← Chapters

အခန်း ၉၁၉

Vol. 71 Ch. 919

အခန်း ၉၁၉

Vol. 71 Ch. 919

အခန်း (၉၁၉) - ကိုယ့်အင်အားနဲ့ ဖိနှိပ်ချေမှုန်းပြမယ်

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ညမှောင်ရီ ပျိုးစပြုလာခဲ့လေသည်။

ထျန်းမုကျေးရွာ၏ အလယ်ဗဟို၌ ရွာသားအများအပြားသည် မီးပုံပွဲတစ်ခုကို ပြင်ဆင်ကာ စူးချန်ကဲအတွက် စည်ကားသိုက်မြိုက်လှသော ညစာစားပွဲတစ်ခုကို ကျင်းပပေးခဲ့ကြသည်။

ထူးခြားဆန်းပြားသော ရတနာသစ်သီးဝလံများနှင့် အဖိုးတန်သားရဲ အသားများကို စားပွဲပေါ်တွင် အစီအရီ တည်ခင်းထား၏။

ရွာသားများသည် ကျား၊ မ၊ ကြီး၊ ငယ်မရွေး အသီးသီး ခွက်ကိုယ်စီကိုင်ဆောင်ကာ စူးချန်ကဲထံသို့ အရက်လာရောက် တိုက်ကြလေသည်။

"ချန်ကဲမိတ်ဆွေ... ရွာမှာ ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးစရာဆိုလို့ ဒါပဲရှိတာ၊ မိတ်ဆွေအနေနဲ့ စိတ်ထဲမရှိပါနဲ့နော်"

"ချန်ကဲမိတ်ဆွေ... လာပါ၊ တို့တွေ အတူတူ ဝဝလင်လင် သောက်ကြရအောင်...ဒီနေ့တော့ မမူးမချင်း မပြန်ဘူးဟေ့"

စူးချန်ကဲသည်လည်း လာသမျှသူ အားလုံးကို ငြင်းပယ်ခြင်းမရှိဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခံသောက်သုံးခဲ့သည်။

အမတလမ်းစဉ်ပေါ်သို့ စတင်ခြေချကတည်းက သူသည် အမြဲတမ်း ကျင့်ကြံအားထုတ်နေခဲ့ပြီး၊ အခြားသော ပါရမီရှင်များနှင့် အသက်လုတိုက်ပွဲဝင်နေခဲ့ရသည်။

ယခုလို စိတ်ချမ်းသာစရာကောင်းသော မီးပုံပွဲအရက်ဝိုင်းမျိုးကို ကြုံတွေ့ရဖို့ဆိုသည်မှာ တကယ်ကို ခဲယဉ်းလှပေသည်။

အရက်ဝိုင်း သုံးကျော့ခန့် ကုန်လွန်သွားပြီးနောက်၊

အရက်မူးသွားကြသော ရွာသားအများစုမှာ ယိမ်းထိုးလျက် တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်သွားကြရာ ၊ ရွာသားအနည်းငယ်သာ ကျန်ရှိတော့သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

တောက်လောင်နေသော မီးလျှံများ၏ အလင်းရောင်သည် စူးချန်ကဲ၏ မျက်နှာပေါ်သို့ ဟပ်နေပြီး ၊ သူ၏ မူလကတည်းက ခန့်ညားသော ရုပ်ရည်ကို ပို၍ ထင်ရှားပေါ်လွင်စေသည်။

သူ၏ ဘေးနားတွင် ထိုင်နေသော ထျန်းရွှမ်ယင်း နှင့် ထျန်းရှောင်သယ်တို့သည် စူးချန်ကဲ၏ ဘေးတိုက်မျက်နှာပြင်ကို မရည်ရွယ်ဘဲ လှမ်းကြည့်မိရင်း ငေးမောနေမိကြသည်။

"ဒီလိုလူမျိုးရဲ့ ကျင့်ကြံဖော်ဖြစ်ခွင့်ရမယ့်သူဟာ ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ မသိဘူးနော်..."

