အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) သန္တာကျောက်နီ
မြင်တွေ့နေရပါလျက်နှင့် စားသုံးခွင့်မရခြင်းဆိုသော စကားသည် ယခုအချိန်တွင် ဆွန်ဖုန်း၏ ရင်တွင်းခံစားချက်များကို အတိအကျ ဖော်ညွှန်းနေပေသည်။
ရွှေသတ္တုကြောကြီးကို တွေ့နေပါလျက်နှင့် မတူးဖော်နိုင်ခြင်း... တရုတ်ယွမ်ငွေ သန်းနှစ်ရာကျော်ကို မျက်စိရှေ့တွင် မြင်နေရပါလျက်နှင့် သုံးစွဲခွင့်မရခြင်းသည် မည်မျှတိုင်အောင် ရင်နာစရာ ကောင်းလိုက်သနည်း။ ယခုအခါတွင် ဆွန်ဖုန်းတစ်ယောက် လွန်စွာ ရင်နာမွန်းကျပ်နေရလေပြီ။
"အသံလက်ထောက်... ဒီလို သေးငယ်တဲ့ သတ္တုကြောလေးတစ်ခုကို တူးဖော်ဖို့အတွက် စက်ရုပ်တွေနဲ့ တူးဖော်ရေး ကိရိယာတွေ ဘယ်လောက်တောင် အသုံးပြုဖို့ လိုအပ်မလဲ..."
ဆွန်ဖုန်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် အသံလက်ထောက်အား သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။ သူသည် လက်ရှိအခြေအနေတွင် ရွှေသတ္တုကြောကို တူးဖော်ရန် မဖြစ်နိုင်တော့ကြောင်း ကောင်းစွာ သိရှိထားသော်လည်း မည်မျှ ရင်းနှီးမြှုပ်နှံရမည်ကိုတော့ ကြိုတင် လေ့လာထားလိုပေသည်။
"စက်ရုပ် ငါးဆယ် လိုအပ်ပါတယ်... ပြီးတော့ C အဆင့်ရှိ မြေတူးစက် တစ်လုံး... C အဆင့်ရှိ အသိဉာဏ်တု တွင်းထွက်တူးဖော်ရေးစက် တစ်လုံးနဲ့ C အဆင့်ရှိ သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီး လိုအပ်ပါတယ်..."
အသံလက်ထောက်က ဖြေကြားလိုက်သည်။
ဆွန်ဖုန်းသည် ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူသည် ထိုစက်ကိရိယာများကို တစ်ခါမျှ မမြင်ဖူးသော်လည်း ဤ C အဆင့်ရှိ စက်ယန္တရားများသည် ရေအောက် မီတာ နှစ်ထောင် အနက်ရှိ ဖိအားများကို အံတုကာ တူးဖော်ရေး လုပ်ငန်းများကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားပေသည်။ မည်သို့ပင်ဖြစ်စေ ဤစက်ကိရိယာများသည် ကမ္ဘာမြေ၏ နည်းပညာထက် နှစ်ပေါင်း ရာနှင့်ချီ၍ သာလွန်နေသော အဆင့်မြင့် နည်းပညာများ ဖြစ်နေသည် မဟုတ်ပါလား။
သို့သော် သူ၏ ရင်ထဲတွင် တဖြည်းဖြည်း လေးလံလာရပြန်သည်။ ဤသေးငယ်သော ရတနာသိုက်လေးကို တူးဖော်ရန်ပင်လျှင် စက်ရုပ် ငါးဆယ်နှင့် တူးဖော်ရေး စက်ကိရိယာ သုံးခုကို အသုံးပြုရမည် ဆိုတော့ ၎င်းတို့အတွက် လျှပ်စစ်စွမ်းအင်များကို သူက မည်သည့်နေရာမှ သွားရောက် ရှာဖွေရမည်နည်း။
"အဲဒီ တူးဖော်ရေး ကိရိယာ သုံးခု အလုပ်လုပ်နိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင် ဘယ်လောက် လိုအပ်တာလဲ..."
