← Chapters

အခန်း ၉၁၆

Vol. 71 Ch. 916

အခန်း ၉၁၆

Vol. 71 Ch. 916

အခန်း (၉၁၆) ဘေးဒုက္ခကြီးကို ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ပြီးပြီလား

လီဖေးလုံသည် စူးချန်ကဲမှ ထျန်းရွှမ်ယင်းနှင့် ထျန်းရှောင်သယ်တို့ကို ကယ်တင်ခဲ့ကြောင်း နှင့် စူးချန်ကဲ၏ နောက်ခံအဆင့်အတန်းတို့ကို ပြောပြခဲ့ပြီးနောက် ၊

ထျန်းမုရွာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

"အမ်........ ဒီလူငယ်က တကယ်ပဲ တားမြစ်စူးမိသားစုက လူဖြစ်နေတာလား..... ဒါတင်မကသေးဘူး အဲဒီမိသားစုရဲ့ သခင်လေးတောင် ဖြစ်နေသေးတယ်"

"ငါလည်း ငယ်ငယ်တုန်းက ရွာလူကြီးပြောပြတဲ့ ပုံပြင်တော်တော်များများကို ကြားဖူးတယ်.... ပုံပြင်ထဲကလူကို တကယ်ကြီး တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး ၊ ဒါ အိပ်မက်တွေ တကယ်ဖြစ်လာတာပဲ"

"သူတစ်ယောက်တည်းနဲ့ အမှောင်ထျန်းမန်က ကောင်ရှစ်ကောင်ကို အနိုင်ယူခဲ့ရုံတင်မကဘူး..... ကနဦးမူလရင်းမြစ် စွမ်းအားတွေကိုပါ ဝါးမြိုနိုင်ခဲ့တယ် ဟုတ်လား.....တကယ့်ကို မယုံနိုင်စရာပဲ"

"........."

စူးချန်ကဲကို ကြည့်နေကြသည့် ရွာသားများ၏ မျက်ဝန်းထဲ၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်လာကြပြီး ၊ စူးချန်ကဲကို သူတို့အိမ်သို့ ဧည့်သည်အဖြစ် ကြွရောက်ရန် အပြိုင်အဆိုင် ဖိတ်ခေါ်ကြတော့သည်။

ထိုအချိန်မှသာလျှင် ရွာသားများမှာ ပြဿနာကောင် ကျန်းဟွိုက်ယွီသည် အဘယ်ကြောင့် စူးချန်ကဲအပေါ် ဤမျှအထိ တရိုတသေခယနေသည်ကို နားလည်သွားကြသည်။

ရွာသားများက စူးချန်ကဲကို ဝိုင်းရံထားကြပြီး ၎င်းတို့၏ အိမ်သို့ ဖိတ်ခေါ်ရန် အလုအယက် ဖြစ်နေကြစဉ် ၊

အဝေးတစ်နေရာမှ ဆန်းကြယ်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဟားးး..... ဒီလောက်နှစ်တွေ အများကြီး ကြာသွားတာတောင် ငါတို့ရွာကို ဒီလောက်အထိ အစွမ်းထက်တဲ့ ပြင်ပလူတစ်ယောက် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

ထိုစကားဆုံးသည်နှင့် တပြိုင်နက် ၊ မူလက ဆူညံပွက်လောရိုက်နေသော ရွာသားများသည် ရုတ်တရက် ငြိမ်သက်သွားကြသည်။

ထို့နောက် လူတိုင်း အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"ရွာသူကြီး...ရွာသူကြီးက ဘာလို့ ထွက်လာတာလဲ"

"ပြီးခဲ့တဲ့ ရက်ပိုင်းကတင် အဲဒီကိစ္စ ဖြစ်ပွားခဲ့တာလေ ဒဏ်ရာလည်း ရထားသေးတာကို အပြင်ထွက်ပြီး လျှောက်မသွားသင့်ဘူး"

ရွာသားများက အနီးနားသို့ ဝိုင်းအုံသွားကြပြီး ထိုအဖိုးအိုအပေါ် အလွန်အမင်း စိုးရိမ်နေကြပုံရသည်။

ဝင်ရောက်လာသော အဖိုးအိုမှာ အလွန် ပိန်လှီပြီး ဆံပင်များ ဖြူဖွေးကာ ဟောင်းနွမ်း စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။

