အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄) ငါ့ကားက နှစ်ယောက်စီးလေးပါ
ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့သည် စားသောက်ဆိုင်သို့ ရောက်ရှိပြီး နေရာယူကာ ဟင်းပွဲများ မှာယူရန် ပြင်ဆင်နေစဉ် ဝူမုန်ရှင်း၏ ဖုန်းမြည်လာခဲ့သည်။
ဝူမုန်ရှင်းသည် ဆွန်ဖုန်းအား အားနာစွာ ပြုံးပြပြီး ဖုန်းပြောရန် အပြင်ဘက်သို့ ထွက်သွားလေသည်။ ဆွန်ဖုန်း ဟင်းပွဲများ မှာယူပြီးချိန်တွင် သူမ ပြန်လည် ရောက်ရှိလာသော်လည်း မျက်နှာထားမှာ အနည်းငယ် ညှိုးနွမ်းနေသည်ကို တွေ့လိုက်ရသည်။
"ဝူမုန်ရှင်း... ဘာဖြစ်လို့လဲ... နေမကောင်းဘူးလား..."
ဆွန်ဖုန်းက မေးလိုက်သည်။
"မဟုတ်ပါဘူး... ဘာမှ မဖြစ်ပါဘူး... ကျွန်မအမေက ကျွန်မကို လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်ထောင်ဖက် တွေ့ဆုံပွဲ လုပ်ပေးထားလို့ပါ... ကျွန်မက အခုမှ အသက် ၂၂ နှစ်ပဲ ရှိသေးတာကို... ဘာလို့ အဲဒီလိုတွေ လုပ်နေမှန်း မသိပါဘူး..."
ဝူမုန်ရှင်းက ဆွန်ဖုန်းအား မကျေမနပ်ဖြင့် ရင်ဖွင့်လိုက်သည်။
"အင်း..."
ဆွန်ဖုန်းမှာ ဘာပြောရမည်မှန်း မသိအောင် ဖြစ်သွားရသည်။ အမှန်တကယ်တော့ မြို့ကြီးပြကြီးများတွင် ဤကဲ့သို့ မိဘများက သားသမီးများအတွက် အိမ်ထောင်ဖက် ရှာဖွေပေးခြင်းမှာ အလွန် အဖြစ်များသော ကိစ္စရပ် တစ်ခု ဖြစ်ပေသည်။ မိဘတိုင်းက မိမိတို့၏ သားသမီးများကို အဆင့်အတန်းတူသူများ၊ အဆင်ပြေသူများနှင့်သာ အိမ်ထောင်ကျစေလိုကြသည် မဟုတ်ပါလား။
ဟိုင်ယန်မြို့ကဲ့သို့သော နိုင်ငံတကာ အဆင့်မီ မြို့ကြီးများတွင် ဤကဲ့သို့ အိမ်ထောင်ဖက် ရှာဖွေရေး အစီအစဉ်များမှာ အလွန် ခေတ်စားလျက် ရှိကြောင်း ဆွန်ဖုန်း ကြားဖူးထားပေသည်။ အချို့ဆိုလျှင် မိဘများ ကိုယ်တိုင် သွားရောက် တွေ့ဆုံကာ ဈေးဆစ်သကဲ့သို့ ညှိနှိုင်းကြပြီး အင်တာနက် စာမျက်နှာများတွင်လည်း အလုပ်ခေါ်စာကဲ့သို့ သားသမီးများ၏ အချက်အလက်များကို တင်ကာ အိမ်ထောင်ဖက် ရှာဖွေကြသည်မှာ အလွန် ထူးဆန်းလှပေသည်။
"အစ်ကိုဖုန်း... တောင်းပန်ပါတယ်... ဒီနေ့ည အစ်ကိုနဲ့အတူ ထမင်းစားဖို့ အဆင်မပြေတော့ဘူး... ကျွန်မအမေက ည ၇ နာရီမှာ ဒီစားသောက်ဆိုင်မှာပဲ ချိန်းထားလို့ပါ..."
