← Chapters

အခန်း ၉၂၅

Vol. 72 Ch. 925

အခန်း ၉၂၅

Vol. 72 Ch. 925

အခန်း (၉၂၅) - အချိန်မြစ်ဝှမ်းက နှစ်ကာလတွေကို ပြောင်းပြန်စီးဆင်းစေတယ်

ဝုန်း!

ကြောက်မက်ဖွယ်ကောင်းသော အမတစွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာသည်။

အဆုံးစွန်သော ဒေါသတရားများအောက်တွင် ၊အန်းကျွယ်ယင်သည် သူ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ပြီး စူးချန်ကဲအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

အမှန်တွင် ယခင်က သူသည် တစ်ဖက်လူ၏ အဆင့်အတန်းကို သတိထားမိကာ စူးချန်ကဲနှင့် ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ညှိနှိုင်းမှုပင်မစရသေးမီ ၊ တစ်ဖက်လူသည် သူ၏ တစ်ဦးတည်းသော သားအရင်းကို သတ်ပစ်ခဲ့သည်။

ဤကဲ့သို့သော သားသမီးဆုံးရှုံးရသည့် နာကျင်မှုသည် သူ၏ ကျန်ရှိနေသေးသော ဆင်ခြင်တုံတရားများကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

သူသည် စူးချန်ကဲတွင် မည်သို့သော ဝှက်ဖဲများ ရှိသည်ဖြစ်စေ ၊ မည်ကဲ့သို့သော အဆင့်အတန်းပင် ဖြစ်စေ ဂရုမစိုက်နိုင်တော့ချေ။

ဤရန်ကြွေးကို အသက်နှင့်ရင်းကာ ပေးဆပ်ခိုင်းမည်။

"အမှောင်ထု အဆုံးမဲ့ကပ်ဘေး"

ထိုစကားသံဆုံးသည်နှင့် ၊

ဝုန်း...

မျက်စိတစ်မှိတ်အတွင်း ၊ အန်းကျွယ်ယင်၏ ခန္ဓာကိုယ်ထဲမှ လွန်စွာ ပြင်းထန်သော အမတစွမ်းအင် မုန်တိုင်းကြီးတစ်ခုက ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ၊ ဟင်းလင်းပြင်ထဲ၌ လှိုင်းတံပိုးများ ထသွားသည်။ ထိုအရာများသည် နိယာမတရား၏ ရိုက်ခတ်လှုပ်ရှားမှု မဟုတ်ဘဲ အလွန်ပင် သိမ်မွေ့ဆန်းကြယ်လှသော အချိန်နှင့် နှစ်ကာလများ၏ အရှိန်အဝါများသာ ဖြစ်သည်။

ရွှေအမတ စွမ်းအားရှင်များသည် ကောင်းကင်အမတနယ်ပယ်သို့ ရောက်ရှိလာသည်နှင့် ၊ မိမိကိုယ်ပိုင် အချိန်မြစ်ပေါ်တွင် အချိန်မြစ်လက်တက်တစ်ခုကို စုစည်းတည်ဆောက်နိုင်ကြပြီ ဖြစ်သည်။

အမတလမ်းစဉ်နှင့် လူသားလမ်းစဉ်တို့၏ အခြေခံအကျဆုံး ကွာဟချက်မှာ မသေမပျက်စီးနိုင်သော ထာဝရအသက်ကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ သူတို့သည် အဆုံးမဲ့ အချိန်ကို ပိုင်ဆိုင်ထားကြသဖြင့် ထိုအဆုံးမဲ့အချိန်အတွင်း ကမ္ဘာပေါ်ရှိ အချိန်အားလုံး၏ အနှစ်သာရကို သဘာဝအတိုင်း ခံစားနိုင်သည်။

အချိန်မြစ် ဆိုသည်မှာ အဆုံးမဲ့သော အချိန်နှင့် နှစ်ကာလများထဲတွင် စုစည်းတည်ဆောက်ထားသော မြင့်မြတ်သောမြစ်တစ်စင်း ဖြစ်ပြီး၊

၎င်းသည် အနာဂတ်၏ တစ်ဖက်ကမ်းခြေသို့ ဦးတည်သွားနိုင်သလို နှစ်ကာလ သံသရာကိုလည်း ပြောင်းပြန်စီးဆင်းစေကာ အတိတ်ကာလဆီသို့လည်း လျှောက်လှမ်းသွားနိုင်သည်။

