← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) တန်ချိန် တစ်သန်းခွဲကို လက်ဝယ်ရရှိခြင်း

ညအချိန်တွင် ဆားငန်ရနံ့သင်းနေသော ပင်လယ်လေပြေက ရေပြင်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ပြာလဲ့နေသော ပင်လယ်ရေပြင်တွင် လှိုင်းငယ်လေးများ ယိမ်းနွဲ့နေသည်။

ထိုမှောင်မည်းနေသော ပင်လယ်ပြင်ထက်တွင် ဆွန်ဖုန်း တစ်ယောက်တည်း ရေငုပ်စစ်ဝတ်စုံကို ဝတ်ဆင်ကာ ရေပေါ်တွင် ပေါလောပေါ်ရင်း ညစာ စားနေလေသည်။

ဟုတ်ပေသည်။ တစ်နေကုန် အလုပ်လုပ်ကာ ဗိုက်ဆာနေခဲ့ပြီ ဖြစ်ရာ ညဘက်ရောက်မှသာ နာရီဝက်ခန့် အနားယူကာ ဗိုက်ကို ဖြည့်တင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ညစာမှာ ရိုးရှင်းသော်လည်း ဆွန်ဖုန်းကမူ အလွန် အရသာရှိစွာ စားသောက်နေပေသည်။

အဝေးတစ်နေရာတွင် ထိုအမေရိကန်တို့၏ တူးဖော်ရေး ပလက်ဖောင်းမှာ အလုပ်များနေဆဲ ဖြစ်ပြီး သံသတ္တုများကို အဆက်မပြတ် တူးဖော်နေကြသည်။ ပို၍ ဝေးကွာသော ပင်လယ်ပြင်မှလည်း သင်္ဘောဥဩဆွဲသံများကို ကြားနေရပေသည်။

ညစာကို အမြန်စားပြီးနောက် ဆွန်ဖုန်းသည် ရေအောက်သို့ ပြန်ဆင်းသွားကာ တူးဖော်ရေး ကိရိယာများကို ဆက်လက် အလုပ်လုပ်ရန် အမိန့်ပေးလိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

စက်များ စတင် အလုပ်လုပ်သည်နှင့် ဆွန်ဖုန်းသည်လည်း သယ်ဆောင်လာသော သံသတ္တုတုံးများကို အဆက်မပြတ် သိမ်းဆည်းနေရလေသည်။ လက်ရှိတွင် သူ၏ သိုလှောင်ရုံထဲ၌ သံသတ္တု တန်ချိန် သုံးသိန်းကျော်ခန့် ရရှိနေပြီ ဖြစ်သည်။

"အခုမှ အလုပ်စလုပ်တာ ဆယ်နာရီကျော်ပဲ ရှိသေးတယ်... သံသတ္တု တန်ချိန် သုံးသိန်းကျော်တောင် ရနေပြီ... လက်ရှိ ဈေးကွက်ပေါက်ဈေးက တစ်တန်ကို ယွမ် ၆၀၀ လောက် ရှိတယ်ဆိုတော့... ယွမ် သန်းတစ်ရာ့ရှစ်ဆယ် တောင်မှပဲ..."

ဆွန်ဖုန်းမှာ တွေးကြည့်ရုံနှင့်ပင် ရေအောက်တွင် ပျော်လွန်း၍ သတိလစ်လုမတတ် ဖြစ်သွားရလေသည်။ သုံးရက်ကြာပြီးနောက် သူသည် သံသတ္တု တန်ချိန် တစ်သန်းခွဲကို ပိုင်ဆိုင်နိုင်မည် ဖြစ်ရာ တွက်ကြည့်မည် ဆိုပါက... ယွမ် သန်းကိုးရာ ပင် ဖြစ်ပေသည်။

"ယွမ် သန်းကိုးရာ... သုံးရက်အတွင်း ရပြီပဲ..."

