← Chapters

အခန်း ၉၂၁

Vol. 71 Ch. 921

အခန်း ၉၂၁

Vol. 71 Ch. 921

အခန်း (၉၂၁) ငါလျှောက်လှမ်းတဲ့ ဓားလမ်းစဉ်

တစ်ချိန်တည်းမှာပင် ၊ မုရှန်းတောင်တန်း နယ်မြေ။

ဝုန်း!

ကျောက်စိမ်းများဖြင့် ထုဆစ်ကာ ဆန်းကြယ်သော အစီအရင်စာလုံးများဖြင့် ပြည့်နှက်နေသည့် ရွက်လှေကြီးတစ်စင်းသည် ကောင်းကင်ယံထက်တွင် ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

ထိုလှေကြီးပေါ်မှ ထွက်ပေါ်လာသော အရှိန်အဝါများကို ခံစားမိပြီးနောက် ၊ တိမ်တိုက်များပေါ်ရှိ မရေမတွက်နိုင်သော မိစ္ဆာသားရဲများသည် လန့်ဖျပ်သွားကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြသည်။

လှေဦးပိုင်းတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို ကျောနောက်ပစ်ကာ မတ်တပ်ရပ်နေ၏။

ထိုလူငယ်၏ အသားအရေမှာ ဖြူစင်ပြီး ရုပ်ရည်မှာ အနည်းငယ် မိန်းမဆန်သော်လည်း အလွန်ပင် ခန့်ညားသည်။

ဤသူမှာ အခြားသူမဟုတ် ၊ အမှောင်ထျန်းမန်ဂိုဏ်း၏ သခင်လေး အန်လော့ချန်ပင် ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်မှာ ရွှေအမတအဆင့် ဖြစ်ပြီး ၊ စွမ်းအားရှင် ခြောက်ဦးသည် အန်လော့ချန်၏ နောက်တွင် သတိရှိစွာဖြင့် စောင့်ကြပ်နေကြသည်။

" အစောင့်အကြပ်ကြီး... ခင်ဗျားရဲ့ ကျင့်ကြံဆင့်က အခုဆိုရင် ရွှေအမတနယ်ပယ် အဆင့် (၃) ကို ရောက်နေပြီ"

"ထျန်းမုရွာ ရှိတဲ့နေရာကို ရှာဖွေဖို့ နည်းလမ်းရှိမှာ သေချာပါတယ်နော်"

"ငါတို့ လူတွေကို သတ်သွားတဲ့ အဲ့ကောင်...ထျန်းမုရွာကို လိုက်သွားတာ သေချာတယ်"

အန်လော့ချန်က လှမ်း၍ မေးမြန်းလိုက်သည်။

"မင်းတို့အနေနဲ့ ထျန်းမုရွာက အဲဒီအဘိုးကြီးကို ရင်ဆိုင်နိုင်မယ်လို့ သေချာပေါက် အာမခံနိုင်ရဲ့လား"

"သခင်လေး စိတ်ချပါ...ကျွန်တော်တို့ ထျန်းမုရွာရဲ့ တည်နေရာအနီးစပ်ဆုံးကို ခန့်မှန်းနိုင်ပါတယ်"

အစောင့်အကြပ်က တရိုတသေ ပြန်လည် ဖြေကြားလိုက်သည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက ထျန်းမုရွာက အဲဒီအဘိုးကြီး ဒဏ်ရာအပြင်းအထန် ရသွားလို့ သူ့ရဲ့ကျင့်ကြံစွမ်းအားက အရင်ကထက် အများကြီး လျော့နည်းသွားပါပြီ"

"တစ်ဖက်လူမှာ စွမ်းအားအချို့ ကျန်ရှိနေဦးမယ်ဆိုရင်တောင် ...ကျွန်တော်တို့ အစောင့်အကြပ် ခြောက်ယောက်စလုံး ရှိနေတာပဲ... သခင်လေးရဲ့ ဘေးကင်းမှုကို သေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်"

"ကောင်းပြီ"

အန်လော့ချန်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး၊ သူ၏ မျက်ဝန်းများသည် အေးစက်စွာ တောက်ပသွား၏။

