← Chapters

အခန်း ၉၃၄

Vol. 72 Ch. 934

အခန်း ၉၃၄

Vol. 72 Ch. 934

အခန်း (၉၃၄) - နောင်လာနောက်သားတို့အတွက် မျှော်လင့်ချက်ရောင်ခြည်

"ကနဦးအမတဧကရာဇ်ရဲ့ သက်စောင့်အမတလက်နက်......"

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားပြီး ၊ တစ်ဖက်လူ၏ လက်ထဲမှ နတ်ဘုရားသံအပိုင်းအစကို လှမ်းယူကာ သေချာကြည့်ရှုလိုက်သည်။

၎င်းအပေါ်တွင် ထွင်းထုထားသော မဟာလမ်းစဉ် အမှတ်အသားများသည် ဆန်းပြားသော်လည်း လုံးဝ နားမလည်နိုင်သည်တော့ မဟုတ်ချေ။

၎င်းအပေါ်တွင် သက်ဝင်လှုပ်ရှားနေသော တာအိုစည်းချက်များမှတစ်ဆင့် ၎င်းတို့မှာ ရှေးဦးခေတ်မှ အက္ခရာများ ဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

ရှေးဦးခေတ်မှ အက္ခရာများသည် မူလရင်းမြစ် ရှေးဟောင်းအက္ခရာများနှင့် မတူချေ။ သို့သော် ယေဘုယျအားဖြင့် မူလရင်းမြစ် ရှေးဟောင်းအက္ခရာများမှ ဆင်းသက်လာခြင်း ဖြစ်သည်။

မူလရင်းမြစ် ရှေးဟောင်းအက္ခရာများသည် ဒေဝလောက တစ်ခွင်လုံးရှိ အက္ခရာအားလုံး၏ အခြေခံ ဖြစ်ပါက ၊ ဤရှေးဦးခေတ်အက္ခရာများသည် အမတနယ်မြေ၏ ကနဦး အက္ခရာများဟု ယူဆနိုင်သည်။

"ဒီနတ်ဘုရားသံအပိုင်းအစက ထျန်းရွှမ်အမတဧကရာဇ်မင်းရဲ့ သက်စောင့်အမတလက်နက်ဆိုတာ မင်းတို့ ဘယ်လိုလုပ် သေချာနေတာလဲ"

စူးချန်ကဲ၏ မေးခွန်းကို ကြားပြီးနောက်၊ တားမြစ်စူးမိသားစုမှ ပါရမီရှင်နှစ်ယောက်သည်လည်း ဖုံးကွယ်ထားခြင်းမရှိဘဲ ဤရက်ပိုင်းအတွင်း သူတို့ ကြုံတွေ့ခဲ့ရသမျှ ကိစ္စတိုင်းကို အမှန်အတိုင်း ပြောပြခဲ့သည်။

..........

ခဏအကြာတွင်။

စူးချန်ကဲသည် ကိစ္စအားလုံး၏ အစအဆုံးကို သိရှိသွားခဲ့သည်။

အမတနယ်မြေမှ ပါရမီရှင်များ ဝင်ရောက်လာပြီးနောက်ပိုငိး ၊ ထျန်းမန်ကမ္ဘာ၏ ထိပ်တန်းအင်အားစု အများအပြားသည် အမတနယ်မြေမှ ထိပ်တန်းပါရမီရှင်များ၏ နှိမ်နှင်းခြင်းကို ခံခဲ့ရသည်။

ထိုထိပ်တန်းပါရမီရှင်များသည် လူမဆန်စွာဖြင့် ဒေသခံအင်အားစုများကို ရတနာရှာဖွေသည့် ကြွက်များကဲ့သို့ အသုံးချကာ ထျန်းမန်ကမ္ဘာ၏ အခွင့်အလမ်းကောင်းများကို အကြီးအကျယ် လုယက်တိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထျန်းဟောက်ရှန်းသည် ထူးဆန်းသော နတ်ဘုရားသံအပိုင်းအစတစ်ခုကို ရရှိခဲ့သည်။

နည်းလမ်းပေါင်းစုံဖြင့် စူးစမ်းလေ့လာမှုများအပြီးတွင် ၊ ဤအရာသည် ထျန်းရွှမ်အမတဧကရာဇ်မင်း၏ သက်စောင့်အမတလက်နက် ဖြစ်သော မိခင်ချီ သုံးချောင်းထောက်အိုး ဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။