ဝူမုန်ရှင်းက အားနာစွာဖြင့် ပြောလိုက်သည်။ သူမသည် မိဘ၏ စကားကို မလွန်ဆန်နိုင်သော်လည်း ထိုတွေ့ဆုံပွဲကို လုံးဝ စိတ်မဝင်စားကြောင်း သူမ၏ မျက်နှာထားက ဖော်ပြနေပေသည်။
"ဟားဟား... ရပါတယ်... ကိစ္စမရှိပါဘူး... သွားလိုက်ပါ... ဒါပေမယ့် ဒီစားသောက်ဆိုင်မှာပဲ ဆိုတော့ တိုက်ဆိုင်လိုက်တာ... ခဏနေရင် မင်းအတွက် ငါက အကဲဖြတ်ပေးရဦးမယ်... ဟဲဟဲ..."
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်ပြီး နာရီကို ကြည့်လိုက်ရာ ၆ နာရီ ၅၀ မိနစ် ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"သွားပါ... ငါ့ကို ဂရုစိုက်မနေနဲ့..."
"တကယ် အားနာပါတယ် အစ်ကိုဖုန်းရယ်..."
ဝူမုန်ရှင်းသည် ဆွန်ဖုန်း စိတ်မဆိုးသည်ကို တွေ့ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စားသောက်ဆိုင် အပေါက်ဝသို့ သွားရောက် စောင့်ဆိုင်းနေလေတော့သည်။ သူမ၏ မိခင် သို့မဟုတ် ချိန်းဆိုထားသူ ရောက်လာမည်ကို စောင့်နေခြင်း ဖြစ်ပုံရသည်။
မိနစ်အနည်းငယ် အကြာတွင် ဝူမုန်ရှင်းသည် လူတစ်စုနှင့်အတူ စားသောက်ဆိုင် အတွင်းသို့ ဝင်ရောက်လာသည်ကို ဆွန်ဖုန်း မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဆွန်ဖုန်းသည် သူမအား ပြုံးစစဖြင့် မျက်စပစ်ပြလိုက်သည်။
ဆွန်ဖုန်း အကဲခတ်ကြည့်လိုက်ရာ ဝူမုန်ရှင်း၏ ဘေးတွင် သူမနှင့် ရုပ်ချင်း အတော်လေး ဆင်တူသော လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦး ပါလာပြီး ထိုသူမှာ သူမ၏ မိခင် ဖြစ်မည်မှာ သေချာပေသည်။ ထို့အပြင် နောက်ထပ် လူလတ်ပိုင်း ဇနီးမောင်နှံ တစ်စုံနှင့် လူငယ် တစ်ဦးလည်း ပါလာပြီး သူတို့မှာ တွေ့ဆုံမည့် အခြားတစ်ဖက်မှ မိသားစု ဖြစ်ပုံရပေသည်။
သူတို့သည် ဝင်လာပြီးနောက် ဆွန်ဖုန်း၏ ဘေးစားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ နေရာယူပြီးနောက် ဟင်းပွဲများ မှာယူကာ စကားစမြည် စတင် ပြောဆိုကြလေတော့သည်။
စကားဝိုင်း တစ်လျှောက်လုံးတွင် ဝူမုန်ရှင်း၏ မိခင်နှင့် တစ်ဖက် မိသားစုမှ အမျိုးသမီးတို့သာ အပြန်အလှန် စကားပြောနေကြသည်။
"မုန်ရှင်း... အန်တီ ပြောပြမယ်နော်... အန်တီ့သား လျန်ချောင်ချန် က အခု ကုမ္ပဏီမှာ မန်နေဂျာ ဖြစ်နေပြီ... တစ်လကို လစာ ယွမ် တစ်သောင်းခွဲ ရတယ်..."
လျန်ချောင်ချန်၏ မိခင်ဖြစ်သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ဟင်းဟင်း... ကိုကိုချောင်ချန် က တကယ့်ကို အရည်အချင်း ရှိတာပဲ..."