ဤမျှ များပြားသော ဂဏန်းအရေအတွက်ကို ယခင်က သူ အိမ်မက်ပင် မမက်ခဲ့ဖူးချေ။ သို့သော် ယနေ့တွင်မူ သုံးရက်လေး အချိန်ပေးရုံဖြင့် ရရှိနိုင်နေပြီ ဖြစ်သည်။

ဤအရာအားလုံးမှာ အစွမ်းထက်မြက်လွန်းသော ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီး ဆိုသည့် ရွှေလက်ချောင်းကြီးကို သူ ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်ပေသည်။

"ဟဲဟဲ... ယွမ် သန်းကိုးရာနော်... ဒီသတ္တုကြောကို တူးနေတဲ့ ဟိုအမေရိကန် နှစ်ကောင်သာ ငါက သူတို့ဆီက တန်ချိန် တစ်သန်းခွဲ ခိုးလိုက်တယ်ဆိုတာ သိသွားရင် ပင်လယ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမလား မသိဘူး... အင်း... မဟုတ်သေးဘူး... တန်ချိန် တစ်သန်းခွဲတည်း မကဘူး... ငါ ပြန်သွားပြီး အားထပ်သွင်းပြီးရင် နောက်ထပ် အကြိမ်ကြိမ် လာတူးဦးမှာ... ဘယ်လိုပဲဖြစ်ဖြစ် ငါ့သတ္တုကြောမှ မဟုတ်တာ... အလကားရနေတာကို မတူးဘဲ နေစရာ အကြောင်းမရှိဘူး..."

ဆွန်ဖုန်းက ကောက်ကျစ်စွာ ပြုံးရင်း ဆက်ပြောလိုက်သည်။

အကယ်၍ ဤသံသတ္တုကြောကို ရှာဖွေတူးဖော်ရန် ရင်းနှီးမြှုပ်နှံထားသော ထိုအမေရိကန် နှစ်ဦးသာ ဤအခြေအနေကို သိရှိသွားပါက ဒေါသထွက်လွန်း၍ သွေးအန်ပြီး သေဆုံးသွားနိုင်ပေသည်။

ဂျက် နှင့် မင်ခိုင် ဟုခေါ်သော ထိုအမေရိကန် နှစ်ဦးသည် ဤတန်ချိန် သန်းရှစ်ဆယ် ရှိသော သံသတ္တုကြောကို ရရှိရန်အတွက် လူအင်အား၊ ငွေကြေးနှင့် ပစ္စည်းများစွာကို အကုန်အကျ ခံခဲ့ရခြင်း ဖြစ်ပေသည်။

ပထမဆုံး အနေဖြင့် သူတို့သည် မိမိတို့ နိုင်ငံ၏ အစိုးရနှင့် အဆက်အသွယ် ပြုလုပ်ကာ သဘောတူညီချက် ရယူပြီးမှသာ ဤနေရာတွင် တူးဖော်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အနေဖြင့် ဖိလစ်ပိုင် အစိုးရနှင့်လည်း အပေးအယူ လုပ်ခဲ့ရသေးသည်။ လူအများအပြားက ဤသံသတ္တုကြောကို မျက်စိကျနေကြသဖြင့် တင်ဒါအောင်မြင်ရန် ငွေကြေး အမြောက်အမြား အသုံးပြုခဲ့ရပေသည်။

ဈေးကွက်ပေါက်ဈေး၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ဖြင့် ရရှိခဲ့သည် ဆိုသော်လည်း အရင်းအနှီး အမြောက်အမြား လိုအပ်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် ဂျက် နှင့် မင်ခိုင် တို့သည် အနာဂတ်တွင် သူတို့၏ သံသတ္တုများမှာ တန်ချိန် သန်းနှင့်ချီ၍ တိတ်တဆိတ် ပျောက်ဆုံးသွားမည်ကို သိရှိသွားပါက အမှန်တကယ်ပင် ပင်လယ်ထဲ ခုန်ချသွားနိုင်ပေသည်။

သို့သော် ဤကိစ္စများကို ဆွန်ဖုန်းက လုံးဝ ဂရုမစိုက်ချေ။ သူသည် အမေရိကန်များကို သဘောမကျသလို ဖိလစ်ပိုင်များကိုလည်း အလွန် မုန်းတီးပေသည်။ သူတို့၏ သံသတ္တုများကို ခိုးယူတူးဖော်ရသည်မှာ သူ၏ ရင်ထဲတွင် တကယ့်ကို အရသာရှိလွန်းလှပေသည်။

