← Chapters

အခန်း ၉၂၈

Vol. 72 Ch. 928

အခန်း ၉၂၈

Vol. 72 Ch. 928

အခန်း (၉၂၈) : အမတအများအပြား ကျဆုံးခြင်း

ထျန်းမုရွာ၏ ရွာလူကြီးဖြစ်သူ အဘိုးအိုသည် ကောင်းကင်ယံထက်တွင် အမှောင်ထျန်းမန်ဂိုဏ်း မှ တပ်ဖွဲ့များနှင့် မပြတ်မစဲ တိုက်ခိုက်နေသော စူးချန်ကဲကို ကြည့်ရင်း ၊ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ထျန်းမုရွာတစ်ခုလုံးတွင် သူသည် အသန်မာဆုံးသူ ဖြစ်ပြီး ၊ သူ၏ ပင်ကိုယ်မှော်စွမ်းအားသည် မဟာလမ်းစဉ်အပေါ် အာရုံခံစားနိုင်စွမ်း မြင့်မားသည်။

စူးချန်ကဲသည် မဟာလမ်းစဉ် သူတော်စင် ခန္ဓာ (၄) မျိုးကို ထုတ်ဖော်လိုက်သော်လည်း ၊ သူသည် ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထဲမှ အခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ အသွေးအသားများကို ဝိုးတဝါး အာရုံခံမိသည်။

"မဖြစ်နိုင်တာ..."

"မဟာလမ်းစဉ် သူတော်စင် ခန္ဓာကိုယ် (၄) မျိုးမဟုတ်ဘဲ အခြား မတူညီတဲ့ ခန္ဓာကိုယ် (၂) မျိုးကိုပါ ဖုံးကွယ်ထားသေးတာလား..."

သို့သော် ဤအတွေးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ခန္ဓာ (၄) မျိုးနှင့်ပင် တုန်လှုပ်စရာ ကောင်းနေပြီဖြစ်သည်။

ပဉ္စမမြောက်၊ ဆဋ္ဌမမြောက် သို့မဟုတ် သတ္တမမြောက် ခန္ဓာကိုယ်များ ရှိနေသေးသည် ဟူသော အချက်မှာ မည်သူမျှ မတွေးရဲစရာပင်။

ဘုန်း... ဘုန်း... ဘုန်း...

ကောင်းကင်ယံထက်ရှိ စစ်ပွဲမှာ ပြင်းထန်လွန်းသည်။ စူးချန်ကဲသည် အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင် မြောက်မြားစွာကို တိုက်ခိုက်နေရသော်လည်း ၊ တိုက်ပွဲ၏ အသာစီးရရှိမှုကို ဆက်လက်ထိန်းထားနိုင်ဆဲပင် ဖြစ်သည်။

ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်သည် မိုးမြေတစ်ခွင်လုံးကို အရောင်မှိန်ဖျော့သွားစေရန် လုံလောက်သည်။

အမှောင် ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်အချို့ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သံသယများဖြစ်လာကြသည်။ ဤစစ်ပွဲသည် ဧကန်မုချ မိမိတို့ အနိုင်ရရမည့် စစ်ပွဲဖြစ်သော်လည်း ၊ ယခုတွင်မူ တစ်ဖက်လူ၏ သင်ခန်းစာပေးခြင်းကို ခံနေရသည်။

"မ... မဟုတ်ဘူး... မဟုတ်ဘူး"

"ငါက ရွှေအမတတစ်ယောက်ပဲ... ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး ကောင်းကင်အမတ အဆင့်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံရမှာလဲ..."

"ငါမကျေနပ်ဘူး... ငါမကျေနပ်ဘူး"

ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံများ လေနှင့်အတူ ပျံ့လွင့်လာသည်။

ကျဆုံးသွားကြသော အမှောင်ထျန်းမန်ဂိုဏ်းမှ စစ်မှန်အမတများအပြင် ယခုဆိုလျှင် ရွှေအမတ စွမ်းအားရှင် အမြောက်အများ ဆက်တိုက် ကျဆုံးလာနေပြီ ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားသော မူလစိတ်ဝိညာဉ်များပင်လျှင် ကြမ်းတမ်းစွာ ရိုက်ခတ်လှုပ်ရှားနေသော ဓားစွမ်းအင်များကြောင့် ပျက်စီးသွားပြီး တစ်စစီ ပြန့်ကျဲသွားခဲ့သည်။

