← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း (၁၅) ရွှေစင် တစ်တန်ကို လက်ဝယ်ရရှိခြင်း

အငှားကားပေါ်တွင် လိုက်ပါသွားသော ဝူမုန်ရှင်း၏ မိခင်သည် ခုနက အဖြစ်အပျက်များကို ပြန်လည် စဉ်းစားနေမိသည်။

သူမ၏ သမီးဖြစ်သူ၏ ရည်းစားဟောင်းမှာ တန်ဖိုးကြီး ပြိုင်ကားကြီး တစ်စီးကို မောင်းနှင်လာသည်ကို မြင်လိုက်ရသောအခါ အမှန်တကယ်ပင် အံ့အားသင့်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဝတ်အစားများအရ အလုပ်လက်မဲ့ တစ်ယောက်ကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

သို့သော် သူသည် ဤမျှ ချမ်းသာကြွယ်ဝနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ယခင်က သူမသည် ဆွန်ဖုန်းအား လွန်စွာ အထင်သေးခဲ့သော်လည်း ယခုအခါတွင် သူမ၏ အတွေးများ ချက်ချင်း ပြောင်းလဲသွားလေပြီ။ သမီးဖြစ်သူအား ဆွန်ဖုန်းနှင့် ပြန်လည် အဆင်ပြေအောင် ဖြောင်းဖျကြည့်ရန်ပင် စဉ်းစားနေမိလေတော့သည်။

သို့သော် ဤအရာများမှာ သူမ တစ်ယောက်တည်း၏ တွေးတောမှုများသာ ဖြစ်ပြီး အမှန်တကယ်တော့ ဆွန်ဖုန်းသည် ဝူမုန်ရှင်း၏ သူဌေး ဖြစ်ကြောင်းကို သူမ လုံးဝ မသိရှိချေ။

......

BMW i8 ပြိုင်ကားသည် အဝေးပြေးလမ်းမပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

ကားထဲတွင် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဝူမုန်ရှင်းက စကားစတင်လိုက်သည်။

"အစ်ကိုဖုန်း... ကျေးဇူးတင်ပါတယ်နော်..."

ခုနက တွေ့ဆုံပွဲတွင် ဆွန်ဖုန်းက သူမ၏ ရည်းစားဟောင်း အဖြစ် ဝင်ရောက် ဟန်ဆောင်ခဲ့သဖြင့် အနည်းငယ် ရှက်ရွံ့သွားခဲ့သော်လည်း ဤကဲ့သို့ ဝင်ရောက် ကယ်တင်ပေးခဲ့ခြင်းက သူမကို ကြီးမားသော သက်သာရာရမှု တစ်ခု ဖြစ်စေခဲ့သည်။

ဤကိစ္စပြီးနောက် မိခင်ဖြစ်သူက သူမအား နောက်ထပ် အိမ်ထောင်ဖက် ရှာဖွေပေးခြင်းများ ပြုလုပ်တော့မည် မဟုတ်ကြောင်း သူမ ယုံကြည်ထားပေသည်။ အနည်းဆုံးတော့ ထိုလျန်ချောင်ချန် ဆိုသူနှင့် ထပ်မံ တွေ့ဆုံရတော့မည် မဟုတ်ချေ။

"ဟားဟား... မင်းက ငါ့ကို ကျေးဇူးတင်နေသေးတယ်... ငါက မင်းရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်လို့ မင်းက ငါ့ကို စိတ်ဆိုးနေမလားလို့တောင် တွေးနေတာ..."

ဆွန်ဖုန်းက ရယ်မောကာ ပြန်ဖြေလိုက်သည်။

"အို... ဘယ်လိုလုပ်ပြီး စိတ်ဆိုးရမှာလဲ... ကျွန်မက အဲဒီလို အစီအစဉ်မျိုးတွေကို လုံးဝ သဘောမကျပါဘူး..."

ဝူမုန်ရှင်း၏ မျက်နှာလေး နီရဲသွားကာ ရှက်ရွံ့စွာ ပြောလိုက်သည်။ အမှန်တကယ်တော့ သူမသည် အချစ်စစ်ကိုသာ မျှော်လင့်ထားသူ တစ်ယောက် ဖြစ်ပေသည်။

"အဲဒီလိုလား... ဒါဆို မင်းမှာ ချစ်သူ ရှိနေပြီလား..."