ဝူမုန်ရှင်းက ပြုံးရုံသာ ပြုံးပြပြီး အခြား ဘာမျှ ဝင်မပြောချေ။ သို့သော် သူမ၏ မိခင်ကမူ အလွန် ကျေနပ်အားရနေပုံ ရသည်။
"အန်တီတို့က နောက်နှစ်ကျရင် မြို့လယ်ကောင်မှာ မင်္ဂလာအိမ် တစ်လုံး ထပ်ဝယ်ဖို့ စီစဉ်ထားတယ်... ဒါကြောင့် မုန်ရှင်းသာ သဘောတူမယ် ဆိုရင် ကျန်တာ အားလုံး အဆင်ပြေပါတယ် ကွယ်..."
"အင်း... ကောင်းတာပေါ့... တကယ့်ကို ကောင်းတဲ့ အစီအစဉ်ပဲ..."
ဝူမုန်ရှင်း၏ မိခင်က ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံလိုက်သည်။ ဟိုင်ယန်မြို့ကဲ့သို့ နေရာမျိုးတွင် မြို့လယ်ကောင်၌ အိမ်တစ်လုံး ဝယ်ယူရန် ဆိုသည်မှာ အနည်းဆုံး ယွမ် တစ်သန်းကျော် ကုန်ကျမည် ဖြစ်ပြီး ကနဦး ပေးချေရမည့် ငွေပင်လျှင် ယွမ် ခြောက်သိန်း ခုနစ်သိန်းခန့် ရှိပေမည်။ တစ်ဖက် မိသားစုက ဤမျှ ရင်းနှီးမြှုပ်နှံရန် အသင့်ရှိနေသည်ကို တွေ့ရသဖြင့် သူမ အလွန် ကျေနပ်နေမိသည်။
"မုန်ရှင်း... သမီးနဲ့ အန်တီ့သား ချောင်ချန် တို့သာ လက်ထပ်ဖြစ်မယ် ဆိုရင် အိမ်ဝယ်ဖို့ ငွေတစ်ပြားမှ စိုက်ထုတ်စရာ မလိုပါဘူး... သမီးဘက်က သတို့သမီး တင်တောင်းတဲ့ အနေနဲ့ ကားတစ်စီးလောက် ဝယ်ပေးရင် ရပါပြီ..."
"ဟုတ်ပါတယ် မုန်ရှင်း... ကိုကိုက အခု မန်နေဂျာ ဖြစ်နေပြီဆိုတော့ အိမ်ဖိုး သွင်းဖို့ အဆင်ပြေပါတယ်... နောက်ပိုင်း ညီမလေး အိမ်မှာနေပြီး အိမ်ရှင်မ အဖြစ် နေချင်တယ် ဆိုရင်တောင် ကိစ္စ မရှိပါဘူး..."
လျန်ချောင်ချန်က ပြုံး၍ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများကမူ ဝူမုန်ရှင်း၏ ကိုယ်လုံးကိုယ်ပေါက်ကို ရမ္မက်ဆန်သော အကြည့်များဖြင့် ကြည့်ရှုနေလေသည်။
"ကျွန်မကတော့ အခုလောလောဆယ် အလုပ်ကိုပဲ ဦးစားပေးချင်သေးတယ်... အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး ရှင်..."
ဝူမုန်ရှင်းက ရုတ်တရက် ခပ်ပြတ်ပြတ် ပြောလိုက်ရာ စကားဝိုင်း တစ်ခုလုံး ရေခဲရိုက်ထားသကဲ့သို့ တိတ်ဆိတ်သွားလေတော့သည်။
"မုန်ရှင်း... သမီး ဘယ်လို စကားမျိုး ပြောလိုက်တာလဲ... အမေက သမီးအတွက် ဒီလောက် ကောင်းတဲ့ မိသားစုကို ရှာပေးထားတာ..."
