← Chapters

အခန်း ၉၁၂

Vol. 71 Ch. 912

အခန်း ၉၁၂

Vol. 71 Ch. 912

အခန်း (၉၁၂) ဒဏ္ဍာရီထဲက မိသားစု

ထျန်းမန်ကမ္ဘာသည် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သူမ ငယ်စဉ်က ရွာသူကြီးထံမှ ဘိုးဘေးများနှင့် ကနဦးအမတဧကရာဇ်မင်း ဆယ့်သုံးပါးအကြောင်းကို နားထောင်ရသည်မှာ အနှစ်သက်ဆုံး ဖြစ်ခဲ့သည်။

ရွာသူကြီးသည် ထိုကနဦးအမတဧကရာဇ်မင်းများ အကြောင်းကို မည်သို့ကြောင့် သိနေရသနည်း။

သူမတို့ ရွာသူကြီး၏ ပြောပြချက်အရ ၊ သူမတို့၏ ဘိုးဘေးများသည် ကနဦးအမတဧကရာဇ်မင်း (၁၃)ပါးထဲတွင် ပါဝင်‌သော ထျန်းရွှမ်အမတဧကရာဇ်မင်း ၊ ထိုက်ရွှမ်အမတဧကရာဇ်မင်း နှင့် ချင်းရွှမ်အမတဧကရာဇ် တို့ ဖြစ်ကြသောကြောင့်ပင်။

တားမြစ်စူးမိသားစုမှာလည်း ကနဦး အမတဧကရာဇ်မင်း သုံးပါး ထွက်ပေါ်ခဲ့ဖူးသည့် မိသားစုကြီးတစ်ခု ဖြစ်သောကြောင့် ထျန်းရွှမ်ယင်း၏ စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်မိနေခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူမတို့၏ ဘိုးဘေးအဆက်အနွယ်များမှာ ဟိုးအရင်ကတည်းက ဆုတ်ယုတ်ပျက်စီးသွားခဲ့ပြီး ၊ ဘိုးဘွားပိုင်နယ်မြေပင် မရှိတော့ချေ။

သို့သော် တားမြစ်စူးမိသားစုမှာ ယနေ့ထိတိုင် ကမ္ဘာအဆက်ဆက်၊ ခေတ်အဆက်ဆက် ထွန်းကားပြီး ထာဝရ တည်တံ့နေဆဲပင်။

ယခုတွင်မူ ပုံပြင်များထဲတွင်သာ ကြားဖူးခဲ့သည့် တားမြစ်စူးမိသားစု၏ သွေးသားရင်းကို သူမ ကိုယ်တိုင် တွေ့မြင်လိုက်ရပြီ ဖြစ်သည်။

ဤသည်မှာ သာမန် လူသားတစ်ယောက်အဖို့ ကမ္ဘာလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

"ရွှမ်ယင်း ညီမလေး... ဘာဖြစ်လို့လဲ"

တစ်ဖက်လူ၏ မျက်နှာအမူအရာ မဟန်သည်ကို သတိပြုမိသဖြင့် စူးချန်ကဲက လှမ်း၍ မေးမြန်းလိုက်သည်။

သို့သော် ဘေးနားရှိ ထျန်းရှောင်သယ်မှာ မျက်ဝန်းလေးများ အရောင်တောက်သွားပြီး စူးချန်ကဲ၏ ခြေထောက်ကို ပြေးဖက်လေ၏။

"ဒါကြောင့်မို့လို့လည်း အစ်ကိုကြီးက ဒီလောက်တောင် သန်မာနေတာကိုး.. အစ်ကိုကြီးက ဒဏ္ဍာရီထဲက အဲဒီမိသားစုက လာတာကိုး"

"ရှောင်သယ် ငယ်ငယ်တုန်းက ရွာသူကြီးအဘိုး ပြောပြတာ ခဏခဏ ကြားဖူးတယ်၊ ဒဏ္ဍာရီထဲက တားမြစ်စူးမိသားစုက အရမ်းအရမ်းကို အစွမ်းထက်တာတဲ့"