ဆွန်ဖုန်းက ဝူမုန်ရှင်းအား ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

ဆွန်ဖုန်း၏ အကြည့်များကြောင့် ဝူမုန်ရှင်းမှာ အနည်းငယ် မျက်နှာပူသွားပြီး မျက်လွှာချကာ ပြန်ဖြေလိုက်သည်။

"မရှိသေးပါဘူး... ကျွန်မက အခုမှ အသက် ၂၂ နှစ်ပဲ ရှိသေးတာဆိုတော့... အလုပ်ကိုပဲ အရင် ဦးစားပေးချင်သေးတယ်..."

"အင်း... ဟုတ်တာပေါ့..."

ဆွန်ဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။

"ဒါနဲ့ အစ်ကိုဖုန်းရော ချစ်သူ ရှိပြီလား..."

ဝူမုန်ရှင်းက သိချင်စိတ်ဖြင့် ပြန်လည် မေးမြန်းလိုက်သည်။

"ငါလား... ငါက ရုပ်ချောလွန်းတော့ မိန်းကလေးတွေက ငါ့ကို အနားမကပ်ရဲကြဘူးလေ... ဟားဟား..."

ဆွန်ဖုန်းက ကြွားလုံးထုတ်ကာ ရယ်မောလိုက်လေသည်။

ထိုအခါ ဝူမုန်ရှင်းလည်း သဘောကျစွာ ရယ်မောလိုက်ပြီး ကားထဲရှိ လေထုမှာ ပိုမို ပေါ့ပါးသွားလေတော့သည်။

"ဒါနဲ့ မင်းအိမ်က ဘယ်မှာလဲ..."

"ချန်ထင်လမ်း အမှတ် ၂၈ ပါ..."

"အိုကေ..."

မကြာမီမှာပင် ဆွန်ဖုန်းသည် ဝူမုန်ရှင်းအား သူမ၏ အိမ်ရှေ့သို့ ပို့ဆောင်ပေးခဲ့သည်။ အိမ်ကို ကြည့်ရသည်မှာ အတော်အသင့် ပြည့်စုံသော မိသားစု တစ်ခု ဖြစ်ပုံရပေသည်။

ဝူမုန်ရှင်းသည် ကားပေါ်မှ ဆင်းပြီးနောက် ဆွန်ဖုန်းအား ထပ်မံ ကျေးဇူးတင်စကား ပြောကြားကာ အိမ်ပေါ်သို့ လာရောက် အလည်အပတ် ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ သို့သော် သူမသည် မိဘများနှင့် အတူနေထိုင်သူ ဖြစ်သဖြင့် ဆွန်ဖုန်းက ငြင်းဆိုလိုက်လေသည်။ အကယ်၍ သူမ တစ်ယောက်တည်း နေထိုင်သူသာ ဖြစ်ပါက သူသည် အပေါ်သို့ တက်ကာ ကော်ဖီသောက်ရင်း စကားစမြည် ပြောဆိုချင်သေးသည် မဟုတ်ပါလား။

...

နောက်တစ်နေ့ နံနက်စောစောတွင် ဆွန်ဖုန်းသည် စက်ရုံသို့ သွားရောက်ကာ အားသွင်းထားသော လက်ပတ်နာရီကို ယူဆောင်ပြီး ပင်လယ်ကမ်းစပ်သို့ ထွက်ခွာလာခဲ့လေသည်။

ရွှေတူးဖော်ရေး လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးကြည့်ရာ အားလုံး ပုံမှန် အလုပ်လုပ်နေကြောင်း တွေ့ရသဖြင့် လွန်စွာ ကျေနပ်သွားမိသည်။ တောင်တရုတ်ပင်လယ်သို့ သွားရောက်ကာ သံသတ္တုကြော ခိုးယူရေး အစီအစဉ်ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် စက်ကိရိယာများကို အမြန်ဆုံး အားအပြည့် သွင်းထားရန် လိုအပ်ပေသည်။

ထို့ကြောင့် သူသည် စက်ရုံသို့ ပြန်လာကာ လက်ပတ်နာရီကို ထပ်မံ အားသွင်းထားလိုက်လေသည်။

ထိုသို့ဖြင့် ဆွန်ဖုန်းတစ်ယောက် လုပ်စရာ မရှိဘဲ အားလပ်နေသဖြင့် အင်္ကျီအသစ် အချို့ကို သွားရောက် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ အင်္ကျီအသစ် ဆိုသော်လည်း တီရှပ်နှင့် ဘောင်းဘီတို များသာ ဖြစ်သော်လည်း ယခင်ကထက်မူ အတော်လေး ကောင်းမွန်လှပေသည်။