ဝူမုန်ရှင်း၏ မိခင်မှာ သမီးဖြစ်သူ၏ စကားကြောင့် မျက်နှာပျက်သွားရလေသည်။
တစ်ဖက် မိသားစု၏ မျက်နှာများမှာလည်း မသာမယာ ဖြစ်သွားကြသည်။
"ဘာ အလုပ်ကို ဦးစားပေးချင်တာလဲ... အန်တီ ကြားထားတာက သမီးက သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံလေး တစ်ခုမှာ စာရေးမ လုပ်နေတာဆို... အဲဒီလို နေရာမျိုးမှာ လေထုကလည်း မကောင်းဘူး... တိုးတက်ဖို့ အခွင့်အလမ်းလည်း မရှိဘူး... အန်တီကတော့ သမီးကို အချိန်မနှောင်းခင် အိမ်ထောင်ပြုဖို့ စဉ်းစားသင့်တယ်လို့ အကြံပေးချင်ပါတယ် ကွယ်..."
လျန်ချောင်ချန်၏ မိခင်မှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း အပြင်ပန်းတွင်မူ ကောင်းမွန်စွာ ဖြောင်းဖျပြောဆိုလိုက်သည်။
"ဟုတ်ပါတယ် မုန်ရှင်း... ကိုကိုက အခု တစ်လကို ယွမ် တစ်သောင်းခွဲ ရနေပြီ... နောက် နှစ်အနည်းငယ် နေရင် ဒီထက် အဆင့်မြင့်တဲ့ နေရာကို ရောက်လာဦးမှာ... ညီမလေးသာ ဆန္ဒရှိရင် ကိုကိုတို့ ကုမ္ပဏီမှာ လာအလုပ်လုပ်လို့ ရတယ်လေ..."
လျန်ချောင်ချန်၏ ဖခင်ကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။
အမှန်တကယ်တော့ ဝူမုန်ရှင်းသည် ဤလျန်ချောင်ချန်ဆိုသော လူကို လုံးဝ စိတ်မဝင်စားချေ။ သို့သော် သူတို့ မိသားစုမှာ သူမ၏ မိခင်နှင့် ဇာတိ တစ်ခုတည်း ဖြစ်နေသဖြင့် အားနာတာနဲ့သာ လာရောက် တွေ့ဆုံပေးခဲ့ခြင်း ဖြစ်ပေသည်။
"အို... မုန်ရှင်း ပါလား... တိုက်ဆိုင်လိုက်တာ... ခုနက မင်း မဟုတ်ဘူးလို့တောင် ထင်နေတာ..."
ထိုအချိန်မှာပင် ဆွန်ဖုန်းသည် ဝိုင်ခွက် တစ်ခွက်ကို ကိုင်ကာ သူတို့၏ စားပွဲအနီးသို့ လျှောက်လာပြီး ဝင်ရောက် နှုတ်ဆက်လိုက်လေသည်။
"အစ်ကိုဖုန်း..."
ဝူမုန်ရှင်းမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူမ၏ သူဌေးက ဤသို့ လာရောက် နှုတ်ဆက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဒီက ညီလေးက ဘယ်သူများလဲ..."
လျန်ချောင်ချန်က ဆွန်ဖုန်းအား ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဒီက ညီအစ်ကိုက..."
ဝူမုန်ရှင်းက မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း ဆွန်ဖုန်းက ကြားဖြတ်ကာ ပြောလိုက်သည်။
"အို... ကျွန်တော်က မုန်ရှင်းရဲ့ တက္ကသိုလ်တုန်းက ရည်းစားဟောင်းပါ... ကျွန်တော့် နာမည် ဆွန်ဖုန်း ပါ... မုန်ရှင်းနဲ့ မတွေ့ရတာ ကြာပြီမို့ လာနှုတ်ဆက်တာပါ..."
ဆွန်ဖုန်း၏ စကားကြောင့် ဝူမုန်ရှင်းမှာ ကြောင်အမ်းသွားသလို လျန်ချောင်ချန်မှာလည်း မစင်စားမိသကဲ့သို့ မျက်နှာမဲ့သွားပြီး သူ၏ မိဘနှစ်ပါး၏ မျက်နှာများမှာလည်း ချက်ချင်းပင် မည်းမှောင်သွားလေတော့သည်။
"ရည်းစားဟောင်း ဟုတ်လား... မုန်ရှင်း... သမီး တက္ကသိုလ်တုန်းက ရည်းစားထားခဲ့တယ် ဆိုတာ အမေ့ကို တစ်ခါမှ မပြောဖူးပါလား..."