တူးဖော်ရေး လုပ်ငန်းများ ဆက်လက် လည်ပတ်နေပြီး ညဘက်ရောက်သောအခါ ဆွန်ဖုန်းသည် သယ်ဆောင်လာသော သံသတ္တုတုံးများကို အလိုအလျောက် သိမ်းဆည်းရန် ရေငုပ်စစ်ဝတ်စုံအား အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ စစ်ဝတ်စုံထဲတွင် အိပ်စက်အနားယူလေတော့သည်။

သုံးရက် ဆက်တိုက် တူးဖော်ရေး လုပ်ငန်းများမှာ အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

ဆွန်ဖုန်း၏ A အဆင့် တူးဖော်ရေး ကိရိယာ ငါးခုလုံး လျှပ်စစ်စွမ်းအင် ကုန်ဆုံးသွားမှသာ အလုပ်ရပ်နားလိုက်လေတော့သည်။

သုံးရက်တိုင်တိုင် နေ့ရောညပါ ရူးသွပ်စွာ တူးဖော်ခဲ့သဖြင့် ယခုအခါ ဆွန်ဖုန်း၏ သိုလှောင်ရုံထဲတွင် သံသတ္တု တန်ချိန် တစ်သန်းခွဲခန့် ရရှိနေပြီ ဖြစ်ပေသည်။

အကာအကွယ် အလွှာ၏ ကျေးဇူးကြောင့် ဤသုံးရက်တာ ကာလအတွင်း သူ၏ ခိုးယူမှုကို မည်သူကမျှ သတိမပြုမိခဲ့ကြချေ။

ပစ္စည်းများ လက်ဝယ်ရရှိသွားပြီ ဖြစ်ရာ ဆွန်ဖုန်းသည် ဆက်လက် မနေထိုင်တော့ချေ။ သုံးရက် ဆက်တိုက် အလုပ်လုပ်ထားသဖြင့် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်ရာ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။

ဆွန်ဖုန်းသည် ကိရိယာ ငါးခုနှင့် စက်ရုပ်များကို သိမ်းဆည်းလိုက်ပြီးနောက် အသံလက်ထောက်အား ချက်ချင်း အမိန့်ပေးလိုက်သည်။

"အမြင့်ဆုံး အရှိန်နဲ့ အိမ်ပြန်မယ်..."

"အမိန့်နာခံလျက်ပါ..."

ရေငုပ်စစ်ဝတ်စုံ၏ အမြင့်ဆုံး အမြန်နှုန်းဖြင့် သွားရောက်ရာ နာရီအနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ဟိုင်ယန်မြို့ ကမ်းစပ်ရှိ အပန်းဖြေစခန်းသို့ ရောက်ရှိသွားလေတော့သည်။

သုံးရက်တိုင်တိုင် ရေမချိုးရသဖြင့် ဆွန်ဖုန်း၏ ကိုယ်မှ အနံ့အသက်များ ထွက်နေသော်လည်း သူ လုံးဝ ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ယွမ် သန်းကိုးရာက သူ၏ လက်ထဲသို့ အသေအချာ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။

ဆွန်ဖုန်းသည် ကားပါကင်မှ ကားကို ယူကာ သူ၏ အငှားအခန်းလေးဆီသို့ အရှိန်ဖြင့် မောင်းနှင်သွားလေသည်။

"သံသတ္တုတွေတော့ ရလာပြီ... ဒါပေမယ့် ဘယ်လို ပြန်ရောင်းရမလဲ..."

