← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) မင်း ငယ်ငယ်က ခြေထောက် ကျိုးဖူးလို့လား

ဟွမ်ကျားချန်သည် ဆွန်ဖုန်း၏ မျက်ဝန်းများမှ တောက်ပနေသော အကြည့်များကို သတိမထားမိဘဲ သူ၏ စကားကြောင့် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

"ဘာအဓိပ္ပာယ်လဲ... ငါးလည်း မရောင်းဘူး... စားချင်ရင်လည်း အလကား ဝင်စားလို့ ရတယ်ဆိုတော့ ဘာကို ဆိုလိုတာလဲ..."

ဟွမ်ကျားချန်က ရင်ထဲတွင် တွေးတောနေမိသည်။

"အစ်မဟွမ်... ဘာလို့ ဒီကို ရောက်လာတာလဲ..."

ဟယ်မင်ယီသည် ထိုနေရာသို့ ရောက်ရှိလာပြီး ဟွမ်ကျားချန်၏ လက်မောင်းကို ဆွဲကာ မေးလိုက်သည်။

"ဒီငါးတွေကို ဝယ်ချင်လို့လေ... ဒါပေမယ့် သူက မရောင်းဘူးတဲ့... ဒီလို တန်ဖိုးကြီးတဲ့ စုမေ့ငါးတွေ ကြယ်ပြောက်ငါးတွေကို ပေါင်းစားမှ အရသာ အရှိဆုံးလေ... အခုလို အကင်လုပ်စားတာက တကယ့်ကို အကောင်းစားတွေကို ဖျက်ဆီးနေတာပဲ..."

ဟွမ်ကျားချန်က ဆွန်ဖုန်း ကြားစေရန် ရည်ရွယ်ချက်ဖြင့် အသံကို အနည်းငယ် မြှင့်ကာ ပြောလိုက်သည်။

ဆွန်ဖုန်းသည် သန့်စင်ပြီးသား ငါးအချို့ကို အကင်လုပ်ရန် ပြင်ဆင်နေစဉ် ထိုမိန်းမချောလေး၏ စကားကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။

"မင်းနှမ... ဒါက ငါ့ကို အဆင့်အတန်းမရှိတဲ့ လူတောမတိုးတဲ့ကောင်လို့ ပြောချင်တာလား... ဒီလို တန်ဖိုးကြီးတဲ့ ငါးတွေကို အကင်လုပ်စားတာက နှမြောစရာ ကောင်းတယ်ဆိုတာ ငါလည်း သိတာပေါ့... ငါ အင်တာနက်မှာ ရှာဖတ်ဖူးတယ်ဟေ့... ဒါပေမယ့် ငါက ဒီလိုပဲ စားချင်တာလေ... မင်းတို့နဲ့ ဘာဆိုင်လို့လဲ..."

ဆွန်ဖုန်းသည် ရင်ထဲတွင် ကြိတ်၍ ဒေါသထွက်နေမိသည်။

"ဟေး... ဟိုလူ... ဒီငါးတွေကို ငါတို့ကို ရောင်းလို့ မရဘူးလား... ဘယ်လောက် ဈေးပေးရမလဲ ပြောပါ... ငါတို့ ပေးနိုင်တယ်..."

ဟယ်မင်ယီသည် ဆွန်ဖုန်းအား အထက်စီးမှ ကြည့်ကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

ဆွန်ဖုန်းသည် သူမကို ကြည့်လိုက်သောအခါ နေ့လယ်က ကားပါကင် နေရာလုခဲ့သော မောက်မာသည့် မိန်းမချောလေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယခုလည်း သူမက အထက်စီးမှ ဆက်ဆံနေပြန်သဖြင့် ဆွန်ဖုန်း၏ ရင်ထဲတွင် အထင်သေးသွားမိသည်။ ပိုက်ဆံရှိတိုင်း လုပ်ချင်ရာ လုပ်၍ ရမည်ဟု ထင်နေသလား။ သူကိုယ်တိုင်ပင် ထိုငါးများကို ရောင်းချင်စိတ် မရှိချေ။ သူသည်လည်း ယခုအခါ ငွေကြေးချမ်းသာသူ တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလား။

