အခန်း ၉၂၆
Vol. 72 Ch. 926
အခန်း (၉၂၆) - ဒီနေ့၊ ဒီဓားနဲ့ အမတတွေကို ခေါင်းဖြတ်မယ်
တစ်ချိန်တည်းမှာပင် ၊ မုရှန်းတောင်တန်းနယ်မြေ၌။
ဝုန်း ဝုန်း ဝုန်း!
တုန်လှုပ်မြည်ဟည်းနေသော အချိန်မြစ်ဝှမ်း၏ မြစ်လက်တက်ပေါင်းများစွာက ကောင်းကင်ယံထက်မှ အဆက်မပြတ် ကျဆင်းလာပြီး ၊ မိုးမြေတစ်ခွင်လုံးကို ရိုက်ခွဲဖျက်ဆီးပစ်နေသည်။
စူးချန်ကဲသာမက မိုးမြေတစ်ခွင်လုံး အဆိုပါ ပြင်းထန်သော အချိန်ရေစီးကြောင်း၏ ဝါးမြိုခြင်းကို လုံးဝ ခံလိုက်ရပြီး ၊ အရာအားလုံးကို အချိန်၏ မူလရင်းမြစ်ဆီသို့ ပြန်လည်ပို့ဆောင်တော့မည့်အလား ထင်မှတ်ရသည်။
"ကြည့်ရတာ ဂိုဏ်းချုပ်ကြီး အကြီးအကျယ် ဒေါသထွက်သွားတာပဲ"
"ငါ အစက ဒီကောင်က ဘယ်လောက်တောင် အရေးပါတဲ့ ပုဂ္ဂိုလ်များလဲလို့ ထင်နေတာ... အခုကြည့်ရတော့လည်း သာမန်ကာလျှံကာပါပဲလား"
"ဟားဟားဟား...ဒါက ဂိုဏ်းချုပ်ကြီးရဲ့ အစွမ်းထက်မှုကို အပြစ်တင်ရတော့မယ် ၊ ဒီကောင် တစ်ချက်ကလေးမှတောင် မခုခံနိုင်လိုက်ဘူး"
နောက်တွင် လိုက်ပါလာကြသော အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များသည် တီးတိုးဝေဖန်ပြောဆိုနေကြသည်။
ယခင်က သူတို့သည် ဤခရီးစဉ်အတွက် အနည်းငယ် စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ၊ ယခုအခါ စူးချန်ကဲသည် အချိန်ရေစီးကြောင်းတွင် နစ်မြုပ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ အေးအေးဆေးဆေး စကားလက်ဆုံကျနေကြသော အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များနှင့်မတူဘဲ အန်းကျွယ်ယင်၏ မျက်နှာအမူအရာမှာ ထူးဆန်းနေ၏။
ဤအချိန်မြစ်လက်တက်ပေါင်းများစွာ၏ ပုံရိပ်ယောင်များကို သူကိုယ်တိုင် စုစည်းတည်ဆောက်ထားခြင်းဖြစ်ရာ ၊ သူသည် အထဲရှိ အခြေအနေများကို အာရုံခံစားနိုင်သည်။
သို့သော် ယခုအခါတွင်မူ သူသည် ထိုအချိန်မြစ်လက်တက်နှင့် မိမိအကြား ဆက်နွယ်မှုမှာ ဖြည်းဖြည်းချင်း အားနည်းလာသည်ကို သတိပြုမိလိုက်သည်။
ဤသည်မှာ အချိန်မြစ်လက်တက်၏ စွမ်းအားများ ကုန်ခမ်းသွားခြင်းကြောင့် မဟုတ်ဘဲ ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ဝါးမြိုခြင်းကို ခံနေရခြင်းကြောင့် ဖြစ်သည်။
" မဟုတ်မှလွဲရော...."
အန်းကျွယ်ယင်သည် စူးချန်ကဲ၌ ကနဦးမူလရင်းမြစ် စွမ်းအားများကိုပင် ဝါးမြိုနိုင်သည့် စွမ်းအားတစ်ရပ် ရှိကြောင်းကို ရုတ်တရက် သတိရသွားပြီး ၊ သူ၏မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
"ဗလာနိတ္ထိ…… တစ်သားတည်း ပေါင်းစည်းခြင်း"
နောက်အခိုက်အတန့်တွင် ၊ အချိန်ရေစီးကြောင်းထဲမှ စူးချန်ကဲ၏ အသံကို ကြားလိုက်ရသည်။
ဝုန်း!