ဆွန်ဖုန်းသည် ကားမောင်းရင်း ခေါင်းခဲစရာ ပြဿနာ တစ်ခုကို စဉ်းစားနေမိသည်။

ရွှေများကဲ့သို့ပင် သံသတ္တုများကိုလည်း ရောင်းချရန် အနည်းငယ် ခက်ခဲလှပေသည်။ ရွှေထက် ရောင်းချရ ပိုမို လွယ်ကူသော်လည်း သံသတ္တု တန်ချိန် တစ်သန်းခွဲကို ရုတ်တရက်ကြီး ထုတ်ရောင်းမည် ဆိုပါက အခြားသူများ၏ သံသယကို မည်သို့ ရှောင်လွှဲနိုင်မည်နည်း။ ပထမ အချက်မှာ ဆွန်ဖုန်းသည် ဤလုပ်ငန်းနှင့် ပတ်သက်၍ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျှ မရှိထားခြင်း ဖြစ်ပြီး ဒုတိယ အချက်မှာ မြေပြင်ပေါ်တွင် မည်သည့် သတ္တုတွင်းမျှ မပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။ ဤသို့ လေထဲမှ ရုတ်တရက် ထွက်လာသော သတ္တုများကို ရောင်းချမည် ဆိုပါက မှောင်ခိုသမားဟု အထင်ခံရနိုင်ပြီး အစိုးရ၏ စစ်ဆေးမှုကို ခံရနိုင်ချေ အလွန် များပြားလှပေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ဆွန်ဖုန်းသည် စိတ်ညစ်သွားရလေသည်။

"သောက်ကျိုးနည်း... တကယ့်ကို ခေါင်းကိုက်စရာပဲ..."

ဆွန်ဖုန်းသည် ဤစီးပွားရေး နယ်ပယ်နှင့် ပတ်သက်၍ မည်သည့် အတွေ့အကြုံမျှ မရှိသဖြင့် နားမလည်နိုင်အောင် ဖြစ်နေရသည်။ လောလောဆယ်တွင် ကြုံသလို ဖြေရှင်းရန်သာ ရှိပြီး အရောင်းအဝယ် လမ်းကြောင်းကို အမြန်ဆုံး ရှာဖွေရမည် ဖြစ်ပေသည်။

အငှားအခန်းသို့ ရောက်သောအခါ ဆွန်ဖုန်းသည် အမြန် ရေချိုးလိုက်ပြီးနောက် ကုတင်ပေါ်တွင် လှဲကာ အိပ်စက်အနားယူလိုက်လေတော့သည်။

ညနေ ၆ နာရီအထိ အိပ်ပျော်သွားပြီးနောက် ဆွန်ဖုန်းသည် ကားမောင်းထွက်လာကာ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးကို အားသွင်းရန် သွားရောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်ပတ်ကြာ၍ အားပြည့်သွားပါက နောက်ထပ် ထပ်ခိုးရန် စီစဉ်ထားသောကြောင့် ဖြစ်ပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အလကား ရနေသည် မဟုတ်ပါလား။

စက်ရုံသို့ ရောက်၍ အားသွင်းပြီးနောက် ဆွန်ဖုန်းသည် သူ၏ ဗိုက်ကို ဖြည့်တင်းရန် စဉ်းစားလိုက်လေသည်။

"ငါက မင်းကို သိပ်ချစ်ရက်နဲ့... မင်းက အရူးတစ်ယောက်ကိုမှ ချစ်နေတယ်... အဲဒီအရူးကလည်း မင်းကို ပြန်မချစ်ဘူး... မင်းက အရူးထက်တောင် ပိုရူးနေသေးတယ်... အဲဒီအရူးအတွက် ဆွယ်တာတောင် ထိုးပေးနေသေးတယ်..."

ဆွန်ဖုန်း ကားပေါ်တက်ကာ စားသောက်ဆိုင်သို့ သွားရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဖုန်းမြည်လာခဲ့သည်။

ဖုန်းကို ထုတ်ကြည့်လိုက်ရာ တက္ကသိုလ်မှ ဂျူနီယာ ကျောင်းသူလေး လျန်ယင်း ထံမှ ဖြစ်နေသဖြင့် ဖုန်းကို ကိုင်ကာ နှုတ်ဆက်လိုက်သည်။

"လျန်ယင်း... ဘာကိစ္စ ရှိလို့လဲ..."

