အခန်း ၉၁၈
Vol. 71 Ch. 918
အခန်း (၉၁၈) အချိန်ကာလထဲက ပိုက်ကွန်နက်
ဝုန်း...
စူးချန်ကဲ၏ ဦးနှောက်ထဲတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်။
ကူချန်၏ ပြောပြချက်အရ ၊ ကနဦးမူလရင်းမြစ် စွမ်းအားဆိုသည်မှာ ကနဦးအမတဧကရာဇ်မင်း သုံးပါးမှ မိမိတို့၏ မူလအနှစ်သာရစွမ်းအားဖြင့် ထုတ်ဖော်ခဲ့သည့် ထူးခြားသော စွမ်းအားတစ်ခု ဖြစ်သည်။
ဤစွမ်းအားသည် ၎င်းတို့ကြောင့်သာ ဖြစ်တည်လာသည်ဟု ဆိုနိုင်သည်။
ဤလောကတွင် ၎င်းတို့မှလွဲ၍ မည်သူမျှ ထိုစွမ်းအားနှင့် ဆက်သွယ်၍ ပေါင်းစပ်နိုင်ခြင်း မရှိချေ။
သို့သော်လည်း ထိုထူးဆန်းသော နေရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် ကနဦးအမတဧကရာဇ်မင်း သုံးပါး၏ နတ်အသိစိတ် အကြွင်းအကျန်များသည် ကနဦးမူလရင်းမြစ် စွမ်းအားနှင့် ပဲ့တင်ထပ်ခဲ့ခြင်း မရှိချေ။
ဤရလဒ်မျိုးသည် အလွန် ရှားပါးလွန်းသည်။ ကနဦးအမတဧကရာဇ်မင်း သုံးပါး၏ နတ်အသိစိတ် အကြွင်းအကျန်ဟူသည် ထိုထူးဆန်းသော စွမ်းအားများမှ ဖန်တီးထားသည့် အရာများ ဖြစ်ရန် အလားအလာများသည်။
သို့သော် ဤအချက်က စူးချန်ကဲကို ပို၍ နားမလည်နိုင်အောင် ဖြစ်စေသည်။
ထိုထူးဆန်းသော ဖြစ်တည်မှုသည် အမတဧကရာဇ်မင်းများကို သတ်ဖြတ်ခဲ့ရုံသာမက သူတို့၏ နတ်အသိစိတ်များအဖြစ် ဟန်ဆောင်ကာ အဘယ့်ကြောင့် ထျန်းမန်ကမ္ဘာသို့ ဆင်းသက်လာသနည်း။
တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
"ထူးဆန်းတဲ့ စွမ်းအားတွေ......."
"ကြောက်မက်ဖွယ်ကောင်းတဲ့ ကံအကျိုးဆက်....."
"ဒေဝလောက ကံအကျိုးဆက် ကပ်ဘေးကြီး မဖြစ်ခင်က......"
"ကံအကျိုးဆက်.... ကံအကျိုးဆက်....."
စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြစ်ပေါ်နေခဲ့ပြီး တိုးတိုးလေး ရေရွတ်နေမိသည်။
ထို့နောက် သူ၏ စိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ကောက်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကနဦးလျို့ဝှက်နယ်မြေထဲသို့ မဝင်ရောက်မီက၊
ယွီ့ကဲကိုယ်တိုင်က ဖော်ပြရခက်ပြီး ရင်းနှီးနေသည့် စွမ်းအားတစ်ခုက သူမအား လှမ်း၍ ခေါ်ယူနေသကဲ့သို့ ခံစားရကြောင်း ပြောခဲ့သည် မဟုတ်လော။
သို့သော် ယွီ့ကဲသည် ကံအကျိုးဆက် စွမ်းအားများမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ဤမွေးဖွားလာသည့် ဖြစ်စဉ်အတွင်း ၊
သူမသည် ထူးခြားဆန်းကြယ်သော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ၊ သူမ၏ ကိုယ်ပိုင်တည်ရှိမှုမှာ ကံအကျိုးဆက် စွမ်းအားများနှင့် မတူဘဲ အနည်းငယ် ကွဲပြားသွားခဲ့ရသည်။
ယခုအခါ တစ်ဖက်လူ၏ နှုတ်မှ ထွက်လာသည့် ထိုထူးခြားဆန်းကြယ်သော စွမ်းအားသည် ကံအကျိုးဆက် စွမ်းအားများနှင့် ထပ်တူကျနေသည် မဟုတ်လော။
"ဒါဆိုရင် အဲဒီထူးခြားဆန်းကြယ်တဲ့ စွမ်းအားက ကံအကျိုးဆက် စွမ်းအားတွေ ဖြစ်နေတာလား....."
