အခန်း ၉၃၁
Vol. 72 Ch. 931
အခန်း (၉၃၁) - ဒဏ္ဍာရီ ပြန်လည်ရောက်ရှိလာခြင်း
တစ်ချိန်တည်းမှာပင် ၊
ဆန်းကြယ်သော မြေအောက်ကမ္ဘာအတွင်း၌။
ကျန့်ရုံ နှင့် မင်ယွိတို့သည်လည်း အစောက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး၏ ရိုက်ခတ်မှုကို ခံစားလိုက်ရသဖြင့် မုရှန်းတောင်တန်း နယ်မြေဘက်သို့ ကြည့်လိုက်ကြသည်။
“ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင် ... ငါ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် စူးချန်ကဲ ဆိုတဲ့ ကောင်ရဲ့ လက်ချက် ဖြစ်ဖို့များတယ်”
မင်ယွိက အရင်ဆုံး စတင်ပြောဆိုလိုက်သည်။
“ငါလည်း အဲ့လိုပဲထင်တယ်"
“ဒီတစ်ခေါက် ထျန်းမန်ကမ္ဘာထဲကို ဝင်လာတဲ့ အမတနယ်မြေရဲ့ ပါရမီရှင်တွေထဲမှာ ဓားစွမ်းအင် တစ်ခုတည်းနဲ့ ဒီလောက်အထိ လှုပ်ခတ်သွားအောင် လုပ်နိုင်တာဆိုလို့ အဲ့ဒီကောင်တစ်ယောက်ပဲ ရှိလိမ့်မယ်”
ဘေးနားရှိ ကျန့်ရုံကလည်း ထောက်ခံပြောဆိုလိုက်သည်။
ဤမတိုင်မီက ရှစ်ထျန်းတိ့ နှင့် စူးချန်ကဲတို့သည် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဆက်တိုက်ဆိုသလို အရေးနိမ့်ခဲ့ရပြီးနောက်၊
၎င်းတို့၏ အမှောင်ထု မူလရင်းမြစ်ကမ္ဘာသည် စူးချန်ကဲနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို အထူးတလည် အာရုံစိုက်လာခဲ့ကြသည်။
“ရှစ်ထျန်းတိ့ကိုတောင် အရေးနိမ့်စေခဲ့တာ ၊ ဒီကောင့်မှာ ဘယ်လိုစွမ်းရည်မျိုးတွေ ရှိနေမလဲဆိုတာ ငါ အတော်လေး စိတ်ဝင်စားမိတယ်”
“အတော်ပဲပေါ့... ဒီတစ်ခေါက် ထျန်းမန်ကမ္ဘာထဲ မွှေနှောက်ဖို့ လုပ်နေရင်း တစ်ခါတည်း အဲ့ဒီ စူးချန်ကဲနဲ့ပါ တွေ့ပြီး အကဲစမ်းကြည့်ရတာပေါ့”
မင်ယွိသည် သူ၏ နောက်ကျောဘက်ရှိ နက်ရှိုင်းသော ချောက်ကမ်းပါးကြီးဆီသို့ လှည့်ကြည့်လိုက်သည်။
ချောက်ကမ်းပါးအတွင်း၌ ထူးခြားဆန်းကြယ်သော အရှိန်အဝါများ သက်ဝင်လှုပ်ရှားနေပြီး ပျံ့လွင့်နေသည်မှာ ဟင်းလင်းပြင်ကိုပင် အနည်းငယ် ရွဲ့စောင်းသွားစေသည်။
သူတို့သည် ကပ်ဘေးတစ်ခုကို မည်သည့်နည်းလမ်းဖြင့် ဖန်တီးရမည်ကို တွေးတောနေခဲ့သည်။
သို့သော်လည်း ဤမျှဆန်းကြယ် နက်ရှိုင်းသော ချောက်နက်ကြီးတွင် စိတ်ဝင်စားစရာကောင်းသည့် အရာအချို့ ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤကမ္ဘာကြီးသည် ထူးခြားဆန်းကြယ်သော ကံအကျိုးဆက် တစ်မျိုးကို မွေးထုတ်ပေးနေခဲ့သည်။
သို့သော် မရေမတွက်နိုင်သော နှစ်ကာလများစွာ ဖြတ်သန်းခဲ့ရပြီးနောက်တွင် ၊ ၎င်းသည် ထူးဆန်းစွာပင် သန္ဓေအဖြစ် ပြောင်းလဲသွားကာ ဤလောကတွင် အမြစ်တွယ်နေသော ထူးခြားဆန်းကြယ်သော အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။
