← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈) ရွှေများ စတင်တူးဖော်ခြင်း

စက်ရုပ် ငါးဆယ်နှင့် တူးဖော်ရေး ကိရိယာ သုံးခုအပြင် စက်ရုံနှင့် ရေငုပ်စစ်ဝတ်စုံတို့ အားအပြည့် ပြည့်သွားသည်ကို မြင်လိုက်ရသောအခါ ဆွန်ဖုန်း၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာသွားလေသည်။

"ယွမ် သန်းနှစ်ရာ့ငါးဆယ်... ငါ လာပြီဟေ့... ဟားဟားဟား..."

ဆွန်ဖုန်းသည် လက်ပတ်နာရီကို ပြန်ယူကာ လက်တွင် ဝတ်ဆင်လိုက်ပြီး သူ ရှာဖွေတွေ့ရှိထားသော ရွှေသတ္တုကြောကို တူးဖော်ရန် ပင်လယ်ထဲသို့ သွားရောက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် မထွက်ခွာမီတွင် ဆွန်ဖုန်းသည် မိမိအတွက် သွားလာရေး အဆင်ပြေစေရန် ကားတစ်စီး အရင် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ တူးဖော်ရေး လုပ်ငန်းများမှာ တစ်ရက်တည်းနှင့် ပြီးပြည့်စုံနိုင်မည် မဟုတ်ဘဲ သီတင်းပတ် အနည်းငယ်ခန့် ကြာမြင့်မည် ဖြစ်ရာ ပင်လယ်ကမ်းစပ်နှင့် မြို့ထဲသို့ အသွားအပြန် လုပ်ရမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ကမ်းစပ်နှင့် မြို့ထဲမှာ ကီလိုမီတာ နှစ်ဆယ်ကျော်ခန့် ကွာဝေးသဖြင့် သွားလာရသည်မှာ အတော်လေး အခက်အခဲ ရှိပေသည်။

မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ဆွန်ဖုန်း၌ ငွေကြေးများ ရှိနေပြီ ဖြစ်ရာ ကားတစ်စီး ဝယ်ယူရန် ဆိုသည်မှာ အလွန်တရာ သေးမွှားသော ကိစ္စလေး တစ်ခုသာ ဖြစ်ပေသည်။

စက်ရုံ ဝယ်ယူရန်အတွက် ယွမ် နှစ်သန်းခန့် သုံးစွဲခဲ့ပြီး စက်ရုံ လည်ပတ်ရန်အတွက် ရန်ပုံငွေ ယွမ် ငါးသိန်းနှင့် မိဘများထံသို့ ယွမ် တစ်သိန်း လွှဲပေးခဲ့သည်။ ယခုအခါ ဆွန်ဖုန်း၏ လက်ထဲတွင် ယွမ် ၃.၄ သန်းခန့် ကျန်ရှိနေသေးပေသည်။

ကားဝယ်မည် ဆိုမှတော့ အကောင်းစားကိုသာ ဝယ်ယူရမည် ဖြစ်ပေသည်။ ဆွန်ဖုန်းသည် နာမည်ကြီး ကားအရောင်းပြခန်းသို့ တိုက်ရိုက် သွားရောက်ကာ BMW i8 တစ်စီးကို ဝယ်ယူလိုက်လေသည်။

BMW i8 ၏ တန်ဖိုးမှာ ယွမ် နှစ်သန်းခန့် ရှိပြီး ငွေကြေး အင်အားကြောင့် တစ်ရက်တည်းနှင့်ပင် ကိစ္စအားလုံး ပြီးပြတ်သွားခဲ့သည်။ ကားနံပါတ်ပြား တပ်ဆင်ခြင်းနှင့် အာမခံ ဝယ်ယူခြင်းများ အပါအဝင် စုစုပေါင်း ယွမ် ၂.၁ သန်းခန့် ကုန်ကျခဲ့သည်။ ကားဝယ်ပြီးနောက် သူ၏ လက်ထဲတွင် ယွမ် တစ်သန်းကျော် ကျန်ရှိနေသေးရာ လုံလောက်ပြီဟု ဆိုရမည် ဖြစ်ပေသည်။