ထို့နောက်တွင် ထျန်းဟောက်ရှန်း၏ အမိန့်ဖြင့် သူ၏ နှိမ်ကွပ်မှုအောက်တွင် ရှိနေသော ထျန်းမန်ကမ္ဘာရှိ စွမ်းအားရှင်များနှင့် အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်များသည် မိခင်ချီ သုံးချောင်းထောက်အိုး၏ အပိုင်းအစများကို အကြီးအကျယ် လိုက်လံရှာဖွေခဲ့ကြရသည်။

နောက်ဆုံးတွင် ၎င်းတို့သည် တားမြစ်စူးမိသားစု ပါရမီရှင်နှစ်ယောက်၏ လက်ထဲတွင် သုံးချောင်းထောက်အိုး၏ အပိုင်းအစ ရှိနေကြောင်းကို သိရှိသွားခဲ့သဖြင့် ယခုလို လိုက်လံသတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

" မိခင်ချီ သုံးချောင်းထောက်အိုးတဲ့လား...."

စူးချန်ကဲ၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထျန်းမန်ကမ္ဘာထဲသို့ မဝင်ရောက်မီက ၊ သူသည် အမတနယ်မြေ၏ ရှေးဟောင်းကျမ်းစာများမှတစ်ဆင့် ကနဦးအမတဧကရာဇ်မင်းများနှင့် ပတ်သက်သော လျို့ဝှက်ချက်များစွာကို လေ့လာခဲ့ဖူးသည်။

ကနဦးအမတဧကရာဇ်မင်း (၁၃)ပါး ပိုင်ဆိုင်ခဲ့ကြသော အမတလက်နက်များသည် ကိုယ်တိုင် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သဘာဝအလျောက် ဖြစ်တည်လာပြီး၊ အမတနယ်မြေနှင့် အတူတကွ မွေးဖွားလာခဲ့သည့် ကနဦးဝိညာဉ်ရတနာများပင် ဖြစ်သည်။

ကနဦးဝိညာဉ်ရတနာ ဟူသည် စကားအတိုင်းပင် ကောင်းကင်နှင့် မြေကြီး၏ ကနဦး‌ဆုံး မွေးဖွားသန့်စင်ခဲ့သော လက်နက်များပင် ဖြစ်သည်။

၎င်းတို့သည် ကနဦးစွမ်းအင်များကို စုစည်းနိုင်သလို ထိန်းချုပ်နိုင်သည်။

ကနဦးစွမ်းအင်ဟူသည်မှာ လောကတွင် အစင်ကြယ်ဆုံး စွမ်းအားတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော စွမ်းအားများကို ထိန်းချုပ်နိုင်ပါက ၊ ကမ္ဘာ့မူလရင်းမြစ်နှင့် ဆက်သွယ်နိုင်ရုံသာမက မိုးမြေ၏ သဘာဝဖြစ်စဉ် စွမ်းအားအားလုံးကို ထုတ်ယူကာ မိမိကိုယ်ပိုင်အဖြစ် အသုံးချနိုင်သည်။

မိခင်ချီ သုံးချောင်းထောက်အိုးသည် ပို၍ပင် အစွမ်းထက်သေးသည်။ ၎င်းသည် အရာအားလုံး၏ မိခင်စွမ်းအင်ဖြစ်ပြီး ၊ မိုးနှင့်မြေရှိ ဒဏ္ဍာရီလာ သတ္တဝါများကို မွေးဖွားပေးနိုင်သလို စကြဝဠာ၏ အရင်းအမြစ်နှင့် ချိတ်ဆက်နိုင်သည်ဟု ဆိုကြသည်။

၎င်းသည် ရှေးဦးခရမ်းရောင်စွမ်းအင် နှင့် အလားတူပြီး ၊ ဒေဝလောက ဖြစ်တည်လာစဉ်က မွေးဖွားလာခဲ့သော ပထမဦးဆုံးသော စွမ်းအင်အလင်းတန်း ဖြစ်သည်။

"ထျန်းဟောက်ရှန်း ....ဒီကောင် ဒီလောက်အထိ ဉာဏ်ဆင်ပြီး အားထုတ်နေတာ မဆန်းတော့ပါဘူး"

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

"ချန်ကဲသခင်လေး သဘောကျတယ်ဆိုရင် ဒီပစ္စည်းကို သခင်လေးကိုပဲ လက်ဆောင်ပေးပါရစေ"

