အခန်း ၉၂၃
Vol. 72 Ch. 923
အခန်း (၉၂၃) လူတိုင်း ချုပ်ငြိမ်းပျက်စီးရခြင်း
အမှောင်ထျန်းမန်ဂိုဏ်းမှ အစောင့်အကြပ်များမှာ အလွန်အမင်း ထိတ်လန့်ချောက်ချားနေကြရပြီ ဖြစ်သည်။
၎င်းတို့၏ အာရုံခံစားမှုအရ စူးချန်ကဲ၏ ရုပ်ခန္ဓာကျင့်ကြံခြင်းမှာ စစ်မှန်အမတနယ်ပယ်မျှသာ ရှိပြီး ၊ စိတ်ဝိညာဉ်မှာလည်း ကောင်းကင်အမတနယ်ပယ်အဆင့်တွင်သာ ရှိသေးသည် မဟုတ်လော။
သို့သော် အစောပိုင်းက သူ ထုတ်လွှတ်လိုက်သော ဓားတစ်ချက်က မိုးနှင့်မြေကို အစိတ်စိတ်အမွှာမွှာ ကွဲအက်စေနိုင်သည့် အထိ ပြင်းထန်ရသနည်း။
" မဟုတ်မှလွဲရော.... ဒီလူက သာမန်ပါရမီရှင် တစ်ကိုယ်တော် ကျင့်ကြံသူ မဟုတ်ဘဲ ထိပ်တန်းအင်အားစုတစ်ခုခုရဲ့ အမွေဆက်ခံသူ ဖြစ်နေတာလား"
ဤအချက်ကို တွေးမိလိုက်သည်နှင့် ၊ အစောင့်အကြပ်များမှာ နောင်တတရားများ ရင်ဝယ်ပိုက်လျက် ၊ ထိတ်လန့်နေကြ၏။
သူတို့ အန်းလော့ချန်၏ စကားများကို မယုံကြည်ခဲ့သင့်ပေ။
"သခင်လေးကို ကာကွယ်ကြ"
ဦးစွာ သတိကပ်လာသည့် အဆင့်(၁) အစောင့်အကြပ်က အလျင်အမြန် အော်ဟစ်လိုက်သည်။
ကျန်ရှိနေသော အစောင့်အကြပ်ကြီးများနှင့် အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များကလည်း ရုတ်တရက် ပြန်သတိကပ်လာကြပြီး ၊
ကြယ်တာရာများက လမင်းကြီးကို ဝိုင်းရံထားသည့်အလား အန်းလော့ချန်ကို ဝိုင်းရံကာကွယ်လိုက်ကြသည်။
စူးချန်ကဲ၏ ခွန်အားမှာ ၎င်းတို့ စဉ်းစားထားသည်ထက် ကျော်လွန်နေခဲ့ပြီဖြစ်ရာ တစ်ဖက်လူကို ဖိနှိပ်ရန် နေနေသာသာ ၊ ဤနေရာမှ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်လျှင်ပင် အိမ်ပြန်ပြီး ဘုရားစာ ထိုင်ရွတ်ရပေလိမ့်မည်။
ဓားတစ်ချက် ထုတ်ရုံမျှဖြင့် ဤမျှအထိ ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နိုင်သည်။ တစ်ဖက်လူသာ နောက်ထပ် ဓားအနည်းငယ် ထုတ်လွှတ်လာပါက ၊ သူတို့အားလုံး ဤနေရာတွင်ပင် အသက်ပျောက်ကြရပေလိမ့်မည်။
"အသက်ရှင်ဖို့ လမ်းရှိတာကို မလျှောက်ဘဲ၊ သေမင်းဆီကို ဇွတ်တိုးလာကြတာပဲ"
စူးချန်ကဲသည် အမှောင်ထျန်းမန်ဂိုဏ်းသားများ ရှိရာ အရပ်မျက်နှာဆီသို့ ကြည့်ကာ ဆိုလေ၏။ သူကသာ အမဲလိုက်မုဆိုးတစ်ဦး ဖြစ်ပြီး ၊ တစ်ဖက်လူများသည် စဉ်းတီတုံးပေါ်က ငါးများအလား ထင်မှတ်ရသည်။
ဓားဆန္ဒများ ပေါက်ကွဲထွက်လာပြီး ၊ ဓားစွမ်းအင်များသည် ကောင်းကင်ထိ မြင့်မားသော ပင်လယ်ဒီရေလှိုင်းကြီးများအလား အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကာ အရာအားလုံးကို ချေမှုန်းဖျက်ဆီးရန် ပြင်ဆင်လေတော့သည်။
ဝုန်း ....
