← Chapters

အခန်း ၉၂၇

Vol. 72 Ch. 927

အခန်း ၉၂၇

Vol. 72 Ch. 927

အခန်း (၉၂၇) : မိုးကုတ်စက်ဝိုင်းတစ်ခုလုံး သွေးများ စွန်းထင်းခြင်း

ထိုစကားသံ ဆုံးသည်နှင့် ၊

နတ်ဘုရားနှင့် နတ်ဆိုးတို့၏ ဟိန်းဟောက်သံကဲ့သို့ ဓားမြည်သံသည် ကောင်းကင်ပြင်တစ်ခွင် ပျံ့လွင့်သွားပြီး တိမ်တိုက်များကို မွှေနှောက်လေတော့သည်။

ထို့နောက် စူးချန်ကဲ၏ ခန္ဓာကိုယ်သည် နေတစ်စင်းပမာ လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

သူ၏ လက်ထဲရှိ ကျန့်ရှန်းဓားသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို လင်းထိန်သွားစေပြီး ၊ အေးစက်သော ဓားဆန္ဒများကို ဆောင်ကျဉ်းလျက် အမှောင်ထု ထျန်းမန်ဂိုဏ်း၏ စစ်တပ်ဆီသို့ ဦးတည်ကာ ခုတ်ပိုင်းချလိုက်သည်။

ဝှစ်..

မျက်စိတစ်မှိတ်အတွင်း ဓားအလင်းတန်းပေါင်းများစွာသည် မီးရှူးမီးပန်းများ ပွင့်အံထွက်လာသည့်အလား အာကာသ ဟင်းလင်းပြင်တစ်ခုလုံးကို တောက်ပသွားစေသည်။

စူးချန်ကဲသည် တခဏအတွင်း ဓားချက်ပေါင်း မည်မျှ ပိုင်းချလိုက်သည်ကိုပင် မသိနိုင်တော့ချေ။

ဓားအလင်းတိုင်းသည် ဖျက်ဆီးရန်ခက်ခဲသော ဓားဆန္ဒများ ပါဝင်နေပြီး ၊ ကောင်းကင်ယံထက်တွင် တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်ကာ မရေမတွက်နိုင်သော ဓားရာများကို ရေးထွင်းလို့ နေသည်။

အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များ၏ တိုက်ခိုက်မှုသည် သောင်းကျန်းနေသော ပင်လယ်လှိုင်းတံပိုးကြီးများ နှင့် ရှေးဟောင်းနတ်ဘုရားတောင်တန်းတို့ ပြင်းထန်စွာ တွေ့ဆုံနေကြသကဲ့သို့ပင်။

ဝုန်း...ဝုန်း...

ဤမျှ ကြီးမားသော ဓားစွမ်းအင်များ၏ တိုက်ခိုက်မှုအောက်တွင် ၊

အမှောင် ထျန်းမင်ဂိုဏ်းမှ စွမ်းအားရှင်များ၏ ကြောက်ခမမ်းလိလိ စွမ်းအားများ နှင့် သရဲမျက်နှာဖုံး စစ်သင်္ဘော အမြောက်အမြားမှ ပစ်ခတ်လိုက်သော အဖျက်စွမ်းအား အလင်းတန်းများသည် အစအနမကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။

စစ်မှန်အမတနယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များအဖို့ နာကျင်စွာ အော်ဟစ်ညည်းတွားရန်ပင် အချိန်မရလိုက်ဘဲ ဓားစွမ်းအင်များကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွား ဆုတ်ဖြဲခံလိုက်ရကာ ကောင်းကင်ယံထက်တွင် ‌သွေးများ စွန်းထင်းသွားလေသည်။

.........

သို့သော်လည်း စူးချန်ကဲ ဖြေရှင်းလိုက်သည့် တိုက်ခိုက်မှုမှာ ကနဦးမျှသာ ရှိသေး၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် အမှောင် ထျန်းမန်ဂိုဏ်းမှ ရွှေအမတစွမ်းအားရှင်၏ မှော်စွမ်းအားများသည် စူးချန်ကဲထံသို့ ကျရောက်လာခဲ့သည်။

"အရပ်ဆယ်မျက်နှာလုံး ပျက်သုဉ်းခြင်း.."

ရွှေအမတ အဆင့်(၅) ရှိသော စွမ်းအားရှင်တစ်ဦး၏ ဘေးပတ်ပတ်လည်တွင် အမတစွမ်းအင်များ သက်ဝင်လှုပ်ရှားနေကာ ၊ ၎င်းတို့သည် အချိန်မြစ် ဆယ်စင်း၏ ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုလှိုင်းတံပိုးထန်နေသော အချိန်မြစ်ကြီးသည် မိုးမြေတစ်ခွင်လုံးကို ဖုံးလွှမ်းတော့မည့်အလား စူးချန်ကဲပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

"အသေးအဖွဲ လှည့်ကွက်တွေပဲ.."