ကိုင်းညွတ်နေသော ခန္ဓာကိုယ်ကို သစ်သားတုတ်ကောက် တစ်ချောင်းဖြင့် အားပြုထား၏။

သို့သော်လည်း မှိုင်းညို့နေသော သူ၏မျက်ဝန်းထဲ၌ ထူးဆန်းသော အလင်းရောင်များ လင်းလက်နေပြီး ၊ အဖိုးအိုမှာ အသက်ကြီးသော်လည်း ခွန်အားများ မယုတ်လျော့သေးသည့် အလား ထင်မှတ်ရသည်။

အဝေးကြီးမှ လှမ်းကြည့်နေခြင်း ဖြစ်သော်လည်း ၊ ထိုအဖိုးအို၏ အကြည့်အောက်တွင် စူးချန်ကဲသည် မိမိ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို တစ်ဖက်လူမှ ထိုးဖောက်မြင်ရသည့်အလား ခံစားလိုက်ရသည်။

"ကောင်းပြီ၊ ကောင်းပြီ... အားလုံး လူစုခွဲလိုက်ကြတော့ဘ၊ ဒါက ဒဏ်ရာအသေးအမွှားလေးပါ ထည့်ပြောနေစရာ မလိုဘူး၊ အဘိုးကြီး ငါ့ကို ဧည့်သည်တော်ရဲ့ ရှေ့မှာ မျက်နှာပျက်အောင် မလုပ်ကြစမ်းနဲ့"

စူးချန်ကဲကို ဝိုင်းရံထားကြသော ရွာသားများကို လူစုခွဲခိုင်းပြီးနောက် ၊ အဖိုးအိုသည် တုန်တုန်ချည့်ချည့် ခြေလှမ်းများဖြင့် စူးချန်ကဲရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့သည်။

အကြောင်းရင်းကို မသိရသော်လည်း သူသည် စူးချန်ကဲနှင့် ပိုမိုနီးကပ်လာလေလေ၊ မျက်ဝန်းများသည် ပို၍ တောက်ပလာလေလေ ဖြစ်ပြီး မျှော်လင့်ချက် အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသလိုပင်။

"ဟားး.... မဆိုးဘူး.... မဆိုးဘူး....."

အဖိုးအိုသည် စူးချန်ကဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး စူးချန်ကဲအား အထက်အောက် အကဲခတ်ကြည့်ရှုကာ ရံဖန်ရံခါ ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြတတိသည်။

"ကဲ... အားလုံးလည်း သွားကြတော့၊ ငါ ဒီမိတ်ဆွေငယ်လေးနဲ့ တစ်ယောက်ချင်း သီးသန့် စကားပြောချင်သေးတယ်"

ရွာသားများသည် ခေါင်းညိတ်ပြကြပြီး အရပ်မျက်နှာအသီးသီးသို့ လူစုခွဲကာ ထွက်ခွာသွားကြသည်။

လီဖေးလုံသည် မထွက်ခွာမီ ဤနေရာရှိ ပတ်ဝန်းကျင်ကို အပြင်လူများ မမြင်နိုင်စေရန် အကာအကွယ် အစီအရင်တစ်ခုကို ဖန်တီးကာ ယာယီ ပိတ်ဆို့ပေးခဲ့သည်။

ရွာသားအားလုံး ပျောက်ကွယ်သွားပြီးနောက်၊

အဖိုးအိုသည် သူ၏ လက်ထဲက တုတ်ကောက်ဖြင့် မြေပြင်ကို အသာအယာ ဆောင့်ချလိုက်သည်။

ဝီ!

နိယာမလှိုင်းတံပိုးများ ပျံ့နှံ့သွားသည်နှင့်အမျှ ၊ မြေပြင်သည် ဖြည်းညှင်းစွာ အက်ကွဲလာသည်။ ထိုအက်ကွဲကြောင်းထဲမှ စိမ်းလန်စိုပြေသော နွယ်ပင် မြောက်မြားစွာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ဖြည်းညှင်းစွာ ယှက်နွယ်လျက် စားပွဲနှင့် ကုလားထိုင် အသုံးအဆောင်များအဖြစ် ပြောင်းလဲသွားသည်။

"ဒါက......"

