← Chapters

အခန်း ၉၁၄

Vol. 71 Ch. 914

အခန်း ၉၁၄

Vol. 71 Ch. 914

အခန်း (၉၁၄ ) သခင်လေးအမိန့်ပြား

ဤအခိုက်အတန့်တွင် တစ်ကမ္ဘာလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်ကျသွားသည်။

ထျန်းမုရွာ၏ ရွာသားများသည် ငယ်စဉ်ကတည်းက ပုံပြင်တစ်ပုဒ်ကို နားစွင့်ကာ ကြီးပြင်းလာခဲ့သူများ ဖြစ်သည်။

ထိုပုံပြင်မှာ သူတို့၏ ဘိုးဘေးဖြစ်သူ ကနဦးအမတဧကရာဇ်မင်း၏ အကြောင်းပင်။

ထို့အတူ သူတို့၏ ဘိုးဘေးသည် ကနဦးဧကရာဇ်မင်း (၁၃) ပါးအနက် တစ်ပါးဖြစ်သည်နှင့်ဘအလျောက် ၊ သူတို့သည်လည်း အခြားသော ကနဦးဧကရာဇ်မင်း (၁၃) ပါးနှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို သိရှိထားကြသည်။

ထို့ကြောင့် တားမြစ် စူးမိသားစု ဟူသော အမည်ကိုလည်း ကောင်းကောင်းကြီး ကြားဖူးသည်။

ပုံပြင်ထဲ၌သာ တည်ရှိနေခဲ့သော ဤမိသားစုကြီးသည် ယခုအခါ သူတို့၏ ရှေ့မှောက်သို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။

"ဒါ..... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အံ့ဩမှင်သက်ရာမှ သတိပြန်ကပ်လာသော ကျန်းဟွိုက်ယွီ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေပြီး မသိစိတ်က ငြင်းပယ်လိုက်မိသည်။

"သူက ဘယ်လိုလုပ် တားမြစ်စူးမိသားစုက လူ ဖြစ်နိုင်မှာလဲ"

"သူက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံဖန်တီးပြီး... ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တာပဲ......"

သူ့ စကားမဆုံးခင်မှာပင် ၊

စူးချန်ကဲသည် သူ၏ ရင်ဘက်ထဲမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် မဟာလမ်းစဉ် အမိန့်တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုမဟာလမ်းစဉ် တံဆိပ်ပြားသည် လေဟာနယ်ထဲသို့ အလိုအလျောက် ပျံတတ်သွား၏။

ဝီ!

တစ်ခဏအတွင်းမှာပင် ၊ ရှေးကျသော တာအိုစည်းချက်များသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

ဤကဲ့သို့သော စွမ်းအားများ၏ သက်ရောက်မှုအောက်တွင် ၊ ကမ္ဘာကြီးတစ်ခုလုံးသည် ရွှေရောင်သမုဒ္ဒရာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားဟန်ရသည်။

၎င်းအတွင်း၌ မဟာလမ်းစဉ်၏ ခမ်းနားထည်ဝါသော ပုံရိပ်ယောင်များ ထင်ဟပ်ပေါ်ထွက်လာပြီး လောကကို ဦးဆောင်လမ်းပြနိုင်မည့်အလား ထင်မှတ်ရသည်။

ဒါတင်မက ၊ စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသော စွမ်းအားတစ်ခု ဖြာထွက်လာ၏။ ၎င်းသည် အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ကာ ထောင်ပေါင်းများစွာသော လမ်းစဉ်များကိုပင် ဒူးထောက် အရှုံးပေးစေနိုင်ပုံရသည်။

"အဲ့တာက......."