ဆွန်ဖုန်းသည် ခေါင်းကို ခါယမ်းလိုက်ရင်း မေးလိုက်သည်။ အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသော်လည်း ဖြေရှင်းရန် နည်းလမ်းတော့ ရှိရမည်သာ ဖြစ်ပေသည်။
"စက်ကိရိယာ တစ်ခုအတွက် လျှပ်စစ်စွမ်းအင် ယူနစ် တစ်သောင်း လိုအပ်ပါတယ်... သုံးခုဆိုတော့ ယူနစ် သုံးသောင်းပေါ့... စက်ရုပ် ငါးဆယ်အတွက်ပါ ပေါင်းလိုက်မယ်ဆိုရင် ပိုင်ရှင်ရဲ့ တူးဖော်ရေး လုပ်ငန်းတွေ စတင်ဖို့အတွက် စုစုပေါင်း လျှပ်စစ်စွမ်းအင် ယူနစ် ရှစ်သောင်း တိတိ လိုအပ်မှာ ဖြစ်ပါတယ်... ဒါက ရွှေရိုင်းတုံးတွေကို သန့်စင်ပြီး ရွှေစင်အဖြစ် ပြောင်းလဲပေးမယ့် စက်ရုံရဲ့ စွမ်းအင် သုံးစွဲမှုကို ထည့်မတွက်ရသေးပါဘူး..."
"လျှပ်စစ်စွမ်းအင် ယူနစ် ရှစ်သောင်းတောင်လား..."
ဆွန်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လျှပ်စစ်စွမ်းအင် ယူနစ် ရှစ်သောင်းဆိုသည်မှာ များပြားလှသော်လည်း ငွေကြေးသာ ရှိမည်ဆိုပါက ရယူရန် မခက်ခဲလှပေ။ သို့သော် ပြဿနာမှာ သူ၏ တစ်ကိုယ်လုံးရှိ ပိုင်ဆိုင်မှုမှာ ငွေငါးရာသာ ရှိနေခြင်းပင် ဖြစ်သည်။ တကယ့်ကို အရှက်ရဖွယ် ကောင်းလှပေသည်။
"ငွေတွေကို ငါ ဘယ်သွားရှာရမလဲ..."
ဆွန်ဖုန်းသည် ဤအရေးကြီးသော ပြဿနာကို စတင် တွေးတောနေမိသည်။ လျှပ်စစ်မီး ခိုးသုံးမည်လားဟု တွေးမိသည်။ ငွေကြေးမရှိပါက ဤနည်းလမ်းကိုသာ အသုံးပြုရတော့မည် ဖြစ်သည်။ သို့သော် ဤနည်းလမ်းသည် အလွန်တရာ ကြီးမားသော အန္တရာယ် ရှိပေသည်။ အကယ်၍ ဖမ်းဆီးခံရပါက သို့မဟုတ် တစ်စုံတစ်ယောက်က သက်သေအထောက်အထား တွေ့ရှိသွားပါက အရှုံးကြီး ရှုံးတော့မည် ဖြစ်ပေသည်။
"မဖြစ်ဘူး... ဒီလို လုပ်လို့ မဖြစ်ဘူး..."
ဆွန်ဖုန်းသည် ခေါင်းကို အခါခါ ယမ်းလိုက်သည်။ သူသည် ယခုအခါတွင် ရွှေလက်ချောင်း စနစ်ကြီးကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သတိထားပြီး တိတ်ဆိတ်စွာ လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ရိပ်မိသွားပါက အရာအားလုံး ပြီးဆုံးသွားမည် ဖြစ်ပေသည်။
"ထားလိုက်တော့... အခု အိမ်ပဲ အရင် ပြန်ကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် အခု ချက်ချင်း တူးလို့ရတာမှ မဟုတ်တာ... ပြီးတော့ စွမ်းအင်ကလည်း သိပ်မကျန်တော့ဘူး..."