"ငါတို့ လူတွေကို သတ်ရုံတင်မကဘဲ ငါ့ရဲ့ ကိစ္စကောင်းတွေကိုပါ ဖျက်ဆီးရဲတယ်ပေါ့"

"ဒီအကြွေးကို မင်းရဲ့ သွေးနဲ့ ပြန်ပေးဆပ်စေရမယ်"

ဤတစ်ခေါက်တွင်မူ ၊ သူသည် အစောင့်အကြပ် ခြောက်ယောက်စလုံးကို ခေါ်ဆောင်လာခဲ့ရုံသာမက အမှောင်ထျန်းမန်ဂိုဏ်း၏ ထိပ်တန်း စွမ်းအားရှင်အများအပြားကိုလည်း ခေါ်ဆောင်လာခဲ့သည်။

၎င်းတို့ထဲတွင် ကောင်းကင်အမတ အဆင့်ရှိ စွမ်းအားရှင်များပင် ပါဝင်နေသေးသည်။

ထို့ကြောင့် စူးချန်ကဲတွင် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော အစွမ်းသတ္တိမျိုး ရှိခဲ့လျှင်တောင် ဤတစ်ကြိမ်တွင်မူ ထိုသို့‌အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။

.....

အခြားတစ်ဖက်တွင်၊ ထျန်းမုရွာ။

မိုးရွာသွန်းပြီးကာစ ဖြစ်သဖြင့် ထျန်းမုရွာတစ်ခုလုံး လန်းဆန်းသွားသလို ခံစားရသည်။

သို့သော် မနက်စောစောစီးစီး ထျန်းမုရွာ၏ ရွာဝင်ပေါက်တွင် အလွန်ပင် စည်ကားနေပြီး ၊ ရွာသူရွာသားများစွာ စုဝေးနေကြသည်။

သူတို့၏ ပုံစံအရ ၊ သူတို့အားလုံး စူးချန်ကဲကို လိုက်လံပို့ဆောင်ရန် ပြင်ဆင်နေကြပုံရသည်။

"ချန်ကဲ မိတ်ဆွေ... အခုပဲ ထွက်သွားတော့မလို့လား၊ နောက်ထပ် နည်းနည်းလောက် မနေတော့ဘူးလား"

"အိုင်း... ကျွန်တော့်အိမ်မှာ ဝိုင်ကောင်းတွေ အများကြီး ရှိတာ၊ ချန်ကဲ မိတ်ဆွေကို လာပြီး အရသာခံဖို့ ဖိတ်ခေါ်ချင်သေးတယ်....."

ရွာသူရွာသားများမှာ မခွဲနိုင်မခွာရက် ဖြစ်နေကြသည်။ စူးချန်ကဲ သူတို့ရွာသို့ ရောက်ရှိလာသည်မှာ တစ်ရက်မျှသာ ရှိသေးပြီး ၊ ခေတ္တမျှ နားခိုပြီးသည်နှင့် သူသည် ချက်ချင်း ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည်။

"အားလုံးရဲ့ ချစ်ခင်မှုကို ကျေးဇူးတင်ပါတယ်"

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဦးညွှတ်ကာ ပြောကြားလိုက်သည်။

"ဒီတစ်ခေါက် ကျွန်တော် ထျန်းမန်ကမ္ဘာကို လာခဲ့တာက တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ"

"ကိစ္စအားလုံး ပြီးသွားတဲ့အခါ ကျွန်တော် သေချာပေါက် ထျန်းမုရွာကို ပြန်လာပြီး အားလုံးနဲ့အတူ ဝိုင်သောက်ပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောပါ့မယ်"

ဤတစ်ခေါက် ထျန်းမုရွာသို့ လာရောက်ခဲ့ခြင်းသည် သူ့အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

လျှို့ဝှက်ချက်များစွာကို သိရှိခဲ့ရုံသာမက ဖိနှိပ်ခံထားရသည့် ကျင့်ကြံခြင်းအဆင့်မှာလည်း စစ်မှန်အမတ နယ်ပယ်အထိ ပြန်လည် ကျင့်ကြံနိုင်ခဲ့သည်