ထျန်းရွှမ်ယင်းသည် မသိစိတ်ကနေ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထျန်းရွှမ်ယင်း၏ တိီးတိုးရေရွတ်မှုကိုတော့ စူးချန်ကဲတစ်ယောက် သတိမထားမိဘဲ သူ့စိတ်ထဲတွင် ရှိနေသည့် ကိစ္စများကိုသာ ဆက်တိုက်သုံးသပ်နေခဲ့သည်။

ယနေ့တွင် ကူချန်ထံမှ ကြားခဲ့ရသည့် လျှို့ဝှက်ချက်များသည် များပြားလွန်းလှသဖြင့် စူးချန်ကဲအနေဖြင့် မကြုံစဖူး ဖိအားများကို ခံစားနေရ၏။

အကယ်၍ ဤလောကထဲတွင် ထျန်းမန် သင်္ချိုင်းမျိုးနွယ်စုသာ ရှိနေဦးမည်ဆိုပါက ၊ သူသည် စနစ်၏တာဝန်ကို လွယ်ကူစွာဖြင့် ပြီးမြောက်နိုင်လိမ့်မည်။

သို့သော် ဤလောကထဲတွင် ထူးခြားဆန်းပြားသော အင်အားစုတစ်ခု ပုန်းကွယ်နေသေးပြီး ၊ ၎င်းသည် အတိတ်တုန်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၏ အရင်းအမြစ်နှင့် ပတ်သက်နိုင်ခြေ များသည်။

ထို့အပြင် မူလဒေသခံများအပြင် အမတနယ်မြေ၏ ပါရမီရှင်များလည်း ရှိနေသေးရာ သူ၏ အစီအစဉ်များအတွက် အဟန့်အတား ဖြစ်စေသည်။

"ဖုန်းယွင်တားမြစ်နယ်မြေက ထျန်းမန်ကမ္ဘာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တည်ရှိနေတာဆိုတော့... အဲ့ဒီကိုသွားဖို့ ထျန်းမန်ကမ္ဘာရဲ့ ထက်ဝက်ကျော်ကို ဖြတ်သန်းသွားရမှာပဲ... ကြည့်ရတာတော့ အဲ့ဒီလူအုပ်စုနဲ့ ထိပ်တိုက်မတွေ့ဘဲနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲ"

"ပြီးတော့ ထျန်းဟောက်ရှန်းနဲ့ တောက်လျန်ရှန်း အဲ့ဒီကောင်တွေလည်း ရှိသေးတယ်၊ လျှို့ဝှက်နယ်မြေထဲကို မဝင်ခင်ကတည်းက တို့တွေက ရန်ငြိုးဖွဲ့ထားပြီးသားဆိုတော့...ဒီကောင်တွေ နောက်ကွယ်ကနေ နှောက်ယှက်ကြမှာ အသေအချာပဲ"

စူးချန်ကဲသည် ဆက်မတွေးလိုတော့သဖြင့် ခေါင်းခါယမ်းလိုက်သည်။

သူ့တွင် ကြိုတင်သိမြင်မှုတစ်ခု ရှိနေသည်။ သူသည် ဤထျန်းမန်ကမ္ဘာတွင် မကြုံစဖူး အပြင်းထန်ဆုံး တိုက်ပွဲကြီးတစ်ခုနှင့် ရင်ဆိုင်ရနိုင်သည်။

ဘာတွေပဲလာလာ... သူ စူးချန်ကဲသည် သူတစ်ဦးတည်း အင်အားဖြင့် ဖိနှိပ်ချေမှုန်းပစ်ပေမည်။

.....

တစ်ချိန်တည်းမှာပင်။

ထျန်းမန်ကမ္ဘာ၏ ဝူလျန်တောင်တန်း၌ ၊

မဟာလမ်းစဉ်ဆိုင်ရာ နိယာမတရားများ လှိုင်းထလျက် ၊ နတ်မြူခိုးများဖြင့် ဝန်းရံနေကာ မိုးကောင်းကင်တစ်ဆုံး မြင့်မားသော တောင်တန်းများပေါ်တွင် နန်းဆောင်များစွာ တည်ဆောက်ထားသည်။

ဤနေရာသည် ထျန်းမန်ကမ္ဘာ၏ ထိပ်တန်း အင်အားစုတစ်ခုဖြစ်သည့် ဝူလျန်တာအိုဂိုဏ်းပင် ဖြစ်သည်။

အလယ်ဗဟိုရှိ နန်းဆောင်တွင် ၊

တစ်ကိုယ်လုံး အမတအလင်းတန်းများဖြင့် ဝန်းရံနေပြီး ၊ အရှိန်အဝါ ကြီးမားသော လူငယ်လေးတစ်ဦးသည် နန်းတော်အလယ်တွင် ရပ်နေ၏။

သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ကြောက်စရာကောင်းလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင်လျှင် တဆက်ဆက် တုန်ခါနေသည်။

ထိုလူငယ်သည် ချက်ချင်း လှည့်ကြည့်လာရာ သူ၏ မျက်ဝန်းတစ်စုံ၌ နတ်မီးတောက်များ ကိန်းအောင်းနေသကဲ့သို့ ရှိနေပြီး ၊ အထဲတွင် ပါရှိသော စွမ်းအားများသည် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

ထိုအကြည့်တစ်ချက်အောက်တွင် ၊

ဝူလျန်တာအိုဂိုဏ်း၏ ကျင့်ကြံသူအများအပြားသည် ကြောက်လန့်တုန်ရင်လျက် ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ် ဒူးထောက်နေကြ၏။

ထိုသူမှာ တခြားသူမဟုတ် ၊ အမတသခင် တရားစီရင်ရေးရုံးတော်၏ သခင်လေး ထျန်းဟောက်ရှန်းပင် ဖြစ်သည်။

သူ၏နောက်ကွယ်တွင် အမတသခင် တရားစီရင်ရေးရုံးတော်၏ ထိပ်တန်းပါရမီရှင် နှစ်ယောက် ရပ်နေကြသည်။

သူတို့နှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာထဲသို့ ကူးပြောင်းလာစဉ်က ၊ ထျန်းဟောက်ရှန်းနှင့် တစ်နေရာတည်း ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး၊ ထျန်းဟောက်ရှန်း၏ အရှိန်အဝါကို မှီခိုခွင့်ရခဲ့သည်။

"ထျန်းမန်ကမ္ဘာက ဟောက်ရှန်းသခင်ကြီးအတွက် သီးသန့်ဖန်တီးပေးထားသလိုပဲ... ထျန်းမန်လောကထဲကို ရောက်ရှိလာတာ မကြာသေးခင်မှာတင် ဟောက်ရှန်းသခင်ကြီးက စစ်မှန်အမတ နယ်ပယ်ကို တစ်ဖန် တတ်လှမ်းနိုင်ခဲ့ပြီ"

"ဒီလို အရှိန်အဟုန်မျိုးက တခြားအင်အားစုတွေရဲ့ ဆက်ခံသူတွေထက် အများကြီး ပိုမြန်တာပဲ... စူးချန်ကဲဆိုတဲ့ ကောင်တောင်မှ ဟောက်ရှန်းသခင်ကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

" ဒီထျန်းမန်ကမ္ဘာထဲမှာ စူးချန်ကဲအနေနဲ့ သူနဲ့ ဟောက်ရှန်းသခင်ကြီးကြားက ကွာခြားချက်က ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို သိသွားစေရမယ်"

သူတို့နှစ်ယောက်၏ စကားသံများသည် အလွန် စိတ်အားထက်သန်နေကြပြီး၊ ထျန်းဟောက်ရှန်းကို ကြည့်သည့် မျက်ဝန်းများထဲ၌ ကိုးကွယ်ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ဤကမ္ဘာထဲသို့ ရောက်လာပြီးပြီးချင်း ၊ ဝူလျန်တာအိုဂိုဏ်းက လူများနှင့် ဆုံတွေ့ခဲ့သည်။

ထိုဂိုဏ်းကလူများသည် အစပိုင်းတွင် သူတို့ကို နှိပ်ကွပ်ရန် ကြိုးစားခဲ့ကြသော်လည်း၊ အဆုံးသတ်တွင် ထျန်းဟောက်ရှန်း၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ဝူလျန်တာအိုဂိုဏ်းတစ်ခုလုံးပါ လက်အောက်ငယ်သားအဖြစ် အသိမ်းခံလိုက်ရသည်။

ဝူလျန်တာအိုဂိုဏ်း၏ ရွှေအမတကျင့်ကြံသူများသည်ပင် စွမ်းအားအပြည့် ထုတ်သုံးထားသည့်တိုင် ၊ ထျန်းဟောက်ရှန်း၏ ရှေ့တွင် ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။

"ဟောက်ရှန်းသခင်ကြီး... သခင်ကြီး အမိန့်ပေးထားတဲ့ ကိစ္စတွေ အကုန်လုံး ဆောင်ရွက်ပြီးပါပြီ..."