ဆွန်ဖုန်းသည် မူလနေရာတွင် ခေတ္တမျှ ရပ်တန့်နေပြီးနောက် အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ယခု သူ ရေအောက်သို့ ရောက်ရှိနေသည်မှာ တစ်နာရီကျော်ခန့် ရှိနေပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ ရေငုပ်စစ်ဝတ်စုံတွင် နောက်ထပ် နှစ်နာရီခန့်သာ အသုံးပြုရန် စွမ်းအင် ကျန်ရှိတော့သည်။ အကယ်၍ စွမ်းအင်များ ကုန်ဆုံးသွားပါက သူသည် ရေအောက်ကြမ်းပြင်တွင် အသက်စွန့်ရတော့မည် ဖြစ်ပေသည်။
တိတ်ဆိတ်ငြိမ်သက်နေသော ရေအောက်ကမ္ဘာ၏ မြင်ကွင်းကျယ်ကြီးထဲတွင် အလင်းရောင် မှိန်မှိန်လေးများက ဟိုတစ်ကွက် ဒီတစ်ကွက် တောက်ပနေသည်။ ထိုအချိန်မှာပင် ဆွန်ဖုန်း၏ နားထဲသို့ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒင်... သတင်းပို့ပါတယ် ပိုင်ရှင်... ရှေ့တည့်တည့် ကီလိုမီတာ ငါးဆယ် အကွာမှာ သန္တာကျောက်နီ တစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်..."
"ငါ မင်းကို ပြောထားတယ်လေ... အရေးကြီးတဲ့ အရာတွေ မဟုတ်ရင် မပြဖို့နဲ့ သတင်းမပို့ဖို့... ရွှေသတ္တုကြောတို့ ငွေသတ္တုကြောတို့လည်း မဟုတ်ဘဲနဲ့ ဘာကိစ္စ သောက်သုံးမကျတဲ့ သန္တာကျောက်နီကို လာပြနေရတာလဲ..."
ဆွန်ဖုန်းသည် အသံလက်ထောက်အား စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်တကြား အော်လိုက်မိသည်။
"ဟင်... နေဦး... ဘာပြောတယ်... သန္တာကျောက်နီ ဟုတ်လား..."
ထိုစကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း၏ ညှိုးနွမ်းနေသော မျက်နှာသည် ချက်ချင်းပင် နတ်ပြည်သို့ ရောက်သွားသည့်အလား ဝမ်းသာရွှင်မြူးသွားလေတော့သည်။
"ဘာစောင့်နေသေးလဲ... အခုချက်ချင်း ပစ်မှတ်ရှိရာကို သွားစမ်း... မြန်မြန်... မြန်မြန်..."
ရေအောက်ကြမ်းပြင်၏ မြင်ကွင်းသည် ရုတ်တရက် အသက်ဝင်လှုပ်ရှားသွားသည်။
“ဝုန်း…”
ရေငုပ်စစ်ဝတ်စုံသည် ရေလှိုင်းများကို ခွဲထွက်ကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားလေသည်။ ဆယ်မိနစ်ကျော်ခန့် အကြာတွင် သူတို့သည် ပစ်မှတ်နေရာသို့ ရောက်ရှိသွားကြသည်။
ပစ်မှတ်နေရာ၏ ရေအနက်မှာ မီတာ တစ်ထောင့်ငါးရာခန့် ရှိပြီး ယခင်နေရာထက် အနည်းငယ် တိမ်ပေသည်။ ထို့အပြင် ပတ်ဝန်းကျင် တစ်ဝိုက်တွင် တောင်ကုန်းငယ်များ၊ ကျောက်ဆောင်များ၊ အမျိုးမျိုးသော ရေအောက် အပင်များနှင့် ငါးအုပ်များကိုလည်း ယခင်ကထက် ပိုမို များပြားစွာ တွေ့မြင်နေရသည်။
ဆွန်ဖုန်းသည် သန္တာကျောက်နီ အစစ်ကို တစ်ခါမျှ မမြင်ဖူးခဲ့သလို မည်သို့ ခွဲခြားရမည်ကိုလည်း မသိရှိပေ။ သို့သော် သန္တာကျောက်နီများသည် အလွန်တရာ တန်ဖိုးကြီးမားကြောင်းကိုတော့ သူ ကြားဖူးထားပေသည်။
"သန္တာကျောက်နီက ဘယ်မှာလဲ... ငါ့ကို ပြစမ်းပါ..."
