အခန်း ၃
Vol. 1 Ch. 3
အခန်း (၃) ရွှေသတ္တုကြော တစ်ခုကို ရှာဖွေတွေ့ရှိခြင်း
မှုန်ဝါးဝါး အလင်းရောင်သာ ရှိသော ရေအောက်ကမ္ဘာ၏ မြင်ကွင်းကျယ်ကြီးထဲတွင် ဆွန်ဖုန်း၏ နီရဲနေသော သံမဏိစစ်ဝတ်စုံမှာ သိသာထင်ရှားစွာ တောက်ပနေသည်။ ထိုကျယ်ပြန့်သော မြင်ကွင်းမှတစ်ဆင့် စစ်ဝတ်စုံအတွင်းရှိ ဆွန်ဖုန်း၏ မျက်နှာဆီသို့ အနီးကပ် တဖြည်းဖြည်း ချဉ်းကပ်သွားလျှင် သူ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်သည်။
"ဂလု..."
ဆွန်ဖုန်းသည် မျက်စိရှေ့ရှိ အလင်းဖန်သားပြင်မှတစ်ဆင့် ကြီးမားခက်ထန်လှသော ငါးမန်းကြီး နှစ်ကောင် သူ့ထံသို့ ဖြည်းညင်းစွာ ကူးခတ်လာနေသည်ကို ကြည့်ရင်း တံတွေးမျိုချလိုက်မိသည်။ အသံလက်ထောက်က ဤရေငုပ်စစ်ဝတ်စုံကြီးမှာ အလွန်တရာ အစွမ်းထက်မြက်လှသည်ဟု ဆိုသော်လည်း တကယ်တမ်း ဟုတ်မဟုတ်ကို မည်သူက အတတ်ပြောနိုင်မည်နည်းဟု သူက သံသယဝင်နေမိသည်။
အကယ်၍သာ ထိုငါးမန်းကြီးများ၏ တစ်ကိုက်တည်းဖြင့် အသက်ပျောက်သွားရမည် ဆိုပါက ငိုစရာ နေရာပင် ရှိတော့မည် မဟုတ်ပေ။ ရေငုပ်စစ်ဝတ်စုံ၏ ဆက်တိုက် ရှေ့သို့ ရွေ့လျားနေမှုက ထိုငါးမန်းကြီး နှစ်ကောင်၏ အာရုံကို ဆွဲဆောင်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ဆွန်ဖုန်းရှိရာသို့ တည့်တည့်မတ်မတ် ကူးခတ်လာနေသဖြင့် ဆွန်ဖုန်းမှာ ကြောက်ရွံ့တုန်လှုပ်လာရလေသည်။
အသံလက်ထောက်က ဤစစ်ဝတ်စုံမှာ လွန်စွာ အစွမ်းထက်သည်ဟု ဆိုသော်လည်း ထိုငါးမန်းကြီးများနှင့်တော့ အနီးကပ် ထိတွေ့မှုမျိုး မလုပ်ချင်သေးချေ။ ငါးမန်းများ၏ ကိုက်ဖြတ်နိုင်စွမ်းမှာ အလွန် ပြင်းထန်လှကြောင်း သူ ကောင်းစွာ သိထားသည်။ အကယ်၍ သူ့အား နှစ်ပိုင်းပြတ်အောင် မကိုက်နိုင်လျှင်တောင်မှ စစ်ဝတ်စုံတွင် အက်ကွဲကြောင်း တစ်ခုခု ဖြစ်ပေါ်သွားပါက ဆွန်ဖုန်းတစ်ယောက် ရေအောက်ကြမ်းပြင်တွင် အသက်ရှူကျပ်ကာ သေဆုံးရမည်မှာ အသေအချာပင် ဖြစ်ပေသည်။
"ရပ်လိုက်... အခုချက်ချင်း ရှေ့ဆက်မသွားနဲ့တော့..."
