အခန်း ၉၂၄
Vol. 72 Ch. 924
အခန်း (၉၂၄) - တပ်ဖွဲ့ကြီးလား... ငါတစ်ယောက်တည်းနဲ့တင် နင်းခြေဖျက်ဆီးနိုင်တယ်
"ဘယ်လိုလုပ်ပြီး…"
အန်းလော့ချန်၏ တစ်ချိန်က စိတ်အားထက်သန်တက်ကြွမှုများသည် ဤအခိုက်အတန့်တွင် လုံးဝ ပျောက်ကွယ်သွားပြီး ၊ မြေပြင်ပေါ်သို့ စိတ်ပျက်လက်ပျက် ဒူးထောက်ထိုင်ချလိုက်မိသည်။
သူ၏မျက်နှာအမူအရာမှာ တွေဝေနေပြီး တိုးတိုးလေး ရေရွတ်နေရှာသည်။
"အားလုံး သေကုန်ပြီ…… အားလုံး သေကုန်ပြီ…"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူသည် ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော်လည်း ၊ စူးချန်ကဲ၏ ဓားနှစ်ချက်အောက်တွင် သူ၏ တာအိုစိတ်နှလုံးသားမှာ ပျက်စီးဆုံးရှုံးသွားခဲ့ရလေပြီ။
စူးချန်ကဲ၏ ကျင့်ကြံအဆင့်မှာ သူနှင့် မတိမ်းမယိမ်းသာ ဖြစ်သော်လည်း ၊ တစ်ဖက်လူမှ ထုတ်ဖော်ပြသလိုက်သည့် စွမ်းအားများသည် သူ့အတွက် မိုးနှင့်မြေပမာ ကွာဟလွန်းသည်။
"မင်းလား…… ငါ စူးမျိုးရိုးရဲ့ ခေါင်းကို လိုချင်နေတဲ့သူ..."
ထိုအချိန်တွင် စူးချန်ကဲသည် ၎င်းတို့နှစ်ဦးနှင့် မလှမ်းမကမ်းနေရာသို့ ရောက်ရှိလာခဲ့သည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြခြင်း ဖြစ်သော်လည်း ၊ ဘုရင်တစ်ပါးက ငယ်သားတစ်ဦးကို ကြည့်ရှုနေသကဲ့သို့သော ခံစားချက်ကို ပေးစွမ်းနေလေ၏။
ဝုန်း!
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝန်းရံနေသော ဓားဆန္ဒများသည် တစ်ဖန် ပြင်းထန်လာခဲ့သည်။
ဒဏ်ရာအပြင်းအထန် ရရှိထားသော အဆင့်(၁) အစောင့်အကြပ်နှင့် အန်းလော့ချန်တို့နှစ်ဦးစလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။
ထျန်းမန်ကမ္ဘာ တည်ရှိခဲ့သည်မှာ ခေတ်ကာလပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ၊ ယခင်ကလည်း အမတနယ်မြေမှ ပါရမီရှင်များစွာ ဤနေရာသို့ လာရောက်ခဲ့ဖူးသည်။
သို့သော် ယနေ့တွင်မူ သူတို့သည် တကယ့်သံမဏိပြားကိုမှ ပစ်ကန်မိခဲ့သည်။
"သခင်ကြီး ခွင့်လွှတ်ပေးပါ...ဒါတွေအားလုံးက အထင်လွဲတာပါ"
အဆင့်(၁) အစောင့်အကြပ်က အလျင်အမြန် ဆိုလိုက်သည်။
"ကျွန်တော်မျိုး သခင်ကြီးကို တောင်းပန်ပါတယ်.... သခင်ကြီးရဲ့ ကျွန်အဖြစ် ခစားပါရစေ၊ ကျွန်တော်မျိုးတို့ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါတယ်"
"ကျွန်တော်လည်း သခင်ကြီးရဲ့ အပြစ်ပေးမှုကို ခံယူပြီး ၊ သခင်ကြီးအတွက် ရေထဲဆင်းရဆင်းရ... မီးထဲတိုးရတိုးရ လုပ်ဆောင်ပေးဖို့ အသင့်ပါပဲ "
အန်းလော့ချန်သည်လည်း အတုယူကာ အလျင်အမြန်ပင် တောင်းပန်စကားဆိုလေတော့သည်။