ရွာသားများ၏ ကြောက်လန့် တုန်ယင်နေသော အကြည့်များအောက်တွင် ၊

ထိုမဟာလမ်းစဉ် တံဆိပ်ပြားမှ အဆုံးမရှိသော နိယာမဆိုင်ရာ မှော်သင်္ကေတများစွာ ရစ်ပတ်ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြသည်။

တောက်ပသော ရွှေရောင်စာလုံးကြီး လေးလုံးသည် မဟာလမ်းစဉ်၏ ရှေးကျသော နတ်ဘုရားစွမ်းအားကို ဆောင်ကျဉ်းလျက် ၊ လူတိုင်း၏ မျက်ဝန်းများနှင့် စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးနေရာသို့ ထိုးဖောက်ဝင်ရောက်လာ၏။

တားမြစ် စူးမိသားစု။

သို့သော် လူတိုင်းကို တုန်လှုပ်သွားစေသည့်အရာမှာ ဤမျှနဲ့တင် မပြီးသေးချေ။

ရှေ့မျက်နှာစာရှိ "တားမြစ် စူးမိသားစု" ဟူသော စာလုံးကြီးလေးလုံးနှင့် ယှဉ်လျှင် ၊ တံဆိပ်ပြား၏ ကျောဘက်တွင် ထွင်းထုထားသော စာလုံးကြီး သုံးလုံးက လူတိုင်းကို ကြက်သီးမွှေးညှင်း ထသွားစေသည်။

ရွာသားတိုင်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

ထိုမဟာလမ်းစဉ် တံဆိပ်ပြား၏ ကျောဘက်တွင် စာလုံးကြီး သုံးလုံးကို ထွင်းထုထားသည်။

သခင်လေးအမိန့်ပြား။

"ဘ..... ဘယ်လို"

အစောပိုင်းက စူးချန်ကဲအပေါ် သံသယစိတ်များဖြင့် အထင်သေးခဲ့သော ကျန်းဟွိုက်ယွီတစ်ယောက် ယခုအချိန်တွင် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်မိသွားသည်။

ထို့အပြင် ကြောက်လန့်လွန်းသဖြင့် ခြေထောက်များ အားနည်းသွားပြီး မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။

သူ၏ ပုံပျက်ပန်းပျက် ဖြစ်သွားသော မျက်နှာအမူအရာသည် အလွန်အမင်း ကြောက်ရွံ့သွားခြင်းကြောင့်လား သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့်လား ဆိုသည်ကို မခွဲခြားနိုင်တော့ပေ။

တစ်ဖက်လူသည် တားမြစ်စူးမိသားစုကလူ ဖြစ်နေရုံသာမက တားမြစ်စူးမိသားစု၏ သခင်လေးပင် ဖြစ်နေသလော။

ဒဏ္ဍာရီလာ ထိုမိသားစုကြီး၏ သခင်လေးတစ်ယောက်အနေဖြင့် စူးချန်ကဲ၏ အဆင့်အတန်းနှင့် အာဏာသည် မည်မျှအထိ မြင့်မားကာ ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။

"သူက တားမြစ်စူးမိသားစုရဲ့... သ... သခင်လေး ဖြစ်နေတာလား...."

ထျန်းရွှမ်ယင်းနှင့် ထျန်းရှောင်သယ်တို့သည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားပြီး တုန်လှုပ်သွားကြသည်။

သူမတို့သည် စူးချန်ကဲ၏ စကားအပေါ် သံသယမရှိခဲ့ကြသော်လည်း ၊ သို့သော် တစ်ဖက်လူမှာ တားမြစ်စူးမိသားစု၏ သာမန်အမွေခံတစ်ယောက်သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် စူးချန်ကဲသည် တားမြစ်စူးမိသားစု၏ သခင်လေး ဖြစ်နေလိမ့်မည် တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။

ဤကဲ့သို့သော ထိပ်တန်းမိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက်၏ အလိုဆန္ဒသည် ထိုမိသားစုကြီးတစ်ခုလုံး၏ အလိုဆန္ဒကို ကိုယ်စားပြုသည်ဟု ဆိုရမည်။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင်ဖြင့် ၊ စူးချန်ကဲ၏ အဆင့်အတန်းအရ သူ၏ စကားတစ်ခွန်းတည်းဖြင့် ဤအမတနယ်မြေတစ်ခုလုံး၊ ဒေဝလောကတစ်ခွင်ရှိ မရေမတွက်နိုင်သော နယ်မြေများကို လှိုင်းတံပိုးများ ထသွားအောင် ပြုလုပ်နိုင်စွမ်း ရှိပေသည်။

ဤသည်မှာ သခင်လေး၏ အမိန့်အာဏာပင် ဖြစ်သည်။

...........