ဤမျှ မြန်ဆန်စွာဖြင့် စစ်မှန်အမတအဆင့်သို့ ပြန်ရောက်လာနိုင်ခြင်းမှာ စူးချန်ကဲ၏ မူလရင်းမြစ် စိတ်ဝိညာဉ်စွမ်းအားသည် ကောင်းကင်အမတအဆင့် ဖြစ်နေပြီး ၊ ခန္ဓာကိုယ်ထဲတွင် အမတစွမ်းအင်များ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။

ထျန်းမန်ကမ္ဘာ၏ ထူးခြားသော မဟာလမ်းစဉ် ထွက်ကုန်အချို့ကို စုပ်ယူလိုက်ရုံဖြင့် စူးချန်ကဲ၏ ကျင့်ကြံမှုသည် စစ်မှန်အမတအဆင့်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားခဲ့သည်။

"အစ်ကိုကြီး...... အခုပဲ သွားတော့မလို့လား......"

ထျန်းရှောင်သယ်သည် မခွဲနိုင်မခွာရက်ဘဲ စူးချန်ကဲ၏ လက်မောင်းကို ဖက်တွယ်ကာ တိုးတိုးလေးဖြင့် ပြောရှာသည်။

"အစ်ကိုကြီးက ရှောင်သယ်ကို ဓားသိုင်း သင်ပေးမယ်လို့ အရင်က ပြောထားတာလေ....."

"ဒါက..."

ထိုစကားကို ကြားလိုက်ရသဖြင့် စူးချန်ကဲမှာ အနည်းငယ် ဆွံ့အသွားသည်။

ယခင်က မီးပုံပွဲတွင် ထျန်းရှောင်သယ်သည် စူးချန်ကဲအား ဓားအတတ် သင်ကြားပေးရန် အမြဲတစေ ဂျီကျခဲ့သည်။

သူမသည်လည်း မိမိ၏ အစ်မကဲ့သို့ ဓားတစ်လက်ဖြင့် လောကအနှံ့ လျှောက်လှမ်းကာ မိမိတို့၏ ရွာကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးချင်ခဲ့သည်။

ထိုစဉ်မှာပင် ၊ ထျန်းမုရွာ၏ ပြင်ပမှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

"ထျန်းမုရွာက လူတွေ နားထောင်စမ်း ၊ မင်းတို့ ဒီဒေသမှာ ပုန်းနေတာကို ငါတို့ သိတယ်"

"ကိုယ့်အခြေအနေကို သိတတ်ရင် မြန်မြန် ထွက်လာခဲ့ကြစမ်း...ပြီးတော့ ငါတို့ အမှောင်ထျန်းမန်ဂိုဏ်းက လူတွေကို သတ်သွားတဲ့ အဲဒီ တိရစ္ဆာန်ကောင်ကိုလည်း လွှဲအပ်ပေး"

"မဟုတ်ရင် ဒီနေ့ကစပြီး ထျန်းမုရွာဟာ ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ဘူး"

ဤအသံသည် ထူးခြားသော စွမ်းအားများဖြင့် ပေါင်းစပ်ထားသည့်အလား ဟင်းလင်းပြင် အလွှာများကို ဖြတ်ကျော်ကာ ထျန်းမုရွာထဲသို့ ကျရောက်လာ၏။

တွေဝေသွားသော ရွာသူရွာသားများမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လေတော့သည်။

"ဒီအရှိန်အဝါက......အမှောင်ထျန်းမန်က အဲဒီကောင်တွေပဲ"

ရုတ်တရက် ရောက်ရှိလာသော အခြေအနေကြောင့် ထျန်းမုရွာတစ်ခုလုံး ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်လိုက်ကြပြီး ၊ လူတိုင်း ဒေါသတကြီး ဖြစ်နေကြသည်။

"ဒီအမှောင်ထျန်းမန်က ကောင်တွေ လူကို အနိုင်ကျင့်လွန်းတယ်"

"ငါတို့ရွာအထိ ရောက်လာပြီး ဝိုင်းထားရုံတင်မကဘူး၊ ချန်ကဲ မိတ်ဆွေကိုပါ အပ်ခိုင်းနေတယ် ဟုတ်လား"