ဆွန်ဖုန်းသည် အသံလက်ထောက်အား စိုးရိမ်တကြီးဖြင့် အမိန့်ပေးလိုက်သည်။
"ရှေ့တည့်တည့် မီတာ ဆယ်အကွာရဲ့ အောက်ဘက်မှာပါ..."
"လမ်းပြစမ်း..."
များမကြာမီမှာပင် ဆွန်ဖုန်းသည် ထိုသန္တာကျောက်နီ၏ အရှေ့သို့ ရောက်ရှိသွားလေတော့သည်။ ဤသန္တာကျောက်နီပင်သည် ကြီးမားသော ကျောက်ဆောင်ကြီး တစ်ခု၏ အပေါ်တွင် ပေါက်ရောက်နေခြင်း ဖြစ်ပြီး နက်ရှိုင်းသော အနီရောင် ပန်းပွင့်များ ဖူးပွင့်နေကာ အလွန်တရာ လှပကျော့ရှင်းလှပေသည်။ ဤသည်မှာ သန္တာကျောက်နီ သစ်ပင် တစ်ပင် ဖြစ်ပြီး အမြင့် နှစ်ပေခန့် ရှိကာ တော်တော်လေး ကြီးမားသည်ဟု ဆိုရမည် ဖြစ်သည်။
ဆွန်ဖုန်းသည် သန္တာကျောက်နီ အစစ်ကို မဆိုထားနှင့် သာမန် သန္တာကျောက်များကိုပင် တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း သန္တာကျောက်များနှင့် ပတ်သက်သော သတင်းအချက်အလက် အချို့ကိုတော့ သိရှိထားပေသည်။ သန္တာကျောက်များသည် အလွန်တရာ ရှားပါးပြီး တန်ဖိုးကြီးမားလှသည်။
အထူးသဖြင့် သန္တာကျောက်နီများသည် အဖိုးတန်ဆုံး ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုကို အလွန် တင်းကျပ်စွာ ထိန်းချုပ်ထားပေသည်။ အကယ်၍ တရားမဝင် နည်းလမ်းများဖြင့် ရောင်းဝယ်မည်ဆိုပါက ထောင်ထဲတွင် တစ်သက်လုံး နေရနိုင်ချေ ရှိပေသည်။
သန္တာကျောက်နီများတွင် အနီရင့်ရောင်နှင့် သွေးနီရောင်တို့မှာ အဖိုးတန်ဆုံး ဖြစ်ပြီး ၎င်းတို့နောက်တွင် အနီရောင်၊ ပန်းရောင်၊ ပန်းနုရောင်နှင့် ပန်းဖြူရောင်တို့ အစဉ်လိုက် ရှိကြသည်။ ယခု ဆွန်ဖုန်း၏ မျက်စိရှေ့တွင် ရှိနေသော သန္တာကျောက်နီပင်ကြီးမှာ အရွယ်အစား ကြီးမားရုံသာမကဘဲ အနီရင့်ရောင် ရှိနေသဖြင့် အလွန်တရာ လှပတောက်ပနေပေသည်။
"ဟားဟား... ငါတော့ တကယ့်ကို ကံထူးသွားပြီ... ဒီလောက် ကြီးမားတဲ့ သန္တာကျောက်နီပင်ကြီးကို ရောင်းလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ယွမ် သန်းဂဏန်းလောက်တော့ သေချာပေါက် ရနိုင်တယ်..."