စူးချန်ကဲ၏ လက်ချက်ဖြင့် သေဆုံးသွားသော အမှောင်ထျန်းမန်ဂိုဏ်း မှ စွမ်းအားရှင်များမှာ ရေတွက်၍ပင် မရနိုင်တော့ဘဲ ‌အော်ဟစ်ညည်းတွားသံများကို နေရာတိုင်းတွင် ကြားနေရ၏။

ပျက်စီးသွားသော အမတလက်နက် အပိုင်းအစများသည် ကောင်းကင်ယံထက်မှ တရစပ် ကြွေလွင့်လျက် ရှိသည်။

ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အသွေးအသားများသည် သွေးမိုးများအဖြစ် ပြောင်းလဲကာ ရွာသွန်းလို့နေသည်။

အမှောင် ထျန်းမန်ဂိုဏ်း၏ ဂုဏ်ယူဝင့်ကြွားရသော သရဲမျက်နှာဖုံး စစ်သင်္ဘောကြီးများမှာမူ ၊ အတွင်းပိုင်းကိုယ်ထည်မှ ကြောက်ခမမ်းလိလိ ဓားစွမ်းအင်များ ဟိန်းဟောက်ထွက်ပေါ်လာပြီး တခဏချင်း ဝုန်းခနဲ့ ပေါက်ကွဲထွက်သွား၏။

၎င်းတို့သည် ကောင်းကင်ပြင်မှ ပြုတ်ကျလာသော ဥက္ကာခဲကြီးများကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး ၊ နီတောက်တောက် မီးပွားများကို ဖန်တီးလျက်ရှိသည်။

ဝုန်း!

ရွှေအမတ စွမ်းအားရှင် လေးဦးသည် လမ်းဆုံးသို့ ရောက်ရှိသွားကြသဖြင့် မိမိတို့၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ကာ သေလုမျောပါး ရုန်းကန်တိုက်ခိုက်လေ၏။

၎င်းတို့၏ စွမ်းအားများသည် နတ်တောင်တန်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး အောက်သို့ ဖိနှိပ်ချလိုက်သည်။

စူးချန်ကဲသည် သရဲမျက်နှာဖုံး စစ်သင်္ဘောအချို့ကို ဖျက်ဆီးပြီးကာစ ဖြစ်သဖြင့် သတိမထားမိလိုက်ဘဲ ၎င်းတို့၏ ဖိနှိပ်မှုကို တိုက်ရိုက် ခံယူလိုက်ရသည်။

ထိုအရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် စူးချန်ကဲပင်လျှင် ဟန်ချက်ပျက်သွားသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ လုံလောက်စွာ သန်မာသောကြောင့် အရေပြားပေါ်တွင် ပွန်းပဲ့ရုံမျှမှတစ်ပါး ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။

"လစ်စမ်း"

စူးချန်ကဲသည် ကျယ်လောင်စွာ အော်ဟစ်ရင်း ကျန့်ရှန်းဓားကို လွှဲယမ်းလိုက်သည်နှင့် ၊ အဖျက်သဘောဆောင်သော ဓားအလင်းတန်းများစွာ ထွက်ပေါ်လာကာ ထိုရွှေအမတ လေးဦးကို ပြာအဖြစ်သို့ ဘဝပြောင်းပေးခဲ့သည်။

" နှိပ်ကွပ်စမ်း..."

ထိုအချိန်တွင် ရွှေအမတ နှစ်ဦးနှင့် ကောင်းကင်အမတစွမ်းအားရှင် ဆယ်ယောက်ကျော် ထပ်မံ ရောက်ရှိလာပြန်၏။

ရွှေအမတ နှစ်ဦးသည် လက်ထဲတွင် နတ်ဘုရားမှန်ချပ်များကို ကိုင်ဆောင်ထားပြီး ၊ မျက်စိတစ်မှိတ်အတွင်း အဖျက်သဘောဆောင်သော နတ်အလင်းတန်းများစွာကို ချက်ချင်းထုတ်လွှတ်လိုက်ကြသည်။