"သူတို့ တွေ ငါတို့ရွာသူကြီး ဒဏ်ရာရထားတာကို သိနေလို့ ဒီလိုမျိုး အိမ်အထိ လာပြီး အော်ဟစ်ရဲတာပဲ ဖြစ်ရမယ်"

"မုန်းစရာကောင်းလိုက်တာ...... ရွာသူကြီး၊ ကျွန်တော် လူတွေခေါ်ပြီး အဲဒီကောင်တွေကို သွားတိုက်ခိုက်ခွင့်ပြုပါ"

မရေမတွက်နိုင်သော ရွာသူရွာသားများသည် မိမိတို့ဆန္ဒအလျောက် အော်ဟစ်ကာ အမှောင် ထျန်းမန်ဂိုဏ်းက လူများကို တိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။

သို့သော်လည်း ရွာလူကြီး ကူချန်မှ မတုံ့ပြန်ရသေးမီ ၊

စူးချန်ကဲ၏ စကားသံကို ကြားလိုက်ရသည်။

"အားလုံးပဲ ဒီလိုမျိုး လုပ်ဖို့ မလိုပါဘူး"

"သူတို့တွေက ကျွန်တော့်ကြောင့် ရောက်လာတာပဲ"

"အခု ကျွန်တော်လည်း ပြန်တော့မှာဆိုတော့ အားလုံးအတွက် ဒီပြဿနာကို တစ်ခါတည်း ရှင်းလင်းပေးခဲ့ပါ့မယ်....ဒါကို ကျွန်တော် စူးမျိုးရိုးရဲ့ နှုတ်ဆက်လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ"

ဤစကားများ ထွက်လာသည်နှင့် လူတိုင်း မျက်လုံးပြူးသွားကြသည်။

စောစောက စကားလှမ်းပြောလိုက်သူမှာ ရွှေအမတအဆင့်ရှိ စွမ်းအားရှင် တစ်ဦး ဖြစ်သည်မှာ သေချာသည်။

စူးချန်ကဲ၏ မူလစိတ်ဝိညာဉ်မှာ ကောင်းကင်အမတအဆင့် ရှိသော်ငြားလည်း ၊ ကံဆိုးစွာဖြင့် သူ၏ လက်ရှိခန္ဓာကိုယ်မှာ စစ်မှန်အမတအဆင့်သာ ရှိသေး၏။

ရွှေအမတအဆင့်ကို ခုခံတိုက်ခိုက်ရာတွင် သူ့အတွက် ခက်ခဲမှုရှိနိုင်သည်။

သို့သော် စူးချန်ကဲသည် ပြုံးလျက်သာ တုံ့ပြန်ခဲ့ပြီး ၊ သူတို့ကို ငြင်းဆန်ခွင့်ပင် မပေးဘဲ ထျန်းမုရွာ၏ ပြင်ပသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။

ရွာဝသို့ ရောက်ခါနီးအချိန်တွင်။

စူးချန်ကဲသည် တစ်စုံတစ်ခုကို ခံစားမိသည့်အလား ထျန်းရှောင်သယ် ဘက်သို့ လှည့်ကြည့်ကာ အပြုံးမပျက် ဆိုလိုက်၏။

"မင်း ဓားအတတ်ကို သင်ချင်တယ်မလား"

"ဒါဆိုရင် သေချာ ကြည့်ထား"

"ဒါက ငါ လျှောက်လှမ်းတဲ့ ဓားလမ်းစဉ် ပဲ"

"အစ်ကိုကြီး လျှောက်လှမ်းတဲ့ ဓားလမ်းစဉ်......"

ထျန်းရှောင်သယ်၏ မျက်ဝန်းလေးများမှာ မျှော်လင့်ချက်ရောင်ခြည်များ ဖြာထွက်နေသည့်အလား အရောင်တောက်ပသွားသည်။

စူးချန်ကဲသည် ဘယ်လက်ကို ကျောနောက်ပစ်လျက် ၊ ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ဟစ်အော်လိုက်သည်။

"ဓား လာစမ်း"

All Chapters