စစ်မှန်အမတတစ်ဦးသည် အနှစ်သာရအားဖြင့် အချိန်မြစ် နှင့် အပြန်အလှန် ဆက်သွယ်ထားခြင်း ဖြစ်သည်။

စစ်မှန်အမတ နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်သူသည် အချိန်မြစ်နှင့် ဆက်သွယ်နိုင်မည်။

ကောင်းကင်အမတနယ်ပယ်အဆင့် သို့ ရောက်ရှိပါက ၊ ထိုသူသည် အချိန်မြစ်၏ ကနဦးပုံသဏ္ဌာန်ကို စုစည်းနိုင်သည်။

ရွှေအမတနယ်ပယ်အဆင့်သို့ ရောက်ရှိပါက ၊ မိမိကိုယ်ပိုင် အချိန်မြစ်လက်တက်တစ်ခုကို စုစည်းနိုင်သည်။

အမတဘုရင် နယ်ပယ်အဆင့်သို့ ရောက်ရှိပါက ၊ အချိန်မြစ်ပေါ်ရှိ မြစ်လက်တက်ကို အခြေခံ၍ နောက်ထပ် မြစ်လက်တက် အမြောက်အမြားကို ထပ်မံစုစည်းကာ အချိန်မြစ်ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်နိုင်သည်။

အမတဧကရာဇ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိပါက ၊ မရေမတွက်နိုင်သော အချိန်မြစ်ကွန်ရက်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ပြီးပြည့်စုံသော အချိန်မြစ်ကြီးတစ်ခုကို ဖန်တီးနိုင်သည်။

ဒဏ္ဍာရီလာ အမတဧကရာဇ်မင်းများမှာမူ ၊ သူတို့ စုစည်းထားသည့် အချိန်မြစ်သည် ဒေဝလောကရှိ နယ်မြေအားလုံး၏ အချိန်မြစ်ဝှမ်းကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

သူတို့သည် ဤအချိန်မြစ်ပေါ်တွင် အချိန်ကို ဆန့်ကျင်၍ ပြောင်းပြန်စီးဆင်း သွားလာနိုင်သလို ၊ နှစ်ကာလများ၏ ဝေဝါးလှသော ခြေရာများကို ဖမ်းဆုပ်နိုင်ကြသည်။

……

အန်းကျွယ်ယင်သည် ရွှေအမတ အထွပ်အထိပ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးဖြစ်ရာ ၊ သူသည် အချိန်မြစ်လက်တက်တစ်ခုတည်းကိုသာ စုစည်းထားနိုင်ခြင်း မဟုတ်ဘဲ မြစ်လက်တက် အများအပြားကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော လွှမ်းမိုးမှုအောက်တွင် ၊ အာကာသ ဟင်းလင်းပြင်ပင်လျှင် ဤစွမ်းအားကြောင့် တဖြည်းဖြည်း ပြိုလဲပျက်စီးတော့မည့်အလား ဖြစ်နေသည်။

" ချန်ကဲမိတ်ဆွေ...ငါတို့ မင်းကို ကူညီမယ်"

ထိုအချိန်တွင် စူးချန်ကဲ၏ နောက်ဘက်ရှိ ဟင်းလင်းပြင် အတွင်း၌ လှိုင်းတံပိုးများ ဖြစ်ပေါ်လာပြီး ၊ ထျန်းမုရွာမှ ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

" ခင်ဗျားတို့ ဝင်ပါစရာမလိုဘူး၊ ဒီမှာပဲ ငါ့ကို စောင့်နေကြ"

စူးချန်ကဲသည် နောက်သို့ လှည့်မကြည့်ဘဲ ထျန်းမုရွာသားများ၏ စေတနာကို အေးစက်စွာဖြင့် ငြင်းဆန်လိုက်သည်။

ထျန်းမုရွာသားများ၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ၊ စူးချန်ကဲသည် ဂရုမစိုက်သည့်အလား ရှေ့တိုးသွားလေ၏။