ကောင်းကင်ပြာရောင် BMW i8 ပြိုင်ကားကို မောင်းနှင်ရင်း အင်ဂျင်၏ အားကောင်းလှသော စွမ်းဆောင်ရည်ကြောင့် ဆွန်ဖုန်းသည် လွန်စွာ ကျေနပ်အားရသော ခံစားချက်ကို ရရှိနေမိသည်။

ခမ်းနားလှသော ပြိုင်ကားကြီးကို မောင်းနှင်လာပြီးနောက် မကြာမီမှာပင် ဆွန်ဖုန်းသည် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာခဲ့သည်။ ဤကမ်းစပ်တွင် အပန်းဖြေစခန်း တစ်ခု ရှိပြီး နာမည်ကြီး ခရီးသွားနေရာ တစ်ခုလည်း ဖြစ်ပေသည်။

ဤအပန်းဖြေစခန်းသို့ ရုံးပိတ်ရက်များနှင့် စနေ တနင်္ဂနွေနေ့များတွင် မြို့ထဲမှ လူအများအပြား လာရောက် လည်ပတ်လေ့ ရှိကြသည်။ ရေကူးခြင်းနှင့် အတူတကွ စားသောက်ခြင်းများ ပြုလုပ်နိုင်သဖြင့် ဤအပန်းဖြေစခန်းမှာ အလွန် ရွေးချယ်စရာ ကောင်းသော နေရာတစ်ခု ဖြစ်ပေသည်။

အပန်းဖြေစခန်းတွင် ကားပါကင် ရှိသဖြင့် ဆွန်ဖုန်းသည် ထိုနေရာတွင် ကားရပ်ကာ သူ၏ ရွှေတူးဖော်ရေး ခရီးစဉ်ကို စတင်ရန် ဆုံးဖြတ်လိုက်သည်။

"ဝွန်း... ဘွန်း... ဘွန်း..."

အားကောင်းလှသော အင်ဂျင်သံနှင့်အတူ ခမ်းနားလှသော ပြိုင်ကားကြီး အပန်းဖြေစခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဧည့်သည်များစွာ၏ အာရုံစိုက်မှုကို ရရှိသွားလေတော့သည်။

သေချာပေါက်ပင် လူငယ်များ၏ ငေးမောကြည့်ရှုမှုကိုသာမက မိန်းမချောလေးများစွာ၏ စိတ်ဝင်စားမှုကိုပါ ရရှိသွားခဲ့ပေသည်။

ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်နေသဖြင့် လူအများအပြား လာရောက် လည်ပတ်နေကြရာ ဆွန်ဖုန်းသည် ကားပါကင်ထဲသို့ ဝင်ရောက်သွားသောအခါ ကားရပ်ရန် နေရာများ ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။

"အို... အရှေ့မှာ ကားရပ်ဖို့ နေရာလွတ် တစ်ခု ရှိသေးတယ်..."

ဆွန်ဖုန်းသည် ရုတ်တရက် မျက်လုံးများ တောက်ပသွားကာ အရှေ့ရှိ ကားရပ်ရန် နေရာလွတ်တစ်ခုကို တွေ့လိုက်ရသဖြင့် လီဗာကို နင်းချလိုက်ရာ ပြိုင်ကားကြီးမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် အခြားကားတစ်စီးကလည်း ထိုနေရာတွင် ဝင်ရပ်မည့် ပုံပေါ်နေသည်ကို သူ သတိပြုမိလိုက်သောကြောင့်တည်း။

