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာပေသည်။
"ရှောင်ယွန်း... အမေ သားကို ပြောစရာတစ်ခု ရှိတယ်... ဒါပေမဲ့ ပြောသင့် မပြောသင့် သေချာမသိဘူး ဖြစ်နေလို့..."
ချန်ချွေ့ဖန်က ပြောဆိုလိုက်၏။
"ပြောသာ ပြောပါ အမေရယ်... ကျွန်တော့်ကို မပြောပြနိုင်စရာ ဘာရှိလို့လဲ..."
စုယွမ်က ပြန်လည်ဖြေကြားလိုက်သည်။
"အေးပါ... ဒါက သားရဲ့ ဝမ်းကွဲအစ်ကို ချန်လုံအကြောင်းလေ... သူက..."
ထို့နောက် ချန်ချွေ့ဖန်သည် ဇာတ်ကြောင်းတစ်ခုလုံးကို အသေးစိတ် ပြန်လည်ပြောပြလိုက်ပေသည်။
"အခြေအနေက အဲဒီလိုပဲ... ချန်လုံက အမေ့ရဲ့တူ သားရဲ့ဝမ်းကွဲဖြစ်လို့ အမြဲတမ်း ငါတို့မိသားစုအပေါ် ဂရုစိုက်ပေးခဲ့တယ်ဆိုပြီး အမေ တွေးနေတာ မဟုတ်ပါဘူး... ဒါက ကိစ္စကြီးတစ်ခုပဲ... တကယ်လို့ သားက ကူညီပေးနိုင်မယ်ဆိုရင် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် နှစ်ယောက်လောက်ကို အကူအညီတောင်းပေးနိုင်မယ်ဆိုရင် တော်တော်လေး ကောင်းမှာပဲ... တကယ်လို့ မကူညီနိုင်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့... ဘယ်သူကမှ ဘာမှပြောမှာ မဟုတ်ပါဘူး... ရှောင်လုံကတော့ သားကို ပြောပြဖို့ အစီအစဉ် မရှိဘူး... ဒါပေမဲ့ အမေက သားဆီ ဖုန်းဆက်ပြောပြတာ ကောင်းမယ်ထင်လို့ပါ..."
ချန်ချွေ့ဖန်က ပြောဆိုလိုက်၏။
"ကျွန်တော် နားလည်ပါပြီ... ဘာမှမဟုတ်ပါဘူး... ကျွန်တော့် ဝမ်းကွဲညီကို သေချာပေါက် မျက်နှာငယ်ရအောင် မလုပ်ပါဘူး..."
သူ၏ ဝမ်းကွဲအစ်ကိုသည် ပရဟိတပွဲအား တာဝန်ယူကျင်းပနေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် စုယွမ်က ပြုံးကာ ပြောဆိုလိုက်သည်။
အဓိကရည်ရွယ်ချက်မှာ ထိုမြေကွက်၏ ရေရှည်အသုံးပြုခွင့်ကို ရရှိရန် ဖြစ်သော်လည်း သူ၏ ဝမ်းကွဲညီအား ထောက်ပံ့ပေးခြင်းကလည်း မည်သည့် ဆုံးရှုံးမှုမျှ မဖြစ်စေနိုင်ချေ။
"အိုကေ... ကောင်းပြီလေ... အရမ်းကြီးလည်း အလွန်အကျွံ မလုပ်နဲ့ဦးနော်..."
ချန်ချွေ့ဖန်က အကြံပေးလိုက်၏။
"စိတ်မပူပါနဲ့..."
စုယွမ်က ပြန်လည်ဖြေကြားပြီးနောက် သူတို့နှစ်ဦး ဖုန်းချလိုက်ကြလေသည်။
"ဘာကိစ္စရှိလို့လဲ..."
ပိုင်ချန်က မေးမြန်းလိုက်သည်။
"ဘာမှတော့ မဟုတ်ပါဘူး... ဒီလိုပါ..."
စုယွမ်သည် ပိုင်ချန်အား ဆက်လက်ပြောပြလိုက်၏။
"အော်... ဒီလိုကိုး... နင့်ရဲ့ ဝမ်းကွဲက နင်ဘယ်သူလဲဆိုတာ မသိဘူးလား... မကြာသေးခင်ကမှ နေရာတိုင်းမှာ နင့်သတင်းတွေ ပြန့်နေတာလေ... တစ်နိုင်ငံလုံးမှာ စုယွမ်ဆိုတဲ့ နင့်နာမည်ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ..."
