အခန်း ၉၁၇
Vol. 71 Ch. 917
အခန်း (၉၁၇) ကြောက်မက်ဖွယ်ကောင်းသော ကံအကျိုးဆက်နှင့် အမတနယ်မြေ၏ ထူးဆန်းသော မူလအစ
ထိုစကားကို ကြားလိုက်ရချိန်တွင် ၊
အပြင်ပန်းတွင် စူးချန်ကဲသည် တည်ငြိမ်နေသော်လည်း ရင်ထဲ၌ လှုပ်ခတ်သွား၏။
ကူချန် ပြောလိုက်သည့် စကားများသည် သူ ရှေးဦးလျို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်မီက ကြားခဲ့ရသည့် ထိုအသံပိုင်ရှင်မှ ပြောခဲ့သည့် စကားနှင့် တစ်ထေရာတည်း တူညီနေခဲ့သည်။
သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှ ဖော်ပြရခက်သော ခံစားချက်တစ်ခု တိုးဝှေ့ထွက်ပေါ်လာခဲ့သည်။
သူသည် ဤရှေးဦးလျို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်မီကတည်းကပင် ၊ လျို့ဝှက်ဆန်းကြယ်သော မျက်ဝန်းတစ်စုံက သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားခဲ့ရသည်။
ထို့အပြင် သူတစ်ယောက်တည်း ရှေးဦးလျို့ဝှက်နယ်မြေထဲသို့ ပထမဦးဆုံး အပို့ခံခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်ကို ပြန်တွေးမိတိုင်း ၊ သူသည် အသုံးချခံနေရသကဲ့သို့ ခံစားနေမိသည်။
ယခု ကူချန်၏စကားများကို နားထောင်ပြီးနောက်တွင် ၊ တစ်ဖက်လူသည် သူ၏ စိတ်ဆန္ဒ မည်မျှအထိ ခိုင်မာမှုရှိမရှိကို နောက်ဆုံးအကြိမ်အဖြစ် အတည်ပြုနေသကဲ့သို့ပင်။
သို့မဟုတ်ပါက သူသည် ဤအရာအားလုံးကို စုံစမ်းဖော်ထုတ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည့် ယုံကြည်ချက် ရှိမရှိကို အကဲခတ်နေခြင်းလည်း ဖြစ်နိုင်သည်။
...........
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ၊
စူးချန်ကဲသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် လေကို အဝရှူသွင်းလိုက်ပြီး ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ကူ စီနီယာ ပွင့်ပွင့်လင်းလင်းသာ မိန့်ကြားပါ... ချန်ကဲ ဒီနေရာကို ရောက်လာကတည်းက ရင်ထဲမှာ အသင့်ပြင်ထားပြီးသားပါ"
"ရှေ့မှာ ရှိနေတာက နက်ရှိုင်းတဲ့ ချောက်နက်ကြီးပဲဖြစ်ဖြစ်၊ ငရဲဘုံပဲဖြစ်ဖြစ် ချန်ကဲ ဘယ်တော့မှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး"
ထိုစကားကို ကြားပြီး ကူချန်၏ မျက်ဝန်းများသည် ပို၍တောက်ပလာပြီး ၊ မျှော်လင့်ချက် မီးတောက်မှာ ပို၍ ပြင်းထန်စွာ တောက်လောင်လာဟန်ရသည်။
"ကောင်းပြီ"
ရွာသူကြီး အဘိုးအိုသည် သူ၏ မုတ်ဆိတ်မွေးကို သပ်ချရင်း ၊ အတွေးများကို စနစ်တကျ စီစဉ်ကာ ကိစ္စအားလုံးကို စတင်ပြောပြလေတော့သည်။
........
