← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) ရေငုပ်စစ်ဝတ်စုံ

"ဒါနဲ့ အသံလက်ထောက်... ငါ့ရဲ့ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ထဲမှာ အတိအကျ ဘာတွေ ပါဝင်နေလဲဆိုတာ အသေးစိတ် ရှင်းပြပေးလို့ ရနိုင်မလား... ပြီးတော့ အဲဒါတွေကို အခုချက်ချင်း အသုံးပြုလို့ ရနိုင်မလား..."

ဆွန်ဖုန်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် အသံလက်ထောက်အား သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

"လက်ရှိမှာ ပိုင်ရှင်က ကျွန်းတစ်ကျွန်းစာလောက် ကျယ်ဝန်းတဲ့ သိုလှောင်ရုံ နေရာလွတ်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်... အမျိုးအစားစုံလင်တဲ့ တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး စက်ရုပ်ပေါင်း သုံးသောင်း ပါဝင်ပါတယ်... တွင်းထွက်ပစ္စည်းနဲ့ ရေထွက်ဆေးဝါး အစားအစာတွေ ထုတ်လုပ်ပေးမယ့် မတူညီတဲ့ စက်ရုံပေါင်း တစ်ရာ ရှိပါတယ်... ရေငုပ် သံမဏိစစ်ဝတ်စုံ တစ်စုံနဲ့ ကီလိုမီတာ ငါးဆယ် ပတ်လည်ကို ရှာဖွေထောက်လှမ်းပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်... လောလောဆယ် ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ထဲမှာ ဒီအရာတွေပဲ ရှိပါသေးတယ်... ပိုင်ရှင်အနေနဲ့ လက်ရှိ အသုံးပြုနိုင်တာကတော့ သိုလှောင်ရုံ နေရာလွတ်ရယ် ရှာဖွေထောက်လှမ်းရေး စနစ်ရယ် ပြီးတော့ ရေငုပ် သံမဏိစစ်ဝတ်စုံ တစ်စုံပဲ ဖြစ်ပါတယ်..."

အသံလက်ထောက်က ရှင်းလင်းစွာ တုံ့ပြန်ပြောဆိုလိုက်သည်။

"ဘာတွေလဲကွ... ဘာလို့ ငါက အဲဒီ စက်ရုပ်တွေနဲ့ စက်ရုံတွေကို သုံးလို့ မရရတာလဲ..."

ဆွန်ဖုန်းသည် ထိုစကားကို ကြားလိုက်ရပြီးနောက် ဒေါသတကြီး ဆဲဆိုလိုက်လေသည်။

"တောင်းပန်ပါတယ် ပိုင်ရှင်... လက်ရှိမှာ စက်ရုပ်တွေနဲ့ စက်ရုံတွေအတွက် စွမ်းအင် မရှိသေးတဲ့အတွက် အလုပ်လုပ်လို့ မရနိုင်သေးပါဘူး..."

"ဘာပြောတယ်..."

ဆွန်ဖုန်းသည် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားရသည်။ လောကတွင် အလကားရသော နေ့လယ်စာ မရှိဆိုသည့် စကားမှာ အမှန်ပင် ဖြစ်ပေသည်။

"သူတို့ အလုပ်လုပ်ဖို့အတွက် ဘယ်လို စွမ်းအင်မျိုး လိုအပ်တာလဲ..."

ဆွန်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။ သူသည် အခြေအနေကို ရှင်းလင်းစွာ သဘောပေါက်ထားပေသည်။ ထိုစက်ရုပ်များနှင့် စက်ရုံများသာ မရှိပါက သူ၏ မျက်စိရှေ့တွင် ရွှေတောင်ကြီး တစ်တောင် ရှိနေလျှင်ပင် တူးဖော်နိုင်မည် မဟုတ်ချေ။

"လျှပ်စစ်စွမ်းအင် လိုအပ်ပါတယ်... စက်ရုပ်တစ်ရုပ် အလုပ်လုပ်ဖို့အတွက် လျှပ်စစ်စွမ်းအင် တစ်ရာ ယူနစ် အပြည့် သိုလှောင်ထားဖို့ လိုအပ်ပြီး စက်ရုံတစ်ရုံအတွက်ဆိုရင်တော့ လျှပ်စစ်စွမ်းအင် တစ်သောင်း ယူနစ် သိုလှောင်ထားဖို့ လိုအပ်ပါတယ်..."