သူ့ကို ဗဟိုပြု၍ နိယာမစွမ်းအားများသည် ရုတ်ချည်းပင် ပြင်းထန်သော ရေစီးကြောင်းကြီးအလား ဖြစ်ပေါ်လာခဲ့ပြီး တလိပ်လိပ် တိုးဝှေ့လာသည်။
အမှောင်ထျန်းမန် ဂိုဏ်းသားများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ၊ ၎င်းတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို အလျင်အမြန် လှုံ့ဆော်ကာ အကာအကွယ်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။
ရိုးရှင်းသော ဓားဆန္ဒများ ပေါက်ကွဲထွက်လာသည်နှင့် ၊ အဖျက်သဘောဆောင်သော ဓားလှိုင်းတံပိုးများသည် လင်းလက်သော ဓားသွားများအလား ပြောင်းလဲသွားခဲ့ပြီး အမှောင်ထျန်းမန်ဂိုဏ်းသားများ ရှိရာ အရပ်မျက်နှာဆီသို့ ကန့်လန့်ဖြတ်ကာ ခုတ်ပိုင်းလေတော့၏။
စစ်မှန်အမတ နယ်ပယ်နှင့် ကောင်းကင်အမတ နယ်ပယ် အဆင့်ရှိ ကျင့်ကြံသူများမှာ မိမိတို့၏ စွမ်းအားများ အားလုံးကို အသုံးပြု၍ ခုခံကြသော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။
၎င်းတို့ တည်ဆောက်ထားသော အတားအဆီးမှာ ပဲပြားအလား လွန်စွာ နူးညံ့လှသဖြင့် ထက်မြက်သော ဓားအလင်းများ၏ ဖြတ်တောက်ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ဓားအလင်းများ ထိမှန်သွားသော ခန္ဓာကိုယ်များမှာဖြင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့ကြပြီး ၊ အသွေးအသားများမှာ တစ်စစီ ဖြစ်ခဲ့ရသည်။
အဖြူရောင် အရိုးစများနှင့် အမတလက်နက်များ၏ အပိုင်းအစများသည် ကြယ်မိုးများ ရွာသွန်းလာသည့်အလား ကောင်းကင်ယံထက်မှ တဖွဲဖွဲ ပြုတ်ကျလာလေ၏။
"ငါတို့တွေ ဒီကောင်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်ဖို့ ခဲယဉ်းလိမ့်မယ်"
အစောင့်အကြပ်ကြီးများ၏ ရင်ထဲတွင် ပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားရလိုက်သည်။
စူးချန်ကဲ၏ ဓားချက်အောက်တွင် သူတို့အဖို့ မသေဆုံးလျှင်တောင်မှ ဒုက္ခိတဘဝသို့ ရောက်ရှိသွားကြပေလိမ့်မည်။
သူတို့အနေဖြင့် ထွက်ပြေးချင်ကြသော်လည်း ၊ ဤကဲ့သို့ ပြင်းထန်သော ဓားစွမ်းအားများအောက်တွင် သူတို့ ဘယ်ကိုများ ထွက်ပြေးနိုင်မည်နည်း။
"အားလုံး အတူတူ တိုက်ခိုက်ကြစို့ ၊ လျှို့ဝှက်ဧကရာဇ်တံဆိပ်ကို ဖွဲ့စည်းလိုက်ရအောင်"
အဆင့်(၁) အစောင့်အကြပ် က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် တုံ့ပြန်တိုက်ခိုက်မည့် အခွင့်အရေး အားလုံးကို စွန့်လွှတ်ကာ ကာကွယ်ရေးအစီအရင်ကိုသာ စွမ်းအားအပြည့် တည်ဆောက်လိုက်သည်။