အကယ်၍ အခြား မိန်းမချောလေး တစ်ဦးသာ ဖြစ်နေပြီး သူ့အား ချိုသာစွာ တောင်းဆိုမည်ဆိုပါက သူက ရောင်းချပေးကောင်း ရောင်းချပေးမည် ဖြစ်သည်။ သို့သော် ဟယ်မင်ယီကို မြင်လိုက်ရသောအခါ ဤအမျိုးသမီး နှစ်ဦးမှာ အဖွဲ့တည်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် လုံးဝ အဖက်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

ယခင်ကဆိုလျှင် ဤကဲ့သို့သော မိန်းမချောလေးများနှင့် စကားပြောဆိုရပါက သူသည် စကားပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတတ်သည်။ သို့သော် ယခုအခါ အိတ်ကပ်ထဲတွင် ငွေများ အပြည့်အဝ ရှိနေပြီ ဖြစ်ရာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ယုံကြည်မှု အပြည့် ရှိနေပြီ ဖြစ်သည်။ သူဌေးသမီးလေးများကိုပင် ဂရုမစိုက်ချင်တော့ချေ။ ငွေကြေးသည် လူတစ်ယောက်ကို အမှန်တကယ်ပင် ပြောင်းလဲစေနိုင်ပေသည်။

"အယ်... မင်ယီ... ဟားဟား... မင်းတို့ ဒီမှာ လာကစားမယ်ဆိုတာ ငါ ခန့်မှန်းမိသားပဲ... ဒီလာတာကို ငါ့ကိုတောင် မခေါ်ဘူးနော်..."

ထိုအချိန်မှာပင် ခန့်ညားချောမောသော အမျိုးသား တစ်ဦး သူတို့၏ ရှေ့သို့ ရောက်ရှိလာသည်။ ဆွန်ဖုန်း ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် ချောမောသော လူငယ် တစ်ဦး ဖြစ်ပြီး သူဌေးသား တစ်ယောက်၏ အသွင်အပြင် ရှိသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူသည် ထိုအမျိုးသမီး နှစ်ဦးနှင့်လည်း ရင်းနှီးသူ ဖြစ်ပုံရပေသည်။

ဆွန်ဖုန်းသည် သူတို့ကို ဆက်လက် အဖက်မလုပ်တော့ဘဲ သန့်စင်ထားသော ငါးအချို့ကို မီးဖိုပေါ် တင်ကာ စတင် ကင်နေလေတော့သည်။ တစ်ချိန်တည်းမှာပင် ဘီယာအေးအေးလေး တစ်ပုလင်းကို ဖွင့်ကာ သောက်လိုက်သည်။

"လီကျိဝမ်... နင် ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ..."

ဟယ်မင်ယီသည် လီကျိဝမ် သူ့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမသည် ဤလူ့ထံမှ လွတ်မြောက်လာသည်မှာ တစ်ရက်ပင် မပြည့်သေးချေ။ ယခု သူမ၏ မျက်စိရှေ့သို့ ရောက်လာပြန်ပြီ ဖြစ်သည်။

"ဟဲဟဲ... မင်းကို လွမ်းလို့ လိုက်လာတာလေ... အို... မမဟွမ် လည်း ရှိနေတာပဲ... တွေ့ရတာ ဝမ်းသာပါတယ်..."