အသံလက်ထောက်သည် ဆွန်ဖုန်း၏ စိတ်ပျက်ရူးသွပ်နေမှုကို လုံးဝ ဂရုမစိုက်ဘဲ အေးစက်စွာ ဆက်လက် ရှင်းပြနေသည်။

"ခွေးမသား... ဒီလောက် လျှပ်စစ်စားတဲ့ ကောင်တွေကို သွင်းပေးဖို့ ငါက ဘယ်သွားပြီး လျှပ်စစ်တွေ ရှာရမှာလဲ..."

ဆွန်ဖုန်းသည် ဒုတိယအကြိမ်မြောက် ဆွံ့အကာ ကြက်သေသေသွားရပြန်သည်။

"ဒါဆို အဲဒီ စက်ရုပ်တွေနဲ့ စက်ရုံတွေက ဘယ်လိုမျိုးလဲ ဆိုတာကို အရင် ရှင်းပြစမ်းပါ... သူတို့က ဘယ်လို အလုပ်လုပ်ကြတာလဲ..."

ဆွန်ဖုန်းသည် လက်ရှိအချိန်တွင် ထိုစက်ရုပ်များနှင့် စက်ရုံများကို အသုံးပြု၍ မရနိုင်သေးကြောင်း သိထားသော်လည်း ကြိုတင် လေ့လာထားရန် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"စက်ရုပ်တွေက တူးဖော်ရေးတွေ လုပ်ဆောင်ဖို့ စက်ကိရိယာတွေကို မောင်းနှင်ဖို့နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးမှာပါ... စက်ရုံတွေကတော့ တူးဖော်ရရှိလာတဲ့ တွင်းထွက်ပစ္စည်းတွေ ရေထွက်ဆေးဝါးနဲ့ အစားအစာတွေကို ပိုင်ရှင် လိုချင်တဲ့ ကုန်ပစ္စည်းတွေအဖြစ် ထုတ်လုပ်ပေးဖို့ တာဝန်ယူမှာပါ..."

အသံလက်ထောက်က ရှင်းပြလိုက်သည်။

ဆွန်ဖုန်းသည် ထိုစကားများကို ကြားပြီးနောက် သဘောပေါက်သွားလေသည်။ ဆိုလိုသည်မှာ သူ၏ စက်ရုပ်များက ရွှေရိုင်းတုံးများကို တူးဖော်ရရှိလာပါက စက်ရုံမှနေ၍ ထိုရွှေရိုင်းတုံးများကို အသင့်သုံး ရွှေချောင်းများအဖြစ်သို့ တိုက်ရိုက် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ဤ X ကြယ်စုတန်း ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်သည် အလွန်တရာ အစွမ်းထက်မြက်လှပေသည်။ အစအဆုံး တာဝန်ယူ လုပ်ဆောင်ပေးသော ပြီးပြည့်စုံသည့် ဝန်ဆောင်မှုတစ်ခုပင် ဖြစ်သည်။

သို့သော် ထိုအကြောင်းများကို တွေးမိလေ ဆွန်ဖုန်း၏ ရင်ထဲတွင် မွန်းကျပ်လာလေ ဖြစ်သည်။ လွန်စွာ အစွမ်းထက်မြက်သော ဤရွှေလက်ချောင်း စနစ်ကြီးကို အသုံးပြုခွင့် မရသေးခြင်းမှာ အလွန်တရာ ခံပြင်းဖွယ်ကောင်းလှသည်။ ထိုမျှ များပြားလှသော လျှပ်စစ်စွမ်းအင်များကို မည်သည့်နေရာမှ သွားရောက် ရယူရမည်နည်း။ လျှပ်စစ်မီး ခိုးသုံးမည်ဆိုပါကလည်း သေနတ်ဖြင့် ပစ်သတ်ခံရမည်ကို သူ ကြောက်ရွံ့မိသည်။ ငွေကြေးပေး၍ ဝယ်ယူမည်ဆိုပါကလည်း ယခု သူ၏ လက်ထဲတွင် ပိုင်ဆိုင်မှုဟူ၍ ငွေငါးရာသာ ကျန်ရှိတော့သည်။