ဆွန်ဖုန်းသည် အသံလက်ထောက်အား အလန့်တကြား အမိန့်ပေးလိုက်ရာ ချက်ချင်းပင် ရေငုပ်စစ်ဝတ်စုံကြီးမှာ ရပ်တန့်သွားလေသည်။
"ပိုင်ရှင်... ဒီငါးမန်း နှစ်ကောင်ကို လုံးဝ လျစ်လျူရှုထားလို့ ရပါတယ်... သူတို့က အလွန် အားနည်းတဲ့ သတ္တဝါတွေပါ... ပိုင်ရှင်သာ လိုချင်ရင် သူတို့ကို မိနစ်ပိုင်းအတွင်း သုတ်သင်ရှင်းလင်းပေးဖို့ ကျွန်တော် ကူညီပေးနိုင်ပါတယ်..."
အသံလက်ထောက်က အလွန်တရာ ကြီးကျယ်ခမ်းနားသော လေသံဖြင့် အေးဆေးစွာ ပြောလိုက်သည်။
"အင်း... ဟိုလေ... ငါက တိရစ္ဆာန်လေးတွေကို ချစ်ခင်တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ... သဘာဝတရားကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ သတ္တဝါတွေကို ငါ မသတ်ဖြတ်ချင်ပါဘူး... ငါ့ကို ဒီအတိုင်းလေးပဲ အေးအေးဆေးဆေး နေခွင့်ပေးပါ..."
ဆွန်ဖုန်းသည် အသံလက်ထောက်အား ရေငုပ်စစ်ဝတ်စုံကို အသုံးပြု၍ ကြမ်းတမ်းစွာ ဖြေရှင်းခိုင်းရန် မရဲချေ။ အကယ်၍ ရေငုပ်စစ်ဝတ်စုံက မနိုင်ဘဲ ရှုံးနိမ့်သွားပါက ဒုက္ခရောက်မည်မှာ သူကိုယ်တိုင်ပင် ဖြစ်သောကြောင့်တည်း။
ဆွန်ဖုန်း ရပ်တန့်လိုက်သည်နှင့် ထိုငါးမန်းကြီး နှစ်ကောင်မှာလည်း ပစ်မှတ် ပျောက်ဆုံးသွားလေသည်။ ထို့ကြောင့် သူတို့သည် ဆွန်ဖုန်း၏ ရေငုပ်စစ်ဝတ်စုံ ဘေးတွင် အခေါက်ခေါက်အခါခါ လှည့်ပတ် ကူးခတ်နေပြီးနောက် အခြားတစ်ဖက်သို့ ထွက်ခွာသွားကြလေတော့သည်။
ထိုကြီးမားခက်ထန်လှသော ငါးမန်းကြီးများ ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရမှသာ ဆွန်ဖုန်းသည် သက်ပြင်းကြီး တစ်ချက်ကို ချနိုင်တော့သည်။ ထို့နောက် ရှေ့သို့ ဆက်လက် ထွက်ခွာရန် အမိန့်ပေးလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဆွန်ဖုန်းသည် ကီလိုမီတာ တစ်ရာကျော်ခန့် ခရီးဆက်ခဲ့ပြီး ဖြစ်သည်။ အမှန်တကယ်တော့ သူ၏ အရှိန်မှာ ယခုထက် ပိုမို မြန်ဆန်နိုင်သော်လည်း ရေအောက်ကမ္ဘာ၏ အလှတရားများကို ခံစားကြည့်ရှုလိုသဖြင့် အရှိန်မတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူသည် ကမ်းစပ်မှ ကီလိုမီတာ တစ်ရာကျော်ခန့် ကွာဝေးသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ရေအနက်မှာလည်း မီတာ တစ်ထောင့်ရှစ်ရာကျော် အထိ နက်ရှိုင်းနေပြီ ဖြစ်သည်။
ရေအောက်ကြမ်းပြင်၏ မြင်ကွင်းသည် ပိုမို မှောင်မိုက်လာပြီး ကြီးမားလှသော ရေဖိအားသည် အရာအားလုံးကို ကြိတ်ချေပစ်ရန် အသင့်ရှိနေသည့်အလား လေးလံနေသည်။ ထိုဖိအားများကြားတွင် သံမဏိစစ်ဝတ်စုံသည် တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ခိုင်မာစွာ ရပ်တည်နေနိုင်ခြင်းက ဆွန်ဖုန်းကို အံ့အားသင့် ဝမ်းသာစေခဲ့သည်။ ၎င်း၏ အရည်အသွေးမှာ အမှန်တကယ်ပင် အလွန် ကောင်းမွန်လှပေသည်။
"အသံလက်ထောက်... ငါ့ရဲ့ ရေငုပ်စစ်ဝတ်စုံက ရေအောက်ကို အနက်ဆုံး ဘယ်လောက်အထိ ငုပ်ဆင်းနိုင်သလဲ..."