ဤစကားကို ကြားလိုက်ရသော စူးချန်ကဲမှာလည်း အနည်းငယ် ကြောင်အမ်းသွားသည်။

မိမိနောက်ကွယ်က မိသားစုသည် အလွန် အင်အားကြီးမားမှန်း သူ သိထားသော်လည်း၊ ဤထျန်းမန်ကမ္ဘာမှ ဒေသခံများပင် တားမြစ်စူးမိသားစု၏ အမည်ကို သိရှိနေကြလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

သူသည် မူလက မိမိနှင့် ဆက်စပ်နေသော ကွေးယွမ်အမတဂိုဏ်း နှင့် သံသရာစက်ဝန်းအမတမင်းဆက်၏ နာမည်များကိုပါ ထည့်ပြောရန် ကြံရွယ်ခဲ့သော်လည်း ၊ တစ်ဖက်လူအနေဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ဟု တွေးမိကာ မပြောဖြစ်တော့ပေ။

"ရှောင်သယ်... လူကြီးမင်းအပေါ် ဒီလို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဘူး"

ထျန်းရွှမ်ယင်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး စူးချန်ကဲ၏ ခြေထောက်ကို ရေဘဝဲကဲ့သို့ ဖက်တွယ်ထားသည့် ထျန်းရှောင်သယ်ကို အတင်းဆွဲခွာလိုက်ရသည်။

"လူကြီးမင်း... ရှောင်သယ်က ကလေးဆိုတော့ ယဉ်ကျေးမှုတွေကို နားမလည်သေးဘူး..ခုလို ရိုင်းပျမိသွားတာကို လူကြီးမင်းအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

ထျန်းရွှမ်ယင်း၏ လေသံတွင် ရိုသေလေးစားမှုများ ရှိနေခဲ့သည်။

စူးချန်ကဲ စောစောက ထုတ်ဖော်ပြသခဲ့သော အစွမ်းအစများသည် သူမ တွေးထားသည်ထက် ကျော်လွန်နေခဲ့သည်။ ဤသည်က စူးချန်ကဲ၏ အတုမရှိသော ပါရမီကို သွယ်ဝိုက်သောနည်းဖြင့် သက်သေပြနေခြင်းပင်။

သူ၏ အဆင့်အတန်းသည် တားမြစ်စူးမိသားစုအတွင်း၌ နိမ့်ကျမည် မဟုတ်သည်မှာ သေချာသည်။

"ကိစ္စမရှိပါဘူး"

စူးချန်ကဲက ပြုံးပြကာ ဆက်လက် မေးမြန်းလိုက်သည်။

"ရွှမ်ယင်း ညီမလေးအနေနဲ့ ကျွန်တော့်ကို ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုနဲ့ ပတ်သတ်ပြီး ပြောပြပေးနိုင်မလား"

"ဒီတစ်ခေါက် ကျွန်တော် ထျန်းမန်ကမ္ဘာကို လာခဲ့တာကလည်း သူတို့ကို ရှာဖို့အတွက်ပဲ"

ဤစကားကို ကြားပြီးနောက် ထျန်းရွှမ်ယင်း၏ စိတ်အခြေအနေမှာ ပြန်လည် တည်ငြိမ်သွားသည်။

စောစောက စူးချန်ကဲ၏ အဆင့်အတန်းကို သိလိုက်ရသဖြင့် အလွန်အမင်း အံ့သြသွားခဲ့ရာမှ သူမ ဤမေးခွန်းကိုပင် မေ့လျော့နေခဲ့မိသည်။

သို့သော် ယခုအခါ စူးချန်ကဲ၏ မေးခွန်းကို ထပ်မံ ကြားလိုက်ရသဖြင့် ထျန်းရွှမ်ယင်းအနေဖြင့် အနည်းငယ် အခက်တွေ့သွားသည်။

ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုဆိုသည်မှာ သူမတို့ ထျန်းမုရွာ၏ လျှို့ဝှက်ချက်များစွာနှင့် သက်ဆိုင်နေပြီး ၊ ဤထျန်းမန်ကမ္ဘာ၏ အဓိကလျှို့ဝှက်ချက်များပင် ပါဝင်သည်။

