အခန်း ၉၃၃
Vol. 72 Ch. 933
အခန်း (၉၃၃) - ကနဦးအမတဧကရာဇ်မင်း၏ သက်စောင့်အမတလက်နက်
ထိုစကားသံ အဆုံးသတ်သွားသည့် အခိုက်အတန့်မှာပင် ။
ဝုန်း!
မိုးကုပ်စက်ဝိုင်း တစ်နေရာမှ ထိန်လင်းတောက်ပနေသော နေမင်းတစ်စင်း ရုတ်ချည်း ထွက်ပေါ်လာပြီး၊ ၎င်းသည် ဝေးလံသော အကွာအဝေးမှ နေ၍ ကောင်းကင်ယံကို ဖြတ်သန်းလျက် အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်လေးဦးထံသို့ အရှိန်အဟုန်ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
၎င်း၏ အရှိန်မှာ အလွန် မြန်ဆန်လှပေရာ၊ အနီးသို့ ရောက်ရှိလာမှသာ ၎င်း၏ တကယ့်ပုံသဏ္ဌာန်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
၎င်းသည် နေမင်းတစ်စင်း လုံးဝ မဟုတ်ဘဲ ၊ နေမင်းတစ်စင်းနှင့် ယှဉ်နိုင်သော လက်သီးအလင်းတန်းတစ်ခု ဖြစ်နေခဲ့သည်။
ဝုန်း!
ကွဲအက်သံ...
လက်သီးအလင်းသည် နတ်ဘုရားလက်ဝါးကြီးပေါ်သို့ ချက်ချင်းလက်ငင်း ကျရောက်သွားလေရာ ၊ ကမ္ဘာမြေတုန်ဟည်းမတတ် ပေါက်ကွဲသံနှင့်အတူ မြေကြီးများ အက်ကွဲပြိုကျလေ၏။
အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင် လေးဦး ဖော်ဆောင်ထားသည့် ပေါင်းစပ်တိုက်ကွက်သည် စက္ကူအလား တစ်စစီ ချေမှုန်းခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ ထိုကြောက်မက်ဖွယ်ရာ စွမ်းအား၏ သက်ရောက်မှုအောက်တွင် တစ်စစီ ဆွဲဖြဲခံလိုက်ရကာ အလင်းမှုန်များအဖြစ် ကြွေလွင့်သွားခဲ့ရသည်။
သွေးအန်သံ...
သူတို့လေးယောက် အတူတကွ ပေါင်းစပ်ထားသော စုပေါင်းတိုက်ကွက်သည် ပြင်းထန်သော ထိုးနှက်မှုကို ခံလိုက်ရသဖြင့် ၊ ကြီးမားသော တန်ပြန်သက်ရောက်မှုကို ခံလိုက်ရကာ သွေးလေများ ပြောင်းပြန်စီးဆင်းလျက် သွေးအမြောက်အမြား အန်ထွက်ကျလာသည်။
မြှားမှန်သွားသော ငှက်များကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ယံထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
ဤရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲကြောင့် အသက်စွန့်တိုက်ခိုက်ရန် ပြင်ဆင်ထားသော တားမြစ်စူးမိသားစု မှ ပါရမီရှင်နှစ်ယောက်မှာ နေရာမှာတင် မှင်သက်အံ့ဩနေကြသည်။
မူလက အသက်အန္တရာယ်ရှိသော အခြေအနေသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကွဲပျက်စီးသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
သို့သော်လည်း တားမြစ်စူးမိသားစုမှ ပါရမီရှင်အမျိုးသမီးသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ဝမ်းမြောက်ဝမ်းသာဖြင့် အော်ဟစ်လိုက်သည်။
"ဒီအသံက... ဒါ... ဒါ ချန်ကဲသခင်လေးပဲ"
မှန်၏။
သူမ၏ စကားသံအဆုံးတွင် ၊ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသာ နတ်ဘုရားတစ်ပါးကဲ့သို့ ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် ကောင်းကင်ယံထက်တွင် ပေါ်ထွက်လာလေ၏။
"ချန်ကဲသခင်လေးကို ဂါရဝပြုပါတယ်"
တားမြစ်စူးမိသားစုမှ ပါရမီရှင်နှစ်ယောက်မှာ ချက်ချင်းဆိုသလို စိတ်ဓာတ်များ တက်ကြွသွားကြသည်။
သူတို့သည် မိမိတို့ သခင်လေး၏ ခွန်အားကို အရင်ကတည်းက သိထားကြသော်လည်း၊
ယခုလေးတင် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့၏ စိတ်နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်လေးယောက်၏ ခွန်အားများမှာလည်း အားမနည်းချေ။ သူတို့သည် အမတနယ်မြေ၏ အခြား သာမန်ပါရမီရှင်များထက်ပင် များစွာ သာလွန်သည်။
သို့သော်လည်း စူးချန်ကဲသည် ဤလူလေးယောက် ပေါင်းစပ်ထားသော စုပေါင်းတိုက်ကွက်ကို သူတစ်ယောက်တည်းဖြင့် ဖြိုခွင်းပြခဲ့သည်။
ဤကဲ့သို့သော ခွန်အားသည် မည်မျှတောင် သန်မာလိုက်သနည်း။
"အရိုအသေပေးဖို့ မလိုဘူး"
စူးချန်ကဲသည် တားမြစ်စူးမိသားစုဝင်မှ ပါရမီရှင် နှစ်ယောက်ကို ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏အပြုံးများမှာ ပျောက်ကွယ်သွားပြီး အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်များကို အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
"အဟွတ်... အဟွတ်..."
အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်လေးဦးသည် အပျက်အစီးများကြားထဲမှ ရုန်းကန်ထလာရုံသာ ရှိသေးသည်။ သူတို့၏ စိတ်ဝိညာဉ်တစ်ခုလုံးသည် အန္တရာယ်ရှိကြောင်း ပြင်းထန်စွာ အချက်ပေးလို့ နေ၏။
ရှေးဦးသားရဲကြီး တစ်ကောင်က သူတို့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်သွားသည်။
"စူး... စူး... စူးချန်ကဲ..."
"သူက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."
အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်လေးဦး၏ မျက်နှာများမှာ စက္ကူအလား ဖြူဖျော့နေကြကာ ၊ စကားများပင် တုန်တုန်ယင်ယင် ဖြစ်နေကြသည်။
ဤရက်ပိုင်းအတွင်း သူတို့သည် ထျန်းဟောက်ရှန်း၏ အမိန့်ကို နာခံလျက် ၊ စူးချန်ကဲ၏ ခြေရာလက်ရာများကို လိုက်လံရှာဖွေနေခဲ့ကြသည်။
ရက်အတော်ကြာ ရှာဖွေခဲ့သော်လည်း နည်းနည်းလေးမျှ ရှာမတွေ့ခဲ့ပေ။ယနေ့မှ တည့်တိုးတွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။
"ချန်ကဲသခင်လေး..."
ခေါင်းဆောင်ဖြစ်သူ ပါရမီရှင်က တံတွေးကို အတင်းမြိုချလိုက်ပြီး တုန်ရီနေသော လေသံဖြင့် ပြောလိုက်သည်။
"ဒါက အထင်လွဲတာပါလို့ ပြောရင်... သခင်လေး ယုံမလားမသိဘူး"
ထိုစကားကို ကြားတော့ စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားလေ၏။
"ကိစ္စမရှိပါဘူး၊ အထင်လွဲတာလား၊ မလွဲတာလားဆိုတာ အရေးမကြီးပါဘူး"
"နောက်ဘဝကျရင် မှတ်ဉာဏ်ကောင်းကောင်းလေး ရှိသွားရင် ရပါပြီ"
စကားသံအဆုံးတွင် ၊ စူးချန်ကဲသည် မည်သည့်အပိုစကားမှ ဆက်မပြောတော့ချေ။ သူ၏ခန္ဓာကိုယ်သည် လျှပ်တပြတ် လှုပ်ရှားသွားကာ မူလနေရာ၌ ရိပ်ခနဲ ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရချိန်တွင် ၊ သူသည် ထိုအမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်များ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လက်ငါးချောင်းကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအားများသည် နဂါးတစ်ကောင်အလား ဟိန်းဟောက်လာပြီး ၊ သူ၏လက်မောင်း တစ်လျှောက် ရွှေရောင်အမျှင်တန်းများ ရစ်ပတ်နေသည်ကို မြင်တွေ့ရပေလိမ့်မည်။
ဝုန်း!
စူးချန်ကဲမှ လက်သီးတစ်ချက် ထုတ်လိုက်သည်နှင့် ၊ မိမိရှေ့ရှိ လေအားလုံး စုပ်ယူခံလိုက်ရကာ တစ်ခဏအတွင်းမှာပင် ဗလာနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤမျှ ပြင်းထန်သော ဖိအားအောက်တွင် သူ၏ စိတ်ဝိညာဉ်သည် လုံးဝ အေးခဲသွားပြီး ခုခံရန်ပင် အချိန်မရလိုက်ချေ။
စူးချန်ကဲ၏ ပြင်းထန်သော လက်သီးတစ်ချက်သည် သူ၏ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ပစ်ဝင်သွားခဲ့သည်။
ဘုန်း!
အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်သည် မိမိ၏ ခန္ဓာကိုယ်ပေါ်သို့ နတ်ဘုရားတောင်ကြီးတစ်လုံး ကျရောက်လာသည့်အလား ခံစားလိုက်ရပြီး၊ ရင်ဘတ်ရှိ နံရိုးအနည်းငယ်မှာ ချက်ချင်းဆိုသလို ကြေမွပျက်စီးသွားခဲ့ရသည်။
သူသည် မိမိ၏ အရိုးများ ကျိုးကြေသွားသည့် အသံကိုပင် ရှင်းလင်းစွာ ကြားလိုက်ရသည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ထိန်းချုပ်မရတော့ဘဲ နောက်ပြန်လွင့်ထွက်သွားခဲ့သည်။
အခြားသူများ၏ မျက်လုံးထဲတွင် ၊ စူးချန်ကဲ၏ လက်သီးချက်ကို ခံယူလိုက်ရသော ထိုပါရမီရှင်၏ ခန္ဓာကိုယ်မှာ ပထမဆုံး အခိုက်အတန့်မှာပင် အမှုန့်ချေခံလိုက်ရပြီ ဖြစ်သည်။
ကျန်ရှိနေသည့် အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်သုံးယောက်သည် မျက်နှာအမူအရာများ ပျက်ယွင်းသွားကြပြီး အတူတကွ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် စူးချန်ကဲ၏ လှုပ်ရှားမှုက ၎င်းတို့၏ လှုပ်ရှားမှုထက် ပို၍ မြန်ဆန်သည်။
ဝုန်း ဝုန်း ဝုန်း!
သူသည် လက်သီးသုံးချက် ဆက်တိုက် ထိုးနှက်လိုက်သည်။
၎င်းတို့သည်လည်း ခုခံနိုင်စွမ်းမရှိခဲ့သလို အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။
သူတို့သုံးဦး၏ ခန္ဓာကိုယ်များသည်လည်း ကြောက်မက်ဖွယ်ရာ လက်သီးစွမ်းအားများ၏ ထိုးနှက်မှုအောက်တွင် နစ်မြုပ်သွားခဲ့ပြီး အစအနမကျန် ပျောက်ကွယ်သွားလေတော့၏။
"ဒါ..."
တားမြစ်စူးမိသားစု မှ ပါရမီရှင်နှစ်ယောက်စလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး၊ မျက်လုံးများ ပြူးကျယ်ကာ ခေါင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်လို့နေသည်။
အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်လေးဦး၏ ပူးပေါင်းတိုက်ကွက်သည် သူတို့ကို သေလုနီးပါး ဖြစ်စေသည်အထိ ပြင်းထန်လွန်းသည်။
သို့သော် ယခုတွင်မူ ၊ စူးချန်ကဲ၏ လက်သီးတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ကြချေ။
" ဘာကြောင့် အမတသခင် တရားစီရင်ရေးရုံးတော်က ဒီကောင်လေးယောက်က မင်းတို့ကို လိုက်လံသတ်ဖြတ်နေရတာလဲ"
စူးချန်ကဲ၏ စကားကို ကြားလိုက်ရမှသာ သူတို့နှစိဦးစလုံး ဤမှော်ဆန်သော အခြေအနေထဲမှ လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"ဒီပစ္စည်းကြောင့်ပါ"
လူငယ် အမျိုးသားသည် တုံ့ဆိုင်းခြင်းမရှိ သူ၏ ရင်ဘက်ထဲမှ တာအိုစည်းချက်များ ဖြာထွက်နေသည့် နတ်ဘုရားသံအပိုင်းအစတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။
"ဒါက..."
ဤနတ်ဘုရားသံအပိုင်းအစကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် စူးချန်ကဲတစ်ယောက် အံ့အားသင့်သွားမိသည်။
ဤနတ်ဘုရားသံအပိုင်းအစသည် ပျက်စီးနေသော အရာတစ်ခုမျှသာ ဖြစ်သော်လည်း၊ ၎င်းအပေါ်၌ နတ်ဘုရားကျောက်တုံးများစွာ မြှုပ်နှံထားသည့်အပြင် သူကိုယ်တိုင်ပင် နားမလည်နိုင်သော မဟာလမ်းစဉ် အမှတ်အသားများကို ထွင်းထုထား၏။
"ချန်ကဲသခင်လေး၊ ဒါကို ကျွန်တော်တို့ လျို့ဝှက်နယ်မြေတစ်ခုထဲကနေ ရခဲ့တာပါ"
"အမတသခင် တရားစီရင်ရေးရုံးတော်က လူတွေရဲ့ ပြောစကားအရဆိုရင်၊ ဒီပစ္စည်းက....ထျန်းရွှမ်အမတဧကရာဇ်မင်းရဲ့... သက်စောင့်အမတလက်နက်ပါတဲ့"