စူးချန်ကဲကို တုန်လှုပ်သွားစေသည်မှာ အဖိုးအို၏ ဤထူးခြားဆန်းကြယ်သော အတတ်ပညာကြောင့် မဟုတ်ပေ။

ထိုမြေအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသော မဟာလမ်းစဉ် နွယ်ပင်များသည် စူးချန်ကဲကို ထူးဆန်းပြီး ဖော်ပြရခက်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေသောကြောင့် ဖြစ်သည်။

၎င်းသည် ဤလောက၌ မရှိသင့်သော အရာတစ်ခုလိုပင်။

" ကြွပါ "

အဖိုးအိုသည် ဖိတ်ခေါ်သည့် လက်ဟန်ခြေဟန်တစ်ခု ပြုလုပ်ကာ စူးချန်ကဲကို ထိုင်ရန် အချက်ပြလိုက်သည်။

နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီးနောက် ၊ အဖိုးအိုသည် ဟင်းလင်းပြင်ထဲမှ လက်ဖက်ရည်ကြမ်းကို ထုတ်ယူကာ စူးချန်ကဲအတွက် ကိုယ်တိုင် နှပ်ပေးလိုက်ပြီး ပြုံးလျက် မေးမြန်းလိုက်သည်။

"ကျုပ် အဘိုးကြီးရဲ့ နာမည်က ကူချန်ပါ...ထျန်းမုရွာရဲ့ (၄၃) ဆက်မြောက် ရွာသူကြီးပဲ... မိတ်ဆွေငယ်လေးကို ဘယ်လို ခေါ်ရမလဲ မသိဘူး"

"စူးချန်ကဲပါ"

စူးချန်ကဲက သူ့ကို ပြုံးပြလိုက်သည်။

ဤအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်မှာ ရွှေအမတနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်ပြီး ၊ ထျန်းမုရွာ၏ အသန်မာဆုံးသူ ဖြစ်သည်။

သို့သော် သူ့ကို ထူးဆန်းစေသော အချက်မှာ ဤအဖိုးအို၏ ကျင့်ကြံဆင့်သည် ရွှေအမတနယ်ပယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီး၊ အချုပ်အနှောင်များကို ချိုးဖျက်ကာ အမတဘုရင် တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်သော်လည်း အဘယ်ကြောင့် နှောင့်နှေးနေရသည့်အချက်ပင်။

စူးချန်ကဲ၏ အတွေးကို ရိပ်မိပုံရသဖြင့် ကူချန်က ပြုံးလျက် ပြောလိုက်သည်။

"မိတ်ဆွေငယ်လေး မင်းမသိသေးတဲ့ အချက်တစ်ခု ရှိတယ်၊ ထျန်းမန်ကမ္ဘာမှာ ထူးခြားတဲ့ မဟာလမ်းစဉ် စည်းမျဉ်းတစ်ခု ရှိတယ်.. အဲ့တာက ဒီကမ္ဘာကြီးရဲ့ မျှခြေကို ထိန်းသိမ်းပေးထားတဲ့ စည်းမျဉ်းတစ်ခုဆိုလည်း ဟုတ်တယ်"

"ဒီနေရာမှာ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်က ရွှေအမတအဆင့် ကန့်သတ်ချက်အထိပဲ ရောက်နိုင်ပြီး တကယ်လို့ တစ်ယောက်ယောက်က အမတဘုရင်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားရင် သတ်ဖြတ်ခံရလိမ့်မယ်"

"ပြင်ပလူတွေ ထျန်းမန်ကမ္ဘာထဲကို ဝင်လာရင် ကျင့်ကြံဆင့် ဖိနှိပ်ချုပ်ချယ်ခံရတာကလည်း ဒီမဟာလမ်းစဉ် စည်းမျဉ်းနဲ့ ပတ်သက်နေတယ်"

"ဒါကလည်း မတတ်သာတဲ့ ကိစ္စတစ်ခုပဲ၊ ဒီကမ္ဘာကြီးက အတိတ်တုန်းက ကိစ္စကို ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ပျက်စီးလွယ်ခဲ့တယ်"

"တကယ်လို့သာ ဒီလို မဟာလမ်းစဉ် စည်းမျဉ်းတွေနဲ့ ပြင်ပလူတွေရဲ့ ကျင့်ကြံဆင့်ကို မကန့်သတ်ထားဘူးဆိုရင် ဟိုးယခင်ကတည်းက ပျက်စီးသွားလောက်ပြီ"

.........