လီကျိဝမ်သည် သူတို့ထံသို့ လျှောက်လာပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ဟွမ်ကျားချန်သည် အနည်းငယ် ပြုံးပြရုံသာ ပြုံးပြပြီး ဘာမျှ ပြန်မပြောချေ။ ဤလီကျိဝမ်မှာ မိန်းမကိစ္စ ရှုပ်ထွေးသူ တစ်ယောက် ဖြစ်ပြီး သူမ၏ သူငယ်ချင်း ဟယ်မင်ယီကို အမြဲတစေ လိုက်လံ နှောင့်ယှက်နေကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။ ထို့ကြောင့် သူမ၏ မျက်နှာထက်တွင် ဘာမျှ မပေါ်လွင်သော်လည်း ရင်ထဲတွင်မူ ဤလူကို အလွန် ကြည့်မရ ဖြစ်နေမိသည်။

ယနေ့တွင် စိတ်အခြေအနေ မကောင်းဖြစ်နေသော ဟယ်မင်ယီသည် ဤအရှက်မရှိသော လီကျိဝမ်ကို မြင်လိုက်ရသောအခါ ပို၍ပင် စိတ်တိုလာရသည်။ ထို့ကြောင့် လီကျိဝမ်အား လုံးဝ အဖက်မလုပ်တော့ဘဲ ဆွန်ဖုန်း၏ မျက်နှာချင်းဆိုင်ရှိ အကင်စားပွဲတွင် ဝင်ထိုင်လိုက်လေတော့သည်။

ဆွန်ဖုန်းသည် အကင်လုပ်နေရင်း သူ ငှားရမ်းထားသော နေရာတွင် ခွင့်ပြုချက်မတောင်းဘဲ ဝင်ထိုင်လိုက်သော ဟယ်မင်ယီအား ကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။ သို့သော် သူမသည် အရုပ်မလေး တစ်ရုပ်ကဲ့သို့ လှပလွန်းသဖြင့် အပြစ်မတင်လိုဘဲ နှုတ်ဆိတ်နေလိုက်သည်။

လီကျိဝမ်သည် ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်လိုက်ပြီး အမျိုးသမီး နှစ်ဦးအား ပြုံး၍ ပြောလိုက်သည်။

"မင်းတို့ အကင်စားမလို့လား... ဟဲဟဲ... ငါလည်း ဝင်စားမယ်လေ..."

လီကျိဝမ်သည် အရှက်မရှိစွာဖြင့် ဟယ်မင်ယီ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ဆွန်ဖုန်း ကင်နေသော ငါးတစ်ကောင်ကို ဆွဲယူလိုက်ကာ ပြောလိုက်သည်။

"မင်ယီ... မင်းတို့ ငှားထားတဲ့ အကင်ဆရာက ဘယ်လိုလူလဲ... ရုပ်ဆိုးလိုက်တာ... ဆံပင်တွေလည်း ဖရိုဖရဲနဲ့ ဝတ်ထားတာကလည်း အဆင့်အတန်း မရှိဘူး... မုတ်ဆိတ်မွေးတောင် မရိတ်ထားဘူး... လာ... မင်းတို့အတွက် အချစ် ငါးကင်လေး ငါကိုယ်တိုင် ကင်ပေးမယ်... ဟေ့လူ... မင်း ထွက်သွားလို့ ရပြီ... မင်းကို မြင်ရတာ ငါ့ရဲ့ အစာစားချင်စိတ်ကို ပျောက်စေတယ်..."

ဘေးတွင် ရပ်နေသော ဟွမ်ကျားချန်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရပြီး မျက်နှာလွှဲသွားလေသည်။

ဟယ်မင်ယီမှာလည်း လီကျိဝမ်အား တစ်လှည့် ဆွန်ဖုန်းအား တစ်လှည့် ကြည့်ကာ ထူးဆန်းသော အမူအရာဖြင့် ရှိနေသည်။

လက်ရှိတွင် လီကျိဝမ်မှာ အခြေအနေမှန်ကို မသိရှိသေးချေ။ ဤနေရာမှာ ဟယ်မင်ယီနှင့် ဟွမ်ကျားချန်တို့ ငှားရမ်းထားသော နေရာဖြစ်ပြီး ဆွန်ဖုန်းမှာ သူတို့ ငှားရမ်းထားသော အကင်ဆရာ ဖြစ်မည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဤကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် သူသည် ဒေါသထွက်လုနီးပါး ဖြစ်နေသော ဆွန်ဖုန်း၏ မျက်နှာထားကို သတိမပြုမိခဲ့ချေ။