မိုးမြေတစ်ခွင်ကို ဖျက်ဆီးပစ်နေသော အချိန်ရေစီးကြောင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။
မူလက သောင်းကျန်းနေသော အချိန်ရေစီးကြောင်းမှာ စကြဝဠာ၏ မူလအစကဲ့သို့ တစ်နေရာတည်းတွင် လျင်မြန်စွာဖြင့် ကျုံ့သထက် ကျုံ့ဝင်လာသည်။ ယခင်က ပေတစ်ထောင်နီးပါး အရွယ်အစားရှိသော နိယာမဆိုင်ရာ အလင်းလုံးကြီးသည် မျက်စိတမှိတ်အတွင်း သေးငယ်သွားသည်။
ပေငါးရာ..
ပေသုံးရာ..
ပေတစ်ရာ..
ပေငါးဆယ်...
၎င်းသည် လုံးဝ ကျုံ့ဝင်သွားပြီး ပျောက်ကွယ်သွားပြီးနောက် ၊ စူးချန်ကဲ၏ ပုံရိပ်မှာ တစ်ဖန် ပေါ်ထွက်လာခဲ့သည်။
စူးချန်ကဲသည် သူ၏ ညာဘက်လက်ဝါးကို ဖြန့်ကာ အရှေ့သို့ ဆန့်ထုတ်ထားသည်။ သူ၏ လက်ဝါးပြင်ထဲ၌ ဝါးမြိုခြင်းဆိုင်ရာ နိယာမတရားများဖြင့် ဖွဲ့စည်းထားသော အနက်ရောင် ဝဲဂယက်ကြီးမှာ သက်ဝင်လှုပ်ရှားနေ၏။
မိုးမြေတစ်ခွင်လုံးကို ဖျက်ဆီးပစ်နိုင်သော အချိန်မြစ်ဝှမ်းကြီးသည် စူးချန်ကဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရချေပြီ။
……
မိုးမြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော ထိတ်လန့်တုန်လှုပ်မှု တစ်ခုတည်းသာ ရှိသည်။
အခြေအနေကို စောင့်ကြည့်နေကြသော လူတိုင်း ၊ စိတ်နှလုံးသားထဲတွင် ပြင်းထန်သော ရိုက်ခတ်မှု ခံလိုက်ရသကဲ့သို့ ထိန်းမနိုင်သိမ်းမရ ထိတ်လန့်တုန်လှုပ်နေကြသည်။
'ဒါ လွဲတော့လွဲနေပြီ..'
စူးချန်ကဲ၏ မူလစိတ်ဝိညာဉ်မှာ ကောင်းကင်အမတနယ်ပယ်သာ ရှိသေးပြီး ၊ ခန္ဓာကိုယ်ကျင့်ကြံမှုမှာလည်း စစ်မှန်အမတအဆင့်တွင်သာ ရှိသေးသည်။
သိုသော် သူသည် ရွှေအမတ အဆင့်(၉) စွမ်းအားရှင်တစ်ဦး၏ တိုက်ခိုက်မှုကို မည်သို့ ဖိနှိပ်နိုင်ခဲ့သနည်။
သူတို့နှစ်ယောက်ကြား ကျင့်ကြံခြင်း နယ်ပယ်အဆင့်မှာ မည်မျှတောင် ကွာခြားသနည်း။
ခန္ဓာကိုယ်ကျင့်ကြံမှု ဖိနှိပ်ခံထားရသော ကောင်းကင်အမတအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးသည် ရွှေအမတအဆင့်ရှိ စွမ်းအားရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ရုံသာမက အချိန်မြစ်ဝှမ်း၏ ပုံရိပ်ယောင်များကိုပါ စုပ်ယူပစ်ခဲ့လေသလော။
'ဒီလောကကြီး ဘာတွေဖြစ်သွားတာလဲ '
"…….."