ဆွန်ဖုန်းသည် ရင်ထဲတွင် လွန်စွာ ဝမ်းသာပျော်ရွှင်နေမိသည်။ အခြား ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ၎င်းကို အရင် သိမ်းဆည်းရန်သာ ဆုံးဖြတ်လိုက်သည်။
ဆွန်ဖုန်းသည် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ ရေငုပ်စစ်ဝတ်စုံသည် ရှေ့သို့ တိုးသွားကာ ထိုသန္တာကျောက်နီပင်ကြီးကို အလွန် ဂရုတစိုက်ဖြင့် ဆွဲနှုတ်လိုက်ပြီး သူ၏ သိုလှောင်ရုံ နေရာလွတ်ထဲသို့ ထည့်သွင်း သိမ်းဆည်းလိုက်လေသည်။
ထိုသန္တာကျောက်နီပင်ကို သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းသည် ပတ်ဝန်းကျင် တစ်ဝိုက်တွင် ထပ်မံ ရှာဖွေကြည့်သေးသော်လည်း အခြား သန္တာကျောက်များကို မတွေ့ရတော့သလို သတ္တုကြောများနှင့် တန်ဖိုးကြီး ရေထွက်ဆေးဝါးများကိုလည်း မတွေ့ရှိရတော့ချေ။ ထို့ကြောင့် သူသည် အိမ်သို့ ပြန်ရန်သာ ပြင်ဆင်လိုက်လေသည်။
စောစောက တွေ့ရှိခဲ့သော သေးငယ်သည့် ရွှေသတ္တုကြောနှင့် ပတ်သက်၍မူ ယခုအချိန်တွင် မတူးဖော်နိုင်သေးသဖြင့် နောင်တစ်ချိန် ထိုစက်ရုပ်များကို စွမ်းအင် အပြည့် ဖြည့်တင်းပြီးမှသာ လာရောက် တူးဖော်ရန် ဆုံးဖြတ်လိုက်သည်။ ယခု မမျှော်လင့်ဘဲ ရရှိလိုက်သော သန္တာကျောက်နီပင် တစ်ပင်ကြောင့်ပင် သူသည် အလွန်တရာ အမြတ်ထွက်နေပြီ ဖြစ်ပေသည်။
ဆွန်ဖုန်းသည် ရေအောက်ကြမ်းပြင်မှတစ်ဆင့် ပေါ့ပါးရွှင်လန်းစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်နေမိသည်။ ယနေ့ သူသည် ရွှေလက်ချောင်း စနစ်ကို မမျှော်လင့်ဘဲ ရရှိခဲ့ပြီး ကီလိုမီတာ နှစ်ရာ သုံးရာခန့် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုရုံဖြင့် ရွှေသတ္တုကြော တစ်ခုနှင့် သန္တာကျောက်နီ တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ပင်လယ် သမုဒ္ဒရာကြီး၏ အောက်ခြေတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာများ အမှန်တကယ်ပင် ပြည့်နှက်နေကြောင်း သေချာသွားလေပြီ။
တွေးကြည့်မည်ဆိုလျှင်လည်း မှန်ကန်ပေသည်။ ကမ္ဘာမြေပေါ်ရှိ ကုန်းမြေဧရိယာမှာ မည်မျှ ရှိသနည်း။ ပင်လယ် သမုဒ္ဒရာများကသာ ကမ္ဘာမြေ၏ အများစုကို ဖုံးလွှမ်းထားခြင်း ဖြစ်သည်။ ထို့အပြင် ကုန်းမြေပေါ်ရှိ သယံဇာတ အများစုမှာလည်း တူးဖော်ပြီးသလောက် ရှိနေပြီ ဖြစ်ပြီး ပင်လယ် သမုဒ္ဒရာများထဲရှိ ရတနာများကိုသာ စတင် တူးဖော်နိုင်ခြင်း မရှိသေးပေ။
လူသားများ တူးဖော်နိုင်သည် ဆိုလျှင်ပင် ကမ်းစပ်နှင့် နီးသော နေရာများကိုသာ တူးဖော်နိုင်ကြပြီး ဝေးကွာ နက်ရှိုင်းသော သမုဒ္ဒရာ ကြမ်းပြင်များကို မည်သူကမျှ မတူးဖော်နိုင်ကြသေးချေ။ သို့သော် အလွန်တရာ အစွမ်းထက်မြက်လှသော X ကြယ်စုတန်း တတိယမျိုးဆက် ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးကို ပိုင်ဆိုင်ထားသော ဆွန်ဖုန်းအတွက်မူ ဤအရာများကို အလွယ်တကူ လုပ်ဆောင်နိုင်မည် ဖြစ်ပေသည်။
သို့သော် ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သောအရာမှာ လျှပ်စစ်စွမ်းအင်ပင် ဖြစ်သည်။ ထိုအကြောင်းကို တွေးမိတိုင်း ဆွန်ဖုန်း၏ ရင်ထဲတွင် လွန်စွာ မွန်းကျပ်သွားရသည်။ ဤရွှေလက်ချောင်း စနစ်ကြီးမှာ တကယ့်ကို ဒုက္ခပေးသော အရာကြီး ဖြစ်နေပေသည်။
"နေပါဦး... ဒီသန္တာကျောက်နီပင်ကြီးကို ရလာပြီဆိုတော့ ဘယ်လိုလုပ်ပြီး ပြန်ရောင်းရမလဲ..."