ယခု သူ အသုံးပြုနိုင်သော အရာများမှာ ရှာဖွေထောက်လှမ်းရေး စနစ်နှင့် ရေငုပ် သံမဏိစစ်ဝတ်စုံ တစ်စုံသာ ကျန်ရှိတော့သည်။ ဤရေငုပ် စစ်ဝတ်စုံမှာ ရုပ်ရှင်ထဲမှ အိုင်းယွန်းမန်း စစ်ဝတ်စုံနှင့် အနည်းငယ် ဆင်တူသော်လည်း ၎င်းသည် ဆွန်ဖုန်းအတွက် ရေအောက်သို့ ငုပ်ဆင်းကာ တွင်းထွက်ပစ္စည်းများ ရှာဖွေရန် သီးသန့် ဖန်တီးထားခြင်း ဖြစ်ပေသည်။

"ထားလိုက်ပါတော့... အကုန်လုံးကို အသုံးမပြုနိုင်သေးရင်တောင် အနည်းဆုံးတော့ စမ်းသုံးကြည့်လို့ ရတာပေါ့..."

ဆွန်ဖုန်းသည် ရေငုပ် စစ်ဝတ်စုံကို ဝတ်ဆင်ကာ ပင်လယ်ထဲသို့ သွားရောက် ပျော်ရွှင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ရှာဖွေထောက်လှမ်းရေး စနစ်၏ စွမ်းဆောင်ရည်ကိုပါ တစ်ပါတည်း စမ်းသပ်ကြည့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည် အားလပ်နေသဖြင့် ဤရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်အကြောင်းကို ကြိုတင် လေ့လာထားခြင်းက ကောင်းမွန်ပေသည်။

"အသံလက်ထောက်... ငါ့ကို ရေငုပ် စစ်ဝတ်စုံ ဝတ်ပေးစမ်း... ငါ ပင်လယ်ကြီးထဲ သွားပြီး လည်ပတ်ဦးမယ်..."

ဆွန်ဖုန်းသည် မျက်နှာထက်တွင် ပျော်ရွှင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေလျက် ရယ်မောကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... လက်ရှိမှာ ရေငုပ် စစ်ဝတ်စုံအတွက် စွမ်းအင် ဆယ့်ငါး ရာခိုင်နှုန်းသာ ကျန်ရှိပါတော့တယ်... သုံးနာရီကြာအောင် ဆက်လက် အသုံးပြုနိုင်ပြီး သုံးနာရီ ပြည့်သွားရင်တော့ အလိုအလျောက် ပိတ်သွားမယ့် အနေအထားကို ရောက်ရှိသွားမှာမို့ ပိုင်ရှင်အနေနဲ့ သတိထားပြီး အသုံးပြုပါ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်းသည် ထိုအသံလက်ထောက်အား ခြေစုံဖြင့် ကန်ပစ်ချင်စိတ်များ ပေါက်သွားရသည်။ နားထောင်လို့ ကောင်းသော စကားတစ်ခွန်းမျှ မပါချေ။ ဤရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးမှာ လျှပ်စစ်စွမ်းအင်များကိုသာ အလွန်အကျွံ စားသုံးသော အရာကြီး ဖြစ်နေပေသည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လျှပ်စစ်စွမ်းအင် မရှိလျှင် မဖြစ်ချေ။

"ပိုင်ရှင်... ဒီစနစ်ကြီး တစ်ခုလုံးအတွက်လည်း စွမ်းအင် နှစ်ရာခိုင်နှုန်းသာ ကျန်ရှိပါတော့တယ်... ရက်ပေါင်း သုံးဆယ် ဆက်လက် လည်ပတ်နိုင်ပြီး ရက်ပေါင်း သုံးဆယ် ပြည့်တဲ့အထိ စွမ်းအင် မဖြည့်တင်းဘူးဆိုရင်တော့ အလိုအလျောက် အိပ်စက်သွားမယ့် အနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်..."