ဝူမုန်ရှင်း၏ မိခင်က သမီးဖြစ်သူကို ဒေါသတကြီးဖြင့် စူးစူးစမ်းစမ်း မေးလိုက်သည်။
"အို... အဲဒီလိုပါ အန်တီ... ကျွန်တော်နဲ့ မုန်ရှင်းက တက္ကသိုလ် နောက်ဆုံးနှစ် ရောက်မှ တွဲခဲ့ကြတာပါ... တစ်လလောက် တွဲပြီးတော့ သိပ်အဆင်မပြေတာနဲ့ လမ်းခွဲလိုက်ကြတာပါ..."
ဆွန်ဖုန်းသည် လုံးဝ ရှက်ရွံ့ခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါး ဝင်ရောက် ဖြေရှင်းလိုက်လေသည်။
သူ၏ စကားကြောင့် ဝူမုန်ရှင်းမှာ ရှက်လွန်းလို့ မြေကြီးထဲသာ တိုးဝင်သွားချင်စိတ် ပေါက်သွားရလေတော့သည်။ သူမက သူနှင့် ဘယ်တုန်းက တွဲခဲ့ဖူးလို့လဲ။ ယခုမှ သိတာ တစ်ပတ်ပင် မပြည့်သေးသည်ကို ဘာတွေ လျှောက်ပြောနေမှန်း မသိတော့ချေ။
"အဲဒီလိုလား... ဒါဆိုရင်လည်း အခု ဘာကိစ္စ လာနှုတ်ဆက်နေသေးတာလဲ..."
ဝူမုန်ရှင်း၏ မိခင်က ဆွန်ဖုန်းအား အလွန် အေးစက်စက် လေသံဖြင့် မေးလိုက်သည်။ သူမ၏ အကြည့်များမှာ ဆွန်ဖုန်းအား အရှင်လတ်လတ် ဝါးစားတော့မည့်အလား စူးရဲနေပေသည်။
"အို... ဘာရယ် မဟုတ်ပါဘူး... ဒီမှာ ဆုံတုန်းလေး နှုတ်ဆက်တာပါ..."
ဆွန်ဖုန်းသည် လုံးဝ ဂရုမစိုက်ဘဲ အရှက်မရှိစွာဖြင့် ခုံတစ်ခုံ ဆွဲယူကာ ဝင်ထိုင်လိုက်လေတော့သည်။
လျန်ချောင်ချန်သည် ဆွန်ဖုန်းအား ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိသည်။ သူ လိုချင်နေသော ဖြူစင်သည့် ဝူမုန်ရှင်းလေးမှာ တက္ကသိုလ်တွင် ရည်းစား ထားခဲ့ဖူးသည်ကို သိလိုက်ရသဖြင့် လွန်စွာ စိတ်ပျက်သွားမိသည်။ ဤဆွန်ဖုန်း ဆိုသော လူက သူမကို အမြတ်ထုတ်သွားခဲ့ပြီလား ဆိုသည်ကိုလည်း သံသယ ဝင်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း၏ အသွင်အပြင်မှာ လွန်စွာ စုတ်ပြတ်နေသောကြောင့် ဖြစ်သည်။ ဝူမုန်ရှင်း၏ မိခင် ကိုယ်တိုင်လည်း ဤလူကို ကြည့်ကာ သမီးဖြစ်သူ၏ ရွေးချယ်မှုကို အလွန် အံ့အားသင့်ကာ ဒေါသထွက်နေမိလေသည်။
"ညီလေး ဆွန်ဖုန်း... မင်းက အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ..."
လျန်ချောင်ချန်က ဒေါသကို ကြိတ်မှိတ် ထိန်းချုပ်ကာ အံကြိတ်၍ မေးလိုက်သည်။
"ကျွန်တော်လား... အလုပ်လက်မဲ့ပါ... ဒီလိုပဲ ဟိုမှာ နည်းနည်း ဒီမှာ နည်းနည်းနဲ့ လျှောက်ပြီး စားသောက်နေတာပါ..."