ဆွန်ဖုန်းသည် သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ စပ်စုလိုက်သည်။
"အနက်ဆုံး မီတာ နှစ်သောင်း အထိ ငုပ်ဆင်းနိုင်ပါတယ်... စွမ်းအင် အပြည့် ဖြည့်ထားမယ်ဆိုရင်တော့ ခုနစ်ဆယ့်နှစ် နာရီ ဆက်တိုက် အသုံးပြုနိုင်ပါတယ်..."
အသံလက်ထောက်က ဖြေကြားလိုက်သည်။
"ဝိုး... ဒီလောက်တောင် အစွမ်းထက်တာလား... မီတာ နှစ်သောင်း အနက်ဆိုတော့ ကမ္ဘာကြီးကို နှစ်ရာချီ ကျော်လွန်နေတဲ့ နည်းပညာလို့ ခေါ်ဆိုထိုက်ပါတယ်... ဒါနဲ့ စွမ်းအင် အပြည့် ဖြည့်ဖို့ဆိုရင် ဒီရေငုပ်စစ်ဝတ်စုံက လျှပ်စစ်စွမ်းအင် ဘယ်လောက် လိုအပ်တာလဲ..."
ဆွန်ဖုန်းသည် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"လျှပ်စစ်စွမ်းအင် ယူနစ် ငါးသောင်း ပါ..."
"အင်း..."
ဆွန်ဖုန်းမှာ ငိုချင်စိတ်ပင် ပေါက်သွားရသည်။ ဤမျှ အစွမ်းထက်မြက်သော ရွှေလက်ချောင်း စနစ်ကြီးမှာ အဘယ်ကြောင့် ဤမျှ လျှပ်စစ်စွမ်းအင်များကို ငမ်းငမ်းတက် စားသုံးနေရသနည်း။ သူ၏ လက်ရှိ ပိုင်ဆိုင်မှု ငွေငါးရာတည်းဖြင့် ဤစနစ်ကြီးကို လည်ပတ်နိုင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားလေသည်။
"သတင်းပို့ပါတယ် ပိုင်ရှင်... ရှေ့တည့်တည့် ကီလိုမီတာ သုံးဆယ် အကွာမှာ သတ္တုကြော တစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်... လက်ရှိမှာ သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်... သုံးသပ်နေဆဲပါ... သုံးသပ်မှု ပြီးဆုံးပါပြီ... အဲဒီ သတ္တုကြောဟာ ရွှေသတ္တုကြော တစ်ခု ဖြစ်ပြီး ခန့်မှန်းခြေ ပမာဏက တန်ချိန် နှစ်သောင်းလောက် ရှိပါတယ်... ဒါဟာ ကြီးမားတဲ့ သတ္တုကြော အမျိုးအစား ဖြစ်ပြီး သန့်စင်ထုတ်လုပ်လိုက်မယ်ဆိုရင်တော့ ရွှေစင် တစ်တန်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်... ရွှေပါဝင်မှုနှုန်း မြင့်မားတဲ့ သတ္တုကြော အမျိုးအစား ဖြစ်ပါတယ်..."
ချက်ချင်း ထွက်ပေါ်လာသော အသိပေးသံကြောင့် ဆွန်ဖုန်း၏ ညည်းတွားနေမှုများ ရပ်တန့်သွားပြီး ပြင်းထန်သော ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများက အစားထိုး ဝင်ရောက်လာလေသည်။
"တကယ်ကြီးလား... ရွှေသတ္တုကြော... ရွှေစင် တစ်တန်တောင် ရနိုင်တယ်ဆိုတော့ နည်းတဲ့ ပမာဏ မဟုတ်ဘူး... တကယ် မနည်းဘူး... ဟားဟားဟား..."