အသံလက်ထောက်၏ အေးစက်စက် အသံကြီး ထွက်ပေါ်လာပြန်သည်။

"ငါလခွေး... တကယ်ကြီးလား..."

ဆွန်ဖုန်း၏ ရင်ထဲတွင် လွန်စွာ မွန်းကျပ်သွားရသည်။ အဘယ်ကြောင့် ဤမျှ ဆိုးရွားသော အခြေအနေများနှင့် ဆက်တိုက် ရင်ဆိုင်နေရသနည်း။ သတင်းဆိုးများက တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်ရှိလာခြင်း ဖြစ်သည်။

"ထားလိုက်တော့... စွမ်းအင် မရှိတော့ရင် အချိန်တန်မှပဲ နည်းလမ်း ရှာရတော့မယ်... အခုတော့ ပင်လယ်ထဲ သွားလည်တာက အကောင်းဆုံးပဲ..."

ဆွန်ဖုန်းသည် ယခုအချိန်တွင် စိုးရိမ်ပူပန်နေ၍လည်း အပိုပင်ဖြစ်ကြောင်း သိထားသဖြင့် ကြုံလာမည့် အခြေအနေကိုသာ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ကို ရေငုပ် စစ်ဝတ်စုံ ဝတ်ပေး..."

"ဟုတ်ကဲ့ပါ..."

"ဒင်..."

အသံနှင့်အတူ ဆွန်ဖုန်း၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီလေးထံမှ လှိုင်းဂယက်များ ထွက်ပေါ်လာပြီး အိုင်းယွန်းမန်း စစ်ဝတ်စုံနှင့် ဆင်တူသော စစ်ဝတ်စုံတစ်စုံသည် ဆွန်ဖုန်း၏ ဘေးတွင် ပေါ်လာလေသည်။ ထို့နောက် ၎င်းသည် အလိုအလျောက် ပွင့်ဟသွားကာ စက္ကန့်ပိုင်းအတွင်း ဆွန်ဖုန်း၏ ကိုယ်လုံးတစ်ခုလုံးကို လွှမ်းခြုံဖုံးအုပ်သွားလေတော့သည်။

ငြိမ်သက်နေသော ကမ်းစပ်မြင်ကွင်းကျယ်မှတစ်ဆင့် အနီးသို့ ချဉ်းကပ်ကြည့်လိုက်လျှင် မီးတောက်များကဲ့သို့ နီရဲတောက်ပနေပြီး အလွန်တရာ ခန့်ညားထည်ဝါကာ စွမ်းအားကြီးမားပုံရသော သံမဏိလူသား တစ်ယောက် ရုတ်တရက် ပေါ်ပေါက်လာသည်ကို တွေ့မြင်ရပေမည်။

စစ်ဝတ်စုံ အတွင်းသို့ ရောက်ရှိသွားသော ဆွန်ဖုန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ဖြစ်ပေါ်နေသည်။ သူ၏ မျက်လုံးအရှေ့တွင် ဒေတာ အချက်အလက်များနှင့် မြင်ကွင်းများကို ပြသနေသော အလင်းဖန်သားပြင် တစ်ခု ရှိနေသည်။ သူသည် စစ်ဝတ်စုံ အတွင်း၌ ရှိနေသော်လည်း အပြင်ဘက် ပတ်ဝန်းကျင် အခြေအနေများကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။ ထို့အပြင် ရှာဖွေထောက်လှမ်းရေး စနစ်ကို ဤရေငုပ် စစ်ဝတ်စုံ ဝတ်ဆင်ထားချိန်တွင်သာ အသုံးပြုနိုင်ကြောင်းကိုပါ သိရှိလိုက်ရသည်။

"ကဲ... သွားကြစို့..."