ဆွန်ဖုန်းသည် ရုတ်တရက် သတိရသွားကာ စဉ်းစားနေမိသည်။ သန္တာကျောက်နီ ဆိုသည်မှာ ဟွာရှား နိုင်ငံ၏ ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော အရာများထဲတွင် ပါဝင်ပေသည်။ အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း အလွန်တရာ တင်းကျပ်သော စည်းမျဉ်းများ ရှိသည်။ အကယ်၍ သူသာ ဤဇာစ်မြစ် မသေချာသော သန္တာကျောက်နီပင်ကြီးကို သွားရောက် ရောင်းချမည် ဆိုပါက ရာခိုင်နှုန်း ကိုးဆယ်ကျော်ခန့် ထောင်ထဲ ရောက်သွားမည်မှာ သေချာလှပေသည်။
"နည်းလမ်း တစ်ခုခုတော့ စဉ်းစားမှ ရမယ်..."
ဆွန်ဖုန်းသည် အတန်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် အကြံတစ်ခု ရလာလေသည်။ ဤသန္တာကျောက်နီများကို တန်ဖိုးကြီး လက်ဝတ်ရတနာများ အဖြစ် ပြုပြင်ဖန်တီးပြီးမှ ရောင်းချမည် ဆိုပါက အဆင်ပြေနိုင်မည် မဟုတ်ပါလား။
"အသံလက်ထောက်... ဒီသန္တာကျောက်နီပင်ကြီးကို တန်ဖိုးကြီး လက်ဝတ်ရတနာတွေ အဖြစ် မင်း ဖန်တီးပေးနိုင်မလား..."
ဆွန်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယခု သူ၏ စက်ရုံများသည် လျှပ်စစ်စွမ်းအင် မရှိသဖြင့် အလုပ်မလုပ်နိုင်ကြောင်း သူ သိထားသော်လည်း ဤအရာကို ဖန်တီးနိုင်မည်လားဟု မျှော်လင့်ချက်ဖြင့် မေးကြည့်ခြင်း ဖြစ်သည်။
"ဖန်တီးနိုင်ပါတယ်... သန္တာကျောက်နီပင် တစ်ပင်ကို လက်ဝတ်ရတနာ အဖြစ် ပြုပြင်ဖို့အတွက် စွမ်းအင် အများကြီး မလိုအပ်ပါဘူး... ဒါကြောင့် စက်ရုံတွေကို အသုံးပြုစရာ မလိုဘဲ ရေငုပ်စစ်ဝတ်စုံကို တိုက်ရိုက် အသုံးပြုပြီး ပိုင်ရှင်အတွက် ဖန်တီးပေးလို့ ရပါတယ်..."
အသံလက်ထောက်က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
"အိုးရဲ့... အရမ်းကောင်းတာပဲကွာ..."
ဆွန်ဖုန်းသည် ထိုစကားကို ကြားပြီးနောက် ပါးစပ်ပင် မစေ့နိုင်တော့အောင် ရယ်မောနေမိလေတော့သည်။ ဤရေငုပ်စစ်ဝတ်စုံကြီးသည် ထိုကဲ့သို့သော သိမ်မွေ့လှသည့် လက်မှုပညာရပ်များကိုပါ အဆင့်မြင့်ပညာရှင် တစ်ယောက်ကဲ့သို့ ဖန်တီးပေးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
သန်းကြွယ်သူဌေးဖြစ်ဖို့ အိပ်မက်တွေက ရွှေသတ္တုကြောနဲ့တင် ရပ်တန့်မသွားဘဲ သန္တာကျောက်နီတွေဆီပါ ကူးစက်လာခဲ့ပြီ..။