စူးချန်ကဲသည် မဟာလမ်းစဉ် တံဆိပ်ပြားကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ၊

ကျန်းဟွိုက်ယွီကို တည်ငြိမ်သော မျက်ဝန်းများဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုအကြည့်တစ်ချက်တည်းဖြင့် ကျန်းဟွိုက်ယွီကို ဖြူဖျော့သွားစေသည်အထိ ခြောက်လှန့်နိုင်ခဲ့ပြီး ကုတ်ကုတ်လေး နောက်သို့ ဆုတ်ပြေးသွားစေခဲ့သည်။

ဤအရာနှင့် ပတ်သက်၍ စူးချန်ကဲသည် စိတ်ထဲမထားချေ။

ဤအခွင့်အရေးတွင် မိမိ၏ အဆင့်အတန်းကို ဖော်ထုတ်လိုက်ပြီဖြစ်ရာ ၊ သူသည်လည်း ကိစ္စများကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

စူးချန်ကဲသည် လီဖေးလုံကို ဦးညွှတ်ကာ ဆိုလိုက်သည်။

"ချန်ကဲ ဒီတစ်ခေါက် ထျန်းမန်ကမ္ဘာကို လာရတာက တကယ်ပဲ အရေးကြီးတဲ့ ကိစ္စရှိလို့ပါ"

"ထျန်းမုရွာရဲ့ ရွာသူကြီးက ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိထားတယ်လို့ ကြားလို့ ချန်ကဲ ဒီနေရာကို စုံစမ်းဖို့ ရောက်လာခဲ့တာပါ"

ဤစကားများ ထွက်လာသည်နှင့် ရွာသားများ၏ ဦးနှောက်ထဲတွင် အဆုံးမရှိသော မိုးကြိုးများ ထပ်မံ ပေါက်ကွဲသွားပြန်သည်။

၎င်းသည် သူတို့ရွာမှ စောင့်ရှောက်လာခဲ့ကြသော လျို့ဝှက်ချက်ပင် မဟုတ်လော။

တစ်ဖက်လူသည် ဤလျို့ဝှက်ချက်အတွက် ရောက်လာခဲ့လေသလော။

အကယ်၍ အခြားသူတစ်ယောက်ယောက်က သူတို့ရှေ့တွင် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း လာရောက်ပြောဆိုမည်ဆိုပါက ၊ သူတို့အနေဖြင့် ဒေါသအမျက်ချောင်းချောင်း ထွက်ကာ ရွာထဲမှ နှင်ထုတ်ပစ်ကြလိမ့်မည်။

သို့သော် စူးချန်ကဲ၏ အဆင့်အတန်းနှင့် အာဏာမှာ အလွန်အမင်း ထူးခြားလွန်းသဖြင့် သူတို့၏ ဦးနှောက်ထဲတွင် ပထမဦးဆုံး စဉ်းစားမိသည်မှာ ဤကိစ္စ၏ အတိုင်းအတာနှင့် အကျိုးဆက်ကို ချိန်ဆရန်သာ ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် ရွာသားအချို့သည် ရလဒ်တစ်ခုကို စဉ်းစားမိသွားသည်။ ဤရလဒ်မှာ မမျှော်လင့်ဘဲ ထပ်တူကျနေခဲ့၏။

' ငါတို့တော့ မပြိုင်ရဲဘူး'

' အရင်ဆုံး ရွာထဲကို ဖိတ်ခေါ်ပြီး ရွာသူကြီးကိုပဲ ခေါင်းစားခိုင်းလိုက်တော့မယ်'

...........

ထျန်းမုရွာတစ်ခုလုံးတွင် လူဦးရေ စုစုပေါင်း ငါးရာနီးပါး ရှိသည်။

အိမ်ခြေများမှာ စနစ်တကျ ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ကောင်းမွန်သော လယ်ကွင်းများနှင့် ကြည်လင်သော ရေကန်များ ရှိကာ ပိုးစာပင်နှင့် ဝါးပင်များ ပေါက်ရောက်လျက် ရှိသည်။

ဤနေရာရှိ ရွာသားများသည် သာမန်အရပ်သား ရွာသားများ မဟုတ်ကြဘဲ ၎င်းတို့၏ ကျင့်ကြံဆင့်မှာ အနိမ့်ဆုံးသူပင် မဟာဧကရာဇ်နယ်ပယ်အဆင့်တွင် ရှိသည်။