သို့သော် ဆွန်ဖုန်းက တစ်လှမ်း ပိုမြန်သွားခဲ့ပြီး အရှိန်ဖြင့် ပြေးဝင်ကာ ထိုနေရာကို အလျင်အမြန် ဝင်ရပ်လိုက်လေသည်။

ကားကို သေချာစွာ ရပ်တန့်ပြီးနောက် ဆွန်ဖုန်းသည် ကားတံခါးကို ဖွင့်ကာ ဆင်းလိုက်သည်။ ထိုအချိန်တွင် သူ့အား ကားပါကင် နေရာလုခဲ့သော ကားတံခါး ပွင့်လာပြီး လှပသော မိန်းကလေး တစ်ဦး ဆင်းလာကာ မျက်မှောင်ကြုတ်လျက် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဟွန်း... ဒီလူစုတ်က ငါတို့ရဲ့ ကားပါကင်ကို ဝင်လုသွားတယ်..."

ဟယ်မင်ယီသည် ကားပေါ်မှ ဆင်းလာပြီး ဆွန်ဖုန်းအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူမ၏ ရှေ့တွင်ရှိသော အမျိုးသားမှာ ဈေးပေါသော တီရှပ်အင်္ကျီ တစ်ထည် ဘောင်းဘီတို တစ်ထည်နှင့် စုတ်ပြဲလုနီးပါး ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေပြီး မုတ်ဆိတ်မွေးများကိုပင် မရိတ်ထားသဖြင့် ဟယ်မင်ယီသည် ဆွန်ဖုန်းအား အဆင့်အတန်းမရှိဘဲ ဟန်လုပ်နေသော လူရမ်းကား တစ်ယောက်အဖြစ် ချက်ချင်းပင် သတ်မှတ်လိုက်လေတော့သည်။

အကယ်၍ ဆွန်ဖုန်းသာ ဤမိန်းမချောလေး၏ ရင်တွင်းမှ အတွေးများကို သိရှိသွားပါက အတန်ကြာ မွန်းကျပ်နေမည်မှာ အသေအချာပင် ဖြစ်ပေသည်။ သူ အဝတ်အစား ကောင်းကောင်း မဝတ်ဆင်ရခြင်းမှာ အဝတ်အစားသစ်များ သွားရောက် ဝယ်ယူရန် မေ့လျော့နေခြင်းကြောင့် ဖြစ်ပြီး မုတ်ဆိတ်မွေး မရိတ်ရခြင်းမှာလည်း အလုပ်များနေခြင်းကြောင့်သာ ဖြစ်ပေသည်။

"ဟေး... ဟိုလူ... ဒီနေရာမှာ ငါတို့ အရင် ဝင်ရပ်မလို့ဆိုတာ နင် မမြင်ဘူးလား... ဘာလို့ ငါတို့ ကားပါကင်ကို လာလုရတာလဲ... ပြီးတော့ ကားကိုလည်း အမြန်ကြီး မောင်းလာသေးတယ်..."

ဟယ်မင်ယီသည် သူမ၏ ရှေ့ရှိ ဤရုပ်ဆိုးဆိုး အမျိုးသားကို ကြည့်လေ ဒေါသထွက်လေ ဖြစ်နေသဖြင့် အော်ဟစ်လိုက်လေသည်။

"အို... မင်းက ငါ့ကို ခေါ်လိုက်တာလား..."

ထွက်ခွာရန် ပြင်နေသော ဆွန်ဖုန်းသည် လှည့်ကြည့်လိုက်ရာ လှပသော မျက်လုံးဝိုင်းကြီးများဖြင့် သူ့အား စိုက်ကြည့်နေသော မိန်းမချောလေး တစ်ဦးကို တွေ့လိုက်ရသဖြင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

"ဟုတ်တယ်လေ..."