ထိုနေရာတွင် ကျန်ရှိနေသော ၎င်းတို့ ရွှေအမတ ၅ ယောက်၊ ကောင်းကင်အမတ ၁၅ ယောက်နှင့် စစ်မှန်အမတ ၂၆ ယောက်တို့ စုပေါင်း၍ ဖွဲ့စည်းလိုက်သည့် လျှို့ဝှက်ဧကရာဇ်တံဆိပ် သည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို သေချာပေါက် တောင့်ခံနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။
သို့သော် တွေးကြည့်လျှင်လည်း ရယ်စရာကောင်းပြန်သည်။
သူတို့ဘက်တွင် စွမ်းအားရှင် အမြောက်အမြား ရှိနေပါလျက်နှင့် ၊ စိတ်ဝိညာဉ်စွမ်းအားမှာ ကောင်းကင်အမတအဆင့်မျှသာ ရှိသေးသည့် လူငယ်တစ်ဦး၏ နှိပ်ကွပ်ခြင်းကို ခံနေရသည်။ ဤအဖြစ်ကို ပြင်ပလူအား ပြောပြလျှင်ပင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။
အစောပိုင်းကတင် သူတို့သည် မိမိတို့၏ အမှောင်ထျန်းမန် ဂိုဏ်းချုပ်ထံမှ အသံပေးပို့ချက်ကို ရရှိထားပြီး ဖြစ်သည်။
အမှောင်ထျန်းမန် ဂိုဏ်းချုပ်သည် အမှောင်ထျန်းမန်ဂိုဏ်း၏ မရေမတွက်နိုင်သော စွမ်းအားရှင်များကို ခေါ်ဆောင်လျက် ဤနေရာဆီသို့ ဦးတည်လာနေပြီ ဖြစ်ရာ ၊ သူတို့အနေဖြင့် အချိန်အနည်းငယ်မျှ ထပ်မံ ဆွဲထားနိုင်ရုံဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ပေမည်။
" စမယ် "
ရင်ထဲတွင် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ ထိုနေရာရှိ အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များစွာ၏ လှုပ်ရှားမှုများမှာမူ နှေးကွေးခြင်းမရှိဘဲ တစ်ဦးပြီးတစ်ဦး မန္တန်များကို ဖော်ဆောင်လိုက်ကြသည်။
မရေမတွက်နိုင်သော နိယာမဆိုင်ရာ နတ်အလင်းတန်းများ အပြန်အလှန် ပေါင်းစပ်သွားကြပြီး ၊ လူတိုင်း၏ ရှေ့မှောက်တွင် အရောင်အသွေး စုံလင်သော အမတလမ်းစဉ် အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
မိုးမြေ စွမ်းအားများမှာလည်း ၎င်း၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့်အလား အမတလမ်းစဉ် အမှတ်အသားဆီသို့ ရူးသွပ်စွာ စုစည်းရောက်ရှိလာခဲ့ကြပြီး ၊ တစ်ခဏချင်းမှာပင် ခိုင်မာတောင့်တင်းသော ရွှေတံတိုင်းကြီးတစ်ခုသဖွယ် ဖွဲ့စည်းသွားသည်။
" လမ်းစဉ်ကို ဖြတ်တောက်ခြင်း"
စူးချန်ကဲ၏ ဟိန်းဟောက်သံနှင့်အတူ ၊ သူ့လက်ထဲက ကျန့်ရှန်းဓားသည် ကြည်လင်ပြတ်သားစွာ မြည်တမ်းလာပြီး ၊ ဓားကိုယ်ထည်ပေါ်တွင် အေးစက်သော နှင်းခဲအလွှာတစ်ခု ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် သူ၏ ညာလက်ကို မြှောက်လျက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံထက်မှ လမင်းကြီးကို ဆွဲငင်ယူလိုက်သည့်အတိုင်း ၊ လွန်စွာ လှပဆန်းကြယ်သော လပြည့်ဝန်းသဖွယ် ဓားအလင်းတစ်ချက်ကို ထုတ်လွှတ်လ်ိုက်သည်။
ဝုန်း!