တိုက်မြေသုံးထောင်၏ အမြင်ဖြင့် ကြည့်မည်ဆိုပါက ၊ နေရာတိုင်းကို အလွယ်တကူ ချေမှုန်းနိုင်မည့် မဟာဧကရာဇ်များ၏ ရွာကြီးတစ်ရွာဖြစ်သည်ဟု ခေါ်ရပေလိမ့်မည်။

သို့သော် စူးချန်ကဲသာ လောကပြင်ပ ရှေးဟောင်းရွာသို့ ရောက်ဖူးခဲ့ပါက ၊ ထျန်းမုရွာသည် လောကပြင်ပ ရှေးဟောင်းရွာနှင့် အလွန်အမင်း ဆင်တူနေသည်ကို သေချာပေါက် သတိပြုမိလိမ့်မည်။

လီဖေးလုံသည် အစောပိုင်းကတည်းက ဤသတင်းကို ထျန်းမုရွာထဲသို့ ပေးပို့ထားပြီး ဖြစ်သည်။

ရွာသားများသည် အိမ်ထဲမှ ထွက်လာကြပြီး စူးချန်ကဲကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။

"ချန်ကဲလူကြီးမင်း..... ခရီးဝေးက လာရတာဆိုတော့ ပင်ပန်းနေလောက်ပြီ၊ ကျွန်တော့်အိမ်ကို ကြွပြီး ခဏလောက် အနားယူပါဦးလား"

"ကျွန်တော့်အိမ်မှာ ထျန်းမန်ကမ္ဘာရဲ့ နာမည်ကြီး ဝိညာဉ်စမ်းရေတွင်း ရှိတယ်၊ ကျင့်ကြံခြင်းကို တိုးတက်စေရုံတင်မကဘူး၊ အလားအလာကိုပါ နိုးထစေနိုင်ပါတယ်"

သို့သော် ရွာသားများမှာ စူးချန်ကဲ၏ နောက်တွင် ခွေးတစ်ကောင်လို ကပ်ပါလာပြီး အလိုလိုက်အကြိုက်ဆောင်ကာ ဂရုတစိုက် မေးမြန်းနေသော ကျန်းဟွိုက်ယွီကို မြင်လိုက်ရချိန်တွင် ၊

လူတိုင်း ဆွံ့အနေကြပြီး ကြောင်တောင်တောင်ဖြစ်ကာ ကျန်ရစ်ခဲ့သည်။

' ကိုယ့်ကိုယ့်ကို မြင့်မြတ်တယ်ဆိုပြီး ဗိုလ်ကျနေတတ်တဲ့ ဒီကောင် ကျန်းဟွိုက်ယွီက..... ဘယ်လိုလုပ်ပြီး အခြားတစ်ယောကိရဲ့ ခွေးတစ်ကောင်လို ဖြစ်သွားရတာလဲ'

ရွာသားများ၏ ထူးဆန်းသော အကြည့်များကို ခံစားမိသော်လည်း ၊ ကျန်းဟွိုင်ယွီကမူ ဂရုစိုက်မပေ။

လူတိုင်းက သူ့ကို ပြဿနာကောင်ဟု ထင်မှတ်ထားကြသော်လည်း ၊ သူ၏ ထူးခြားသော ဝါသနာတစ်ခုကိုတော့ မည်သူမျှ မသိကြချေ။

ကောင်းကင်အထိ မြင့်မားသော ခြေထောက်ကြီးများအား ဖက်တွယ်ရသည်မှာ သူ၏ အထူးဝါသနာတစ်ခုပင်။

ထျန်းရွှမ်ယင်းနှင့် ထျန်းရှောင်သယ်တို့မှာ ပါးစပ်ကိုပိတ်ကာ ခိုးရယ်နေကြသည်။

ကျန်းဟွိုက်ယွီ၏ ယခုကဲ့သို့ ကောက်ကောက်လိုက်နေသော ခွေးတစ်ကောင်လို ပုံစံထက် အစောပိုင်းက မာနထောင်လွှားနေသည့် ပုံစံကိုသာ ပို၍ မြင်ချင်မိသည်။

All Chapters