သူမက ဒေါသတကြီး ပြန်ဖြေလိုက်သည်။

"အို... ဒီကားပါကင်က မင်းတို့အိမ်က ပိုင်တာမှ မဟုတ်တာ... ငါက အရင်ရောက်လို့ ဝင်ရပ်လိုက်တာလေ... အရင်ရောက်တဲ့သူ အရင်ရမှာပေါ့... ပြီးတော့ ငါ့အချိန်တွေက အရမ်း တန်ဖိုးကြီးတယ်... တစ်မိနစ်ကို ယွမ် သန်းနဲ့ချီပြီး ဝင်ငွေရှိနေတာမို့ မင်းနဲ့ အချိန်ဖြုန်းနေဖို့ အားမနေဘူး..."

ဆွန်ဖုန်းသည် အလွန်တရာ မောက်မာသော လေသံဖြင့် ဟန်လုပ်ကာ ပြောလိုက်သည်။ သူသည် မျက်စိရှေ့ရှိ မိန်းမချောလေးအား လုံးဝ ဂရုမစိုက်ဘဲ သူမ၏ သတ်ပစ်ချင်လောက်အောင် စူးရဲနေသော အကြည့်များကို လျစ်လျူရှုကာ ထွက်ခွာသွားလေတော့သည်။

ဆွန်ဖုန်း ပြောလိုက်သော စကားများမှာ အမှန်တရားများသာ ဖြစ်ပေသည်။ မကြာမီတွင် ရွှေသတ္တုကြောကို သွားရောက် တူးဖော်တော့မည် ဖြစ်ရာ တစ်မိနစ်လျှင် ယွမ် သန်းဆယ်ချီ၍ ဝင်ငွေရမည်မှာ အမှန်ပင် မဟုတ်ပါလား။

ဆွန်ဖုန်း အဝေးသို့ ထွက်ခွာသွားပြီးနောက် ဟယ်မင်ယီမှာ ဒေါသထွက်လွန်းသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ နီရဲနေလေတော့သည်။ ငယ်စဉ်မှ ကြီးပြင်းလာသည်အထိ သူမအား ဤကဲ့သို့ ရိုင်းစိုင်းစွာ ပြောဆိုရဲသူ တစ်ယောက်မျှ မရှိခဲ့ဖူးသလို သူမကို လုံးဝ ဂရုမစိုက်သူမျိုးလည်း မကြုံဖူးခဲ့ချေ။ ယခင်က သူမကို မြင်ဖူးသော အမျိုးသားတိုင်းမှာ သူမအား မျက်နှာချိုသွေးကာ ဂရုတစိုက် ဆက်ဆံခဲ့ကြသည်ချည်းသာ ဖြစ်ပေသည်။

"ဟန်လုပ်နေတဲ့ ကောင်စုတ်... ရုပ်ဆိုးဆိုးနဲ့ ရိုင်းစိုင်းလိုက်တာ... တစ်မိနစ်ကို ယွမ် သန်းနဲ့ချီ ဝင်နေတယ်တဲ့လား... ကြွားလုံးထုတ်ရတာ လျှာမကိုက်မိဘူးလား မသိဘူး... ဟွန်း..."

ဟယ်မင်ယီသည် အဝေးသို့ ထွက်သွားသော ဆွန်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"ဟဲဟဲ... ငါတို့ရဲ့ သခင်မလေး ဟယ် တစ်ယောက် ဒေါသထွက်နေရတဲ့ နေ့မျိုးလည်း ရှိတာပဲလား... တစ်ဖက်လူက လုံးဝ ဂရုမစိုက်ဘဲ ထားခဲ့တာဆိုတော့ တကယ့်ကို မြင်ရခဲတဲ့ မြင်ကွင်းလေးပဲ..."