ဓားအလင်း၏ အရှိန်အဟုန်မှာ လွန်စွာ မြန်ဆန်လှသဖြင့် မိုင်ပေါင်းရာချီသော အကွာအဝေးကို တစ်ခဏချင်း ဖြတ်သန်းသွားခဲ့ပြီး ၊ မိုးကောင်းကင် ပြိုကျလာသည့်အတိုင်း အမှောင်ထျန်းမန်ဂိုဏ်းသားများ ဖွဲ့စည်းထားသော အမတလမ်းစဉ် အမှတ်အသားပေါ်သို့ ကျရောက်သွားခဲ့သည်။
ဘုန်း!
မိုးမြေတစ်ခွင်လုံး ပရမ်းပတာ ဖြစ်လို့နေကာ ၊ ဓားအရှိန်အဝါများမှာလည်း ပြင်းထန်စွာ ပေါက်ကွဲထွက်လာလေ၏။
ခရက်ခ်!
ချက်ချင်းဆိုသလိုပင် ၊ စိတ်ဝိညာဉ် တစ်ခုလုံးကိုပါ တုန်ယင်သွားစေနိုင်သော ကွဲအက်သံကြီးတစ်ခုသည် ကောင်းကင်ယံထက်မှ ဟိန်းထွက်လာခဲ့သည်။
အသေအချာ ကြည့်ရှုမည်ဆိုပါက ၊ တောက်ပသော ဓားအလင်းလှိုင်းတံပိုးများကြား လျှို့ဝှက်ဧကရာဇ်တံဆိပ်မှာ စက္ကူစုတ်တစ်ခုအလား ဖြတ်တောက်ခံထားရသည်ကို မြင်တွေ့ရပေလိမ့်မည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘယ်လိုဖြစ်ပြီး ကောင်းကင်အမတအဆင့်နဲ့တင် ငါတို့ ရွှေအမတတွေ နဲ့ ဒီလောက်များပြားတဲ့ စွမ်းအားရှင်တွေ စုပေါင်းတည်ဆောက်ထားတဲ့ နိယာမအတားအဆီးကို ရိုက်ခွဲနိုင်ရတာလဲ"
"မလုပ်နဲ့....မလုပ်နဲ့"
ချက်ချင်းဆိုသလိုပင်၊ ဓားအလင်း လှိုင်းတံပိုးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့် အမှောင်ထျန်းမန် ဂိုဏ်းသားများစွာ၏ အော်ဟစ်သံများနှင့် ညည်းတွားသံများ ထွက်ပေါ်လာလေ၏။
သို့သော်လည်း မကြာမီမှာပင် ထိုအသံများသည် ပေါက်ကွဲထွက်လာသော ဓားစွမ်းအင်များအောက်တွင် ပျောက်ကွယ်သွားလေတော့သည်။
မရေမတွက်နိုင်သော သွေးပန်းပွင့်ကြီးများ ပွင့်အံထွက်လာပြီး ၊ လှပဆန်းကြယ်သော မြင်ကွင်းတစ်ခုအဖြစ် ပုံဖော်နေခဲ့သည်။
ဘုန်း ဘုန်း ဘုန်း...