အမှောင်ထု ထျန်းမန် အပါအဝင် အင်အားစုများစွာက သူမတို့ရွာကို လိုက်လံနှိမ်နင်းနေကြခြင်းမှာ သူမတို့၏ သွေးမျိုးဆက်ကို ထုတ်ယူလိုရုံသာမက သူမတို့ စောင့်ရှောက်ထားသည့် ထျန်းမန်၏ အဓိက လျှို့ဝှက်ချက်ကိုလည်း လိုချင်တပ်မက်နေခြင်း ဖြစ်သည်။

စူးချန်ကဲသည် သူမတို့အပေါ် အသက်ကယ်တင်ပေးခဲ့သည့် ကျေးဇူးတရားရှိသော်လည်း ၊ ဤမျှ နက်ရှိုင်းသော လျှို့ဝှက်ချက်ကို ပြောပြရန် သင့်၊ မသင့်ဆိုသည်မှာ သူမတို့ ရွာသူကြီး၏ သဘောထားအပေါ်တွင် မူတည်သည်။

ထို့အပြင် သူမကိုယ်တိုင်လည်း ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုနှင့် ပတ်သက်၍ အများကြီး သိမထားပေ။

စိတ်ထဲတွင် ခဏမျှ စဉ်းစားပြီးနောက် ထျန်းရွှမ်ယင်းသည် သက်ပြင်းတစ်ချက်ချကာ စူးချန်ကဲကို ဦးညွှတ်ကာ ပြောလိုက်သည်။

"ချန်ကဲ လူကြီးမင်း... ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုနဲ့ ပတ်သက်ပြီး ကျွန်မ သိထားတာ သိပ်မရှိဘူး"

"တကယ်လို့ စီနီယာအနေနဲ့ စိတ်မရှိဘူးဆိုရင် ကျွန်မနဲ့အတူ ထျန်းမုရွာကို အရင် လိုက်ခဲ့ပါလား ၊ ရွာသူကြီး အဘိုးအိုကတော့ ချန်ကဲ လူကြီးမင်း သိချင်တဲ့အရာတွေကို ပြောပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်"

စူးချန်ကဲသည် ထိုစကားကို ကြားပြီး ခဏမျှ စဉ်းစားလိုက်သည်။

စောစောက ဝတ်စုံနက်သမားများနှင့် ထျန်းရွှမ်ယင်းတို့၏ စကားပြောဆိုမှုအရ ၊ ဤထျန်းမုရွာသည် မိမိရှာဖွေနေသည့် ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း သူ ကောက်ချက်ချပြီး ဖြစ်သည်။

သဲလွန်စသည် မိမိ၏ မျက်စိရှေ့တွင် ရှိနေသဖြင့် ဤထျန်းမုရွာသို့ တစ်ခေါက် သွားရောက်ကြည့်ခြင်းက မမှားနိုင်ပေ။

"ဒါဆိုရင်တော့ ညီမလေးတို့ နှစ်ယောက်ကို ဒုက္ခပေးရတော့မှာပဲ"

မကြာမီ။

စူးချန်ကဲသည် ထျန်းရွှမ်ယင်းတို့ ညီအစ်မနှစ်ယောက်နောက်သို့ လိုက်ပါကာ မြောက်ဘက်အရပ်သို့ ဦးတည် ထွက်ခွာလာခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် ထျန်းရွှမ်ယင်းသည် ထျန်းမန်ကမ္ဘာ၏ သတင်းအချက်အလက်များနှင့် သူမ သိရှိထားသော လျှို့ဝှက်ချက်အချို့ကို စူးချန်ကဲအား ပြောပြခဲ့သည်။

အမှန်တွင် ဤရှေးဦးလျို့ဝှက်နယ်မြေသည် တစ်ချိန်က လူသူကင်းမဲ့ကာ ခြောက်သွေ့ဆိုးရွားသော ကမ္ဘာပျက်ကြီးတစ်ခုသာ ဖြစ်သည်။