အခြားသော ကောင်းကင်အမတ စွမ်းအားရှင် ဆယ်ယောက်ကျော်က နိယာမစွမ်းအားများဖြင့် ချည်နှောင်ကြိုးများကို ဖန်တီးပြီး အရပ်မျက်နှာအနှံ့မှ နေ၍ ဝိုင်းဝန်းတိုက်ခိုက်လာကြသည်။

" နတ်ဘုရားအသွင်ပြောင်းလဲခြင်း "

စူးချန်ကဲသည် ဓားကို မြှောက်ကာ ခုတ်ပိုင်းချလိုက်သည့် အခိုက်အတန့်မှာပင် ၊

သူ၏ နောက်တွင် ရှိနေသော နတ်ဘုရားဓားကို ကိုင်ဆောင်ထားသော နတ်ဘုရားပုံရိပ်ကြီးသည်လည်း ပြိုင်တူ လှုပ်ရှားလာပြီး ခုတ်ပိုင်းချလိုက်သည်။

ဝုန်း...

ထိုရွှေအမတ နှစ်ဦးနှင့် ကောင်းကင်အမတ စွမ်းအားရှင် ဆယ်ယောက်ကျော်မှာ မည်သို့မျှ မခုခံနိုင်ဘဲ ပြင်းထန်သော ဓားစွမ်းအင်များအောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားခဲ့ရသည်။

"မြန်မြန်... ဒီကောင်ကို အစီအရင်နဲ့ ပိတ်လှောင်စမ်း.."

ရွှေအမတ ခြောက်ဦးနှင့် အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင် ဆယ်ယောက်ကျော်ခန့် ထပ်မံ ဝိုင်းရံလာကြသည်။ ယခုတစ်ကြိမ်တွင် သူတို့သည် ထူးခြားသော တိုက်ပွဲအလံများကို ထုတ်ဖော်လိုက်ကြသည်။

၎င်းတို့သည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်ကာ မန္တန်များ ရွတ်ဆိုရင်း ၊ ကောင်းကင်အနှံ့ ရှိနေသော အမတစွမ်းအင်များဖြင့် အစီအရင်ကြီးတစ်ခုကို ဖန်တီးပြီး စူးချန်ကဲကို အပြတ်အသတ် ပိတ်လှောင်သတ်ဖြတ်ရန် ကြိုးပမ်းလိုက်သည်။

ဤမျှ များပြားသော စွမ်းအားရှင်များ၏ ပူးပေါင်းဖန်တီးမှု ဖြစ်သော ပိတ်လှောင်ခြင်းစွမ်းအားများသည် အလွန်ပင် အားကောင်းလှသော်လည်း ၊

သောင်းပေါင်းများစွာသော လမ်းစဉ်ပေါင်းများစွာကို ဗလာနိတ္ထိအဖြစ် အရည်ပျော်စေနိုင်သော စွမ်းအားရှေ့မှောက်တွင် အနည်းငယ် လိုအပ်နေသေးသည်။

"အလုံးစုံသော လမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်.. အရာခပ်သိမ်း ဆုံးခန်းတိုင်ခြင်း..."

မွေးရာပါ နတ္ထိတာအိုခန္ဓာ၏ မှော်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ၊ ဗလာနိတ္ထိစွမ်းအားများသည် ကြမ်းတမ်းစွာ ရိုက်ခတ်နေသော လှိုင်းတံပိုးကြီးများအဖြစ် ပြောင်းလဲသွားသည်။

ကွဲအက်သံ ....

ကွဲအက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဗလာနိတ္ထိစွမ်းအား လှိုင်းတံပိုးများသည် အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များ၏ ပိတ်လှောင်ခြင်း အစီအရင်ကြီးကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

သွေးအန်သံ....

ဗလာနိတ္ထိစွမ်းအား၏ ရိုက်ခတ်မှုကို ခံလိုက်ရသော စွမ်းအားရှင်များမှာ ပါးစပ်ထဲမှ သွေးအမြောက်အမြား အန်ထွက်ကာ အမြောက်ဆန်များကဲ့သို့ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလျက် ၊ တောင်တန်း မြောက်မြားစွာကို ပြိုကျပျက်စီးသွားစေခဲ့သည်။

"သေစမ်း... ဒီကောင့်မှာ ဘာလို့ ဒီလောက်အထိ ထိတ်လန့်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေရတာလဲ..."