ပြင်းထန်သော ပေါက်ကွဲသံများနှင့်အတူ ၊ ပုံရိပ်အချို့မှာ နောက်သို့ လွင့်ထွက်သွားကြပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ ဖုန်မှုန့်များ ထောင်းထောင်း ထသွားစေသည်။
"ချန်ကဲမိတ်ဆွေက ဒီလောက်တောင် အစွမ်းထက်တာလား"
ဤမြင်ကွင်းကို စိုက်ကြည့်နေကြသော ထျန်းမုရွာမှ ရွာသူရွာသားများမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
မိမိတို့၏ ထိတ်လန့်တုန်လှုပ်မှုကို မည်သည့် စကားလုံးများဖြင့် ဖော်ပြရမည်ကိုပင် မသိနိုင်တော့ပေ။
"ဒါက အစ်ကိုကြီးရဲ့ ဓားလမ်းစဉ်လား"
ဤမြင်ကွင်းကို စိုက်ကြည့်နေသော ထျန်းရှောင်သယ်၏ မျက်ဝန်းလေးများမှာ တောက်ပနေပြီး၊ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤမြင်ကွင်းကို ကြည့်နေသော ထျန်းရွှမ်ယင်းမှာလည်း မှင်သက်အံ့သြသွားခဲ့ရသည်။
"ဒီဓားနှစ်ချက်ကို ...လောကကြီးမှာ ဘယ်သူကများ နှိုင်းယှဉ်နိုင်ပါဦးမလဲ"
.....
ထျန်းမုရွာမှ ရွာသူရွာသားများ၏ ထိတ်လန့်အံ့သြနေကြသော အကြည့်များအောက်တွင် ၊ စူးချန်ကဲ၏ မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှ ပေါ်လွင်ခြင်းမရှိချေ။
ကျန့်ရှန်းဓားတွင် ပါဝင်သော စွမ်းအားသည် ယခင်ကထက် တိုးတတ်လာခဲ့ပြီ ဖြစ်ရာ ၊ ထို့အပြင် သူသည် မကြာသေးမီကပင် တံခါးပိတ်ကျင့်ကြံခဲ့သဖြင့် တားမြစ် စူးမိသားစု၏ ဓားအတတ်များစွာကို သိရှိနားလည်ခဲ့သည်။
အမှောင်ထျန်းမန်ဂိုဏ်းမှ ဤလူများ၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် မြင့်မားပြီး ၊ လူဦးရေမှာလည်း သူ့ထက် များပြားသော်လည်း သို့သော် ပုရွက်ဆိတ်များ မည်မျှပင် အုပ်စုဖွဲ့နေပါစေ ၊ နောက်ဆုံးတွင်မူ ပုရွက်ဆိတ် အဆင့်အတန်းမျှသာ ဖြစ်သည်။
အတန်ကြာမှ ဖုန်မှုန့်များနှင့် မြူခိုးများ ဖြည်းညှင်းစွာ ကွယ်ပျောက်သွားခဲ့သည်။
"အဟွတ် အဟွတ်......"
ပြိုကျပျက်စီးနေသော အပျက်အစီးများကြား ၊ သနားစဖွယ်ရာလူနှစ်ဦး လူးလိမ့်ထရပ်လာခဲ့သည်။
တစ်ဦးမှာ မိမိ၏ ခွန်အားအားလုံးကို အသုံးပြုလိုက်ရသဖြင့် လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခဲ့ရသော အဆင့်(၁)အစောင့်အကြပ်ကြီးပင် ဖြစ်သည်။
အခြားတစ်ဦးမှာမူ အမတလမ်းစဉ် အမှတ်အသား၏ အလယ်ဗဟိုတွင် အကာအကွယ် ခံထားရသဖြင့် အတွင်းဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သော အန်လော့ချန်သာ ဖြစ်သည်။
ကျန်ရှိနေသော အမှောင်ထျန်းမန်ဂိုဏ်းသား အားလုံးမှာမူ လုံးဝ ဥဿုံ ချုပ်ငြိမ်းပျက်စီးသွားခဲ့ကြရပြီ ဖြစ်သည်။