ဆွန်ဖုန်းက ဘီယာ တစ်ငုံ သောက်လိုက်ရင်း အေးဆေးစွာ ဖြေလိုက်သည်။ အမှန်တကယ်တော့ သူသည် အလုပ်မရှိသည်မှာ မှန်ပေသည်။ သူက ပင်လယ် သမုဒ္ဒရာ အနှံ့ လျှောက်သွားပြီး အစားအသောက်များကို လိုက်လံ ရှာဖွေစားသောက်နေသည် မဟုတ်ပါလား။
"ဟင်..."
ဝူမုန်ရှင်းသည် ဆွန်ဖုန်းအား ကြည့်ကာ သူ၏ စကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ရန် ကြိုးစားနေမိသည်။
"ဟင်းဟင်း... ဒါဆိုရင် အလုပ်မရှိဘူးပေါ့... ညီလေး... အစ်ကို မင်းကို အလုပ်တစ်ခုလောက် ရှာပေးရမလား... အစ်ကိုတို့ ကုမ္ပဏီမှာ လုံခြုံရေး ဝန်ထမ်း လိုနေတယ်လေ..."
လျန်ချောင်ချန်သည် ဆွန်ဖုန်းက အလုပ်လက်မဲ့ ဖြစ်နေသည်ကို သိလိုက်ရသောအခါ အနိုင်ရသွားသကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လှောင်ပြောင်လိုက်သည်။
"ဟားဟား... မလိုပါဘူး အစ်ကိုရယ်... ကျွန်တော် ဒီလို နေရတာပဲ သဘောကျပါတယ်... ခင်ဗျားတို့ ကုမ္ပဏီက ကျွန်တော့်ကို လစာပေးနိုင်မှာ မဟုတ်ပါဘူး..."
ဆွန်ဖုန်းက လုံးဝ ဂရုမစိုက်ဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။
"ခင်ဗျားတို့ စကားဆက်ပြောကြပါ... ကျွန်တော်ကတော့ ထမင်းသွားစားလိုက်ဦးမယ်... အို... မုန်ရှင်း... ဒီည ဖုန်းဆက်လိုက်မယ်နော်..."
ဆွန်ဖုန်းသည် စကားဆုံးသည်နှင့် သူ၏ စားပွဲသို့ ပြန်သွားကာ ထမင်းဆက်စားနေလေတော့သည်။
"..."
ဝူမုန်ရှင်းမှာ ဘာပြောရမည်မှန်း မသိအောင် ဆွံ့အသွားလေတော့သည်။
လျန်ချောင်ချန်မှာမူ ဆွန်ဖုန်း၏ စကားကြောင့် မျက်နှာများ နီလိုက် ဖြူလိုက် ဖြစ်သွားရလေသည်။ ဤလူက ဘယ်လောက်တောင် ကြွားချင်နေရတာလဲ။ သူသည် ဤကဲ့သို့ စတိုင်ကျကျ ကြွားလုံးထုတ်တတ်သူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
"မုန်ရှင်း... သမီးက ဘယ်လို လူမျိုးတွေနဲ့ သွားပေါင်းနေတာလဲ..."
ဝူမုန်ရှင်း၏ မိခင်က သမီးဖြစ်သူအား ဒေါသတကြီးဖြင့် စစ်ကြောလိုက်သည်။
"အမေကလည်း... သူ့ဘာသာသူ နေတာပဲ... ဘာဖြစ်လို့လဲ..."
ဝူမုန်ရှင်းက မိခင်ဖြစ်သူ၏ အဆင့်အတန်း ခွဲခြားတတ်သော စရိုက်ကို သဘောမကျသဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"သမီး... သမီးက အမေ့ကို ပြန်ပြောနေတာလား... အမေက သမီး အကောင်းဆုံး ဖြစ်ဖို့အတွက် ပြောနေတာလေ..."