"ထျန်းမန်ကမ္ဘာ တိုက်စားခံရတာကလည်း ကံအကျိုးဆက် စွမ်းအားတွေရဲ့ လက်ချက်ပဲလား....."
"ဒါမှမဟုတ် အဲဒီထူးဆန်းတဲ့ ဖြစ်တည်မှုက အဆုံးမဲ့ကပ်ဘေးကြီးကို စတင်ခဲ့တဲ့သူ ဖြစ်နေမလား၊ သူက ကနဦးအမတဧကရာဇ်မင်း သုံးပါးရဲ့ နတိအသိစိတ်အကြွင်းအကျန်အဖြစ် ဟန်ဆောင်ခဲ့တာဟာ ထျန်းမန်ကမ္ဘာကို သားအိမ်တစ်ခုလို အသုံးချဖို့ ရည်ရွယ်ခဲ့တာလား....."
"နောက်ဆုံး ထူးဆန်းတဲ့ ကပ်ဘေးအသစ်တွေကို မွေးထုတ်ပေးဖို့လား"
အမတနယ်မြေ၏ ဟောကိန်းအရ ၊ အနာဂတ်တွင် အမှောင်ထုသည် ပြန်လည်နိုးထလာရုံတင်မကဘဲ ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေးလည်း ရောက်ရှိလာနိုင်သည်ဟု ဆိုကြသည်။
ယခုအခါ သူသည် ထျန်းမန်ကမ္ဘာတွင် ဤမျှအထိ ကြီးမားသော လျို့ဝှက်ချက်ကို ကြားသိလိုက်ရပြီ ဖြစ်သည်။
ဤအရာအားလုံးမှာ အမည်မသိ ဖြစ်တည်မှုတစ်ခု၏ ကြိုးကိုင်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။
ထိုသူသည် လွန်ခဲ့သော ခေတ်ကာလပေါင်းများစွာကတည်းက ပိုက်ကွန်ကြီးတစ်ခုကို ဖြန့်ကျတ်ထားခဲ့ပြီး ၊ ၎င်းကို အချိန်ကာလ၏ အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားခဲ့သည်။
အချိန်တန်လျှင် ထိုပိုက်ကွန်ကို တိုက်ရိုက်ဆွဲတင်ကာ ဒေဝလောကတစ်ခုလုံးကို အမဲလိုက် ချေမှုန်းပစ်ပေတော့မည်။
ဤခန့်မှန်းချက်သည် စူးချန်ကဲကို တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားစေခဲ့သည်။
အံ့ဩစရာ မရှိတော့ချေ။ ထို့ကြောင့် ကူချန်သည် သူ့အနေဖြင့် ဤလျို့ဝှက်ချက်ကို နားလည်ရန် အသင့်ဖြစ်မဖြစ် ထပ်တလဲလဲ မေးမြန်းခဲ့ခြင်း ဖြစ်နိုင်သည်။
ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော လျို့ဝှက်ချက်ကြီးကို သာမန် ကောင်းကင်အမတနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ကြားသိလိုက်ရပါက ၊ သူ၏ လောကအမြင်နှင့် တာအိုစိတ်နှလုံးသားသည်ပင် ပြိုလဲပျက်စီးသွားနိုင်သည်။
ဤအရာအားလုံးသည် အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။ ၎င်းသည် ဒေဝလောကတစ်ခုလုံးကို လွှမ်းခြုံကာရံထားသော ပိုက်ကွန်နက်ကြီးတစ်ခုကဲ့သို့ပင်။
အနာဂတ်တွင် အမှောင်ထုသာ ရှိနေပြီး မည်သည့်အလင်းရောင်နှင့် မျှော်လင့်ချက်ကိုမျှ မမြင်တွေ့နိုင်သကဲ့သို့ပင်။
အမတဧကရာဇ်မင်းများပင်လျှင် ဒေဝလောက တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည့် ဤပိုက်ကွန်နက်ကြီးကို ဆုတ်ဖြဲပစ်ရန် ခဲယဉ်းပေလိမ့်မည်။
ထိုစဉ် ကူချန်က ရုတ်တရက် ဆိုလိုက်သည်။
"ချန်ကဲမိတ်ဆွေငယ်ရဲ့ ပါရမီက သာမန်ထက် ထူးကဲတယ်၊ စိတ်ထဲမှာလည်း အရာတော်တော်များများကို ခန့်မှန်းမိလောက်ပြီလို့ ငါ အဘိုးကြီး ယုံကြည်ပါတယ်"