ဆွန်ဖုန်းသည် အားကုန်သုံးကာ ခုန်ချလိုက်သည်။ ထို့နောက် မီးတောက်ကဲ့သို့ နီရဲနေသော ထိုသံမဏိလူသားသည် ပင်လယ်ရေပြင်ထဲသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားလေတော့သည်။

"ဝုန်း..."

ရေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်သံ ထွက်ပေါ်လာပြီးနောက် သူသည် ရေအောက်သို့ ရောက်ရှိသွားသည်။ ရေအောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရေငုပ် စစ်ဝတ်စုံ၏ လက်နှစ်ဖက်နှင့် ခြေဖဝါးများမှ ရေအောက်တွန်းကန်အား စနစ်များ အသက်ဝင်လာကာ ရှေ့သို့ လျင်မြန်စွာ ပြေးလွှားသွားလေတော့သည်။

"ရှာဖွေထောက်လှမ်းရေး စနစ်ကို ဖွင့်လိုက်ပါပြီ... အကွာအဝေးကတော့ ကီလိုမီတာ ငါးဆယ် ဖြစ်ပါတယ်..."

အသံလက်ထောက်က ပြောလိုက်သည်။

ထို့နောက် ဆွန်ဖုန်း၏ မျက်စိရှေ့ရှိ အလင်းဖန်သားပြင်ပေါ်တွင် ရှာဖွေတွေ့ရှိထားသော မြင်ကွင်းများကို အသေးစိတ် အမှတ်အသား ပြုလုပ်ကာ ပြသလာလေသည်။

"ရှေ့တည့်တည့် မီတာ ငါးထောင် အကွာမှာ ငါးအုပ်ကြီး တစ်အုပ် ရှိပါတယ်... နာရီလက်တံ နှစ်နာရီ ဦးတည်ရာ မီတာ တစ်ရာ အကွာမှာ လိပ်တစ်ကောင် ရှိပါတယ်... ရေညှိတွေ... ပင်လယ်ရေမှော်တွေ... စုတ်ပြဲနေတဲ့ ဖိနပ်တစ်ရံ... အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်..."

ဆွန်ဖုန်း၏ မျက်စိရှေ့ရှိ အလင်းဖန်သားပြင်ပေါ်တွင် ပစ္စည်းမျိုးစုံ ပြည့်နှက်နေကာ မြင်ရသည်မှာ မျက်စိနောက်ဖွယ် ကောင်းလှသည်။

"ရပ်လိုက်စမ်း... တွင်းထွက်ပစ္စည်းတွေ ဒါမှမဟုတ် တန်ဖိုးကြီးတဲ့ အရာတွေကိုပဲ ပြပေး... အဲဒီ အရေးမပါတဲ့ အရာတွေကို လာမပြနဲ့..."

ဆွန်ဖုန်းသည် ဒေါသတကြီး အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်..."

မှောင်မိုက်နေသော ရေအောက်ကြမ်းပြင်၏ မြင်ကွင်းကျယ်ကြီးသည် ရှေ့သို့ တဖြည်းဖြည်း ရွေ့လျားသွားသည်။ ဆွန်ဖုန်းသည် ရှေ့သို့ ဆက်လက် သွားလာရင်း ရေအောက်ကမ္ဘာ၏ အလှတရားများကို ခံစားနေသည်။ ပင်လယ် သမုဒ္ဒရာကြီးသည် အမှန်တကယ်ပင် လှပလွန်းလှပေသည်။

အထူးသဖြင့် ရေအောက်ကြမ်းပြင်ရှိ မြင်ကွင်းများနှင့် လှည့်လည်သွားလာနေသော ငါးအုပ်ကြီးများသည် အလွန်တရာ ကြည့်ရှုချင်စဖွယ် ကောင်းလှသဖြင့် ဆွန်ဖုန်းမှာ ရေအောက်ကမ္ဘာ၏ အလှတရားများထဲတွင် နစ်မြောနေမိလေတော့သည်။ ယခင်က ရေအောက်ကမ္ဘာ ခရီးစဉ် ရုပ်ရှင်များကို ကြည့်ရှုစဉ်က မည်သို့မျှ မခံစားခဲ့ရသော်လည်း ယခု ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသောအခါမှသာ ရေအောက်ကမ္ဘာကြီး၏ အလှတရားများကို အပြည့်အဝ ခံစားသိရှိသွားရလေသည်။