သူတို့ကို ပို၍ ထူးဆန်းစေခဲ့သည့် အရာမှာ ဤထူးခြားဆန်းကြယ်သော အရင်းအမြစ်သည် သူတို့အား တစ်စွန်းတစ်စဖြင့် ဖိတ်ခေါ်နေသကဲ့သို့ သတင်းစကားများကို အမြဲတမ်း ပေးပို့နေခြင်းပင်။
ဤသို့ အဓိပ္ပာယ်ဖော်မရသော ဖိတ်ခေါ်သံသည် မိမိတို့၏ အမှောင်ထု ဘိုးဘေးနတ်ဘုရားနှင့် တစ်စုံတစ်ရာ ဆင်တူနေသကဲ့သို့ ခံစားရစေသည်။
“ထာဝရညဉ့် မိစ္ဆာမျိုးနွယ်စုရဲ့ စစ်ပြင်ဆင်မှုကလည်း အားလုံးနီးပါး အဆင်သင့် ဖြစ်နေပြီ”
“သွားကြစို့၊ ငါတို့ သွားကြည့်ရအောင်... ဒီဆန်းကြယ်လှတဲ့ ချောက်နက်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဘာတွေများ ပုန်းကွယ်နေလဲဆိုတာကိုပေါ့...."
မင်ယွိသည် လက်ယပ်ခေါ်လိုက်ပြီး ကျန့်ရုံနှင့်အတူ မှောင်မိုက်သော ချောက်ကမ်းပါးကြီး၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လျှောက်လှမ်းသွားခဲ့ကြသည်။
မကြာမီမှာပင်၊ ထိုလူနှစ်ဦး၏ ပုံရိပ်သည် အဆုံးမဲ့သော အမှောင်ထုကြီးအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။
............
အခြားတစ်ဖက်၊ ထျန်းမုရွာတွင်။
စောစောက တိုက်ပွဲကြီးအပြီးတွင်၊ ထျန်းမန်ကမ္ဘာ၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သော အမှောင်ထျန်းမန်ဂိုဏ်းသည် ဤနေရာမှာပင် လုံးဝဥဿုံ ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။
စူးချန်ကဲ၏ လုပ်ရပ်သည် ထျန်းမုရွာအတွက် ကြီးမားသော ကပ်ဘေးကြီးတစ်ခုကို ဖြေရှင်းပေးလိုက်ခြင်းလည်း ဖြစ်သည်။
ရွာသူရွာသားများသည် စူးချန်ကဲအား ရိုသေလေးစားမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ဦးညွှတ်လိုက်ကြသည်။
“ဒီအမှောင်ထျန်းမန်ဂိုဏ်းက ကောင်တွေက ကျွန်တော်တို့ ရွာကို မျက်စိကျနေတာ ကြာပြီ... ဒါပေမဲ့ အခြားတစ်ဖက်ရဲ့ အင်အားက အရမ်းကြီးမားလွန်းနေတော့ ကျွန်တော်တို့မှာလည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း မရှိခဲ့ဘူး"
“အခုတော့ ချန်ကဲ မိတ်ဆွေက ကျွန်တော်တို့အတွက် ဒီဘေးဒုက္ခကြီးကို ဖြေရှင်းပေးခဲ့ပြီ...ကျွန်တော်တို့ ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်"
“ချန်ကဲ မိတ်ဆွေရဲ့ ကူညီမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်....ကျွန်တော်တို့ အတိုင်းမသိ ကျေးဇူးတင်ပါတယ်"
လူတိုင်း စူးချန်ကဲ၏ ရှေ့တွင် ဒူးထောက်ဝပ်စင်း၍ ကျေးဇူးတင်စကား ဆိုကြလေသည်။
“အားလုံးပဲ ဒီလိုလုပ်ဖို့မလိုပါဘူး”
စူးချန်ကဲသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ၊ မမြင်နိုင်သော စွမ်းအားတစ်ခုက ဒူးထောက်နေသော ရွာသူရွာသားများ အားလုံးကို ပင့်မ၍ မတ်တပ်ရပ်စေခဲ့သည်။
“ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့၊ ချန်ကဲလည်း ဒီနေရာကနေ ထွက်ခွာရတော့မယ်"
စူးချန်ကဲသည် လူတိုင်းကို နှုတ်ဆက်စကားဆိုလိုက်သည်။
“မဟာလမ်းစဉ်ခရီးက အဝေးကြီး ကျန်ပါသေးတယ်၊ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ”
မထွက်ခွာမီ၊ စူးချန်ကဲသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူ၏ ရင်ဘက်ထဲမှ ကျောက်စိမ်းအဆောင် နှစ်ခုကို ထုတ်ယူလိုက်ပြီး၊ နတ်အသိစိတ် တစ်စွန်းတစ်စကို ထည့်သွင်းလိုက်သည်။
ထို့နောက် ၎င်းတို့ကို ထျန်းရှောင်သယ် နှင့် ထျန်းရွှမ်းယင်တို့ထံ ပေးအပ်လိုက်ပြီး မှာကြားလိုက်၏။
“ဒီကျောက်စိမ်းအဆောင်နှစ်ခုထဲမှာ ငါ့ရဲ့ ဓားလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှု အချို့ ပါဝင်တယ်”
“တကယ်လို့ မင်းတို့နှစ်ယောက်က နောင်တစ်ချိန်မှာ ဓားလမ်းစဉ်ပေါ် လျှောက်လှမ်းချင်တယ်ဆိုရင်၊ ဒါဟာ မင်းတို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဤစကားများ ထွက်လာသည်နှင့် ၊ ရွာသူရွာသားများသည် ထိုမိန်းကလေးနှစ်ဦးအား အားကျအတုယူဖွယ် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူမတို့ ညီအစ်မနှစ်ယောက်သည်လည်း မမျှော်လင့်ဘဲ ရရှိလိုက်သော ဆုလာဘ်ကြောင့် အံ့အားသင့်ကာ ဝမ်းသာအားရဖြင့် လက်ခံလိုက်ပြီး ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်စဉ်မှာပင် ၊
သူမတို့ရှေ့တွင် လေညင်းတစ်ချက် ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပြန်လည် မော့ကြည့်လိုက်သည့်အခါတွင်မူ၊ မြင်ကွင်း၏ အဆုံး၌ ဝတ်ရုံဖြူနှင့် ကျောခိုင်းထားသော ပုံရိပ်တစ်ခုသာ ကျန်ရစ်နေခဲ့သည်။
ထိုပုံရိပ်သည် မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်မသွားမီ၊ လွတ်လပ်ပေါ့ပါးသော အသံတစ်ခုက ကောင်းကင်ယံထက်မှ လွင့်ပျံလာခဲ့သည်။
“အားလုံးပဲ၊ မဟာလမ်းစဉ်ခရီးက အဝေးကြီး ကျန်ပါသေးတယ်၊ နောက်မှ ပြန်ဆုံကြတာပေါ့"
“ချန်ကဲ မိတ်ဆွေကို ကောင်းမွန်စွာ ပို့ဆောင်ပေးပါတယ်"
ရွာသူရွာသားများကလည်း စူးချန်ကဲ ပျောက်ကွယ်သွားသော အရပ်မျက်နှာဆီသို့ ထပ်မံ၍ ဦးညွှတ်လိုက်ကြသည်။ ၎င်းတို့၏ အကြည့်များထဲတွင် လေးစားကြည်ညိုမှုများ ရှိနေခဲ့သည်။
သတိပြန်ဝင်လာသော ထျန်းရွှမ်းယင်နှင့် ထျန်းရှောင်သယ်တို့ကလည်း အလားတူ ဦးညွှတ်လိုက်ပြီး ပြတ်သားသော လေသံဖြင့် ဆိုလိုက်လေ၏။
“ကျွန်မတို့ ချန်ကဲလူကြီးမင်း မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားပါ့မယ်"
အမှန်အားဖြင့်၊ သူမတို့သည် စူးချန်ကဲ၏ နောက်လိုက်များအဖြစ် လိုက်ပါချင်ခဲ့ကြသည်။