စူးချန်ကဲသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း၊ ဓားကို မြှောက်ကာ စောင်း၍ ပိုင်းချလိုက်သည်။

ဝုန်း!

ညည့်အမှောင်ရှိ လသော်တာပမာ ဓားသက်တံတစ်ခုသည် မိုးမြေတစ်ခွင်လုံးကို ဖုံးလွှမ်းထားသော အချိန်ရေစီးကြောင်းနှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ၊ ဘေးပတ်ပတ်လည် ပေတစ်ရာအတွင်းရှိ ဟင်းလင်းပြင်ကို ပျက်စီးသွားစေခဲ့သည်။

"ပျက်သုဉ်းခြင်း လက်သီး.."

သို့သော် စူးချန်ကဲဘက်မှ ဤတိုက်ခိုက်မှုကို ဖြေရှင်းလိုက်သည်နှင့် တစ်ပြိုင်နက် ၊ အမှောင် ထျန်းမန်ဂိုဏ်းမှ အခြား ရွှေအမတ စွမ်းအားရှင်တစ်ဦး၏ တိုက်ခိုက်မှုက ထပ်ကြပ်မကွာ ရောက်ရှိလာပြန်၏။

ဘုန်း... ဘုန်း... ဘုန်း...

မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ၊ စူးချန်ကဲ၏ ဦးခေါင်းထက်ရှိ ဟင်းလင်းပြင်အလွှာသည် မှန်တစ်ချပ်ကဲ့သို့ အက်ကွဲသွားသည်။

ထိုအက်ကွဲသွားသော ဟင်းလင်းပြင် အက်ကြောင်း၏ ဗဟိုချက်တွင် နတ်ဘုရားတောင်ကြီးပမာ ကြီးမားသော လက်သီးတစ်ချက်က စူးချန်ကဲဆီသို့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာလေ၏။

ဤမျှ ကြီးမားသော လက်သီးရိပ်ကြီးအောက်တွင် စူးချန်ကဲ၏ အသွင်ပုံရိပ်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လွန်းလှသည်။

ဝှစ်...

သို့သော်လည်း သူသည် ကြိုတင်သိရှိနေသည့်အလား လက်ကောက်ဝတ်ကို လှည့်ကာ ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ၊နဂါးတစ်ကောင်ပမာ ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာလေ၏။

ဝေါင်း!

ခဏအတွင်းမှာပင် ၊ ပေရာပေါင်းများစွာအရွယ်အစားရှိသော ဓားစွမ်းအင် နဂါးတစ်ကောင်သည် ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဟကာ တစ်ဖက်လူ၏ ဧရာမလက်သီးဆီသို့ တည့်တည့် ပြေးဝင်သွားသည်။

ဝုန်း....

နားစည်ကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ၊

အခြား ရွှေအမတစွမ်းအားရှင်တစ်ဦး၏ မှော်စွမ်းအင်သည်လည်း သူ၏ ဓားစွမ်းအင်ကြောင့် အလင်းမှုန်များအဖြစ်သို့ ခြေမွဖျက်ဆီးခံလိုက်ရ၏။

"အမတစွမ်းအင်ဖြင့် ကောင်းကင်ဘုံကို ဖွင့်လှစ်ခြင်း.."

" အကန့်အသတ်မဲ့ မြေအောက်ကမ္ဘာထောင်၊ ဖိနှိပ်ခြင်း"

" ဝူရွှမ် နတ်ဘုရားချေမှုန်းခြင်း လက်ဝါး.."

"အမှောင်ထု နတ်ဘုရားပုံရိပ်... ပွင့်စမ်း..."

"........."

အခြားသော ရွှေအမတ စွမ်းအားရှင်များသည် အခြေအနေ မဟန်သည်ကို မြင်ပြီး တိုက်ခိုက်ရေး ဗျူဟာများကို ချက်ချင်း ပြောင်းလဲလိုက်သည်။ မှော်စွမ်းအားများကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ကာ အဆုံးစွန်သော အဖျက်စွမ်းအားများဖြင့် စူးချန်ကဲကို တစ်ချက်တည်းနှင့် နှိပ်ကွပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကောင်းကင်ယံ တစ်ခုလုံး အရောင်ပြောင်းလဲသွားပြီး ကမောက်ကမ ဖြစ်လို့နေကာ ၊ အပြန်အလှန် ယှက်သန်းနေသော စွမ်းအင်မုန်တိုင်းများသည် ကောင်းကင်ကြီးကို တစ်စစီ ဖြစ်အောင် ပိုင်းခြားပစ်နေဟန် တူသည်။