အချိန်ကာလကို ပြန်လည်ရေတွက်ရလျှင် ၊ ဒေဝလောက ကံအကျိုးဆက် မဖြစ်ပေါ်ခင် ခေတ်ကာလဆီသို့ ပြန်သွားရလိမ့်မည်။
အမှန်အားဖြင့် သူတို့၏ ထျန်းမု ရှေးဟောင်းရွာသည် ကနဦးအမတဧကရာဇ် သုံးပါးမှ ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည့် ရွာသားအနည်းငယ်မှ ဖြစ်တည်လာခြင်း ဖြစ်ပြီး ၊ သူတို့၏ မူလဇာတိမြေမှာ လောကပြင်ပ ရှေးဟောင်းရွာပင် ဖြစ်သည်။
၎င်းတို့သည် မူလက ဤနေရာတွင် အခြေချနေထိုင်ရန် အစီအစဉ်ရှိခဲ့ကြခြင်း မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ကံအကျိုးဆက်ကို ရှောင်တိမ်းရန်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုကံအကျိုးဆက်သည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသဖြင့် သူတို့အဖို့ ပြေးပေါက်မရှိခဲ့သည်ဟု ဆိုရမည်။
သူတို့ရွာထဲက လူအချို့သည် ဤအရာအားလုံးကို မလွဲမသွေ ခံယူရပေမည်။
ထပ်တလဲလဲ တိုင်ပင်ဆွေးနွေးပြီးနောက် ၊ လူအများစုကို လောကပြင်ပ ရှေးဟောင်းရွာတွင် ချန်ထားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော ကံအကျိုးဆက်၏ တိုက်စားဝါးမြိုမှုကို ခံယူစေပြီး အရာအားလုံးကို ထမ်းပိုးစေခဲ့သည်။
လူနည်းစုကို မျှော်လင့်ချက် မျိုးစေ့များအဖြစ် သတ်မှတ်ကာ ကနဦးအမတဧကရာဇ် သုံးပါးမှ ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ ကံကြမ္မာကို မူလကံကြမ္မာသတ်မှတ်ချက်မှ ခွဲထုတ်ပစ်ခဲ့သည်။
နောက်ဆုံးတွင် ၎င်းတို့ကို ဤထျန်းမန်ကမ္ဘာသို့ ခေါ်ဆောင်လာခဲ့ပြီး အခြေချနေထိုင်စေခဲ့သည်။ဤသို့ဖြင့် ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုများ ဖြစ်လာကြသည်။
"ဒီလိုကိုး....."
ဤနေရာအထိ နားထောင်ပြီးနောက် ၊ စူးချန်ကဲသည် မိမိသိရှိထားသော အမတနယ်မြေ၏ လျို့ဝှက်ချက်များနှင့် ပေါင်းစပ်ကြည့်လိုက်ရာ အရာအားလုံးမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် မေးခွန်းများ ရှိသေးသော်လည်း ကြားဖြတ်မပြောဘဲ ဆက်လက်၍ အာရုံစိုက် နားထောင်နေခဲ့သည်။
သို့သော်လည်း ထိုကြောက်မက်ဖွယ်ရာ ကောင်းသော ကံအကျိုးဆက်ကို ဤမျှအလွယ်တကူ ရှောင်တိမ်းနိုင်မည်လော။
လောကပြင်ပ ရှေးဟောင်းရွာသည် နောက်ဆုံးတွင် ထိုကြောက်မက်ဖွယ်ကောင်းသော ကံအကျိုးဆက်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်နှင့် အလျောက်၊ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုများလည်း ထိုဘေးဒုက္ခမှ လွတ်မြောက်သွားနိုင်ခြင်း မရှိခဲ့ပေ။
ကြောက်မက်ဖွယ်ကောင်းသော ကံအကျိုးဆက်များသည် အချိန်ကာလ၏ ခြေရာလက်ရာများကို ခြေရာခံလျက် ၎င်းတို့ရှိရာ ထျန်းမန်ကမ္ဘာကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
၎င်းသည် ထူးခြားသော နည်းလမ်းများဖြင့် ထူးခြားဆန်းကြယ်သော စွမ်းအားများကို ဆောင်ကျဉ်းလျက် ၊ ဤထျန်းမန်ကမ္ဘာတစ်ခုလုံးကို တိုက်စားဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့၏ ဘိုးဘေးများသည် ကြိုတင်ရိပ်မိခဲ့ကြသဖြင့် မိမိတို့၏ မူလအနှစ်သာရမှ ကနဦးမူလရင်းမြစ် စွမ်းအားကို ထုတ်ဖော်ကာ ထျန်းမန်ကမ္ဘာအတွင်းသို့ ပေါင်းစပ်ထည့်သွင်းခဲ့ကြသည်။