သို့သော် စူးချန်ကဲ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိထားသည့် လက္ခဏာများကို မြင်လိုက်ရသဖြင့် အန်းကျွယ်ယင်သည် ထပ်မံ အော်ဟစ်လိုက်သည်။

"မြန်မြန်... ဒီကောင် တောင့်မခံနိုင်တော့ဘူး... အတူတူ တိုက်ခိုက်ကြစမ်း... အားလုံး တူတူ တိုက်ခိုက်ကြစမ်း..."

အန်းကျွယ်ယင် နှင့် ကျန်ရှိနေသော အမှောင်ထျန်းမန်ဂိုဏ်းမှ စွမ်းအားရှင်များမှာ ယခုအချိန်တွင် သွေးရူးသွေးတန်း ဖြစ်သွားချေပြီ။

စူးချန်ကဲ ဒဏ်ရာရရှိသွားသည်ကို မြင်သည်နှင့် ၊ ၎င်းတို့သည် နောက်ဆုံးအောင်ပွဲ အတွက် အခွင့်အရေးကို မြင်လိုက်ရသည့်အလား ရူးသွပ်စွာဖြင့် ထပ်မံ တိုက်ခိုက်လာပြန်၏။

သို့သော်လည်း ၎င်းတို့၏ လုပ်ရပ်မှာ မီးပုံထဲသို့ တိုးဝင်သည့် ပိုးဖလံကောင်များကဲ့သို့သာ ရှိပေသည်။

စူးချန်ကဲ မှ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း၊ ဦးခေါင်းများ လေပေါ်သို့ မြှောက်တတ်သွားတတ်ပြီး မူလစိတ်ဝိညာဉ်များပင် ဓားစွမ်းအင်ကြောင့် လုံးဝ ဆုတ်ဖြဲခံလိုက်ရသည်။

သို့သော်လည်း ထိုနည်းတူစွာပင် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ စတင် ဖြစ်ပေါ်လာခဲ့သည်။

ပူနွေးသော သွေးစက်များက သူ၏ ဖုန်မှုန့်တစ်စပင် မတင်ကျန်ရစ်သော ဝတ်ရုံဖြူပေါ်သို့ စွန်းထင်းနေသည်မှာ ကြည့်ရသူအဖို့ အနည်းငယ် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်စေသည်။

စူးချန်ကဲမှာ ထိုအရာကို ဂရုစိုက်ပုံမရဘဲ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပို၍ ကျေနပ်အားရနေသည့်အလား ရှိနေသည်။

"လာစမ်း... တိုက်ကြစမ်း.."

စူးချန်ကဲမှ အော်ဟစ်ပြောဆိုလိုက်သည်။

သူ၏ အရှိန်အဝါများမှာလည်း ထပ်မံ မြင့်တက်လာပြီး ၊ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ နတ်အလင်းများသည် မျက်စိစူးရှစေသည်အထိ တောက်ပနေကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ယှဉ်ပြိုင်ရန် ခဲယဉ်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

"မိုက်မဲတဲ့ ကောင်စုတ်လေး... ငါတို့ဆီမှာ လူပေါင်း ထောင်ချီ ရှိနေသေးတယ်... မင်းကို မနှိမ်နင်းနိုင်ဘူးလို့ ထင်နေတာလား.."

စူးချန်ကဲသည် အနည်းငယ်မျှ ကြောက်ရွံ့သွားခြင်း မရှိပေ။

သူ၏ ခန္ဓာကိုယ်တွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ အများအပြား ရှိနေသဖြင့် အမတစွမ်းအင်များကို ပြန်လည်ဖြည့်တင်းသည့် အရှိန်အဟုန်မှာလည်း အလွန် လျင်မြန်သည်။ ယခုအချိန်တွင် သူသည် စွမ်းအားရှင်ပေါင်း ထောင်နှင့်ချီ သတ်ဖြတ်ပြီးပြီ ဖြစ်သည်။

နောက်ထပ် ထောင်နှင့်ချီသော အမတများကို ထပ်မံ သတ်ဖြတ်ရန်မှာ ဘာအခက်အခဲများ ရှိဦးမည်နည်း။

All Chapters