သူတို့အနေဖြင့် ဝှက်ဖဲများကို ထုတ်သုံးလျှင်ပင် စူးချန်ကဲ၏ ဓားချက်အောက်တွင် အပိုင်းပိုင်းပြတ်တောက်သွားမည်သာ ဖြစ်သည်။
ယခုအချိန်တွင် အညံ့မခံဘဲ ခြိမ်းခြောက်စကားများ ပြောနေဦးမည်ဆိုပါက ၊ ဤသည်မှာ လူမိုက်တစ်ယောက်၏ လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။
" ဟွန့်၊ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်တဲ့ လေယူရာယိမ်းတဲ့ မြက်ပင်တွေပဲ ....မင်းတို့က ငါ့ရဲ့ကျွန်ဖြစ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"
စူးချန်ကဲ၏ အသံမှာ အေးစက်လွန်းသည်။ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဓားစွမ်းအင်များမှာလည်း လင်းလက်တောက်ပလာကာ မျက်စိတစ်မှိတ်အတွင်း အဆမတန် ကြီးထွားလာသည်။
၎င်းတို့သည် လူသတ်ဓားကြီးများအသွင် အဖြစ် ပြောင်းလဲသွားပြီး ၊ ကမ္ဘာမြေကို တုန်ဟည်းသွားစေမည့် အရှိန်အဝါများကို ဆောင်ကျဉ်းလျက် ၎င်းတို့နှစ်ဦး၏ ဦးခေါင်းကို ဖြတ်တောက်ရန် အရှိန်ဟုန်ပြင်းစွာ ဆင်းသက်လာလေ၏။
ဝုန်း!
အန်းလော့ချန်၏ နဖူးတွင် ခတ်နှိပ်ထားသော တံဆိပ်အမှတ်အသားမှာ ရုတ်တရက် ဝင်းခနဲ လင်းလက်သွားပြီးနောက် ၊ အကာအကွယ်အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲကာ စူးချန်ကဲ၏ ဓားချက်ကို ခုခံကာကွယ်လိုက်သည်။
"ရွှေအမတ စွမ်းအားရှင်ရဲ့ မူလရင်းမြစ် တံဆိပ်အမှတ်အသားလား…"
စူးချန်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်မိသော်လည်း ထိုအရာကို ဂရုမစိုက်ပေ။
သူသည် နောက်ထပ် ဓားတစ်ချက် ထုတ်ကာ ထပ်မံ ခုတ်ပိုင်းရန်ပြင်ဆင်လိုက်စဉ်မှာပင်၊
မိုးကုပ်စက်ဝိုင်းဆီမှ မိုးခြိမ်းသံအလား ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
" ရပ်လိုက်စမ်း "
ဝုန်း !
တစ်ချိန်တည်းမှာပင် ၊ အနီအနက်ရောယှက်နေသော အဖျက်သဘောဆောင်သော အလင်းတန်းကြီးတစ်ခုသည် မီးလျှံနဂါးကြီး အကောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားကာ စူးချန်ကဲထံသို့ ကြောက်မက်ဖွယ်ရာ အရှိန်နှုန်းဖြင့် ပြေးဝင်လာခဲ့သည်။
အရာအားလုံးက လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော်လည်း ၊ စူးချန်ကဲ၏ တုံ့ပြန်မှုမှာလည်း အလွန် မြန်ဆန်လွန်းသည်။ သူသည် ထိုတိုက်ခိုက်မှုကို ကြိုတင်သတိပြုမိထားပုံရသည်။
သူသည် ကျန့်ရှန်းဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ရှေ့သို့ ပေါ့ပေါ့ပါးပါးပင် ခုတ်ပိုင်းလိုက်ရာ ၊ ဓားအလင်းတစ်ချက် ဝင်းလက်သွား၏။
ချွင်..