ဆွန်ဖုန်း၏ မျက်နှာထက်တွင် ရူးသွပ်လုမတတ် ဝမ်းသာပျော်ရွှင်မှုများ အပြည့်အဝ ပေါ်လွင်နေသည်။ ဤသို့ အေးအေးဆေးဆေး လျှောက်လည်နေရင်းဖြင့် ကြီးမားသော ရွှေသတ္တုကြောကြီး တစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ တန်ချိန် နှစ်သောင်းသာ ရှိပြီး သန့်စင်လိုက်ပါက ရွှေစင် တစ်တန်သာ ရရှိမည် ဆိုသော်လည်း ဆွန်ဖုန်းအတွက်မူ အလွန်တရာ ကျေနပ်စရာ ကောင်းသော အခြေအနေပင် ဖြစ်ပေသည်။
ရွှေစင် တစ်တန်ကို လက်ရှိ ပေါက်ဈေး တစ်ဂရမ်လျှင် ယွမ် နှစ်ရာ့ငါးဆယ်ဖြင့် ရောင်းချမည် ဆိုပါက သူသည် တရုတ်ယွမ်ငွေ သန်းနှစ်ရာကျော်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ဆွန်ဖုန်းသည် မျက်စိတစ်မှိတ် အတွင်းမှာပင် သန်းကြွယ်သူဌေးကြီး တစ်ယောက် ဖြစ်လာတော့မည် ဖြစ်ပေသည်။
"ပင်လယ် သမုဒ္ဒရာ အောက်ခြေဆိုတာ တကယ့်ကို ကြီးမားလှတဲ့ ရတနာသိုက်ကြီးပဲ... ငါ့ကို ရွှေသတ္တုကြောကြီး တွေ့ခွင့်ပေးတယ်ဆိုတော့ တကယ့်ကို မိုက်တာပဲ... ပစ်မှတ်ရှိရာဆီကို ထွက်ခွာမယ်... အစွမ်းကုန် အရှိန်တင်ပြီး သွားစမ်း..."
ဆွန်ဖုန်းသည် မိမိ၏ ရူးသွပ်လုမတတ် ပျော်ရွှင်နေမှုကို အတင်းအကျပ် ဖိနှိပ်ထိန်းချုပ်လိုက်ပြီး အသံလက်ထောက်အား အမိန့်ပေးလိုက်သည်။
"အမိန့်နာခံလျက်ပါ..."
ကီလိုမီတာ သုံးဆယ်ကျော် အကွာအဝေးကို ရေငုပ်စစ်ဝတ်စုံ၏ အမြင့်ဆုံး အရှိန်ဖြင့် သွားရောက်ရာ မိနစ်အနည်းငယ် အတွင်းမှာပင် ရောက်ရှိသွားလေသည်။ ဆွန်ဖုန်းသည် ထိုအရှိန်အဟုန်ကို အလွန်တရာ သဘောကျနေမိသည်။ အကယ်၍သာ ဤအရှိန်ဖြင့် ရေငုပ်သင်္ဘောများကို သွားရောက် တိုက်ခိုက်မည် ဆိုပါက အလွယ်တကူပင် အနိုင်ယူနိုင်မည်ဟု သူ တွေးတောနေမိသည်။
"ဟင်... ရွှေသတ္တုကြောက ဘယ်မှာလဲ... ဘယ်နားမှာလဲ..."