ယခုကဲ့သို့ သက်ရှိများဖြင့် စိမ်းလန်းစိုပြေလာရခြင်းမှာ သူမတို့ ဘိုးဘေးများ၏ ပြုပြင်ပြောင်းလဲပေးမှုကြောင့်သာ ဖြစ်သည်။

သူမတို့၏ ဘိုးဘေးများမှာ အခြားသူများမဟုတ်ဘဲ ကနဦးအမတဧကရာဇ်မင်း သုံးပါးဖြစ်သည့် ထျန်းရွှမ်အမတဧကရာဇ်မင်း ၊ ချင်းရွှမ်အမတဧကရာဇ်မင်း နှင့် ထိုက်ရွှမ်အမတဧကရာဇ်မင်းတို့ပင် ဖြစ်သည်။

"ထင်ထားတဲ့အတိုင်းပဲ......"

ဤစကားကို ကြားလိုက်ရသော စူးချန်ကဲ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။

ယခင်က အမတနယ်မြေ၏ လျှို့ဝှက်ချက်များမှတစ်ဆင့် သူသည် ထျန်းရွှမ်အမတဧကရာဇ်မင်း၏ ဇာတိမြေဖြစ်သော လောကပြင်ပ ရှေးဟောင်းရွာ အကြောင်းကို သိရှိထားခဲ့သည်။

ယခု ဤထျန်းမုရွာ၏ ဘိုးဘေးများသည်လည်း ထျန်းရွှမ်အမတဧကရာဇ်မင်း အပါအဝင် ကနဦးအမတဧကရာဇ်မင်း သုံးပါး ဖြစ်သည်။ ဤသည်ကို ကြည့်လျှင်ဖြင့် ၊ ထိုလောကပြင်ပ ရှေးဟောင်းရွာလေးနှင့် မူလအစ တူညီနိုင်သည်။

စောစောက ဝတ်စုံနက်နှင့်လူများ၏ စကားအရ၊ ဤထျန်းမုရွာသည် ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုနှင့် သွေးချင်းတော်စပ်ပြီး ကနဦး အမတဧကရာဇ်မင်းများ၏ သွေးသားအဆက်အနွယ်များ ဖြစ်နိုင်သည်။

ထျန်းရွှမ်ယင်းက ဆက်လက်ပြောပြသည်။

ထိုစဉ်က သူမတို့၏ ဘိုးဘေးသုံးဦးသည် ဤရှေးဦးလျို့ဝှက်နယ်မြေတွင် အခြေချကာ အထွတ်အထိပ်သို့ ရောက်ရှိအောင် ကူညီပေးခဲ့ပြီးနောက် ၊ အရေးကြီးကိစ္စတစ်ခုကြောင့် နိယာမဆိုင်ရာ ပုံရိပ်ယောင် သုံးခုကို ချန်ထားခဲ့ကာ ထွက်ခွာသွားခဲ့ကြသည်။

သူမတို့ရွာ၏ လူကြီးသူမများ ပြောပြချက်အရ၊ ဘိုးဘေးသုံးဦးသည် ထူးခြားသော နိမိတ်တစ်ခုကို ရရှိခဲ့သဖြင့် ထိုကိစ္စ၏ အမှန်တရားကို သွားရောက်စုံစမ်းစစ်ဆေးခဲ့သည် ဟု ဆိုသည်။

သို့သော် နောက်ပိုင်းတွင် သူမတို့၏ ဘိုးဘေးသုံးဦးသည် အမည်မသိ မဟာလမ်းစဉ် ဘေးဒုက္ခတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ဒဏ်ရာအပြင်းအထန်ရကာ သေလုမျောပါးဖြစ်ခဲ့သည်။

ထိုအန္တရာယ်ရှိသော နေရာမှ စိတ်ဝိညာဉ်အကြွင်းအကျန် တစ်ခု ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ၊ သို့သော် ထိုစိတ်ဝိညာဉ်အကြွင်းအကျန်မှာ ပုံမှန်စိတ်အခြေအနေ မရှိခဲ့ပေ။

