အခန်း ၉၁၁
Vol. 71 Ch. 911
အခန်း (၉၁၁) - မိုးမြေကို ဝါးမြိုကာ အရာအားလုံးကို မူလနေရာသို့ ရောက်ရှိစေမည်
ဝုန်း...
ထိုစကားသံထွက်လာသည်နှင့် တပြိုင်နက် ၊
ကြောက်မက်ဖွယ်ရာကောင်းသော ဝါးမြိုစွမ်းအားများသည် စကြာဝဠာ၏ တွင်းနက်ကြီးအဖြစ် အသွင်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဆွဲငင်ကာ ဝါးမြိုလေ၏။
မျက်စိတစ်မှိတ်အတွင်း၊ ပေါက်ကွဲမှု၏ ဗဟိုချက်၌ ကျန်ရှိနေသော ကြောက်မက်ဖွယ်ရာ တာအိုစည်းချက်များမှာ လုံးဝဥဿုံ စုပ်ယူခံလိုက်ရပြီး စူးချန်ကဲ၏ အသွင်သဏ္ဌာန်အဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ဒဏ်ရာရဖို့ပင် မဆိုနှင့် ၊ အညစ်အကြေးကင်းစင်သော ထိုအဖြူရောင် ဝတ်ရုံပေါ်တွင် ဖုန်မှုန့်တစ်စပင် တင်ကျန်ရစ်ခြင်း မရှိခဲ့သလို သူကိုယ်တိုင်လည်း ခြေလှမ်းတစ်လှမ်းမျှပင် ရွေ့လျားသွားခြင်း မရှိခဲ့ပေ။
သူသည် ယခင်ကအတိုင်းပင် ဘက်လက်ကို ကျောနောက်ပစ်လျက် ညာလက်ကို ရှေ့သို့ ဆန့်ထုတ်ထားသည့် ပုံစံအတိုင်း ရှိနေ၏။
သို့သော် သူ၏ ညာဘက် လက်ဖဝါးပေါ်တွင် ဘတ်စကက်ဘောလုံး အရွယ်အစားခန့်ရှိ ထူးခြားဆန်းကြယ်သော ဝဲဂယက်တစ်ခုက သက်ဝင်လှုပ်ရှားနေသည်။
ထိုဆန်းကြယ်သော ဝဲဂယက်တစ်ခုလုံးသည် နက်မှောင်နေကာ ၊ ယင်းအတွင်း၌ ငါးရောင်ခြည် လျှပ်စီးကြောင်းများက တဖျပ်ဖျပ် ရိုက်ခတ်နေပြီး မရေမတွက်နိုင်သော နိယာမအပိုင်းအစများက ကခုန်လှုပ်ရှားနေ၏။
တစ်ချက်ကြည့်ရုံမျှဖြင့် ၊ ထိုအရာသည် လောကရှိ အရာအားလုံးကို ဖန်တီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ပြုနိုင်သည့် ငရဲဘုံသို့ ဦးတည်နေသော အဆုံးမဲ့ တွင်းနက်ကြီးတစ်ခုနှင့် တူပေသည်။
ဝတ်စုံနက်နှင့်လူများကို ပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ ထိုဆန်းကြယ်သော တွင်းနက်ကြီးထဲ၌ သူတို့၏ ကနဦးမူလရင်းမြစ် စွမ်းအားများ ရှိနေခဲ့ခြင်းပင်။
သူတို့ မျက်စိရှေ့က လူငယ်သည် မိမိတို့ ထုတ်လွှတ်လိုက်သော ကနဦးမူလရင်းမြစ် စွမ်းအားများကို ၎င်း၏ လျို့ဝှက်ဆန်းကြယ်သော နတ်ဘုရားစွမ်းအားများဖြင့် ဝါးမြိုပစ်ခဲ့လေသည်။
ဤမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသော ထျန်းရွှမ်ယင်းနှင့် ထျန်းရှောင်သယ်တို့ နှစ်ဦးမှာလည်း အံ့ဩတုန်လှုပ်ကာ ပါးစပ်အဟောင်းသား ဖြစ်လို့နေသည်။
ဝတ်စုံနက်နှင့် လူများ ထုတ်လွှတ်လိုက်သော ကနဦးမူလရင်းမြစ် စွမ်းအားသည် ပြီးပြည့်စုံသော ကနဦးမူလရင်းမြစ် စွမ်းအား မဟုတ်သော်လည်း ၊ သို့သော် ယခုလို ဝါးမြိုခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
"ဒါက ကနဦးမူလရင်းမြစ် စွမ်းအားပေါ့......"
