← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈) အစ်ကို့ဆီမှာသာ လာလုပ်ပါ

ပိုင်ရှန်း ဟိုတယ်သို့ ဆွန်ဖုန်း ကိုယ်တိုင် ကားမောင်းလာခြင်းဖြစ်ရာ သိပ်မကြာခင်မှာပင် ရောက်ရှိသွားလေသည်။

ဟိုတယ်ထဲသို့ ရောက်သောအခါ ဆွန်ဖုန်းသည် သီးသန့်ခန်းတစ်ခန်းယူပြီး ဟင်းလျာများ စတင်မှာယူလိုက်သည်။ ဟင်းမှာပြီးသည်နှင့် တစ်ပြိုင်နက် လျန်ယင်းထံမှ ဖုန်းဝင်လာခဲ့သည်။

"အစ်ကိုဖုန်း... ညီမ ရောက်ပြီ... အစ်ကို ဘယ်မှာလဲ..."

ဖုန်းထဲမှနေ၍ လျန်ယင်း၏ သာယာလှသော အသံလေး ထွက်ပေါ်လာသည်။

"အစ်ကိုက တတိယထပ် သီးသန့်ခန်း အမှတ် ၁၅ မှာ... မင်းဘာသာ တက်လာခဲ့လိုက်လေ..."

ဆွန်ဖုန်းက ဖုန်းကိုကိုင်ကာ လျန်ယင်းအား ပြောလိုက်သည်။

"ဟုတ်ကဲ့... အခုလာခဲ့မယ်..."

ဖုန်းချပြီး မိနစ်အနည်းငယ် အကြာတွင် လျန်ယင်းသည် သီးသန့်ခန်းထဲသို့ ရောက်ရှိလာသည်။

ယနေ့တွင် လျန်ယင်းသည် ဂါဝန်အဖြူရောင်လေးကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံပင်ရှည်များကို စည်းနှောင်မထားဘဲ ဖားလျားချထားသည်။ နတ်သမီးလေးတစ်ပါးအလား ဖြူဖွေးလှပသော မျက်နှာလေးနှင့်မို့ အထူးတလည်ပင် လှပနေပေသည်။

လျန်ယင်း ဝင်ထိုင်ပြီးသည်နှင့် သိချင်စိတ် ပြင်းပြနေသော ကလေးငယ်လေး တစ်ယောက်အလား ဆွန်ဖုန်းအား စိုက်ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုဖုန်း... ခုနက ဖုန်းထဲမှာ အစ်ကို ပိုက်ဆံတွေ အများကြီး ရထားတယ်ဆို... ထီပေါက်တာများလား... ကြယ်ငါးပွင့် ဟိုတယ်ကြီးမှာတောင် ထမင်းလာကျွေးနိုင်တယ်ဆိုတော့..."

"ဟဲဟဲ... ဟုတ်တယ်... ထီပေါက်တာ... အခု အစ်ကိုလည်း သူဌေးဖြစ်နေပြီကွ... ခဏနေရင် မင်း ကြိုက်သလောက်သာ စား..."

ဆွန်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။ တကယ်တမ်းတွင်မူ သူ ထီပေါက်သည်ဆိုသည်မှာလည်း မမှားပေ။ အစွမ်းထက်လှသော ရွှေလက်ချောင်း စနစ်ကြီးက သူ့ထံသို့ ရောက်ရှိလာခဲ့သောကြောင့်သာ ယနေ့လို အခြေအနေမျိုးကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။

"တကယ်ကြီးလား..."

လျန်ယင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း လုံးဝ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"မင်းကို လိမ်ပြီး ဘာလုပ်ရမှာလဲ... မင်းသုံးဖို့ ပိုက်ဆံ နည်းနည်းလောက် ချေးပေးရမလား... ဟဲဟဲ..."

"တကယ်ပြောနေတာလား... အဲဒါဆိုလည်း ညီမသုံးဖို့ ယွမ် သိန်းဂဏန်းလောက် ချေးပေးလေ..."