ထိုအထဲတွင် မရေမတွက်နိုင်သော ခန့်ညားထည်ဝါသော ပုံရိပ်များသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြပြီး ၊ မိုးနှင့်မြေကို ဖျက်ဆီးနိုင်သော မှော်စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

ဤမျှ များပြားသော ထိပ်တန်းပုဂ္ဂိုလ်များ၏ ပူးပေါင်းတိုက်ခိုက်မှုသည် မိမိထက် ပိုမိုသန်မာသူကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ မိမိတို့ထက် ပိုမိုအားနည်းသူကို တိုက်ခိုက်နေခြင်းသာ ဖြစ်သည်။

ဤအခြင်းအရာကို အပြင်လူများသာ ကြားခဲ့လျှင်ဖြင့် ၊ မည်မျှပင် ရယ်စရာကောင်းလိုက်ပြီး မည်သူကများ ယုံကြည်နိုင်လိမ့်မည်နည်း။

..........

ထျန်းမုရွာ မှ ရွာသူရွာသားများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊

ကြမ်းတမ်းစွာ ရိုက်ခတ်နေသော ပင်လယ်ဒီရေလှိုင်းကြီးထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေသော စူးချန်ကဲသည် တစ်ကိုယ်လုံး အမတရောင်ခြည်အလင်းများဖြင့် တောက်ပနေကာ ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း နတ်ဘုရားရွှေစင်ဖြင့် သွန်းလုပ်ထားသည့်အလား ထင်မှတ်ရသည်။

သူ၏ နောက်ကွယ်တွင် မှုန်ဝါးဝါး အသွင်ပုံရိပ်ဖြင့် နတ်ဘုရားပုံရိပ်ကြီးတစ်ခု ရှိနေ၏။ သူတို့အားလုံးကို ပို၍ ထိတ်လန့်စေသည်မှာ စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး ၊ ဤတိုက်ခိုက်မှုကို အလွန်ပင် ကျေနပ်အားရနေသည့်အလား ရှိနေခြင်းပင်။

"ဓားသက်တံ အသွင်ကိုးမျိုး"

"အရာအားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း.."

စူးချန်ကဲ၏ ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ ၊ ကျန့်ရှန်းဓားသည် သက်ရှိတစ်ခုအလား နိုးထလာပြီး မိမိသခင်ဖြစ်သူ၏ စေညွှန်မှုအတိုင်း လှုပ်ရှားလာသည်။

ကုဋေကုဋာမကသော ဓားအလင်းတန်းများသည် ကြယ်တာရာ မီးရှူးမီးပန်းများကဲ့သို့ မိုးမြေတစ်ခွင်လုံးကို ဖုံးလွှမ်းကာ ပျံ့နှံ့သွားသည်။ ရုတ်ချည်းဆိုသလိုပင်၊ ရွှေအမတ စွမ်းအားရှင်များ၏ မှော်စွမ်းအားများသည် ထိုအရာကို ထိတွေ့မိသည်နှင့် အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားခဲ့ရသည်။

ခဏလေးအတွင်းမှာပင် ၊ ယခင်က ကြယ်တာရာများဖြင့် လှပနေခဲ့သော ကောင်းကင်ယံကြီးသည် ညဦးယံ လေပြေညင်းကြောင့် ကြယ်တာရာများ ကြွေလွင့်ကုန်သည့်အလား မြင်ကွင်းမျိုးကို ဖန်တီးလျက် ရှိသည်။

ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသော ထျန်းမုရွာမှ ရွာသူရွာသားများမှာ ကျောက်ရုပ်များကဲ့သို့ တောင့်တင်းသွားကြပြီး ၊ မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်စွာဖြင့် ရပ်ကြည့်နေမိသည်။

ခန္ဓာကိုယ်ကျင့်ကြံမှုကို ဖိနှိပ်ခံထားရသည့်တိုင်အောင် ကောင်းကင်အမတ နယ်ပယ်အဆင့်သာ ရှိသေးသော မူလစိတ်ဝိညာဉ်၏ ကျင့်ကြံစွမ်းအားကို အမှီပြုလျက် ၊

သူတစ်ယောက်တည်းဖြင့် ရွှေအမတစွမ်းအားရှင် အများအပြား၏ မှော်စွမ်းအားများကို ထိပ်တိုက် ချေမှုန်းပစ်နိုင်ခဲ့သည်။

သို့သော် ပို၍ ထိတ်လန့်စရာကောင်းသော အရာတစ်ခု ရှိနေသေးသည်။

စူးချန်ကဲသည် မောပန်းနွမ်းနယ်ခြင်း မရှိဘဲ သူ၏ မျက်ဝန်းများက နတ်ဘုရားအလင်းများဖြင့် တစ်လက်လက် တောက်ပနေခဲ့သည်။

ယနေ့တွင်မူ သူသည် မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို သွေးချင်းချင်းနီရဲစေကာ အမတအများအပြား ကျဆုံးသွားစေသည့်အထိ တိုက်ခိုက်ပေတော့မည်။

ဘုန်း... ဘုန်း... ဘုန်း...