"ခံစားရတာ မဆိုးဘူးပဲ ၊ နှမြောဖို့ကောင်းတာက ဒါက ပြီးပြည့်စုံတဲ့ ကနဦးမူလရင်းမြစ် စွမ်းအားမဟုတ်သလိုပဲ"
စူးချန်ကဲသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝါးမြိုခြင်းဝဲဂယက်ကို ပျောက်ကွယ်သွားစေသည်။ သူ၏ မျက်ဝန်းထဲ၌ ကနဦးမူလရင်းမြစ် စွမ်းအား၏ အရသာကို ပြန်လည် ပြန်လည်သုံးသပ်နေပုံရသည်။
သူ ယခုလေးတင် အသုံးပြုလိုက်သည်မှာ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် ဆင့်ကဲပြောင်းလဲလာသော ကောင်းကင်ဝါးမြို တောက်ရွှီခန္ဓာပင် ဖြစ်သည်။
ကောင်းကင်ဝါးမြို တောက်ရွှီခန္ဓာထဲတွင် ဝါးမြိုစွမ်းအားသာမက ဗလာနတ္ထိစွမ်းအာများပါ ကိန်းအောင်းနေသည်။
မိုးမြေကို ဝါးမြိုကာ အရာအားလုံးကို မူလနေရာသို့ ရောက်ရှိစေမည်။
ဤကနဦးမူလရင်းမြစ် စွမ်းအားတွင် ဝါးမြိုစွမ်းအား အနည်းငယ် ပါဝင်နေသော်လည်း၊ သူ၏ ကောင်းကင်ဝါးမြို တောက်ရွှီခန္ဓာရှေ့တွင်မူ ..ငုံ့ကြည့်ရန်ပင် မထိုက်တန်ပေ။
ဤအခြေအနေကို မြင်လိုက်သည်နှင့် ၊ ဝတ်စုံနက်နှင့် လူများ၏ စိတ်ထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်တမ်းလာပြီး ခန္ဓာကိုယ်များပင် တုန်ရင်လာကာ ခြေလှမ်းများက သူ့အလိုလို နောက်သို့ ဆုတ်ခွာမိသည်။
ဤပုံစံအရ သူတို့အားလုံး ထွက်ပြေးရန် ပြင်ဆင်နေကြပြီပင်။
သူတို့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ကနဦးမူလရင်းမြစ် စွမ်းအားများသည် တစ်ဖက်လူအပေါ်တွင် မည်သို့မျှ သက်ရောက်မှု မရှိချေ။ ဆက်လက် တိုက်ခိုက်နေဦးမည်ဆိုပ့က ၊ သေရမည့်လူမှာ သူတို့သာ ဖြစ်ပေမည်။
သို့သော် စူးချန်ကဲသည် သူတို့၏ စိတ်ကူးများကို ကြိုတင်ရိပ်မိထားပုံရသည်။
ဝုန်း...