ဆွန်ဖုန်းသည် ပစ်မှတ်နေရာသို့ ရောက်ရှိသွားသောအခါ ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေရေး မီးမောင်းကြီးများကို ဖွင့်လိုက်သည်။ သို့သော် ရေအောက်ကြမ်းပြင်တွင် ရွှံ့နွံများ၊ သဲများနှင့် ငါးအုပ်များမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရှိရချေ။
ဆွန်ဖုန်းသည် ရွှေသတ္တုကြောဆိုသည်ကို တစ်ခါမျှ မမြင်ဖူးသဖြင့် မည်သို့ ပုံစံမျိုး ရှိသည်ကို မသိရှိချေ။ သို့သော် ရွှေသတ္တုကြော ဆိုသည်မှာ အနည်းဆုံးတော့ ရွှေ၏ အရောင်အသွေးမျိုး ရှိရမည် ဖြစ်ပြီး ထိုကျောက်တုံးများမှာလည်း အဝါရောင် သန်းနေရမည် မဟုတ်ပါလား။ သို့သော် ယခု ဆွန်ဖုန်း မြင်တွေ့နေရသည်မှာ ရွှံ့နွံများနှင့် သဲပြင်များသာ ဖြစ်ပြီး အခြား ဘာမျှ မရှိချေ။
"သတင်းပို့ပါတယ် ပိုင်ရှင်... ရွှေသတ္တုကြောက ပိုင်ရှင်ရဲ့ ခြေအောက်တည့်တည့် မြေအောက် အနက် မီတာ တစ်ထောင်မှာ တည်ရှိနေတာပါ..."
"ဖူး..."
ဆွန်ဖုန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ သွေးအန်မတတ် ဖြစ်သွားရသည်။ သူ့အား လှောင်ပြောင်နေခြင်းလားဟုပင် တွေးမိသည်။ ဤမျှ နက်ရှိုင်းသော နေရာတွင် ရှိနေသည်ကို သူက မည်သို့ သွားရောက် တူးဖော်ရမည်နည်း။
"မြေအောက် အနက် မီတာ တစ်ထောင်မှာ မြှုပ်နေတာကို ငါက ဘယ်လို သွားတူးရမှာလဲ..."
ဆွန်ဖုန်းသည် စိတ်ပျက်ရူးသွပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"ဒီလို ရိုးရှင်းတဲ့ နည်းပညာမျိုးက လက်ရှိ လူသားတွေအတွက်တော့ အခက်အခဲ ရှိနိုင်ပေမယ့် ကြီးကျယ်ခမ်းနားလှတဲ့ ကျွန်တော်တို့ရဲ့ X ကြယ်စုတန်း တတိယမျိုးဆက် ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်အတွက်တော့ မိနစ်ပိုင်းလောက်ပဲ အချိန်ယူရမယ့် ကိစ္စပါ... ပိုင်ရှင်အနေနဲ့ စက်ရုပ် ရာဂဏန်းလောက်နဲ့ လိုအပ်တဲ့ တူးဖော်ရေး ကိရိယာတွေကို စေလွှတ်လိုက်မယ်ဆိုရင် လဝက်တောင် အချိန်မယူရဘဲ အဲဒီ သတ္တုကြောကြီးကို အကုန် တူးဖော်ပြီးသား ဖြစ်သွားမှာပါ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း၏ မျက်နှာထက်တွင် ဝမ်းသာမှုများ ဖြစ်ပေါ်လာသည်။ ဟုတ်ပေသည်။ ဤကဲ့သို့သော တူးဖော်ရေး လုပ်ငန်းများကို သူကိုယ်တိုင် လုပ်စရာ အကြောင်းမရှိချေ။ သူ၏ လက်အောက်တွင် စက်ရုပ်များ ရှိနေသည် မဟုတ်ပါလား။
ယခု လက်ရှိနေရာမှာ ကမ်းစပ်မှ ကီလိုမီတာ နှစ်ရာခန့် ကွာဝေးနေပြီ ဖြစ်ပြီး ရေအနက်မှာလည်း မီတာ နှစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည်။ သို့သော် အစွမ်းထက်မြက်လှသော ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးကို ပိုင်ဆိုင်ထားသော ဆွန်ဖုန်းအတွက်မူ ဤအရာများသည် အလွန် သေးမွှားသော ကိစ္စရပ်များသာ ဖြစ်ပေသည်။
"ဒါဆို ဘာစောင့်နေဦးမှာလဲ... အခုချက်ချင်း စက်ရုပ်တွေကို စေလွှတ်ပြီး တူးဖော်ရေး ကိရိယာတွေနဲ့ စတင် အလုပ်လုပ်ခိုင်းလိုက်တော့..."