ထို့နောက် ဆံပင်ညှပ်ဆိုင်သို့ သွားရောက်ကာ ဆံပင်နှင့် မုတ်ဆိတ်မွေးများကို သေသပ်အောင် ပြုပြင်လိုက်ရာ လွန်စွာ ခန့်ညားချောမောသော လူငယ် တစ်ဦး အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားလေတော့သည်။

ယခုအခါ သူသည် BMW i8 ပြိုင်ကားကြီးကို မောင်းနှင်ကာ လမ်းမများပေါ်တွင် လှည့်လည်သွားလာနေသည်ကို မြင်တွေ့ရသော မိန်းမချောလေးများစွာက သူ့အား တမေ့တမော ငေးကြည့်နေကြလေတော့သည်။

ရက်အနည်းငယ် အကြာတွင်...

အသံလက်ထောက်က ဆွန်ဖုန်းအား ရွှေသတ္တုကြော အသေးလေးကို အပြီးသတ် တူးဖော်ပြီးစီးပြီ ဖြစ်ကြောင်း အသိပေးချက် ဝင်ရောက်လာလေသည်။ တူးဖော်ရရှိသော ရွှေရိုင်းတုံး ပမာဏမှာ စုစုပေါင်း တန်ချိန် နှစ်သောင်းခန့် ရှိပေသည်။

ထိုသတင်းကို ကြားလိုက်ရသောအခါ ဆွန်ဖုန်းသည် လွန်စွာ ပျော်ရွှင်သွားပြီး ပင်လယ်ထဲသို့ အလျင်အမြန် သွားရောက်ကာ ရွှေရိုင်းတုံးများ၊ စက်ရုပ်များနှင့် တူးဖော်ရေး ကိရိယာများကို သိုလှောင်ရုံထဲသို့ သိမ်းဆည်းလိုက်လေတော့သည်။

ယခုအခါတွင် ဆွန်ဖုန်းသည် သူ၏ အငှားအခန်းလေးထဲရှိ ကုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်နှာထက်တွင် အပြုံးများ ဝေဆာနေလေသည်။ တရုတ်ယွမ်ငွေ သန်းနှစ်ရာ့ငါးဆယ်က သူ၏ လက်ထဲသို့ ရောက်ရှိလာတော့မည် မဟုတ်ပါလား။

ထိုရွှေရိုင်းတုံး တန်ချိန် နှစ်သောင်းကို သန့်စင်လိုက်ပါက ရွှေစင် တစ်တန်ကို ရရှိမည် ဖြစ်ပြီး ရောင်းချလိုက်ပါက ယွမ် သန်းနှစ်ရာ့ငါးဆယ်ကို ချက်ချင်း ရရှိမည် ဖြစ်ပေသည်။

လက်ရှိတွင် ဆွန်ဖုန်း၌ အဓိက လုပ်ဆောင်ရမည့် ကိစ္စ နှစ်ခု ရှိနေသည်။ ပထမ တစ်ခုမှာ ဤရွှေများကို မည်သို့ ရောင်းချရမည် ဆိုသည်ကို စဉ်းစားရန် ဖြစ်ပြီး ဒုတိယ တစ်ခုမှာ တူးဖော်ရေး ကိရိယာများနှင့် စက်ရုပ်များကို အားအပြည့် သွင်းပြီးပါက တောင်တရုတ်ပင်လယ်သို့ သွားရောက်ကာ သံသတ္တုကြော ခိုးယူရန်ပင် ဖြစ်ပေသည်။

"ဒီရွှေစင် တစ်တန်ကို ငါ ဘယ်လိုလုပ်ပြီး ရောင်းချရမလဲ..."