အမှန်တော့ လျန်ယင်းမှာ သိပ်မယုံကြည်သေးသဖြင့် နောက်ပြောင်သည့်အနေဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။

"ရတာပေါ့... ဒါနဲ့ မင်း အလုပ်ထွက်လိုက်ပါလား... ငါ့ဆီမှာပဲ လာလုပ်လေ... အစ်ကို အခုတလော ကုမ္ပဏီတစ်ခု ထောင်ထားတယ်..."

ဆွန်ဖုန်းက အတည်ပေါက် ပြောလိုက်သည်။

"အယ်... ဆွန်ဖုန်း... နင် ဖျားများနေလား... ဘယ်တုန်းက ကုမ္ပဏီ ထောင်လိုက်တာလဲ..."

"......"

ထိုသို့ဖြင့် သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဟင်းပွဲများနှင့် အရက်များ ရောက်ရှိလာခဲ့သည်။

စားပွဲထိုးက ၁၉၈၂ ခုနှစ်ထုတ် လာဖိုက် ဝိုင်နီ နှစ်ပုလင်းကို လာချပေးသောအခါ လျန်ယင်း၏ မျက်လုံးများမှာ ကြက်ဥလောက်နီးပါး ပြူးကျယ်သွားရလေသည်။

ထို့နောက် ဆွန်ဖုန်းနှင့် လျန်ယင်းတို့မှာ စားရင်းသောက်ရင်း စကားများ ဆက်လက် ပြောဆိုဖြစ်ကြသည်။ အများအားဖြင့် လျန်ယင်းက သူမ၏ အလုပ်ခွင်အကြောင်းများ၊ ဟိုဝက်ဝဖြိုး မန်နေဂျာက သူမကို မည်သို့မည်ပုံ အခက်တွေ့အောင် လုပ်သည့် အကြောင်းများနှင့် သူမအား အခွင့်အရေးယူရန် ကြိုးစားသည့် အကြောင်းများကို ရင်ဖွင့်နေခြင်းသာ ဖြစ်သည်။

ထိုအကြောင်းများကို ကြားရသောအခါ ဆွန်ဖုန်းမှာ ထိုမန်နေဂျာစုတ်ကို အခုချက်ချင်း ပြေး၍ ထိုးကြိတ်ပစ်ချင်စိတ်များပင် ပေါက်လာခဲ့သည်။

သူတို့နှစ်ဦးလုံး ဝိုင်နီများ သောက်ထားကြပြီး ခွက်အတော်များများ ကုန်သွားသောအခါတွင် စကားများမှာ အနည်းငယ် လေလွင့်လာကြသည်။ အထူးသဖြင့် ဆွန်ဖုန်းက လျန်ယင်းအား စနောက်ကာ နှုတ်ဖြင့် အခွင့်အရေးယူရန် စကားများ စတင် ပြောဆိုလာလေသည်။

"လျန်ယင်း... ကြည့်လေ... အစ်ကိုက အခု သူဌေးလည်း ဖြစ်နေပြီ... ရုပ်ကလည်း ချောသေးတယ်... ပြီးတော့ မင်းမှာလည်း ရည်းစားမရှိသေးဘူးဆိုတော့... အစ်ကိုနဲ့ပဲ တွဲလိုက်ပါလား... အစ်ကို့ကောင်မလေး လုပ်မယ်ဆိုရင် မင်းကို ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ အစ်ကို အာမခံတယ်..."

ဆွန်ဖုန်းသည် ဝိုင်နီ တစ်ပုလင်းနီးပါးခန့် သောက်ထားသဖြင့် အာလေးလျှာလေး ဖြစ်နေပြီး စကားပြောရာတွင်လည်း ခေါင်းထဲမှ သေချာ မစဉ်းစားတော့ချေ။

"အစ်ကိုဖုန်း... ငါ့ကို လိုက်ချင်ရင် အဲဒီလောက် မလွယ်ဘူးနော် ပြောထားမယ်... တက္ကသိုလ်တုန်းကဆို ငါ့နောက်ကို လိုက်တဲ့သူတွေ တစ်ပုံကြီးပဲ... အခု ကုမ္ပဏီမှာတောင် လိုက်နေတဲ့သူတွေ အများကြီး... ငါ့ကို ရချင်ရင်တော့ သေချာ ကြိုးစားရဦးမယ်..."