အန်းကျွယ်ယင်တစ်ယောက် မိမိ၏ မူလစိတ်ဝိညာဉ်သည်ပင် သံမှိုရိုက်ခံထားရသကဲ့သို့ နေရာမှာပင် ကြောင်အမ်းစွာဖြင့် မတ်တပ်ရပ်နေမိသည်။
သူသည် အမှောင်ထု ထျန်းမန်းဂိုဏ်း၏ ထိပ်တန်းစွမ်းအားရှင်တစ်ဦး ဖြစ်ပြီး ၊ ရွှေအမတ နယ်ပယ် အဆင့်(၉) ရှိသူ စွမ်းအားရှင်တစ်ဦး ဖြစ်ပါလျက်နှင့် ၊ သူ့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ရပ်ကြည့်နေမိသည်။
စက္ကန့်အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက်တွင် ၊ အန်းကျွယ်ယင် တစ်ယောက် တုန်တုန်ယင်ယင်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။
"မင်း…… မင်းက တကယ်ပဲ ဘယ်လို မိစ္ဆာကောင်လဲ "
……
သို့သော် စူးချန်ကဲအဖို့ တစ်ဖက်လူ၏ ထိတ်လန့်ကြောက်ရွံ့မှုများကို ဂရုစိုက်ရန် ပျင်းရိလွန်းသည်။
သူသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် အကြောဆန့်လိုက်ရင်း ညည်းတွားလိုက်သည်။
"မဆိုးဘူး၊ ဒီလို အရသာမျိုး မခံစားရတာ တကယ်ကို ကြာခဲ့ပြီ"
အန်းကျွယ်ယင်၏ အစွမ်းကုန်တိုက်ခိုက်မှုမှာ သာမန်မဟုတ်ချေ။ အထူးသဖြင့် အချိန်မြစ်ဝှမ်း၏ တိုက်စားမှုမှာ သူ့ကို အနည်းငယ်မျှသော နာကျင်မှုကို ပေးစွမ်းနိုင်ခဲ့သည်။
အကယ်၍ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံများက မများပြားလှဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုသာ မမြင့်မားခဲ့လျှင်ဖြင့် ၊
ထို့အပြင် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကဲ့သို့သော ထူးခြားဆန်းကြယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံများ မရှိခဲ့ပါက ၊ သူသည် ဤတိုက်ခိုက်မှုကြောင့် အမှန်တကယ် ဒဏ်ရာရရှိသွားနိုင်သည်။
အမှန်တွင် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်သည် အချိန်နှင့် အာကာသကို ရပ်တန့်စေနိုင်ရာ ၊ အချိန်မြစ်ဝှမ်း၏ ပုံရိပ်ယောင်အပေါ်တွင်လည်း သဘာဝအလျောက် သက်ရောက်မှု ရှိသည်။
သူသည် အချိန်မြစ်ဝှမ်း၏ ကနဦးပုံသဏ္ဌာန်ကိုသာ စုစည်းနိုင်သေးသော်လည်း ၊ သို့သော် သူ့တွင် အချိန်နှင့် အာကာသကို ရပ်တန့်စေနိုင်သော အစွမ်းသတ္တိရှိသည် မဟုတ်လော။
စူးချန်ကဲသာ အလိုရှိပါက ထိုအရာကိုပင် လုံးဝ ရပ်တန့်ပစ်နိုင်ပြီး ၊ ကောင်းကင်ဝါးမြို တောက်ရွှီခန္ဓာနှင့် ပေါင်းစပ်လိုက်ပါက တစ်ဖက်လူ အသုံးပြုလိုက်သည့် အချိန်မြစ်ဝှမ်း ဆိုသည်မှာ သူ့အတွက် စွမ်းအင်ဖြည့်တင်းပေးခြင်း သက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် သူသည် အချိန်၏ သဘောတရားများကိုပါ နားလည်သဘောပေါက်သွားခဲ့သည်။
……
"ဒါက အဲဒီမိသားစုရဲ့ သခင်လေးတဲ့လား……"
ထျန်းမုရွာ၏ ရွာသူကြီး ကူချန်သည် စူးချန်ကဲကို ကြည့်ရင်း ၊ သူ၏ မျကိဝန်းများမှာ အရောင်တောက်လာ၏။
"နောက်ဆုံးတော့ .... နောက်ဆုံးတော့ အရင်ကအရာတွေ ဇာတ်သိမ်းဖို့ အချိန်တန်ခဲ့ပြီပဲ"
"ဘိုးဘေးတို့…… ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်…… နောက်ဆုံးတော့ ဒီကမ္ဘာမြေပေါ်…… ရောက်ရှိလာခဲ့ပြီ"