သို့သော်လည်း၊ စူးချန်ကဲ ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကောင်းကင်ဘုံကိုးထပ်မှ နတ်ဘုရားနဂါးမင်းကြီးလိုပင်။
လူအများအပြား၏ ဘဝဇာတ်ကြောင်းထဲတွင် ခေတ္တခဏသာ ဖြတ်သန်းပြသသွားမည့် ပုံရိပ်တစ်ခုသာ ဖြစ်ပြီး၊ သူမတို့သည်လည်း ချွင်းချက်မဟုတ်ပေ။
ဤကဲ့သို့သော ဒဏ္ဍာရီလာ ဖြစ်တည်မှုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့ခြင်းကပင် သူမတို့အတွက် အလွန်ကံကောင်းလှပြီ ဖြစ်ရာ၊ လောဘတပ်နေပါက အခြားတစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသာ ရှိလိမ့်မည်။
လူ့ဘဝဆိုသည်မှာ ဤသို့ပင်။ အချင်းချင်း ချည်နှောင်တွယ်တာနေမည့်အစား၊ လောကကြီးထဲတွင် အချင်းချင်း မေ့ပျောက်ထားလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
တစ်ချိန်လုံး စကားတစ်ခွန်းမှမဆိုဘဲ တိတ်ဆိတ်နေခဲ့သော ရွာသူကြီး ကူချန်သည် စူးချန်ကဲ ထွက်ခွာသွားသော အရပ်မျက်နှာကို ကြည့်ရင်း၊ သူ၏ မျက်ဝန်းထဲ၌ မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာခဲ့သည်။
ကူချန်သည် မိမိကိုယ်တိုင်သာ ကြားနိုင်လောက်မည့် လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
“လေပြင်းများ တိုက်ခတ်လို့၊ တိမ်များ လွင့်ပျံလို့ နေ၏... ဒဏ္ဍာရီသည် တစ်ဖန် ရောက်ရှိလို့ လာချေပြီ.. ထျန်းမန်လည်း နောက်တစ်ကြိမ် ပွင့်လာခဲ့လေပြီ......”
“ငါ့ကို နှစ်ပေါင်းများစွာ အဆုံးမဲ့ နှောင်ဖွဲ့ထားခဲ့တဲ့ ဒီကံအကျိုးဆက်ကြီးကလည်း.... နောက်ဆုံးတော့ ဇာတ်သိမ်းခန်းကို ရောက်ရှိနိုင်တော့မယ် ထင်ပါရဲ့......”
ခေတ်ကာလများစွာ ကုန်လွန်သွားခဲ့ပြီးနောက်၊ ထျန်းမန်ကမ္ဘာသည် ဟောင်းနွမ်းဆွေးမြည့်နေခဲ့ပြီ ဖြစ်ရာ၊ ဤကမ္ဘာကြီးအနေဖြင့် မူလအတိုင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။
မိမိတို့ နေထိုင်ရာ ဇာတိမြေမှာ ထူးဆန်းသော ကပ်ဘေးအသစ်တစ်ခုကို မွေးဖွားပေးမည့် သိုက်မြုံတစ်ခု ဖြစ်လာခဲ့ရသည်။
ဤအရာအားလုံးသည် ၎င်းတို့၏ ကံအကျိုးဆက် ကျိန်စာများနှင့် ခွဲခြား၍ မရအောင် ပတ်သက်ဆက်နွှယ်နေခဲ့သည်။
“ဒီကံအကျိုးဆက် ကျိန်စာကို ဖယ်ရှားပစ်ဖို့ ကံပါလာခဲ့ပြီဆိုမှတော့... အရင်းအမြစ်ကနေစပြီး အရာအားလုံးကို အမြစ်ပြတ် ဖြတ်တောက်ပစ်ဖို့ပဲ ရှိတော့တာပေါ့”
“စူးချန်ကဲလို ကံကြမ္မာက သတ်မှတ်ပေးထားတဲ့သူမျိုးမှသာ... ဒါတွေအားလုံးကို လုပ်ဆောင်နိုင်လိမ့်မယ်”
“ဒါက ဆွေးမြည့်ပျက်စီးနေပြီဖြစ်တဲ့ ထျန်းမန်ကမ္ဘာအတွက်ပဲ ဖြစ်ဖြစ်...”
“ဒါမှမဟုတ် အနာဂတ်ရဲ့ ဒေဝလောကကြီးအတွက်ပဲ ဖြစ်ဖြစ်ပေါ့......”
............