အဖျက်စွမ်းအားများ ပြည့်နှက်နေသော အလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံခဲ့လေရာ ၊ ပြင်းထန်သော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်ခဲ့သည်။
ကွဲအက်သံ……
တောင်တန်းများ ပြိုကျပျက်စီးသွားသော အသံများနှင့် အတူ ၊ အနက်ရောင် မီးလျှံနဂါး အကောင်ပေါင်းများစွာမှာလည်း ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားသည်။
ထိုတိုက်ခိုက်မှုနှစ်ခု ဆုံတွေ့ရာ ဗဟိုချက်ရှိ တောင်တန်းအများအပြားမှာ ဝုန်းခနဲ ပြိုကျပျက်စီးသွားခဲ့ရသည်။
"ဒါက…"
အဆင့်(၁) အစောင့်အကြပ်နှင့် အန်းလော့ချန်တို့သည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရပြီး၊ ၎င်းတို့၏ မျက်ဝန်းထဲရှိ မျှော်လင့်ချက်မဲ့မှုများမှာ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
အမှောင်ထျန်းမန်ဂိုဏ်း၏ စစ်ကူများ ရောက်ရှိလာခဲ့ချေပြီ။
မိုးကုပ်စက်ဝိုင်းမှ တိမ်မည်းများ ထူထပ်စွာ ဖုံးလွှမ်းနေပြီး ၊ နိယာမတရား မြူခိုးများက မိုးမြေတစ်ခွင်လုံးကို လွှမ်းခြုံထားသည်။
ထိုအထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စစ်သင်္ဘောကြီး အစင်းပေါင်းများစွာက ဟင်းလင်းပြင်ကို နင်းခြေကာ မောင်းနှင်လာသည်။
ထိုစစ်သင်္ဘောကြီးများပေါ်တွင် မရေမတွက်နိုင်သော လူရိပ်များ မတ်တပ်ရပ်နေကြပြီး ၊ ထိုသူများ၏ ပုံပန်းသဏ္ဌာန်အရ အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များ ဖြစ်မည်မှာ သေချာသည်။
အလယ်ဗဟိုရှိ အခမ်းနားဆုံးနှင့် အကြီးမားဆုံး သရဲမျက်နှာဖုံး စစ်သင်္ဘောကြီးပေါ်တွင်မူ ၊ ရွှေအမတ အရှိန်အဝါများ ထွက်ပေါ်နေသော စွမ်းအားရှင် အများအပြား ရှိနေကြသည်။
အထူးသဖြင့် ဦးဆောင်သူဖြစ်သော အနက်ရောင် ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးထံမှ ထွက်ပေါ်လာသော ကျင့်ကြံခြင်းအဆင့်မှာ အလွန်ဝေးကွာသော နေရာမှပင် ဖြစ်သော်လည်း ရွှေအမတနယ်ပယ် အဆင့် (၉) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စူးချန်ကဲ ခံစားမိလိုက်သည်။
……
"မကောင်းတော့ဘူး၊ အမှောင်ထျန်းမန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အန်းကျွယ်ယင်ပဲ.. အဲ့ကောင် ဘာလို့ ဒီကို ရောက်လာတာလဲ"
"တောက်၊ ဒီကောင် အမှောင်ထျန်းမန်ဂိုဏ်းရဲ့ လူတွေကို ဒီလောက်အများကြီး ခေါ်လာတာပဲ... ချန်ကဲမိတ်ဆွေက သူတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး၊ ငါတို့တွေ မြန်မြန် ရွာပြင်ထွက်ပြီး ကူညီကြရအောင်"
ထျန်းမုရွာမှ ရွာသားအများအပြားသည် မိန်းမောတွေဝေနေရာမှ သတိပြန်ဝင်လာကြပြီး၊ စူးချန်ကဲကို ကူညီရန် ရွာပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
……
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် ရောက်လာပြီ"
"ဟားဟားဟား၊ ငါ့အဖေ ရောက်လာပြီ...မင်း သေရမယ့်အချိန် ရောက်ပြီ"
မိမိတို့ အမှောင်ထျန်းမန်ဂိုဏ်း၏ တပ်ဖွဲ့ကြီးကို မြင်လိုက်ရပြီးနောက် ၊ ၎င်းတို့နှစ်ဦးမှာ သေဘေးမှ လွတ်မြောက်သွားသည့် ဖားသူငယ်များကဲ့သို့ ဝမ်းသာအားရဖြစ်နေကြသည်။
အထူးသဖြင့် အန်းလော့ချန်သည် ယခင်က စူးချန်ကဲထံ အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့သည့် မိမိ၏ လုပ်ရပ်အပေါ် အလွန်ဒေါသထွက်နေပုံရပြီး ၊ စူးချန်ကဲကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်လာသည်။
"ကောင်လေး၊ မင်းက အတော်လေး အစွမ်းထက်တာကို ငါသိတယ်..ဒါပေမဲ့ ငါ့အဖေနဲ့ ငါတို့ အမှောင်ထျန်းမန်ဂိုဏ်းရဲ့ စွမ်းအားရှင် အများကြီးရှေ့မှာတော့... မင်းဘယ်လောက်ပဲ အစွမ်းထက်ထက် မင်းက တစ်ယောက်တည်းပဲ"
"ဒါပေမဲ့ ငါ သခင်လေးရဲ့ စိတ်ထားက သဘောကောင်းလွန်းတယ်.... မင်းသာ အခု ချက်ချင်း ဒူးထောက်ပြီး ငါ့ကို ခေါင်းနဲ့ မြေပြင်ထိပြီး ဦးသုံးကြိမ်ချမယ်ဆိုရင် ငါက……"
ချွင်...