ပိုင်ချန်က နောက်ပြောင်လိုက်သည်။
"နောက်မနေပါနဲ့... သူက အလုပ်များနေတော့ ဒီလိုကိစ္စတွေကို သိပ်ပြီး ဂရုမစိုက်နိုင်ဘူးလေ... သူက စုယွမ်ဆိုတာ ငါနဲ့ နာမည်တူတဲ့ တခြားတစ်ယောက်လို့ပဲ ထင်နေလောက်မှာပါ..."
စုယွမ်က ရယ်မောလိုက်၏။
"အော်... ဒီလိုကိုး... အခုတလော တချို့နေရာတွေမှာ ရေကြီးတာတွေ တော်တော်လေး ဆိုးရွားနေတယ်တဲ့... ငါတို့ဘက်ကလည်း ကူညီပေးနိုင်တဲ့ အပိုင်းကနေ ပါဝင်ကူညီသင့်တယ်..."
ပိုင်ချန်က ပြောဆိုလိုက်သည်။
"အင်း... စိတ်မပူပါနဲ့... ငါက သေချာပေါက် နံပါတ်တစ် ဖြစ်မှာပါ..."
စုယွမ်က ပြောဆိုလိုက်ပြီး ပိုင်ချန်၏ နှုတ်ခမ်းလေးအား အနမ်းတစ်ပွင့်ဖြင့် တိုက်ရိုက်ပင် ပိတ်ဆို့လိုက်တော့၏။
ကျန်းချန် မြို့သစ်ခရိုင်။
ရှာပင်းပင်းသည် ကြက်ကင်ဆိုင်၌ ချန်လုံနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့သွားခဲ့၏။
"ချန်လုံ... တိုက်ဆိုင်လိုက်တာ..."
ရှာပင်းပင်းက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။
"နင်လည်း ကြက်ကင် လာဝယ်တာလား... အိမ်က ငါ့ညီမလေးက စားချင်တယ်ဆိုလို့ သူမဆီ နည်းနည်းလောက် ပို့ပေးမလို့လေ..."
ချန်လုံကလည်း အလွန်တိုက်ဆိုင်သည်ဟု ခံစားလိုက်ရပေသည်။
ထိုသို့ပြောဆိုပြီးနောက် ရှာပင်းပင်းက ကြက်ကင်တစ်ကောင် ဝယ်ယူခဲ့ပြီး ချန်လုံကမူ သုံးကောင် ဝယ်ယူခဲ့၏။ သူတို့နှစ်ဦးသည် မြို့တွင်း အမြန်ချောပို့ဂိတ်သို့ သွားရောက်ရင်း စကားပြောဆိုလာခဲ့ကြသည်။
"ဟေး... ပင်းပင်း... ချန်လုံနဲ့ အတူတူ ဘာလုပ်နေတာလဲ..."
ဟန်ပန်းသည် ရင်းနှီးမှုမရှိသော လေသံဖြင့် လျှောက်လာခဲ့သည်။
"ငါ ဘယ်သူနဲ့ အတူရှိနေလဲဆိုတာ နင့်အလုပ် မဟုတ်ပါဘူး..."
ရှာပင်းပင်းက စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်၏။
"ဟီးဟီးဟီး... ပင်းပင်း... မင်း တစ်ခုခုကို မေ့နေတာများလား... မင်းမိသားစုရဲ့ ငွေကြေးလည်ပတ်မှုက ပုံမှန် အလုပ်လုပ်နေတုန်းပဲလား... မင်းအဖေက ငါ့ဦးလေးဆီက အကူအညီ တောင်းထားသလိုပဲနော်... ငါ့ဦးလေးမှာ ကလေးမရှိတော့ ငါက သူ့သားလိုပဲလေ... တကယ်လို့ ငါက စကားတစ်ခွန်းလောက် ပြောလိုက်မယ်ဆိုရင်... ပင်းပင်း... မင်း မိသားစုရဲ့ ငွေကြေးလည်ပတ်မှု ရပ်တန့်သွားတာကို မင်း မလိုလားဘူး မဟုတ်လား..."
ဟန်ပန်းက ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။