ဆွန်ဖုန်းသည် သူ၏ ရင်ထဲတွင် ပြည့်လျှံနေသော တရုတ်ယွမ်ငွေများကို တွေးကာ ပျော်ရွှင်နေမိသည်။ သူသည် ယွမ်ငွေ သန်းနှစ်ရာကျော် ပိုင်ဆိုင်လာပါက မည်သို့ သုံးစွဲရမည်နည်းဟုပင် စတင် စိတ်ကူးယဉ်နေပြီ ဖြစ်သည်။
"ပိုင်ရှင်... လက်ရှိမှာ စက်ရုပ်တွေနဲ့ ကိရိယာတွေအားလုံးအတွက် စွမ်းအင် မရှိတော့ပါဘူး... ကျေးဇူးပြုပြီး စွမ်းအင် အရင် ဖြည့်တင်းပေးပါ..."
အသံလက်ထောက်၏ စကားသည် ဆွန်ဖုန်း၏ ခေါင်းပေါ်သို့ ရေအေး တစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"အိုက်ယား... ဒီကိစ္စကို ငါ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ..."
ဆွန်ဖုန်းသည် လွန်စွာ စိတ်ပျက်မွန်းကျပ်သွားရသည်။ ယခုအချိန်တွင် သူ၏ စိတ်အခြေအနေမှာ အလွန်တရာ ဆိုးရွားနေပေသည်။ မိမိ၏ မျက်စိရှေ့တွင် ရွှေသတ္တုကြောကြီး တစ်ခု ရှိနေပါလျက်နှင့် မတူးဖော်နိုင်ခြင်းမှာ အလွန်တရာ ခံပြင်းဖွယ်ကောင်းလှသည်။
ထို့အပြင် စက်ရုပ်များနှင့် ကိရိယာများကို စွမ်းအင် သွားရောက် ဖြည့်တင်းခိုင်းနေသေးသည်။ သူက မည်သည့်အရာနှင့် သွားဖြည့်ရမည်နည်း။ သူ၏ လက်ထဲတွင် ငွေကြေး မရှိချေ။ လျှပ်စစ်မီး ခိုးသုံးမည်ဆိုပါကလည်း အပြစ်ပေးခံရမည်ကို ကြောက်ရွံ့မိသည်။
ဆွန်ဖုန်းသည် ဟိုတွေးဒီတွေး တွေးတောနေပြီးနောက် မျက်လုံးများကို မှေးကျဉ်းကာ အသံလက်ထောက်အား မေးလိုက်သည်။
"ဒါဆို ငါ့ဘာသာငါ သွားတူးလို့ မရနိုင်ဘူးလား... ဒီရေငုပ်စစ်ဝတ်စုံကလည်း တော်တော်လေး အစွမ်းထက်ပုံရတယ်လေ... အဲဒါနဲ့ ဒီမြေအောက် အနက် မီတာ တစ်ထောင်ကို ဖောက်ထွင်းပြီး သွားတူးလို့ မရဘူးလား..."
"မရပါဘူး... ရေငုပ်စစ်ဝတ်စုံက သာမန်ထက် ထူးခြားတဲ့ တိုက်ခိုက်ရေး စွမ်းရည် ရေငုပ်နိုင်စွမ်းနဲ့ ရှာဖွေထောက်လှမ်းရေး စွမ်းရည်တွေကိုပဲ ပိုင်ဆိုင်ထားတာပါ... တခြား ဘာစွမ်းရည်မှ မရှိပါဘူး..."
"ငါလခွေး..."
ဆွန်ဖုန်းသည် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့စောင်းသွားမတတ် ဖြစ်သွားရလေသည်။
မျက်စိရှေ့မှ တန်ဖိုးမဖြတ်နိုင်သော ရွှေတောင်ကြီးကို ငေးကြည့်ရင်း လက်ချည်းသက်သက် ပြန်လှည့်ရမည့် အခြေအနေက ဆွန်ဖုန်းအတွက် အကြီးမားဆုံးသော ရိုက်ချက်ကြီးတစ်ခု ဖြစ်နေလေတော့သည်။