အန်းလော့ချန် တစ်ယောက် ခြိမ်းခြောက်စကားကို ဆုံးအောင်ပင် မပြောလိုက်ရချေ။ ဟင်းလင်းပြင်ထဲတွင် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ့ ဝင်းလက်သွားသည်။
တောင်တန်းကြီးပမာ ထုထည်ကြီးမားသော ဓားစွမ်းအင်ကြီးတစ်ခုက သူ့အား ပိုင်းချလိုက်လေ၏။
မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၊ အန်းလော့ချန်နှင့် အဆင့်(၁) အစောင့်အကြပ်တို့မှာ မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ မျက်စိတမှိတ်အတွင်း ဓားစွမ်းအင်၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ ပျောက်ကွယ်သွားလေတော့သည်။
" တုံးလိုက်တာ ၊ မင်းကိုယ်မင်း ဘေးကင်းသွားပြီလို့ တကယ်ကြီး ထင်နေတာလား"
စူးချန်ကဲ၏ အသံသည် အေးစက်လွန်းသည်။
"မင်းရဲ့ အသက်က အခုထိ ငါ့လက်ထဲမှာပဲ ရှိနေတုန်းပဲ...မင်းအသက်ကို ချုပ်ကိုင်ထားတဲ့သူကို ပြန်ပြီး ခြိမ်းခြောက်တယ်ပေါ့"
"တကယ်ကို အူတူတူနိုင်လွန်းတယ်"
သူသည် ဤကိစ္စမှာ အေးအေးချမ်းချမ်း ပြီးဆုံးသွားမည်မဟုတ်ကြောင်း ကြိုတင်သိရှိထားပြီး အပိုစကားများ ပြောနေမည်မဟုတ်ချေ။
" အမှောင်ထျန်းမန်ဂိုဏ်းရဲ့ တပ်ဖွဲ့ကြီးလား...
ငါ တစ်ယောက်တည်းနဲ့တင် နင်းခြေဖျက်ဆီးပစ်ဖို့ လုံလောက်တယ်"
……
မည်သူမျှ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ထျန်းမုရွာမှ လူများမှာလည်း မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူတို့ ယနေ့တစ်ရက်တည်း ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်တုန်လှုပ်မှု အကြိမ်အရေအတွက်မှာ နှစ်ပေါင်းများစွာ ကြုံတွေ့ရသည်ထက်ပင် ပိုမိုများပြားနေချေပြီ။
' တားမြစ် စူးမိသားစုရဲ့ သခင်လေးက စကားနည်းပြီး ဒီလောက်တောင် ရက်စက်တတ်တာလား...'
"လော့ချန်……"
ထိုအချိန်တွင် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာသော အန်းကျွယ်ယင်သည် နာကျင်ကြေကွဲစွာဖြင့် အော်ဟစ်လိုက်သည်။
အန်းလော့ချန်သည် သူ၏ တစ်ဦးတည်းသော သားအရင်း ဖြစ်သည်။
ထျန်းမန်ကမ္ဘာသည် မူလကပင် ထူးခြားဆန်းပြားလှပေရာ ၊ ဤကမ္ဘာမြေတွင် သားသမီးရတနာ ထွန်းကားရန် အလွန်ပင် ခက်ခဲသည်။
သူသည် မရေမတွက်နိုင်သော နတ်ဘုရားရတနာများကို ရှာဖွေခဲ့ပြီး ၊ ကျင့်ကြံဖော် အမြောက်အမြားကို ရှာဖွေခဲ့ပြီးမှသာ နောက်ဆုံးတွင် အန်းလော့ချန် ဟူသော တစ်ဦးတည်းသော သားကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင် မိမိ၏ တစ်ဦးတည်းသောသားမှာ မိမိ၏ မျက်စိရှေ့တွင်ပင် စူးချန်ကဲ၏ ဓားချက်အောက်တွင် ပြာပင်မကျန် ဖျက်ဆီးခံလိုက်ရချေပြီ။
မိမိတို့ဘက်တွင် ဤမျှအထိ များပြားသော စွမ်းအားရှင်များ ရှိနေပါလျက်နှင့် ၊ စူးချန်ကဲဟူသော ဤသကောင့်သားက အဘယ့်ကြောင့် ဤမျှအထိ ရဲတင်းနိုင်သည်ကို သူ နားမလည်နိုင်တော့ပေ။
"ငါ့သားအတွက် မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်…"