ဆွန်ဖုန်း ဝင်ရောက် နှောင့်ယှက်လိုက်ပြီးနောက်ပိုင်းတွင် ဝူမုန်ရှင်း၏ မိသားစုနှင့် လျန်ချောင်ချန်၏ မိသားစုတို့၏ စကားဝိုင်းမှာ ယခင်ကဲ့သို့ အဆင်ပြေတော့ချေ။ အထူးသဖြင့် လျန်ချောင်ချန်၏ မိသားစုက အိမ်ဝယ်ယူမည့် ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ အကုန်အကျ ခံရန် ပြောင်းလဲ ပြောဆိုလာသောအခါ ပို၍ပင် အခြေအနေ ဆိုးရွားသွားလေတော့သည်။
နောက်ဆုံးတွင် ထိုတွေ့ဆုံပွဲမှာ အဆင်မပြေမှုများဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။
ငွေရှင်းချိန်တွင် လျန်ချောင်ချန်၏ မိသားစုက မိမိတို့ စားသောက်ခဲ့သည့် အဖိုးအခကိုသာ ရှင်းလင်းသွားသဖြင့် ဝူမုန်ရှင်း၏ မိခင်မှာ လွန်စွာ ဒေါသထွက်သွားရလေသည်။
ထိုလူစု အပြင်သို့ ထွက်သွားသည်ကို မြင်သောအခါ ဆွန်ဖုန်းသည်လည်း ငွေရှင်းပြီးနောက် သူတို့၏ နောက်သို့ လိုက်သွားလေသည်။
ကားပါကင်သို့ ရောက်သောအခါ လျန်ချောင်ချန်က ဝူမုန်ရှင်းနှင့် သူမ၏ မိခင်အား ပြောလိုက်သည်။
"တောင်းပန်ပါတယ် အန်တီ... ကျွန်တော်တို့ ကားက လူပြည့်သွားလို့ မုန်ရှင်း တစ်ယောက်ပဲ လိုက်ခဲ့လို့ ရတော့မယ်... အန်တီကတော့ အငှားကားနဲ့ပဲ ပြန်လိုက်ပါတော့နော်..."
သူက ဘေးရှိ အဖြူရောင် တိုယိုတာ ယာရစ် ကားလေးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ရပါတယ်... ကျွန်မနဲ့ ကျွန်မအမေ အငှားကားနဲ့ပဲ ပြန်လိုက်ပါ့မယ်..."
ဝူမုန်ရှင်းက လျန်ချောင်ချန်အား လုံးဝ အဖက်မလုပ်ဘဲ ငြင်းဆိုလိုက်သည်။
"အငှားကားက ဈေးကြီးတယ်လေ... မုန်ရှင်း... ကိုကိုတို့ ကားနဲ့ပဲ လိုက်ခဲ့ပါလား..."
လျန်ချောင်ချန်က ဝူမုန်ရှင်းအား သူ၏ ကားပေါ်သို့ ခေါ်ဆောင်ကာ စကားပြောဆိုလိုသဖြင့် အတင်းအကျပ် ဖိတ်ခေါ်နေလေသည်။
"ရပါတယ်... ခင်ဗျားတို့သာ သွားကြပါ... ကျွန်တော် မုန်ရှင်းနဲ့ အန်တီကို အိမ်ပြန်ပို့ပေးလိုက်ပါ့မယ်..."
ထိုအချိန်တွင် ဆွန်ဖုန်းသည် သူတို့၏ အနီးသို့ ရောက်ရှိလာပြီး ဝင်ရောက် ပြောဆိုလိုက်လေသည်။
"မင်းမှာ ကားရှိလို့လား..."