ထိုအချိန်တွင် နန်းဆောင်အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကြည့်လိုက်လျှင်ဖြင့် ၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိတ်ထိတ်လန့်လန့်ဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရပေလိမ့်မည်။

ဤလူသည် ဝူလျန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ၊ ဝူလျန်တာအိုဂိုဏ်း၏ အင်အားအကောင်းဆုံးပုဂ္ဂိုလ် ရွှေအမတနယ်ပယ် အဆင့်(၉)ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

မူလက သူသည် ဤတစ်ခေါက် ရှေးဦးလျို့ဝှက်နယ်မြေ ပွင့်လာသည်ကို အခွင့်ကောင်းယူကာ ၊ လက်ရှိ အမတနယ်မြေမှ ကျင့်ကြံသူ အနည်းငယ်ကို ဖမ်းဆီးပြီး အပြင်လောက၏ သတင်းအချက်အလက်များကို စုံစမ်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ၊ သူ၏ ဂိုဏ်းတစ်ခုလုံး ထျန်းဟောက်ရှန်း၏ လက်အောက်ခံ ကျွန်များ ဖြစ်သွားခဲ့ရသည်။

"အင်း... ကောင်းပြီ"

ထျန်းဟောက်ရှန်းသည် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

"ဆက်ပြီး နယ်မြေချဲ့ထွင် ၊ ပတ်ဝန်းကျင်မှာရှိတဲ့ ဂိုဏ်းတွေ၊ အဖွဲ့အစည်းတွေအားလုံးကို ငါ့လက်အောက်ထဲ သိမ်းသွင်းရမယ်"

" ပြီးတော့ ငါ့အတွက် ပိုများပြားတဲ့ ကျင့်ကြံအရင်းအမြစ်တွေကို ရှာဖွေပြီး ယူဆောင်လာခဲ့... နောက်ပြီး ဒါကို သေချာမှတ်ထား ၊ အကယ်၍ စူးချန်ကဲဆိုတဲ့လူရဲ့ သတင်းအချက်အလက်ကို ကြားတာနဲ့ ချက်ချင်း ငါ့ကို အကြောင်းကြားရမယ်"

"အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"

ထိုသက်လတ်ပိုင်း အမျိုးသားသည် ရိုရိုသေသေဖြင့် ဦးညွှတ်နှုတ်ဆက်ကာ အမြန်ပင် ဆုတ်ခွာသွားခဲ့သည်။

သူ့အမြင်တွင် ထျန်းဟောက်ရှန်း၏ အစီအစဉ်မှာ တကယ်ကို ရူးသွပ်လွန်းသည်။

အကြောင်းမှာ ထျန်းဟောက်ရှန်းသည် ဝူလျန်တာအိုဂိုဏ်းကို အသုံးချကာ ဝူလျန်တောင်တန်း တစ်ဝိုက်တွင်ရှိသော ဒေသခံ အင်အားစုများအားလုံးကို သိမ်းပိုက်ပြီး ၊ ကြီးမားသော တပ်ဖွဲ့ကြီးတစ်ခုကို ဖွဲ့စည်းရန် ကြံစည်နေသောကြောင့် ဖြစ်သည်။

သူသည် ထိုတပ်ဖွဲ့ကြီးကို အသုံးချပြီး ထျန်းမန်ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ကာ အခြားပါရမီရှင်များအားလုံးကို ဖိနှိပ်ရန် ရည်ရွယ်နေသည်မှာ ထင်ရှားပေသည်။

ထျန်းဟောက်ရှန်း၏ အစီအစဉ်မှာ ရိုးရှင်းသည်။ သူသည် စူးချန်ကဲ အပါအဝင် အခြားသော တားမြစ်အင်အားစုများ၏ ဆက်ခံသူ ပါရမီရှင်များအားလုံးနှင့် စစ်မှန်သော စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲရန်သာ ဖြစ်သည်။

အကယ်၍ သူသာ ဤထျန်းမန်ကမ္ဘာတွင် ထိုပါရမီရှင်အုပ်စုတစ်ခုလုံးကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့မည်ဆိုပါက ၊ သူ့၏ နာမည်ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားမည်မှာ သေချာသည်။

"ဟမ်... စူးချန်ကဲ... ဒါက ငါတို့ရဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုပဲ ...ငါတို့တွေ တဝကြီး တိုက်ခိုက်ကြတာပေါ့ ၊ တားမြစ်အင်အားစုကြီး သုံးခုရဲ့ ဆက်ခံသူတဲ့လား....မင်း ငါ့ကို စိတ်လှုပ်စရာကောင်းတာတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

All Chapters