ဟယ်မင်ယီ၏ ဘေးရှိ မာဆာရာတီ GT ပြိုင်ကားပေါ်မှ အရပ်ရှည်ရှည်နှင့် လှပသော မိန်းမချောလေး တစ်ဦး ဆင်းလာပြီး ဟယ်မင်ယီအား ကြည့်ကာ ပြုံးရယ်လျက် ဆိုလိုက်သည်။

"အစ်မဟွမ် ကလည်း... ကျွန်မကို မလှောင်ပါနဲ့တော့... ဟိုလူစုတ်ကို ကြည့်စမ်းပါ... တကယ့်ကို အကျိုးအကြောင်း မသိတဲ့သူပဲ... ငါတို့ရဲ့ ကားပါကင်ကို လုသွားရုံတင် မကဘူး... တောင်းပန်စကားတောင် မပြောဘူး... စကားပြောတာကလည်း မောက်မာလိုက်တာ..."

ဟယ်မင်ယီသည် မျက်နှာလေး နီရဲသွားကာ ဒေါသတကြီးဖြင့် ညည်းတွားလိုက်သည်။

"ကဲပါ ကဲပါ... ငါတို့ တခြား ကားပါကင် နေရာတစ်ခု ထပ်ရှာလိုက်ကြတာပေါ့... ငါတို့က စိတ်အပန်းဖြေဖို့ ထွက်လာကြတာ ဆိုတာ မမေ့နဲ့လေ... စိတ်မတိုပါနဲ့တော့..."

ဟွမ်အမည်ရှိ အမျိုးသမီးက နှစ်သိမ့်လိုက်သည်။

"ကောင်းပါပြီလေ..."

ဟယ်မင်ယီက သဘောတူလိုက်သည်။

ပင်လယ်ကမ်းစပ်ရှိ လူသူကင်းမဲ့သော နေရာတစ်ခု။ ဆွန်ဖုန်းသည် သူ၏ ရှေ့ရှိ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း စိုစွတ်သော ပင်လယ်လေပြေများကို ရှူရှိုက်ကာ ရင်ထဲတွင် အလွန်တရာ စိတ်လှုပ်ရှားနေမိသည်။

"ဟားဟား... ယွမ် သန်းနှစ်ရာ့ငါးဆယ်... ငါ လာပြီဟေ့..."

ဆွန်ဖုန်းသည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် သူ၏ လက်ကောက်ဝတ်ရှိ လက်ပတ်နာရီထဲမှ ရေငုပ်စစ်ဝတ်စုံကို ထုတ်ယူကာ စက္ကန့်ပိုင်းအတွင်း အလျင်အမြန် ဝတ်ဆင်လိုက်သည်။ ထို့နောက် အားကုန်သုံးကာ ခုန်ချလိုက်ရာ...

"ဝုန်း..."

ရေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ပင်လယ်ထဲသို့ အရှိန်ဖြင့် ထိုးဆင်းသွားလေတော့သည်။

ပင်လယ်ထဲသို့ ရောက်ရှိသွားသောအခါ ဆွန်ဖုန်းသည် ငါးလေး တစ်ကောင်ကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ ကူးခတ်သွားလာနေလေသည်။

"ပစ်မှတ်က... ငါ့ရဲ့ ချစ်စရာ ရွှေသတ္တုကြောလေးဆီ..."

ဆွန်ဖုန်းက အမိန့်ပေးလိုက်သည်။

"အမိန့်နာခံလျက်ပါ ပိုင်ရှင်..."

အသံလက်ထောက်က တုံ့ပြန်လိုက်သည်။

အသံလက်ထောက်၏ လမ်းညွှန် အကူအညီဖြင့် နာရီဝက်ပင် မကြာလိုက်ချေ။ ဆွန်ဖုန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က သူ ရှာဖွေတွေ့ရှိခဲ့သော ရေအောက် ရွှေသတ္တုကြောရှိရာ နေရာသို့ ရောက်ရှိသွားလေသည်။

ယခုအခါတွင် ဆွန်ဖုန်းသည် နူးညံ့ပျော့ပျောင်းနေသော ရွှံ့နွံများနှင့် သဲပြင်ပေါ်တွင် ရပ်နေပြီး တကယ့် တူးဖော်ရေး လုပ်ငန်းများကို စတင်ရန် အသံလက်ထောက်အား တိုက်ရိုက် အမိန့်ပေးလိုက်လေတော့သည်။

"စက်ရုပ် ငါးဆယ်နဲ့ တူးဖော်ရေး ကိရိယာ သုံးခု... အလုပ်စတင်ကြတော့..."