လျန်ချောင်ချန်သည် ဆွန်ဖုန်းကို မြင်လိုက်ရပြန်သဖြင့် ဒေါသတကြီးဖြင့် မေးလိုက်သည်။ ဤလူက ယင်ကောင် တစ်ကောင်ကဲ့သို့ အမြဲတစေ လိုက်လံ နှောင့်ယှက်နေသည်ဟု သူ ခံစားရသည်။
"ရှိတာပေါ့... ဒါပေမယ့် ကားက နှစ်ယောက်စီးလေး ဆိုတော့... အန်တီ့ကိုတော့ အငှားကား ငှားပေးလိုက်ပါ့မယ်... အန်တီက အငှားကားနဲ့ပဲ ပြန်လိုက်ပါနော်... ကျွန်တော် အငှားကား ခေါ်ပေးပြီး ငွေရှင်းပေးလိုက်ပါ့မယ်..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"နှစ်ယောက်စီး ကားလေး ဟုတ်လား... လျှပ်စစ်စက်ဘီးများ ဖြစ်နေမလားပဲ..."
လျန်ချောင်ချန်က လှောင်ပြောင်လိုက်သည်။
"မဟုတ်ပါဘူး... ဘီးလေးဘီး ပါပါတယ်..."
ဆွန်ဖုန်းသည် ပြောရင်းဆိုရင်း ရှေ့ရှိ BMW i8 ပြိုင်ကားဆီသို့ လျှောက်သွားကာ ကားတံခါးကို ဖွင့်လိုက်လေသည်။
"အန်တီ... အငှားကား ရောက်လာပါပြီ... ငွေလည်း ရှင်းပြီးပါပြီ... မုန်ရှင်းကတော့ ကျွန်တော့်ကားနဲ့ပဲ လိုက်ခဲ့ပါမယ်... မုန်ရှင်း... ဘာရပ်ကြည့်နေတာလဲ... မြန်မြန် လာခဲ့လေ..."
ဆွန်ဖုန်းသည် ဝူမုန်ရှင်းနှင့် သူမ၏ မိခင်အား အော်ပြောလိုက်သည်။
"အို... ဟုတ်ကဲ့..."
ချက်ချင်းပင် အခြေအနေများ ပြောင်းလဲသွားလေတော့သည်။
"ဘုရားရေ... BMW i8 ပြိုင်ကားကြီး ပါလား..."
လျန်ချောင်ချန်၏ မိသားစုသည် ဆွန်ဖုန်း ပြိုင်ကားပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသောအခါ မျက်နှာများ နီလိုက် ဖြူလိုက် ဖြစ်သွားကာ အလွန်တရာ အံ့အားသင့်သွားကြလေသည်။
ဝူမုန်ရှင်း၏ မိခင်မှာလည်း လွန်စွာ အံ့အားသင့်သွားမိသည်။ သူမ၏ သမီးဖြစ်သူ၏ ရည်းစားဟောင်းမှာ ဤမျှ ချမ်းသာကြွယ်ဝပြီး တန်ဖိုးကြီး ပြိုင်ကားကြီးများကို စီးနိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"အန်တီ... အငှားကား ရောက်လာပါပြီ..."
"အို... အေးအေး..."
ဝူမုန်ရှင်း၏ မိခင်သည် ဆွန်ဖုန်း သတိပေးလိုက်မှသာ သတိပြန်ဝင်လာပြီး အငှားကားပေါ်သို့ တက်သွားလေတော့သည်။
ဆွန်ဖုန်းသည် လီဗာကို နင်းချလိုက်ရာ ပြိုင်ကားကြီးမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး လျန်ချောင်ချန်တို့ မိသားစုအား ဖုန်တလူးလူးဖြင့် ကျန်ရစ်စေခဲ့လေတော့သည်။
"အို... ဟုတ်သားပဲ... ကျွန်မသမီးက အလုပ်ကိုပဲ ဦးစားပေးချင်တယ် ဆိုတော့... လူကြီးတွေ စီစဉ်ပေးတဲ့ ဒီအိမ်ထောင်ဖက် တွေ့ဆုံပွဲ ကိစ္စကို ဒီမှာတင် ရပ်လိုက်ကြတာပေါ့နော်..."
ဝူမုန်ရှင်း၏ မိခင်က အငှားကားပေါ်မှနေ၍ လျန်ချောင်ချန်၏ မိခင်အား လှမ်းအော်ပြောလိုက်လေတော့သည်။