လျန်ယင်းသည် ဝိုင်နီ နောက်တစ်ခွက်ကို မော့သောက်လိုက်ရင်း မျက်နှာလေး နီမြန်းကာ မူးယစ်နေသော မျက်လုံးလေးများဖြင့် ပြန်ပြောလိုက်သည်။

လျန်ယင်း ကိုယ်တိုင်လည်း အတော်လေး သောက်ထားသဖြင့် မူလက ယဉ်ကျေးလှပသော မိန်းကလေး ပုံစံမှ ချက်ချင်းပင် 'ငါ' ဟု အချိုးပြောင်းကာ သုံးနှုန်းလာလေသည်။

"ဘာဖြစ်လဲ... တက္ကသိုလ်တုန်းက အစ်ကို့နောက်ကို လိုက်တဲ့ ကောင်မလေးတွေလည်း အများကြီးပဲ... အဲဒီတုန်းက အစ်ကိုက ကျောင်းရဲ့ အချောဆုံးကောင်လေးကွ..."

ဆွန်ဖုန်းကလည်း ကြားကြားချင်း ကြွားလုံးထုတ်လေတော့သည်။

သူတို့နှစ်ဦး ဆက်လက် စားသောက်နေကြရင်း ရုတ်တရက် လျန်ယင်းသည် စားပွဲပေါ်သို့ မှောက်ချကာ ငိုချလိုက်လေသည်။ အလွန်ကို ဝမ်းနည်းပူဆွေးစွာဖြင့် မျက်ရည်များ ပေါက်ပေါက်သီအောင် ငိုကြွေးနေတော့သည်။

"ဟင့်... ဟင့်..."

လျန်ယင်းသည် စားပွဲပေါ် မှောက်လျက်ဖြင့် သူမ၏ ကိုယ်လုံးလေး တုန်ရီနေအောင် ငိုကြွေးနေသည်။

ဤအခြေအနေကို ကြည့်ပြီး ဆွန်ဖုန်း တစ်ယောက် ကြောင်အမ်းသွားခဲ့သည်။ ခုနလေးတင် ရယ်ရယ်မောမောဖြင့် စားသောက်နေကြသည် မဟုတ်ပါလား၊ မည်သို့ဖြစ်၍ ဤကောင်မလေး ရုတ်တရက်ကြီး ဤမျှ အသည်းအသန် ငိုချလိုက်ရသနည်း။

"လျန်ယင်း... ဘာဖြစ်လို့လဲ... နေမကောင်းလို့လား..."

ဆွန်ဖုန်းသည် လျန်ယင်း၏ ဘေးသို့ အမြန်သွားထိုင်လိုက်ပြီး သူမ၏ ကျောပြင်လေးကို ပုတ်ပေးရင်း မေးလိုက်သည်။

"ဟင့်... ဟင့်..."

လျန်ယင်းသည် ဆွန်ဖုန်း၏ ရင်ခွင်ထဲသို့ တိုက်ရိုက် မှီချလိုက်ပြီး ဆက်လက် အားရပါးရ ငိုကြွေးနေသည်။

"ဟာ... လျန်ယင်း... မင်း တကယ် ဘာဖြစ်လို့လဲ... တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့လား... အစ်ကို့ကို ပြော... အစ်ကို သွားပြီး ဆုံးမပေးမယ်..."

လျန်ယင်း အသည်းအသန် ငိုနေသည်ကို ကြည့်ပြီး ဆွန်ဖုန်းက သူမ ကုမ္ပဏီတွင် တစ်ခုခု အခက်အခဲ တွေ့လာသည် သို့မဟုတ် တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်သည်ဟု ထင်သွားခဲ့သည်။

"ဟင့်... ဟင့်... ငါ... ငါ အလုပ်ပြုတ်သွားပြီ..."