"ဒီအရာအားလုံးက အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်နေသေးပေမဲ့ အခြေအနေက အဲဒီလောက်အထိ စိတ်ပျက်အားငယ်စရာ မကောင်းသေးပါဘူး"
"ဘာလို့လဲဆိုတော့ မိတ်ဆွေငယ်လေးမှာ ရှိနေတဲ့ မိသားစုကိုယ်တိုင်ကပဲ ဒီအမှောင်ညကို ဆုတ်ဖြဲပစ်မယ့် ကြယ်တစ်စင်း ဖြစ်နေလို့ပဲ"
"ဒါတင်မကသေးဘူး၊ ဒေဝလောက နယ်ပယ်အသီးသီးမှာ မရေမတွက်နိုင်တဲ့ သူရဲကောင်းဝိညာဉ်တွေ ရှိနေပါသေးတယ်၊ အားလုံးသာ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ကြမယ်ဆိုရင် အနာဂတ်ရဲ့ အကျပ်အတည်းနဲ့ လှောင်အိမ်တွေကို မဖျက်ဆီးနိုင်စရာ အကြောင်းမရှိဘူး"
ထိုစကားကို ကြားပြီးနောက် ၊ စူးချန်ကဲ၏ တုန်လှုပ်ချောက်ချားနေသော စိတ်အာရုံနှင့် တာအိုစိတ်နှလုံးသားမှာ လျင်မြန်စွာဖြင့် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သူ၏ နောက်ကွယ်က အင်အားစုများကို အထင်သေး၍ မရပေ။ တားမြစ်စူးမိသားစုတင်သာမက ၊ ကွေးယွမ်အမတဂိုဏ်း ၊ သံသရာစက်ဝန်း အမတမင်းဆက် ၊ ယောင်ကွမ်အမတဂိုဏ်း နှင့် အခြား အင်အားစုများစွာလည်း ရှိနေသေးသည်။
စူးချန်ကဲသည် မိမိ၏ ပါရမီနှင့် ခွန်အားအပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိပြီး ပြိုင်ဘက်အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသော်လည်း ၊
သို့သော် ဤကမ္ဘာကြီး၏ အဓိကဇာတ်ဆောင်မှာ သူတစ်ယောက်တည်း မဟုတ်နိုင်ကြောင်းကိုလည်း သိရှိထားသည်။
.............
ဤအရာများ ပြောကြားအပြီးတွင်၊
ကူချန်သည် စူးချန်ကဲအား ထျန်းမန်ကမ္ဘာ၏ သမိုင်းကြောင်းကို ထပ်မံပြောပြခဲ့သည်။
သူတို့၏ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုသည် ထျန်းမန်ကမ္ဘာကို အစောဆုံး ရောက်ရှိလာခဲ့ကြသည့် မူလအခြေချ နေထိုင်သူများ ဖြစ်ကြသည်။
အခြားသော အင်အားစုများနှင့် ကျင့်ကြံသူများမှာ ဤခေတ်ကာလများအတွင်း အမတနယ်မြေပြင်ပမှ ဝင်ရောက်လာကြသည့် ပြင်ပကျင့်ကြံသူများသာ ဖြစ်သည်။
ထိုထူးခြားဆန်းကြယ်သော စွမ်းအားများက အမှောင်ထဲမှ နေ၍ ကြိုးကိုင်လှုံ့ဆော်ခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။
ဤပြင်ပအင်အားစုများသည် အချင်းချင်း ပူးပေါင်းကာ ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲခဲ့ကြပြီး ၊ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုကို ချေမှုန်းခဲ့ကြသည်။
လက်ရှိ သူတို့၏ ထျန်းမုရွာလေးသည် ထျန်းမန် သင်္ချိုင်းမျိုးနွယ်စု၏ သွေးနှောမျိုးနွယ်စုဝင်လေးတစ်ခုသာ ဖြစ်တော့သည်။
" ကူစီနီယာ.... ဒါဆိုရင် တစ်ချိန်က ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုရဲ့ ဘိုးဘွားပိုင်နယ်မြေက ဘယ်နေရာများလဲ"