"မင်းအမေကို... မင်းကမှ ရုပ်ဆိုးတဲ့ ကောင်စုတ်... မင်းတစ်မိသားစုလုံး ရုပ်ဆိုးတယ်... ထွက်သွားစမ်း... မင်း ငယ်ငယ်က ခြေထောက် ကျိုးဖူးလို့ ဦးနှောက်ပါ ချို့ယွင်းသွားတာလား..."

ဆွန်ဖုန်းသည်လည်း ဒေါသကြီးသူ တစ်ယောက် ဖြစ်ပေသည်။ မူလတန်းနှင့် အလယ်တန်း ကျောင်းသားဘဝကတည်းက ရန်ပွဲပေါင်းများစွာ နွှဲလာခဲ့ပြီး အထက်တန်း ရောက်မှသာ အနည်းငယ် ငြိမ်ကျသွားခဲ့ခြင်း ဖြစ်သည်။ သူ၏ သွေးကြောထဲတွင် ရန်လိုမှုများ ရှိနေဆဲ ဖြစ်ပေသည်။ ယနေ့ ဤကဲ့သို့ စော်ကားခံရသောအခါ သူ မည်သို့ သည်းခံနိုင်မည်နည်း။ ချက်ချင်းပင် လီကျိဝမ်၏ မျက်နှာတည့်တည့်သို့ ငါးတစ်ကောင်ဖြင့် ပစ်ပေါက်လိုက်လေတော့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် လီကျိဝမ်မှာ ဘာလုပ်ရမှန်း မသိအောင် ကြောင်အမ်းသွားခဲ့သည်။ ဘေးရှိ ဟွမ်ကျားချန်နှင့် ဟယ်မင်ယီတို့လည်း ဆွန်ဖုန်းအား ထိတ်လန့်တကြား ကြည့်နေကြသည်။ ဤအမျိုးသားမှာ ဤမျှ ဒေါသကြီးလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"မင်း... မင်း ဘာလုပ်တာလဲ... သေချင်နေတာလား... သာမန် အကင်ဆရာလေး တစ်ယောက်ကများ ငါ့ကို ရန်လာစမ်းနေတယ်... မင်း မှတ်ထား... ငါ လီသခင်လေးက မင်းကို အလုပ်ပြုတ်အောင် တစ်မိနစ်တောင် အချိန်ယူစရာ မလိုဘူး... ဒီမြို့မှာ ဆက်နေလို့ မရအောင် ငါ လုပ်ပစ်မယ်..."

လီကျိဝမ်၏ ရင်ထဲတွင် ဒေါသများ လွန်စွာ ထွက်ပေါ်နေသည်။ ဤအမျိုးသားက သူ၏ မျက်နှာကို ငါးဖြင့် ပစ်ပေါက်ရဲသည်ဟု သူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။ ဤကဲ့သို့သော အရှက်ခွဲခံရမှုမျိုးကို သူ လုံးဝ သည်းမခံနိုင်ချေ။

"ဟိုလေ... လီကျိဝမ်... ဒီနေရာက ငါတို့ ငှားထားတာ မဟုတ်ဘူး... သူ့နေရာပါ... ငါက ဒီကို လာပြီး သူ ငါးကင်တာကို လာကြည့်တာပါ..."