ဤနည်းဖြင့် ထိုထူးခြားဆန်းကြယ်သော စွမ်းအားများကို တားဆီးပိတ်ဆို့နိုင်ခဲ့ပြီး ထျန်းမန်ကမ္ဘာကို ယာယီအားဖြင့် တည်ငြိမ်စေခဲ့သည်။
သို့သော်လည်း ထိုထူးခြားဆန်းကြယ်သော စွမ်းအားများသည် လုံးဝ မောင်းထုတ်ခံလိုက်ရခြင်း မဟုတ်ဘဲ ယာယီအားဖြင့်သာ ဖိနှိပ်ခံထားရခြင်းဖြစ်ပြီး ၊ ဤကမ္ဘာကြီးနှင့်အတူ သိမ်မွေ့စွာ ယှဉ်တွဲနေထိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။
သူတို့၏ ဘိုးဘေးများ ဖြစ်ကြသော ကနဦးအမတဧကရာဇ်မင်း သုံးပါးသည် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့ကြသည်။
သူတို့သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို တွက်ချက်ခဲ့ကြရာ ၊ နောက်ဆုံးတွင် ထိုထူးခြားဆန်းကြယ်သော စွမ်းအားများ၏ မြစ်ဖျားခံရာ တစ်စိတ်တစ်ပိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
"ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေရဲ့ မြစ်ဖျားခံရာ တစ်စိတ်တစ်ပိုင်း ဟုတ်လား"
စူးချန်ကဲမှာ ဆက်လက် မအောင့်အည်းနိုင်တော့ဘဲ ကြားဖြတ်ကာ မေးမြန်းလိုက်မိသည်။
"ဟုတ်တယ်...... အဲဒီထူးဆန်းတဲ့ စွမ်းအားတွေက တကယ်ပဲ ဒေဝလောက ကံအကျိုးဆက် စွမ်းအားတွေနဲ့ ပတ်သက်နေတယ်....."
ကူချန်သည် ထိုကြောက်မက်ဖွယ်ရာ သမိုင်းကြောင်းကို ပြန်လည်အမှတ်ရသွားပုံရပြီး အသံများပင် တုန်ရင်နေခဲ့သည်။
"ဒါက ငါတို့မျိုးနွယ်စုရဲ့ အိမ်မက်ဆိုးအားလုံး စတင်ရာလည်း ဖြစ်တယ်......"
ကနဦးအမတဧကရာဇ်မင်း သုံးပါးသည် မျိုးနွယ်စုဝင်များ၏ မျှော်လင့်ချက်များကို သယ်ဆောင်လျက် ထိုကြောက်မက်ဖွယ်ကောင်းသော ကံအကျိုးဆက်ကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော် ဆန္ဒနှင့် ဘဝ ထပ်တူမဖြစ်ခဲ့ချေ။ သူတို့သည် ထိုထူးဆန်းသော မြစ်ဖျားခံရာကို ရှာဖွေတွေ့ရှိခဲ့စဉ်က ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကိုလည်း သိရှိသွားခဲ့ကြသည်။
"အဲ့ဒီအမှန်တရားကို..... ငါတို့မျိုးနွယ်စုလည်း မသိဘူး....."
"ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ဘိုးဘေးတွေက ရွာကို သတင်းပြန်ပို့ဖို့ အခွင့်အရေး လုံးဝ မရခဲ့လို့ပဲ.... သူတို့ အဲဒီထူးဆန်းတဲ့ နေရာထဲကို ဝင်သွားတာနဲ့တစ်ပြိုင်နက်.... အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်တည်မှုရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ကြရလို့ပဲ....."
"ငါတို့ရဲ့ ဘိုးဘေးတွေ နည်းနည်းမှ ပြန်လည်မခုခံနိုင်ဘဲ.... သူတို့ရဲ့ အမတခန္ဓာကိုယ်ပါ ချေမှုန်းခံလိုက်ရတယ်....."
ထိုစကားကိုကြားပြီး စူးချန်ကဲမှာ မျက်မှောင်ကြုတ်သွားကာ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။
သူမှတ်မိသလောက် လောကပြင်ပ ရှေးဟောင်းရွာမှ ကနဦးအမတဧကရာဇ်မင်း သုံးပါးနှင့်အတူ အခြားသော အမည်မသိ ကနဦးအမတဧကရာဇ်မင်း နှစ်ပါး အပါအဝင် ၎င်းတို့ အကုန်လုံး ကြွေလွင့်ခဲ့ကြရသည့် နေရာမှာ အမတနယ်မြေထဲရှိ ရှေးဦးဧကရာဇ်နယ်မြေတွင် ဖြစ်သည်။
' ဒါဆိုရင် ရှေးဦးဧကရာဇ်နယ်မြေက အဲ့ဒီထူးဆန်းတဲ့ မြစ်ဖျားခံရာ တစ်စိတ်တစ်ပိုင်းနဲ့ ဆက်နွယ်နေတာလား...'