ဆွန်ဖုန်း၏ အမိန့်ပေးသံနှင့်အတူ သူ၏ လက်ကောက်ဝတ်ရှိ လက်ပတ်နာရီမှ လှိုင်းဂယက်များ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်း ဆွန်ဖုန်း၏ အရှေ့ဘက် နေရာလွတ်တွင် အမျိုးမျိုးသော တူးဖော်ရေး စက်ရုပ် ငါးဆယ်နှင့် လေယာဉ်ပျံ အရွယ်အစားခန့် ကြီးမားသော တူးဖော်ရေး ကိရိယာ သုံးခု ရုတ်တရက် ပေါ်ထွက်လာလေတော့သည်။

"စတင် တူးဖော်စမ်း..."

ဆွန်ဖုန်းက ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။

"ဂျိမ်း... ဂျိမ်း... ဂျိမ်း..."

အမိန့်ရရှိသည်နှင့် တစ်ပြိုင်နက် ပထမဆုံး C အဆင့်ရှိ မြေတူးစက်ကြီးသည် အလွန်တရာ အစွမ်းထက်မြက်သော စိန်ဖူးသွားကြီးကို ဖွင့်လှစ်လိုက်ပြီး ပစ်မှတ်နေရာကို အတိအကျ ချိန်ရွယ်ကာ မြေကြီးကို စတင် ထိုးဖောက် တူးဖော်လေတော့သည်။

ဤရွှေသတ္တုကြောသည် မြေအောက် အနက် မီတာ တစ်ထောင်တွင် တည်ရှိနေသဖြင့် ထိုအနက်ထိ ရောက်အောင် အရင်ဆုံး ဖောက်ထွင်း တူးဖော်ပြီးမှသာ တကယ့် ရွှေတူးဖော်ရေး လုပ်ငန်းများကို စတင်နိုင်မည် ဖြစ်ပေသည်။

ကိရိယာ သုံးခုစလုံးသည် တစ်ပြိုင်နက်တည်း အလုပ်စတင်ကြပြီး စက်ရုပ် ငါးဆယ်မှာလည်း သူတို့၏ သက်ဆိုင်ရာ တာဝန်များကို အသီးသီး ခွဲဝေ လုပ်ဆောင်နေကြလေသည်။

"ဂျိမ်း... ဂျိမ်း... ဂျိမ်း... ဗြန်း... ဗြန်း... ဗြန်း..."

အသံများ ဆူညံစွာ ထွက်ပေါ်နေသည်။

ဆွန်ဖုန်းသည် ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသည့် တူးဖော်ရေး လုပ်ငန်းစဉ်ကြီးကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ ကြက်သေသေနေမိလေတော့သည်။

"ငါလခွေး... ဒီလို တူးဖော်တာမျိုးလည်း ရှိတာပဲလား..."

ဆွန်ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"တကယ့်ကို မိုက်တာပဲ... ဒီစိန်ဖူးသွားက အရမ်း အစွမ်းထက်တာပဲ... ခဏလေးအတွင်းကို မီတာ ဆယ်ချီပြီး နက်သွားပြီ..."

သူက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည်။

"တူးနေရင်းနဲ့ တစ်ပြိုင်နက်တည်း ထွက်လာတဲ့ မြေစာတွေကိုပါ သယ်ထုတ်သွားနိုင်သေးတယ်ဆိုတော့..."

ဆွန်ဖုန်းမှာ စကားပင် ဆက်မပြောနိုင်တော့လောက်အောင် အံ့ဩမင်တက်နေမိလေတော့သည်။

All Chapters