ဟယ်မင်ယီသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ရင်ထဲတွင် လွန်စွာ ဝမ်းသာသွားပြီး လီကျိဝမ်အား အရှက်ခွဲရန် ရည်ရွယ်ချက်ဖြင့် ရှင်းပြလိုက်သည်။

လီကျိဝမ်သည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားလေတော့သည်။ သူသည် အခြားသူ တစ်ဦးအား အထင်လွဲမှားကာ စော်ကားမိခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သို့သော် သူသည် အလွန် ဂုဏ်မောက်သူ တစ်ယောက် ဖြစ်ရာ မိမိ၏ မျက်နှာကို ငါးဖြင့် ပစ်ပေါက်ခံရခြင်းအတွက် နောက်ဆုတ်ပေးရန် အစီအစဉ် မရှိချေ။

"ဒီနေရာက မင်းပိုင်တယ် ဆိုရင်တောင် ငါ့ကို ငါးနဲ့ ပစ်ပေါက်စရာ မလိုဘူးလေ... ဒါပေမယ့် ငါက သဘောထားကြီးတဲ့ လူတစ်ယောက်မို့ မင်းကို ခွင့်လွှတ်ပေးမယ်... တောင်းပန်လိုက်..."

လီကျိဝမ်သည် ဆွန်ဖုန်းအား ကြည့်ကာ အလွန် သဘောထားကြီးဟန်ဖြင့် ပြောလိုက်သည်။

"မင်း ငယ်ငယ်က ခြေထောက် ကျိုးဖူးသလား... တောင်းပန်ရမယ်... မင်းနှမကို သွားတောင်းပန်လိုက်... ထွက်သွားစမ်း..."

ဆွန်ဖုန်းသည် သူ၏ ရှေ့ရှိ ဤအရူး လီကျိဝမ်အား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူကများ ဘယ်သူမို့လို့လဲ။

"မင်း... မင်း သေချင်နေတာလား... ငါ မင်းကို အရိုက်ခံရအောင် လုပ်ပစ်မယ်ဆိုတာ မယုံဘူးလား..."

လီကျိဝမ်သည် တစ်ဖက်လူက တောင်းပန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဆွန်ဖုန်းသည် သာမန် အရပ်သား တစ်ဦးမျှသာ ဖြစ်ရာ သူ့ကဲ့သို့သော သူဌေးသား တစ်ယောက်အား ဆန့်ကျင်ရဲမည် မဟုတ်ဟု တွေးတောခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူက သူ့အား လုံးဝ အဖက်မလုပ်သည်ကို မြင်လိုက်ရသောအခါ အလွန် အံ့အားသင့်သွားမိသည်။

"မင်းက အထိုးခံချင်နေတာလား... ဟမ်..."

ဆွန်ဖုန်းသည် ချက်ချင်းပင် လက်သီးကို ဆုပ်ကာ လီကျိဝမ်အား ထိုးရန် ပြင်လိုက်သည်။ ထိုအခါ လီကျိဝမ်သည် လန့်ဖျပ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီးနောက် ခြိမ်းခြောက်စကား အချို့ ပြောဆိုကာ ဟယ်မင်ယီနှင့် ဟွမ်ကျားချန်တို့အား ခေါ်ဆောင်၍ ထွက်ခွာသွားလေတော့သည်။

ဟယ်မင်ယီနှင့် ဟွမ်ကျားချန်တို့သည်လည်း ထိုအခြေအနေတွင် ဆက်လက် နေထိုင်ရန် မသင့်တော်တော့သဖြင့် လီကျိဝမ်နှင့်အတူ လိုက်ပါသွားကြလေသည်။

"ဘာကောင်တွေမှန်းကို မသိဘူး..."

ဆွန်ဖုန်းသည် ထွက်သွားသော ထိုသုံးဦးအား ကြည့်ကာ သူ၏ စားသောက်ချိန်ကို အနှောင့်အယှက် ပေးခဲ့သဖြင့် ကျိန်ဆဲလိုက်လေသည်။

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသော ဧည့်သည်များသည်လည်း နောက်ဆက်တွဲ ပြဿနာများ မရှိတော့သည်ကို တွေ့ရသောအခါ မိမိတို့၏ အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်နေကြလေတော့သည်။

All Chapters