သို့သော် ထိုသာယာလှပသော အခြေအနေမှာ အချိန်ကြာမြင့်စွာ မတည်မြဲခဲ့ချေ။ ဆွန်ဖုန်းသည် တစ်ကီလိုမီတာခန့် ရှေ့သို့ ရောက်ရှိသွားသောအခါ ရှေ့တည့်တည့် မီတာ တစ်ရာခန့် အကွာမှ သူ့ထံသို့ ကူးခတ်လာနေသော ငါးမန်းကြီး နှစ်ကောင်ကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် ဆွန်ဖုန်းမှာ လွန်စွာ ထိတ်လန့်သွားပြီး သေးထွက်ကျမတတ် ဖြစ်သွားရလေသည်။

"ခွေးမသား... ငါး... ငါးမန်းကြီးတွေ..."

ဆွန်ဖုန်းသည် အလန့်တကြား အော်ဟစ်လိုက်ပြီး နောက်သို့ လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ငါးမန်းများဆိုသည်မှာ ပင်လယ် သမုဒ္ဒရာထဲရှိ ဧရာမ သတ္တဝါဆိုးကြီးများ ဖြစ်ပြီး အသက်အန္တရာယ်ကို ပေးစွမ်းနိုင်သော အရာများ ဖြစ်ပေသည်။ ထို့ကြောင့် သူ မကြောက်ဘဲ နေနိုင်မည်လားဟု တွေးမိသည်။

"ပိုင်ရှင် ထိတ်လန့်စရာ မလိုပါဘူး... ဒီငါးမန်းတွေက ပိုင်ရှင်ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး... ရေငုပ် စစ်ဝတ်စုံအတွက်လည်း ဘာခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပါဘူး... အကယ်၍ ပိုင်ရှင် လိုအပ်တယ်ဆိုရင် ရေငုပ် စစ်ဝတ်စုံကို အသုံးပြုပြီး သူတို့ကို သတ်ပစ်လို့ ရပါတယ်..."

အသံလက်ထောက်က အေးဆေးစွာ ဝင်ပြောလိုက်သည်။

ထိုအသံကို ကြားလိုက်ရမှသာ ဆွန်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"တကယ် ပြောနေတာလား..."

"ဟုတ်ပါတယ်... ရေငုပ် စစ်ဝတ်စုံမှာ အလွန် ခိုင်မာတဲ့ ကာကွယ်ရေး စွမ်းရည် ရှိပါတယ်... ရှင်းရှင်းပြောရရင် ကမ္ဘာမြေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင်တောင်မှ ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး... ဒါ့အပြင် ရေငုပ် စစ်ဝတ်စုံမှာ လျှပ်စစ်ရှော့ခ်ပေးတဲ့ စနစ်နဲ့ သေမင်းတမန် အလင်းတန်း ပစ်ခတ်တဲ့ လက်နက်စနစ်တွေလည်း ပါဝင်တဲ့အတွက် ရှေ့က ငါးမန်း နှစ်ကောင်ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ပစ်နိုင်ပါတယ်..."

"ခွေးမသား... ဒီရေငုပ် စစ်ဝတ်စုံက အဲဒီလောက်တောင် အစွမ်းထက်တာလား... ဘာလို့ စောစောကတည်းက ကြိုမပြောတာလဲ..."

ဆွန်ဖုန်းသည် အံ့အားသင့်သွားသည့် တစ်ချိန်တည်းမှာပင် အသံလက်ထောက်အား ဒေါသတကြီး အပြစ်တင်လိုက်သည်။ ထိုစနစ်ကြောင့် သူသည် သေးထွက်ကျမတတ် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်။

"ပိုင်ရှင်ကမှ မမေးတာ..."

"..."

ဆွန်ဖုန်းမှာ ပြောစရာ စကားပင် မရှိတော့ဘဲ ဆွံ့အသွားလေတော့သည်။

All Chapters