အရာအားလုံးက ကံကြမ္မာ၏ စီမံမှု ၊ ထိန်းချုပ်ခံထားရသော အတုအယောင်များသာ ဖြစ်သည် ဟု တတွတ်တွတ် ရေရွတ်နေခဲ့သည်။

ထျန်းရွှမ်ယင်းအနေဖြင့် ဤအထိသာ သိရှိထားသည်။

အကြောင်းမှာ ထိုစဉ်က အင်အားစုကြီးအချို့၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ၊ နက်ရှိုင်းသော လျှို့ဝှက်ချက်သည် ထျန်း သင်္ချိုင်းမျိုးနွယ်စုနှင့်အတူ ပျောက်ကွယ်သွားခဲ့သောကြောင့် ဖြစ်သည်။

"မင်းပြောပုံအရဆိုရင် မင်းတို့ရဲ့ ဘိုးဘေးတွေက ဒီထျန်းမန်ကမ္ဘာရဲ့ ဒေသခံတွေ ဖြစ်ခဲ့ကြတာပဲ...သူတို့ရဲ့ အင်အားနဲ့ နောက်ခံကလည်း သာမန်တော့ မဟုတ်လောက်ဘူး"

"ဘာဖြစ်လို့ နောက်မှ ရောက်လာတဲ့ အင်အားစုတွေရဲ့ တိုက်ခိုက်တာကို ခံရပြီး ဒီလောက်အထိ ပျက်စီးလုနီးပါး ဖြစ်သွားရတာလဲ"

စူးချန်ကဲက စပ်စုလိုစိတ်ဖြင့် ရုတ်တရက် မေးမြန်းလိုက်သည်။

ဤမေးခွန်းကြောင့် ထျန်းရွှမ်ယင်းမှာ အခိုက်အတန့်မျှ ဆွံ့အသွားပြီး ၊ အတိတ်ကို သတိရသွားသည့်နှယ် သူမ၏ မျက်ဝန်းများမှာ မှေးမှိန်သွားခဲ့သည်။

"ဒီကိစ္စက ပြောရရင် အရှည်ကြီးပဲ...... ဒါပေမဲ့ အတိုချုပ်ပြောရရင်တော့ ထူးဆန်းတဲ့ အရာတစ်ခုနဲ့ သက်ဆိုင်နေတယ်"

ထိုသို့ပြောရင်း ၊ ထျန်းရွှမ်ယင်းသည် သူမ၏ သွယ်လျသော လက်ညှိုးလေးဖြင့် အနောက်ဘက်အရပ်ဆီသို့ ညွှန်ပြလိုက်သည်။

ထိုနေရာရှိ မိုးကောင်းကင်မှာ ကြည်လင်ခြင်းမရှိဘဲ မည်းမှောင်နေသော မိုးတိမ်များဖြင့် ဖုံးလွှမ်းနေသည်။

အေးစက်သော လေပြင်းတိုက်ခတ်သံများနှင့်အတူ တိမ်မည်းများမှ ရံဖန်ရံခါ ထွက်ပေါ်လာသော မိုးခြိမ်းသံများသည် အဆုံးမဲ့ငရဲဘုံတစ်ခုနှင့် တူပြီး ၊ ဤလောက၏ အရာအားလုံးနှင့် ကွဲပြားခြားနားနေသည်။

"အဲဒီဒေသကို ဆန်းကြယ်မြေအောက် ကမ္ဘာလို့ ခေါ်တယ် ၊ လွန်ခဲ့တဲ့ ခေတ်ကာလတွေတုန်းက အဲဒီနေရာမှာ အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်ခဲ့တယ်"

" အဲဒီအထဲကနေ နိုးထလာတဲ့ ဆန်းကြယ်တဲ့ တည်ရှိမှုတွေက ကျွန်မတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ကနဦးမူလရင်းမြစ် စွမ်းအားတွေကို ပျက်စီးစေခဲ့တယ်"

"အဲ့တာက ကံဆိုးမှုအားလုံးရဲ့ အစ ဖြစ်ခဲ့တာပဲ"

All Chapters