"ပြုတ်ရင်လည်း ပြုတ်သွားပါစေပေါ့... ဘာများ အရေးကြီးလို့လဲ... မင်း အစ်ကို့ဆီမှာပဲ လာလုပ်... အစ်ကို ကုမ္ပဏီ ထောင်ထားတယ်လို့ ပြောသားပဲ... နောက်ဆို အစ်ကို့ ကုမ္ပဏီမှာပဲ လာလုပ်... မင်းကို မန်နေဂျာ ရာထူး ပေးမယ်... တစ်လကို လစာ ယွမ် နှစ်သောင်းပေးမယ်..."

ဆွန်ဖုန်းက နှစ်သိမ့်လိုက်သည်။

"တကယ်လား..."

လျန်ယင်းက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် မေးလိုက်သည်။

"တကယ်ပေါ့... မင်းကို လိမ်ပြီး ဘာလုပ်ရမှာလဲ..."

ဆွန်ဖုန်းက ရယ်ကျဲကျဲဖြင့် လျန်ယင်း၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။

"ဒါနဲ့ မင်း ဘယ်လိုဖြစ်ပြီး အလုပ်ပြုတ်သွားတာလဲ..."

ဆွန်ဖုန်းက မေးလိုက်သည်။

"ငါ အလုပ်လုပ်နေတုန်း အမှားအယွင်းလေး တစ်ခု ဖြစ်သွားလို့ ကုမ္ပဏီကို နည်းနည်း ပြဿနာ တက်စေခဲ့တယ်... အဲဒါက တကယ်တော့ အလုပ်ထုတ်ခံရတဲ့အထိ မဆိုးရွားပါဘူး... ဒါပေမယ့် အဲဒီ ဝက်ဝဖြိုး မန်နေဂျာက အဲဒီကိစ္စကို အကြောင်းပြပြီး... သူ... သူက ငါ့ကို သူ့အတွက် ကိုယ်ခန္ဓာ ပေးဆက်ဖို့ အတင်းအကျပ် တောင်းဆိုတယ်... အဲဒီလိုမှ မလုပ်ရင် အလုပ်ထုတ်ပစ်မယ် ဆိုလို့ ငါ ကိုယ့်ဘာသာပဲ အလုပ်ထွက်စာ တင်လိုက်တာ..."

"ခွေးကောင်..."

ဆွန်ဖုန်းက ကြားပြီးနောက် ဒေါသတကြီး ဆဲရေးလိုက်သည်။

"အစ်ကိုဖုန်း... အစ်ကို့မှာ တကယ် ပိုက်ဆံရှိတာလား..."

လျန်ယင်း၏ စိတ်ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် ရုတ်တရက် ဆွန်ဖုန်းအား မေးလိုက်သည်။

"အင်း... ရှိတာပေါ့..."

"အဲဒါဆို... အဲဒါဆို ညီမကို ပိုက်ဆံ နည်းနည်းလောက် ချေးပေးလို့ ရမလားဟင်..."

လျန်ယင်းက ခေါင်းငုံ့ကာ ခြင်သံလေးလောက်ဖြင့် တိုးတိုးလေး မေးလိုက်သည်။

လျန်ယင်း၏ အားနာနေသော ပုံစံလေးကို မြင်သောအခါ ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

"မင်း ဘယ်လောက် လိုချင်လို့လဲ... ယွမ် နှစ်သိန်းလား၊ ဒါမှမဟုတ် ငါးသိန်းလား..."

အမှန်တကယ်တော့ ယနေ့ညတွင် လျန်ယင်း၌ အလုပ်ပြုတ်ခြင်း တစ်ခုတည်း မဟုတ်ဘဲ အခြားသော သောကများ ရှိနေကြောင်းကို ဆွန်ဖုန်း ရိပ်မိထားပေသည်။ ယခု လျန်ယင်းက ငွေချေးချင်သည်ဟု ပြောလာသောအခါ သူက တမင်သက်သက် ဤသို့ မေးလိုက်ခြင်း ဖြစ်သည်။

"ညီမအမေ ကင်ဆာဖြစ်နေလို့... ခွဲစိတ်ဖို့ လိုနေတာ..."