အမှန်တကယ်တော့ ယခင် ကုမ္ပဏီတွင် အလုပ်လုပ်စဉ်က ဆွန်ဖုန်းသည် ကျောင်းမယ် အဆင့်ရှိသော ဤလျန်ယင်းလေးကို လိုက်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် သူကိုယ်သူ မတန်မှန်း ကောင်းကောင်း သိထားပေသည်။ ပထမ အချက်မှာ သူ့တွင် ငွေမရှိချေ။ ဒုတိယ အချက်မှာ အိမ်မရှိ၊ ကားမရှိပေ။ ရုပ်ကလေး နည်းနည်း ချောသည်ကလွဲ၍ ဘာမျှ မရှိချေ။

သို့သော် ဆွန်ဖုန်းနှင့် လျန်ယင်းတို့မှာ အလွန် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီတွင် ဆွန်ဖုန်းက လျန်ယင်းအား အလွန် ဂရုစိုက်ပေးခဲ့သောကြောင့် ဖြစ်ပေသည်။ ထို့အပြင် တက္ကသိုလ် တစ်ခုတည်းမှ ကျောင်းဆင်းများ ဖြစ်ကြသဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ သဘာဝကျကျပင် ပိုမို ရင်းနှီးနေခဲ့ခြင်း ဖြစ်ပေသည်။

"အစ်ကို... ဘာကိစ္စမှ မရှိဘဲနဲ့ ဖုန်းဆက်လို့ မရဘူးလားဟင်..."

ဖုန်းတစ်ဖက်မှနေ၍ သာယာညင်သာသော အသံလေး ထွက်ပေါ်လာသည်။

"ရပါတယ်... ရပါတယ်... ဒါနဲ့ မင်း ထမင်းစားပြီးပြီလား... အစ်ကို အခုပဲ ထမင်းသွားစားမလို့..."

ဆွန်ဖုန်းက ပြုံး၍ မေးလိုက်သည်။

"အို... ညီမလည်း အစ်ကိုနဲ့ ထမင်းအတူစားရင်း စကားပြောချင်လို့ ဆက်လိုက်တာ... အစ်ကို အလုပ်ထွက်သွားကတည်းက အစ်ကို့ အခြေအနေကို တစ်ခါမှ မပြောပြဘူးနော်..."

လျန်ယင်း၏ လေသံမှာ အနည်းငယ် ညည်းတွားနေသယောင် ရှိပေသည်။

"ဟားဟား... အစ်ကို နည်းနည်း အလုပ်များနေလို့ပါ... ဒီနေ့ အစ်ကိုက မင်းကို ထမင်းကျွေးပြီး တောင်းပန်ပါ့မယ်... ပိုင်ရှန်း ဟိုတယ်ကို သွားကြမယ်လေ... အစ်ကို ထွက်လာပြီနော်... မင်း နောက်မကျစေနဲ့ဦး..."

ဆွန်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။

"ဝိုး... အစ်ကို... ပိုင်ရှန်း ဟိုတယ် ဆိုတာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီးလေ... အစ်ကို အခုတလော ကြီးပွားနေလို့လား..."

လျန်ယင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ ဆွန်ဖုန်းတွင် ငွေ သိပ်မရှိကြောင်းကို သူမ ကောင်းကောင်း သိထားသည် မဟုတ်ပါလား။

"ဟဲဟဲ... အစ်ကို နည်းနည်းပါးပါးလေး ငွေဝင်ထားလို့ပါ... အဆင့်မြင့် ဟိုတယ်လောက် သွားစားဖို့က ပြဿနာ မရှိပါဘူးကွာ..."

ဆွန်ဖုန်းက နှာခေါင်းကို ပွတ်ရင်း ပြန်ဖြေလိုက်သည်။

"ငွေဝင်ထားတယ် ဟုတ်လား..."

"အင်း... ခဏနေ ထမင်းစားရင်းနဲ့မှ ဆက်ပြောပြမယ်... အခု မြန်မြန် ထွက်ခဲ့တော့..."

"ကောင်းပြီလေ... ခဏနေရင် အစ်ကို့ ပိုက်ဆံတွေ အများကြီး ကုန်အောင် စားပစ်မယ်..."

All Chapters