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းကြီး (၄) တိုင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ကောင်းကင်ယံထက်သို့ တည့်တည့်မတ်မတ် ဆန်တတ်သွားသည်။

"မ... မ... မဟာလမ်းစဉ် သူတော်စင် ခန္ဓာကိုယ်ရဲ့ သွေးမျိုးဆက်တွေလား...."

"ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ မတူညီတဲ့ မဟာလမ်းစဉ် သူတော်စင် ခန္ဓာ (၄) ခုတောင် ရှိနေတာလား.."

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

ဤမြင်ကွင်းကို မြင်လိုက်ရသော အမှောင်ထျန်းမန်ဂိုဏ်းမှ လူတိုင်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြပြီး ၊ အန်းကျွယ်ယင်သည်ပင် တစ်ခေါင်းလုံး ထုံကျင်သွားကာ သူ၏ မျက်နှာထက်ရှိ ထိတ်လန့်တုန်လှုပ်မှုများကို အတိုင်းသား မြင်တွေ့နေရ၏။

ထိပ်တန်း ရွှေအမတစွမ်းအားရှင်တစ်ဦးဖြစ်သည်နှင့် အလျောက် ၊ ယခင်က သူသည် အမတနယ်မြေတွင် အနည်းငယ် နာမည်ကျော်ကြားခဲ့ဖူးသော ပါရမီရှင်တစ်ဦးဖြစ်ခဲ့ရာ မဟာလမ်းစဉ် သူတော်စင် ခန္ဓာကိုယ်ကို မြင်တွေ့ဖူးသည်။

သို့သော် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် မတူညီသော မဟာလမ်းစဉ် သူတော်စင် ခန္ဓာ (၃) မျိုး ရှိသည်ကိုသာ အများဆုံး မြင်ဖူးခဲ့ပြီး ၊ ထိုကဲ့သို့သော တည်ရှိမှုမျိုးကို မျိုးဆက်သစ်လူငယ်များကြားတွင် တားမြစ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

သို့သော် သူ့ရှေ့က လူသည် မတူညီသော မဟာလမ်းစဉ် သူတော်စင် ခန္ဓာ (၄) မျိုးအထိ ရှိနေသည်။

ဤသည်မှာ မျိုးဆက်သစ် တားမြစ်ချက်များထဲမှ တားမြစ်ချက်တစ်ခုပင် မဟုတ်လော။

"မဟာလမ်းစဉ် သူတော်စင် ခန္ဓာကိုယ် (၄) မျိုးလား.."

ထျန်းမုရွာမှ ရွာသူရွာသားများမှာလည်း တုန်လှုပ်သွားကြပြီး ၊ အလွန်ဝေးကွာသော နေရာမှ ဖြစ်သော်လည်း စူးချန်ကဲ၏ အသွေးအသားထဲမှ ထွက်ပေါ်လာသော ကြောက်ခမမ်းလိလိ စွမ်းအားကို အာရုံခံမိခဲ့ကြသည်။

မတူညီသော ထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ (၃)မျိုးကို ပိုင်ဆိုင်ထားပါက ၊ ထိုသူသည် ကောင်းကင်ဘုံ၏ ငြိုငြင်မှုကို ခံရမည်ဖြစ်ပြီး မဟာလမ်းစဉ်ကိုယ်တိုင်ကပင် မနာလိုဖြစ်ရလိမ့်မည်။

ထိုကဲ့သို့သောသူများသည် အဆင့်တက်ရန် အလွန်ခက်ခဲပြီး လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း သမုဒ္ဒရာပမာ များပြားလှသည်။

သို့သော်လည်း တစ်ခါ ကြီးပြင်းလာပြီးသည်နှင့်၊ သူ တစ်ယောက်တည်း ခွန်အားဖြင့် စစ်တပ်တစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့်လည်း စူးချန်ကဲသည် ကျင့်ကြံဆင့် နိမ့်ကျနေသည့် အခြေအနေမျိုးတွင်ပင် ဤမျှ များပြားလှသော စွမ်းအားရှင်များကို တိုက်ခိုက်နိုင်ပြီး အနည်းငယ်မျှ အားနည်းခြင်းမရှိဘဲ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။

မဟာလမ်းစဉ် သူတော်စင် ခန္ဓာကိုယ်(၄) မျိုးအထိ ရှိနေသော ဤကဲ့သို့သော အတုမရှိ ခန့်ညားထည်ဝါလှသည့် ဟန်ပန်ကို မည်သူကများ တားဆီးနိုင်မည်နည်း။

All Chapters