စူးချန်ကဲက မေးမြန်းလိုက်သည်။
" ဘိုးဘွားပိုင်နယ်မြေကရော အဲဒီစစ်ပွဲကြီးကြောင့်ပဲ ပျက်စီးသွားခဲ့တာလား"
သူ ယခုတစ်ခေါက် ထျန်းမန်ကမ္ဘာသို့ လာရခြင်းမှာ စနစ်၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရန်အတွက် ဖြစ်သည်။
ထျန်းမန် သင်္ချိုင်းမျိုးနွယ်စု၏ ယုံကြည်မှုကို ရယူကာ ၎င်းတို့၏ ဘိုးဘွားပိုင်နက် အနက်ရှိုင်းဆုံးနေရာသို့ သွားရောက်ရန် ဖြစ်သည်။
ယခုအခါ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စု မရှိတော့သဖြင့် သူသည် ဤတာဝန်ကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည်နည်း။
"အဲဒီစစ်ပွဲကြီးက အရမ်းကို ကြာမြင့်လှပါပြီ၊ အဲဒီအပျက်အစီးနေရာက ဘယ်မှာလဲဆိုတာကို အဘိုးကြီးလည်း အတိအကျ မသိရဘူး....."
"ဒါပေမဲ့ အရပ်မျက်နှာကိုတော့ အကြမ်းဖျင်း ငါ အတည်ပြုပေးနိုင်တယ်"
"အဲဒီနေရာက မြေအောက်ကမ္ဘာ နဲ့ ဆန်းကြယ်တောအုပ်ရဲ့ အနီးတစ်ဝိုက်မှာ ရှိတယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် စူးချန်ကဲ၏ မျက်ဝန်းများမှာ အနည်းငယ် တောက်ပသွားခဲ့သည်။
အစောပိုင်းက ကူချန်နှင့် စကားပြောဆိုခဲ့မှုများမှတစ်ဆင့် သူသည် ထျန်းမန်ကမ္ဘာ၏ မြေပုံကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
၎င်းကို အဓိကအားဖြင့် နယ်မြေကြီး (၁၀) ခုအဖြစ် ပိုင်းခြားထားပြီး ၊ ထိုအထဲတွင် ပြင်ပမှ ရောက်ရှိလာကြသူများ၏ အခြေချရာ နယ်မြေကြီးငယ် မြောက်မြားစွာ တည်ရှိသည်။
ထိုသူများကို ထျန်းမန်ကမ္ဘာ၏ လမ်းပျောက်သူများဟုလည်း ခေါ်ဆိုကြသည်။ အမှန်အားဖြင့် ၎င်းတို့သည် အမတနယ်မြေတွင် လူရာမဝင်သဖြင့် ဤနေရာသို့ လာရောက်ကာ ဘဝကို အောက်ခြေမှ ပြန်လည်စတင်၍ အေးဆေးအခြေချနေထိုင်ကြသူများသာ ဖြစ်သည်။
၎င်းတို့၏ ကျင့်ကြံဆင့်မှာ အမြင့်ဆုံး ရွှေအမတနယ်ပယ်သာ ရှိသော်လည်း ၊ ကနဦးမူလရင်းမြစ် စွမ်းအားကို အမှီပြုထားကြသဖြင့် ၎င်းတို့၏ စွမ်းအားမှာ လွန်စွာ ထူးကဲလှသည်။
"ချန်ကဲမိတ်ဆွေငယ်အနေနဲ့ ငါတို့ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုရဲ့ အတိတ်တုန်းက ဘိုးဘွားပိုင်နယ်မြေဆီ သွားချင်တယ်ဆိုရင် ဖုန်းယွင်တားမြစ်နယ်မြေရှိရာ အရပ်မျက်နှာဆီကို ဦးတည်သွားနိုင်တယ်"
"ငါတို့ ထျန်းမုရွာရဲ့ ဘိုးဘေးမှတ်တမ်းတွေအရ ငါတို့ ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုရဲ့ ပင်မမျိုးနွယ်စုကြီးက အဲ့မှာ အခြေချနေထိုင်နေလောက်တယ်"
"တကယ်လို့ မိတ်ဆွေငယ်လေးက သူတို့ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင် ဘိုးဘွားပိုင်နယ်မြေကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်"
.........