"အတိတ်တုန်းက ကိစ္စကို ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း..... ပျက်စီးလွယ်တယ်တဲ့လား"

စူးချန်ကဲသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ ဆက်စပ်၍ မေးမြန်းလိုက်သည်။

"ကူစီနီယာ ပြောတဲ့ စကားအရဆိုရင် ၊ ဒီထျန်းမန်ကမ္ဘာက တကယ်ပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးပြောင်းလဲမှုတစ်ခုခုကို ကြုံတွေ့ခဲ့ရတာလား"

"အင်.... ဟုတ်သလိုလိုနဲ့ မဟုတ်ဘူး၊ ပြောင်းလဲမှုလို့ ပြောတာထက်စာရင် ကံကြမ္မာအရ သေချာပေါက် ဖြစ်ပျက်လာမယ့် အရာတစ်ခုလို့ ပြောရင် ပိုမှန်လိမ့်မယ်"

ကူချန်သည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ဆက်ပြောသည်။

"ဒီကိစ္စက ငါတို့ရွာက စောင့်ရှောက်ထားတဲ့ လျို့ဝှက်ချက်တစ်ခုနဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတယ်၊ မိတ်ဆွေငယ်လေးကို မပြောပြခင်မှာ ငါ့မှာ မိတ်ဆွေငယ်လေးကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်"

"ဘာမေးခွန်းလဲ"

"မိတ်ဆွေငယ်လေးက တားမြစ်စူးမိသားစုက လူဖြစ်ပေမဲ့ ကိုယ်တိုင်က ထျန်းမန်ကမ္ဘာရဲ့ မူလနေထိုင်သူ မဟုတ်ဘူး၊ ဘာဖြစ်လို့ ငါတို့ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုအကြောင်းကို သိနေရတာလဲ"

"ဘာဖြစ်လို့ ငါတို့ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုရဲ့ လျို့ဝှက်ချက်ကို စုံစမ်းချင်နေရတာလဲ"

ကူချန်၏ အကြည့်သည် စူးချန်ကဲ၏ အကြည့်နှင့် ဆုံတွေ့သွားပြီး ၊ သူ၏ အကြည့်သည် ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ကြည့်ရှုနေသလိုပင်။

"မိတ်ဆွေငယ်လေးက တားမြစ်စူးမိသားစုရဲ့ သခင်လေး ဖြစ်ပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းအရာတွေကို နားလည်ဖို့ ကြိုးစားတာက မီးဟုန်းဟုန်းတောက်နေတဲ့ နေရာထဲကို ကိုယ်တိုင် ဆင်းချသလိုပဲ"

"ဘာလို့လဲဆိုတော့ ငါတို့မျိုးနွယ်.... မဟုတ်ဘူး.... ငါတို့ရဲ့ မျိုးနွယ်အဆက်ဆက် မြောက်မြားစွာဟာ ဒီလို လျို့ဝှက်ချက်တွေကြောင့်ပဲ ဘေးဒုက္ခကြီးတွေကို ခံစားခဲ့ရလို့ပဲ"

"ဘိုးဘေးတွေ သေဆုံးခဲ့ရပြီး၊ ကနဦးဧကရာဇ်မင်းတွေ ကြွေလွင့်ခဲ့ရတယ်...ဘိုးဘွားပိုင်နယ်မြေလည်း ပျက်စီးသွားခဲ့ရပြီး ကံအကျိုးဆက်တွေ ခံစားခဲ့ရတယ်"

" ဒီလောက်နှစ်ကာလတွေ အများကြီး ကုန်ဆုံးသွားတာတောင် အခုထိ ငရဲချောက်နက်ထဲကနေ ရုန်းမထွက်နိုင်ကြသေးဘူး....."

ကူချန်က တစ်လုံးချင်းစီ သေချာစွာ ပြောကြားလိုက်သည်။

"မိတ်ဆွေငယ်လေး... မိတ်ဆွေငယ်လေး တကယ်ပဲ လိုလားလို့လား ၊ ကိုယ်တိုင်ရဲ့ ဘေးကင်းလုံခြုံမှုကို အပေါင်ပစ္စည်းအဖြစ် အသုံးချပြီး ဒီလျို့ဝှက်ချက်ကို နားလည်ချင်သေးတာလား"

All Chapters