တားမြစ်စူးမိသားစု မှ ပါရမီရှင်နှစ်ယောက်သည် အလျင်အမြန် ပြောလိုက်သည် ။

"ဒီကိစ္စမှာ ချန်ကဲသခင်လေးသာ ဝင်ရောက်မကူညီခဲ့ရင် ကျွန်တော်တို့တွေ အသက်ရှင်ဖို့တောင် လွယ်မှာမဟုတ်ဘူး၊ ဒီအပိုင်းအစလည်း လုယူခံရမှာ သေချာပါတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲမှာ မျက်မှောင်ကြုတ်သွားသည်။

ဤမိခင်ချီ သုံးချောင်းထောက်အိုးသည် သာမန်ထက် ထူးခြားလှသော်လည်း ၊ ၎င်းသည် မိမိ တားမြစ်စူးမိသားစုဝင်များ အသက်အန္တရာယ်ကို အံတုကာ ရယူထားခြင်း ဖြစ်သောကြောင့် သူ့အနေဖြင့် မည်သို့ အလကား ရယူနိုင်မည်နည်း။

မိမိတို့ သခင်လေး၏ စိတ်ထဲက အတွေးကို ရိပ်မိပုံရသော တားမြစ်စူးမိသားစုဝင်မှ ပါရမီရှင် နှစ်ယောက်သည် ထပ်မံ ပြောဆိုလိုက်၏။

"ချန်ကဲသခင်လေးသာ ဒီအပိုင်းအစကို လက်ခံလိုက်ရင် ဘယ်သူမှ လိုချင်တပ်မက်ရဲမှာ မဟုတ်ဘူး"

"ကျွန်တော်တို့နှစ်ယောက်စလုံး ကိုယ့်အစွမ်းအစကို သိပြီးသားပါ ....အမတသခင် တရားစီရင်ရေးရုံးတော်က ကောင်တွေ ထပ်ပြီး ရောက်လာရင် ကျွန်တော်တို့လည်း ထပ်ပြီး ကာကွယ်နိုင်မှာ မဟုတ်ဘူး"

" ကောင်းတဲ့ရေကို အခြားလူရဲ့ လယ်ကွင်းထဲကို မစီးဆင်းစေရဘူး ဆိုတဲ့စကားအတိုင်း ...အခြားသူတွေရဲ့ လုယူတာကို ခံရမယ့်အစား ကျွန်တော်တို့အနေနဲ့ ချန်ကဲသခင်လေးကိုပဲ ပေးအပ်ချင်ပါတယ်"

တစ်ဖက်လူမှ အတင်းအကြပ် ပေးအပ်နေသည်ကို မြင်ရသဖြင့် စူးချန်ကဲလည်း ထပ်မံ၍ မငြင်းပယ်တော့ချေ။

ထိုအရာကို သိမ်းဆည်းလိုက်ပြီးနောက်၊ စူးချန်ကဲသည် သူ၏ ရင်ဘက်ထဲမှ ဒဏ်ရာပျောက်ကင်းစေသည့် ဆေးအချို့ကို ထုတ်ယူကာ တစ်ဖက်လူကို ပြန်လည် ပေးအပ်လိုက်သည်။

တားမြစ်စူးမိသားစုမှ ပါရမီရှင်နှစ်ဦးသည် ကျေးဇူးတင်စကား ဆိုပြီးနောက် နှုတ်ဆက်၍ ထွက်ခွာသွားခဲ့ကြသည်။

ထျန်းမန်ကမ္ဘာတွင် အခွင့်အလမ်းကောင်းများစွာ ရှိသောကြောင့် အုပ်စုဖွဲ့၍ သွားလာခြင်းသည် ပိုမိုများပြားသော အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးရနိုင်သည်။

တားမြစ်စူးမိသားစု မှ ပါရမီရှင်နှစ်ဦး ထွက်ခွာသွားပြီးနောက် ၊ စူးချန်ကဲသည် သူ့လက်ထဲရှိ သုံးချောင်းထောက်အပိုင်းအစကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒါဆိုရင် ထျန်းဟောက်ရှန်း အဲဒီကောင်ရဲ့ လက်ထဲမှာလည်း အပိုင်းအစ အနည်းငယ် ရှိနေလောက်ပြီပေါ့"

ထျန်းဟောက်ရှန်းသည် အမတသခင် တရားစီရင်ရေးရုံးတော်၏ ဆက်ခံသူတစ်ဦး ဖြစ်သည်နှင့် အလျောက် ၊ ၎င်း၏ အကြံညဏ်သည် မည်သို့မည်ပုံရှိမည်ကို သူ အကြမ်းဖျင်း ရိပ်မိသည်။