သူ၏ မျက်ဝန်းထဲ၌ တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒများက မီးတောက်များအလား လောင်မြိုက်နေသည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ယခုအချိန်တွင် အမတနယ်မြေ၌ သူ့ကို ယှဉ်နိုင်သည့် ထိပ်တန်းပါရမီရှင်များမှလွဲ၍ ဤကဲ့သို့သော ခေတ်ဟောင်းမျိုးဆက် စွမ်းအားရှင်များကသာ သူ့ကို တိုက်ပွဲဝင်ရသည့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။

အန်းကျွယ်ယင်၏ ကျင့်ကြံဆင့်မှာ ပြောစရာမလိုအောင်ပင် အစွမ်းထက်လှပြီး ၊ တစ်ဖက်လူသည် ရွှေအမတနယ်ပယ်တင်မက အမတဘုရင် နယ်ပယ်သို့ ရောက်လုနီးပါးပင်။

လက်ရှိတွင် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ ဖိနှိပ်ခံထားရပြီး ၊ မူလစိတ်ဝိညာဉ်သာလျှင် ကောင်းကင်အမတနယ်ပယ်တွင် ရှိနေသဖြင့် ဤအရာက သူ့အတွက် တကယ့်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

" မောက်မာလွန်းတဲ့ အရူးပဲ "

မိမိကိုယ်တိုင် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်ဖော်ထားပါလျက်နှင့်၊ စူးချန်ကဲမှာ အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိသည့်အပြင် ရှေ့‌ဆက်တိုးလာသည်ကို မြင်လိုက်ရသည်။

ထို့အပြင် သူ၏ မျက်ဝန်းထဲ၌ တိုက်ပွဲဝင်လိုသော တောင့်တမှုများဖြင့် ပြည့်နှက်နေသည်ကို မြင်ပြီးနောက် အန်းကျွယ်ယင်မှာ ပို၍ ဒေါသထွက်သွားသည်။

"သေပေတော့"

အန်းကျွယ်ယင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်သည်နှင့် ၊ ပြင်းထန်သော အမတစွမ်းအင် မုန်တိုင်းကြီးတစ်ခုက အောက်သို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာသည်။

အမတစွမ်းအင် မုန်တိုင်း ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ဟင်းလင်းပြင်အလွှာများ ပြိုကျကာ ပုံပျက်သွားပြီး စကြဝဠာပေါက်ကွဲမှုဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ ဟင်းလင်းပြင်ထဲ၌ လျို့ဝှက်ဆန်းကြယ်ပြီး အမြင့်မြတ်ဆုံးသော အချိန် မှော်သင်္ကေတများစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အချိန်မြစ်တိုင်းသည် အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းပြီး ၊ အေးစက်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို သယ်ဆောင်ထားသည်။

၎င်းကို ဗဟိုပြု၍ ဘေးပတ်ပတ်လည် ပေထောင်ချီအတွင်းရှိ ကောင်းကင်ပမာ မြင့်မားသော တောင်တန်းကြီးများမှာ ကြေမွ ပျက်စီးသွားခဲ့ရသည်။

ပူပြင်းသော အဖျက်စွမ်းအားများသည် အရာအားလုံးကို ဝါးမြိုကာ ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိစေ၏။

……

ဤမျှအထိ ကြီးမားသော လှုပ်ခတ်မှုကြီးသည် ဘေးပတ်ပတ်လည်ရှိ နယ်မြေအများအပြားဆီသို့ပင် သက်ရောက်မှုရှိခဲ့သည်။

ထျန်းမန်ကမ္ဘာအတွင်းရှိ သက်ရှိအများအပြားနှင့် ထျန်းမန်ကမ္ဘာသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများသည် ထူးခြားသောဖြစ်စဉ်များ ဖြစ်ပေါ်ရာ ဦးတည်ရာဘက်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကြည့်လိုက်ကြသည်။

" ဘုရားရေ...ဒါ ထိပ်တန်းစွမ်းအားရှင်တစ်ယောက်ရဲ့ လက်ချက်များလား... ကြည့်ရတာ ရွှေအမတနယ်ပယ်ရဲ့ အရှိန်အဝါပဲ"

"ကျွတ်ကျွတ်…… ဒါက ဘယ်နှစ်ယောက်မြောက် ရွှေအမတလဲတောင် မသိတော့ဘူး၊ ကြည့်ရတာ ထျန်းမန်ကမ္ဘာရဲ့ ဂိုဏ်းတစ်ခုခုက ဂိုဏ်းချုပ်နဲ့ အမတနယ်မြေရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက် တိုက်ခိုက်နေကြပြီထင်တယ်"