အမတနယ်မြေကဲ့သို့ မြင့်မြတ်သော နေရာတွင် ဤကဲ့သို့ ထူးဆန်းသော နေရာတစ်ခုကို ချိတ်ပိတ်ထားခဲ့လေသလော။
ထိုအတိုင်းသာဖြစ်ခဲ့ပါက ၊ အမတနယ်မြေမှ လူများသည် အဘယ်ကြောင့် ထိုနေရာသို့ သွားရောက်ကာ ဧကရာဇ်အဖြစ်သို့ တက်လှမ်းနေကြသနည်း။
စူးချန်ကဲ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။
ဤအရာအားလုံးမှာ သူ စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။
သို့သော်လည်း ကူချန် ဆက်ပြောလာမည့် စကားများက စူးချန်ကဲ၏ ဦးနှောက်တစ်ခုလုံးကို ဗလာကျင်းသွားစေခဲ့သည်။
"တကယ်တော့..... ငါတို့ရဲ့ အဲဒီဘိုးဘေး သုံးယောက်စလုံးက လုံးဝ ကြွေလွင့်သွားခဲ့တာ မဟုတ်ဘူး၊ သူတို့ရဲ့ ရုပ်ခန္ဓာတွေ ပျက်စီးသွားပြီး စိတ်ဝိညာဉ်တွေ ချေမှုန်းခံလိုက်ရပေမဲ့....."
"မမျှော်လင့်ဘဲ သူတို့ရဲ့ နတ်အသိစိတ် အကြွင်းအကျန် တစ်ခုက ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ထျန်းမန်ကမ္ဘာရဲ့ နယ်ပယ်တစ်ခုမှာ အခြေချခဲ့တယ်......"
ထိုသို့ပြောရင်း ၊ ကူချန်သည် နေရာတစ်ခုဆီသို့ ညွှန်ပြလိုက်သည်။
ထိုညွှန်ပြလိုက်သည့် အရပ်မျက်နှာမှာ မမျှော်လင့်ဘဲ ဆန်းကြယ်မြေအောက်ရှိရာ အရပ်မျက်နှာနှင့် ထပ်တူကျနေခဲ့သည်။
"သူတို့က ကိုယ့်ကိုယ်ကို အဲဒီနယ်ပယ်ထဲမှာ ချိတ်ပိတ်ထားခဲ့ကြတယ်.... သူတို့ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ နတ်အသိစိတ်ကို အသုံးပြုပြီး ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကို တားဆီးပိတ်ဆို့ဖို့ ရည်ရွယ်ခဲ့ကြပုံရတယ်....."
"ဒါပေမဲ့..... သူတို့..... သူတို့ ကျရှုံးသွားခဲ့ပြီး.... တိုက်စားခံလိုက်ရတယ်....."
"ဒါပေမဲ့ ခုပြောတာတွေက ထျန်းမန်ကမ္ဘာရဲ့ ပြောစကားသက်သက်ပဲ"
ကူချန်၏ အသံမှာ တုန်တုန်ရင်ရင် ဖြစ်လာပြီး အနည်းငယ် ထစ်ငေါ့လာခဲ့သည် ။
"ငါတို့ပဲ သိတာ..... အဲဒီ နတ်အသိစိတ် အကြွင်းအကျန် သုံးခုက ငါတို့ရဲ့ ဘိုးဘေးတွေ လုံးဝ မဟုတ်တော့ဘူး ဆိုတာကို....."
"သူတို့မှာ ငါတို့ဘိုးဘေးတွေနဲ့ တူညီတဲ့ မှတ်ဉာဏ်တွေ ရှိနေပေမဲ့..... ကနဦးမူလရင်းမြစ် စွမ်းအားနဲ့တော့ ဘယ်လိုမှ ပဲ့တင်ထပ်အောင် မလုပ်နိုင်ကြဘူး"
"ငါတို့ရဲ့ ဘိုးဘေးတွေက အဲဒီထူးဆန်းတဲ့ ကပ်ဘေးကို ကြုံတွေ့ခဲ့ရကတည်းက လုံးဝ သေဆုံးသွားခဲ့ကြပြီ"