ကနဦးအမတဧကရာဇ်မင်း၏ သားမြေးများ ဖြစ်ကြသည့်အလျောက် ၊ သူတို့၏ ယခုသွေးမျိုးဆက်မှာ နည်းပါးနေပြီ ဖြစ်သော်လည်း နိယာမ စွမ်းအားများကို အာရုံခံရာတွင် အလွန်ပင် အကဲဆက်လှသည်။
စူးချန်ကဲသည် စောနလေးက အချိန်နှင့်အာကာသကို ရပ်တန့်စေနိုင်သော မှော်အတတ်တစ်ခုခုကို အသုံးပြုခဲ့သည်မှာ ထင်ရှားလှပေသည်။
ဤကဲ့သို့သော မှော်အတတ်မျိုးကို ဒဏ္ဍာရီလာ အမတဧကရာဇ်မင်းများပင်လျှင် တတ်မြောက်ရန် ခက်ခဲလှပေသည်။
သို့သော် ယခုအခါ သေးငယ်သော ကောင်းကင်အမတတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့ရာ ၊ ဤကဲ့သို့သော အံ့ဖွယ်ရာကို မည်သူကများ ယှဉ်ပြိုင်နိုင်မည်နည်း။
……
"အားလုံး အတူတူ တက်ကြစမ်း…"
တွေဝေနေရာမှ သတိပြန်ဝင်လာသော အန်းကျွယ်ယင်၏ မျက်နှာထက်ရှိ ဒေါသတရားများမှာ ယခုတွင်မူ ပျောက်ကွယ်သွားခဲ့လေပြီ။
သူ၏ အသံထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး အစွမ်းကုန် အော်ဟစ်လိုက်မိသည်။
" အားလုံး အတူတူ တက်ကြစမ်း...ဒီကောင်ကို သတ်ပစ်ကြစမ်း "
အန်းကျွယ်ယင်သည် ဂိုဏ်း၏ စွမ်းအားရှင် အများစုကို အတူတူ ခေါ်ဆောင်လာခဲ့ခြင်းမှာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။
ယခုအခါ အခြေအနေမဟန်တော့ချေ။ မိမိကိုယ်တိုင် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ၊ တစ်ဖက်လူသည် လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့သည်။
တစ်ဖက်လူကို အနိုင်ယူလိုပါက ၊ သူတို့ အမှောင် ထျန်းမန်ဂိုဏ်း တစ်ခုလုံး၏ အင်အား အားလုံးကို အသုံးပြုမှသာ စူးချန်ကဲကို သတ်ဖြတ်နိုင်မည့် မျှော်လင့်ချက် အလင်းတန်းတစ်ခု ရှိလာပေလိမ့်မည်။
"သတ်စမ်း"
"အစွမ်းကုန် တိုက်ခိုက်ကြစမ်း... ဒီကောင်ကို သတ်ပစ်ကြစမ်း"
တစ်ခဏချင်းအတွင်း ၊ အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင် အမြောက်အမြားသည် အသားကုန် ဟစ်ကြွေးလျက် ပြေးဝင်လာကြသည်။
လူတိုင်း လက်နက်ကိုယ်စီ ဆွဲကိုင်လျက် ၊ ခန္ဓာကိုယ်တွင်းရှိ အမတစွမ်းအား အားလုံးကို အသက်သွင်းလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ၊ ရွှေအမတ စွမ်းအားရှင် ဆယ်ယောက်ကျော်က တစ်ပြိုင်နက်တည်း လက်နက်ထုတ်လာကြကာ မိမိတို့၏ မှော်အတတ်များဖြင့် ရက်ရက်စက်စက် တိုက်ခိုက်လေတော့သည်။
ကောင်းကင်ယံထက်ရှိ စစ်သင်္ဘောကြီး အစင်းပေါင်းများစွာကလည်း တစ်ချိန်တည်းမှာပင် အဖျက်စွမ်းအား အလင်းတန်းများကို ပစ်ခတ်လေ၏။
ဤမြင်ကွင်းသည် မြင်ရသူတိုင်းကို အလွန် ထိတ်လန့်တုန်လှုပ်စေသည်။ ဤတိုက်ပွဲကြီးကို ထာဝရအမတစစ်ပွဲတစ်ခုအဖြစ်ပင် ရှုမြင်နိုင်သည်။
ဘေးပတ်ပတ်လည်ရှိ ထျန်းမုရွာသားများ၏ တုန်လှုပ်ချောက်ချားနေသော အကြည့်များအောက်တွင် ၊
ကြယ်တာရာများကဲ့သို့ များပြားသော တပ်ဖွဲ့များ၏ တိုက်ခိုက်မှုအောက်ရှိ စူးချန်ကဲ၏ ပုံသဏ္ဍာန်မှာ အလွန်ပင် သေးငယ်လှသည်။
စူးချန်ကဲသည် သူ့လက်ထဲရှိ ကျန့်ရှန်းဓားကို ဖြည်းညှင်းစွာ မြှောက်ကိုင်လိုက်ပြီး ရဲရင့်စွာ ပြုံးလိုက်သည်။
" ကျုပ် စူးမျိုးရိုးက ဒီဓားကို သုံးမယ်"
"ဒီနေ့ ဒီဓားနဲ့ အမတတွေကို ခေါင်းဖြတ်မယ်"
[ ကျန့်ရှန်း - ကျန့် (ဖြတ်တောက်ခြင်း)+ ရှန်း(အမတ) ]