"ငါတို့တွေ အဲဒီနေရာကို သွားပြီး ဝင်မရှုပ်တာ ပိုကောင်းပါတယ်...ဒီရှေးဦးလျို့ဝှက်နယ်မြေထဲမှာရှိတဲ့ အခွင့်အလမ်းတွေက မနည်းဘူး ၊ ကြားရသလောက်တော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပါရမီရှင်တစ်ယောက် ကံကောင်းထောက်မစွာနဲ့ အမွေအနှစ်တစ်ခု ရရှိသွားပြီး ကျင့်ကြံအဆင့် ဝုန်းခနဲ့ တတ်သွားတယ်ဆိုပဲ"

" သူက ကျင့်ကြံမှုဖိနှိပ်ထားတာကိုတောင် ကျော်လွှားနိုင်ခဲ့ရုံတင်မကဘူး ကောင်းကင်အမတနယ်ပယ် အဆင့် (၇) ကိုတောင် ရောက်သွားတယ်လို့ ပြောနေကြတယ်"

"ဒီလို ကောလာဟလမျိုးကို ငါလည်း ကြားတယ်...အမတသခင် တရားစီရင်ရေးရုံးတော် ရဲ့ ဆက်ခံသူ ထျန်းဟောက်ရှန်းလည်း ရှေးဟောင်း အမတဧကရာဇ်မင်းရဲ့ လက်နက်အကျိုးအပဲ့ တစ်ခုကို ရရှိသွားတယ် ထင်တယ်... ပြီးတော့ အဲ့တာကလည်း ကနဦးအမတဧကရာဇ်မင်းနဲ့ ပတ်သက်နေတယ်လို့ ပြောနေကြတယ်"

" ကနဦးအမတဧကရာဇ်မင်းရဲ့ အမတလက်နက် အပိုင်းအစဟုတ်လား... ထျန်းဟောက်ရှန်းဆိုတဲ့ ကောင်ကတော့ ကောင်းစားသွားပြီပဲ"

"……"

ဤရက်ပိုင်းအတွင်း အမတနယ်မြေမှ ကျင့်ကြံသူများသည် ထျန်းမန်ကမ္ဘာမှ လူများနှင့် တိုက်ခိုက်နေကြရပြီး ၊ နေရာတိုင်းတွင် တိုက်ပွဲကြီးများ ဖြစ်ပွားနေကာ နေ့စဉ်နှင့်အမျှ လူများ သေဆုံးနေကြရသည်။

ဤကဲ့သို့သော အကျိုးမရှိသည့် တိုက်ပွဲကြီးများကို အာရုံစိုက်နေမည့်အစား သူတို့အနေဖြင့် အချိန်ကို အမိအရအသုံးချကာ အခွင့်အလမ်းကောင်းများကို ရှာဖွေခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် အခွင့်အလမ်းများစွာ စုဆောင်းထားနိုင်မှသာလျှင် နောင်တွင် ဖြစ်ပေါ်လာမည့် အမှောင်ထု နိုးထလာမှုတွင် အသက်ရှင်သန်နိုင်မည့် အခွင့်အရေးများ ရှိလာမည်ဖြစ်သည်။

သို့သော် သူတို့ မသိရှိကြသည်မှာ ဤတစ်ခေါက် ထျန်းမန်ကမ္ဘာသို့ ခရီးစဉ်တွင် ၊

ထူးဆန်းသော အမှောင်ထုလှိုင်းလုံးများသည် မျှော်လင့်ထားသည်ထက်ပင် တစ်လှမ်းစော၍ စတင်ဖြစ်ပေါ်လာနိုင်ချေ ရှိနေသည်။

ဤနေရာတွင် ရှေးဦးကံအခွင့်အလမ်းများ ပုန်းကွယ်နေသော်လည်း ၊ တစ်ချိန်တည်းမှာပင် ကံအကျိုးဆက် နှင့် ထူးခြားဆန်းကြယ်သော အန္တရာယ်များကိုလည်း မွေးဖွားပေးနေခဲ့သည်။

All Chapters