ယခု သူသည် အမတသခင် တရားစီရင်ရေးရုံးတော်မှ ပါရမီရှင်လေးဦးကို သတ်ဖြတ်ခဲ့ပြီး၊ သူ၏လက်ထဲတွင်လည်း အပိုင်းအစတစ်ခု ရှိနေပြီ ဖြစ်သည်။

တွေးစရာပင်မလိုချေ။ တစ်ဖက်လူသည် သူ့ကို တက်ကြွစွာဖြင့် လိုက်လံရှာဖွေကာ အပြင်းအထန် တိုက်ခိုက်ပေလိမ့်မည်။

သို့သော်လည်း ဤသည်မှာ သူ တောင့်တနေခဲ့သည့် ဆန္ဒတစ်ခုပင် ဖြစ်သည်။

တောက်ရွှီမြို့တွင် ဖြစ်တည်ခဲ့သည့် ရန်ငြိုးဟောင်းများကိုလည်း စာရင်းရှင်းဖို့ အချိန်တန်ချေပြီ။

စူးချန်ကဲသည် သုံးချောင်းထောက် အပိုင်းအစကို သူ၏ရင်ဘက်ထဲသို့ ထည့်သိမ်းရန် ပြင်လိုက်စဉ်မှာပင်၊

သူ့လက်ချောင်းက အပိုင်းအစပေါ်ရှိ တစ်နေရာကို မတော်တဆ ထိမိသွားသည်။

ဝီ!

ရုတ်တရက် ၊ အပိုင်းအစပေါ်တွင် ရှိနေခဲ့သော မှိန်ဖျော့ဖျော့ အလင်းတန်းလေးတစ်ခုသည် တစ်ခဏအတွင်းမှာပင် တောက်ပလာခဲ့သည်။

၎င်းသည် တောက်လောင်နေသော နေတစ်စင်းပမာ စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

စူးချန်ကဲ၏ အမြင်အာရုံမှာ ပြောင်းလဲခံလိုက်ရသည်။ ကမ္ဘာကြီးသည် ရေထဲတွင် အရည်ပျော်ဝင်သွားသည့် မင်ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြည်းဖြည်းချင်း ဝေဝါးလာခဲ့သည်။

သို့သော်လည်း ဤအခြေအနေသည် စက္ကန့်ပိုင်းမျှသာ ဖြစ်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ၊ စူးချန်ကဲသည် မိမိကို လွှမ်းခြုံထားသော ထိုနတ်အသိစိတ်မှာ ဒီရေအလား ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ မြင်ကွင်းသည် ပြန်လည် ကြည်လင်လာခဲ့သည်။

ပထမဆုံး အခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလိုက်ရာ၊ သူသည် စိမ်းသက်သော ကြယ်တာရာနယ်မြေတစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ဤကြယ်တာရာနယ်မြေသည် အလွန်ပင် ခြောက်ကပ်နေကာ ပျက်စီးယိုယွင်းနေပုံရသည်။ အဝေးတစ်နေရာတွင် လွင့်မျောနေသော နဂါးငွေ့တန်းပင်လျှင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရသကဲ့သို့ ပြိုကွဲပျက်စီးနေသည်။

လူကို ထူးဆန်းစေသည်မှာ ကြယ်တာရာကောင်းကင်ယံထက်တွင် မည်းမှောင်သော မြူခိုးအချို့ မျောလွင့်နေခြင်း ဖြစ်ပြီး၊ ထိုမြူခိုးများသည် ဆိုးရွားသော နိမိတ်တစ်ခုကို ပြ‌သနေသည်။

စူးချန်ကဲသည် ဤကမ္ဘာကို စူးစမ်းကြည့်ရှုနေစဉ်မှာပင်။

ကျား၊ မ ခွဲခြားရန် ခက်ခဲသော စကားသံတစ်ခုသည် ကြယ်တာရာနယ်မြေထဲမှ ရုတ်ချည်း ထွက်ပေါ်လာ၏။

"ကြည့်ရတာ... မင်းက ထျန်းရွှမ်ဟောကိန်း ထုတ်ခဲ့တဲ့ ဒေဝလောကရဲ့ ကွဲလွဲချက်ပဲ ဖြစ်ရမယ်"

"တကယ်ကို သာမန်ထက် ထူးခြားတာပဲ၊ ထျန်းရွှမ် အဲဒီကောင် သူ့ရဲ့ မူလရင်းမြစ် အမတစွမ်းအင်တွေကို ယဇ်ပူဇော်ပြီး နောင်လာနောက်သားအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို ခန့်မှန်းပေးခဲ့တာ တန်ပါတယ်လေ"

All Chapters