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ခန္ဓာ နှိုးထလာပြီး ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ရွှေရောင် နတ်ဘုရားတိုင်လုံးကြီးတစ်ခုသဖွယ် ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
"ဒါ... ဒါက မဟာလမ်းစဉ် သူတော်စင်ခန္ဓာလား"
ဤမျှ ကြီးမားသော စွမ်းအားများ၏ ရှေ့မှောက်တွင် ဝတ်စုံနက်နှင့် လူများအဖို့ စိတ်ပိုင်းဆိုင်ရာ ခွန်အားများ ပြိုလဲကာ ဆက်လက် တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။
"မယှဉ်နိုင်ဘူး..ဒါလုံးဝမှ မယှဉ်နိုင်ဘူး ၊ ငါတို့ ပြေးကြစို့"
တစ်ယောက်က စတင် အော်ဟစ်လိုက်သည်နှင့် ကျန်သူများကလည်း မိမိတို့၏ စွမ်းအားများကို အစွမ်းကုန် အသက်သွင်းကာ လွတ်ရာသို့ ထွက်ပြေးလေတော့၏။
သူတို့သည် လွယ်ကူစေရန် မတူညီသော လမ်းကြောင်းအသီးသီးမှ ထွက်ပြေးရန်ကြံစည်လိုက်ကြသည်။
သို့သော်လည်း သူတို့၏ လုပ်ရပ်သည် အချည်းနှီးသာ ဖြစ်၏။
" ဖော့ထျန်းကျုံရှင်း ( ကောင်းကင်ဖြိုခွဲခြင်း ခြေလှမ်းကိုးသွယ်)"
စူးချန်ကဲ၏ ပုံရိပ်သည် နေရာမှ လျှပ်တပြတ် ပျောက်ကွယ်သွားပြီး ၊ သူသည် ဟင်းလင်းပြင်ထဲတွင် မတူညီသော လက်သီးကွက်များကို ထုတ်လွှတ်လိုက်သည်။
လက်သီးကွက်ပေါင်းများစွာ အပြန်အလှန် ပေါင်းစပ်သွားပြီး စစ်နတ်ဘုရား၏ ပုံရိပ်ယောင် ကိုးခုအဖြစ် ကွဲထွက်သွားသည်။
ထို့နောက် အဆိုပါ စစ်နတ်ဘုရား ပုံရိပ်ယောင် ကိုးခုသည် ဝတ်စုံနက်နှင့် လူများ ထွက်ပြေးသွားသော လမ်းကြောင်းအသီးသီးသို့ လိုက်လံနှိမ်နင်းခဲ့သည်။
"သခင်ကြီး... အသက်ချမ်းသာပေးပါ"
"ဟင့်အင်း... မဟုတ်ဘူး... မဟုတ်ဘူး"
" သခင်ကြီးက ဒီကမ္ဘာကို အခုမှ ရောက်လာတာမလား၊ ကျွန်တော်တို့ သခင်ကြီးနောက်ကို ကျွန်အဖြစ် ခစားပါ့မယ် အသက်ချမ်းသာပေးပါ"
အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း...
လက်သီးအလင်းများသည် အညှာတာကင်းမဲ့စွာ ကျဆင်းလာခဲ့သည်။
ထိုစစ်နတ်ဘုရား ပုံရိပ်ယောင်များ၏ လက်သီးချက်များအောက်တွင် ၊ အသွေးအသားများ တစ်စစီ ကြေမွသွားသည့် အသံများနှင့်အတူ စူးရှသော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာ၏။
"မင်း... မင်း ငါတို့ကို သတ်ရဲတယ်ပေါ့... ငါတို့ အမှောင်ထု ထျန်းမန်ရဲ့ ကိစ္စကောင်းတွေကို ဖျက်ဆီးရဲတယ်ပေါ့လေ"
"ငါတို့ အမှောင်ထု ထျန်းမန်က လူတွေက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး၊ မင်း ဒီမှာ အခွင့်အရေးရဖို့ နေနေသာသာ... ဒီနေရာမှာတင် သေရလိမ့်မယ်"
နောက်ဆုံးကျန်ရစ်သော ဝတ်စုံနက်နှင့်လူက ထွက်ပြေးရန် မျှော်လင့်ချက်မရှိတော့သည်ကို သိပြီးနောက် သူ မသေဆုံးမီ နာကျည်းစွာဖြင့် အော်ဟစ်ကျိန်ဆဲသွားခြင်း ဖြစ်သည်။
"ဒါ..."