ဆွန်ဖုန်းသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း စီးကရက် တစ်လိပ်ကို ဖွာကာ တွေးတောနေမိသည်။

တရုတ်ပြည်မကြီး အတွင်းတွင် ဤမျှ များပြားသော ရွှေများကို ရောင်းချမည် ဆိုပါက သုံးရက်ပင် မခံဘဲ အစိုးရ၏ စစ်ဆေးမှုများကို ခံရပြီး ထောင်ထဲ ရောက်သွားမည်မှာ သေချာလှပေသည်။ အဘယ်ကြောင့်ဆိုသော် ရွှေအရောင်းအဝယ် ကိစ္စများမှာ အလွန် တင်းကျပ်စွာ စစ်ဆေးခံရသောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် ပြည်ပ ဈေးကွက်သို့ သွားရောက် ရောင်းချရန်သာ အကောင်းဆုံး နည်းလမ်း ဖြစ်မည်ဟု သူ တွေးတောမိသည်။ အချိန်တစ်ခု ရွေးချယ်ပြီး နိုင်ငံခြားသို့ သွားရောက် ရောင်းချရန် ဆုံးဖြတ်လိုက်သည်။

"ထားလိုက်တော့... အခု လောလောဆယ် ရွှေရိုင်းတုံးတွေကို အရင် သန့်စင်လိုက်တာ ကောင်းမယ်..."

ဆွန်ဖုန်းသည် စီးကရက်ကို ငြိမ်းသတ်လိုက်ပြီးနောက် စက်ရုံသို့ အလျင်အမြန် သွားရောက်ကာ အားသွင်းထားသော လက်ပတ်နာရီကို ယူဆောင်လာခဲ့လေသည်။

"အသံလက်ထောက်... အခုချက်ချင်း ရွှေရိုင်းတုံးတွေကို သန့်စင်လိုက်စမ်း..."

"အမိန့်နာခံလျက်ပါ ပိုင်ရှင်..."

သတ္တု သန့်စင်ရေး စက်ရုံကို ယခင်ကတည်းက အားသွင်းထားပြီး ဖြစ်ရာ အသံလက်ထောက်သည် သိုလှောင်ရုံထဲရှိ ရွှေရိုင်းတုံး တန်ချိန် နှစ်သောင်းလုံးကို သန့်စင်ရေး စက်ရုံထဲသို့ တိုက်ရိုက် ထည့်သွင်းကာ စတင် လုပ်ဆောင်လေတော့သည်။

ထိုသန့်စင်ရေး စက်ရုံသည် သိုလှောင်ရုံ အတွင်း၌ပင် တည်ရှိနေခြင်း ဖြစ်သည်။ X ကြယ်စုတန်း ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးသည် ကြီးမားကျယ်ပြန့်သော ကမ္ဘာငယ်လေး တစ်ခုအလား ဖြစ်ပြီး စက်ရုပ်များ၊ တူးဖော်ရေး ကိရိယာများနှင့် စက်ရုံများ အားလုံး ထိုအတွင်း၌ပင် အလိုအလျောက် အလုပ်လုပ်နိုင်ကြပေသည်။

သန့်စင်ရေး လုပ်ငန်းစဉ်မှာ အလွန် မြန်ဆန်လှပြီး နာရီဝက်ခန့် အတွင်းမှာပင် ရွှေရိုင်းတုံး တန်ချိန် နှစ်သောင်းလုံးမှာ ရွှေစင် တစ်တန် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဆွန်ဖုန်းသည် ရွှေစင်ချောင်း တစ်ချောင်းကို လက်ထဲတွင် ကိုင်ထားရင်း အလွန်တရာ တောက်ပနေသော အဝါရောင် အလင်းတန်းများကို ကြည့်ကာ မျက်လုံးများပင် ပြာသွားရလေသည်။

"အင်း... ဒီရွှေစင်တွေကို ရောင်းဖို့ ကိစ္စက နောက်မှ နိုင်ငံခြားသွားပြီး ရောင်းမယ်... အခု လောလောဆယ်တော့ ကီလိုဂရမ် အနည်းငယ်လောက်ကို အရင်ထုတ်ရောင်းပြီး အိမ်တစ်လုံးလောက် ဝယ်ထားမှ ဖြစ်မယ်..."

ဆွန်ဖုန်းက တီးတိုး ရေရွတ်လိုက်သည်။

ရွှေစင် တစ်တန်လုံးကို ပြည်တွင်း၌ ရောင်းချရန် မဖြစ်နိုင်သော်လည်း ကီလိုဂရမ် အနည်းငယ်လောက် ရောင်းချခြင်းကတော့ ပြဿနာ မရှိနိုင်ဟု သူ တွေးတောလိုက်လေသည်။

All Chapters