ထျန်းရွှမ်ယင်းနှင့် ထျန်းရှောင််သယ်တို့ နှစ်ဦးမှာ ဤမြင်ကွင်းကြောင့် ဆွံ့အနေမိသည်။ ဤမြင်ကွင်းသည် စိတ်ကူးယဉ်ဆန်လွန်းသည်။
အမှောင်ထု ထျန်းမန်မှ စွမ်းအားရှင်များသည် ကနဦးမူလရင်းမြစ် စွမ်းအားကိုပင် ထုတ်သုံးခဲ့သော်လည်း ၊ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့သည်။
အံ့သြတုန်လှုပ်မှုနှင့်အတူ ၊ သူမတို့၏ အကြည့်များသည် စူးချန်ကဲထံသို့ ရောက်ရှိသွားကြသည်။
ဤသူသည် ပြင်ပကမ္ဘာတွင် ကျော်ကြားသော ပါရမီရှင်တစ်ဦးပင်လော။
သို့မဟုတ်ပါက ရှေးဟောင်းမှတ်တမ်းများတွင် ပါလေ့ရှိသည့် အမတဧကရာဇ်မင်း တစ်ပါး၏ လူပြန်ဝင်စားသူပင် ဖြစ်နေမလော။
ထျန်းရွှမ်ယင်းသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ ထျန်းရှောင်သယ်ကို လက်ဆွဲကာ စူးချန်ကဲအား ဦးညွှတ်အလေးပြုလိုက်သည်။
"ထျန်းမုရွာက ထျန်းရွှမ်ယင်း... စီနီယာကို ဂါရဝပြုပါတယ်၊ ခုလို အသက်ကယ်တင်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်"
ဘေးနားရှိ ထျန်းရှောင်သယ်ကလည်း သိတတ်စွာဖြင့် ကလေးငယ် အသံလေးဖြင့် ကျေးဇူးတင်စကား ဆိုလေ၏။
"ထျန်းမုရွာက ထျန်းရှောင်သယ်... ခုလို အသက်ကယ်တင်ပေးတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်"
စူးချန်ကဲက ခေါင်းညိတ်ပြလိုက်ပြီး ၊ သူမတို့နှစ်ဦးကို အကဲခတ်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ငါ့နာမည်က စူးချန်ကဲ... တားမြစ်စူးမိသားစုက လာတာ"
"စောစောက ဒီကောင်တွေ ပြောနေတဲ့ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စု အကြောင်းကို ငါ ကြားလိုက်မိတယ်"
"မင်းတို့နှစ်ယောက်အနေနဲ့ သူတို့နဲ့ပတ်သတ်ပြီး သိထားတာ ရှိမလား"
ဤစကားများ ထွက်လာသည်နှင့် ထျန်းရွှမ်ယင်းမှာ အခိုက်အတန့်မျှ ကြောင်အမ်းသွားသည်။
'တားမြစ်စူးမိသားစု...ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုလိုပဲ'
သူမ၏ စိတ်ထဲကနေ ထိုနာမည်ကို အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ခဏအကြာတွင် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ မျက်လုံးများ ပြူးကျယ်သွားသည်။
" ဒါ... ဒါက ကနဦး အမတဧကရာဇ်မင်း ၁၃ပါးထဲက ယွမ်ဟုန်အမတဧကရာဇ်မင်း၊ ဝူလျန့်အမတဧကရာဇ်မင်း နဲ့ သုတောက် အမတဧကရာဇ်မင်းတို့ရဲ့ မိသားစုကြီးကပဲ မဟုတ်လား...'