လျန်ယင်း စကားတစ်ဝက်သာ ရှိသေးစဉ် ဆွန်ဖုန်းက ဖြတ်ပြောလိုက်သည်။

"ဪ... အန်တီ နေမကောင်းဖြစ်နေတာကိုး... ပြဿနာ မရှိဘူး... မင်းကို အခုချက်ချင်းပဲ ယွမ် ငါးသိန်း ချေးပေးမယ်..."

"ရှင်... ယွမ် ငါးသိန်း... အစ်ကိုဖုန်း... အစ်ကို့မှာ တကယ် အဲဒီလောက် ပိုက်ဆံတွေ အများကြီး ရှိလို့လား..."

လျန်ယင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

"အစ်ကိုက သူဌေးပါလို့ ပြောနေတာကို... မင်းကမှ မယုံတာ..."

ဆွန်ဖုန်းမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။

ထိုနောက် ဆက်လက် စကားပြောဆိုမှုများ အရ ယနေ့တွင် ဤကောင်မလေး မည်သို့ဖြစ်၍ အသည်းအသန် ငိုကြွေးနေရသည်ကို ဆွန်ဖုန်း သိရှိသွားလေသည်။ ပထမ အချက်မှာ သူမ အလုပ်ပြုတ်သွားခြင်း ဖြစ်ပြီး၊ ဒုတိယ အရေးအကြီးဆုံး အချက်မှာ သူမ၏ မိခင် ဆေးကုသရန်အတွက် ငွေကြေး အမြောက်အမြား လိုအပ်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် သူမသည် မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်ပြီး၊ သူမတို့ ဇာတိမှာ တောရွာလေး ဖြစ်ကာ လွန်စွာ ဆင်းရဲလှသည်။ သူမကို တက္ကသိုလ် ထားပေးနိုင်ရန်ပင် မိဘများက အံကြိတ်၍ ရုန်းကန်ခဲ့ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မိခင်ကို ဆေးကုသပေးရန် ငွေကြေး လုံးဝ မရှိတော့ချေ။

ထို့အပြင် အလုပ်ပါ ပြုတ်သွားပြီး မိခင်အတွက် ဆေးဖိုးဝါးခ မရှိဖြစ်နေသဖြင့် သူမသည် ယနေ့ညတွင် လွန်စွာ စိတ်ဖိစီးမှုများကို မခံစားနိုင်တော့ဘဲ ဆွန်ဖုန်းကို ခေါ်ယူကာ ရင်ဖွင့်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင် သူမသည် မိမိကိုယ်တိုင်အတွက် အမှောင်လမ်း တစ်ခုကိုပင် ရွေးချယ်ရန် စဉ်းစားထားပြီး ဖြစ်သည်။ ထိုအရာမှာ ညကလပ်များတွင် ခန္ဓာကိုယ်ကို ရောင်းချရန်ပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ငွေရှာရန် အခြား မည်သည့် နည်းလမ်းမှ မရှိတော့သောကြောင့် ဖြစ်သည်။

ဖိအားပေါင်းစုံက သူမ တစ်ယောက်တည်း အပေါ်သို့ ကျရောက်နေသဖြင့် အရက်သောက်ပြီးချိန်တွင် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးမိခဲ့ခြင်း ဖြစ်ပေသည်။

လျန်ယင်း၏ အဖြစ်အပျက်များကို ကြားရသောအခါ ဆွန်ဖုန်းသည် သက်ပြင်းချလိုက်မိသည်။ ဘဝ ဆိုသည်မှာ ဤသို့ပင် ဖြစ်လေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် လျန်ယင်းသည် ဆွန်ဖုန်းနှင့် ဆုံတွေ့ခဲ့ပေသည်။

"ကဲပါ... နောက်ဆိုရင် မင်း အစ်ကို့ဆီမှာပဲ လာလုပ်တော့... မင်းကို ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ အာမခံတယ်..."

စားသောက်ပြီးနောက် ဟိုတယ်မှ အထွက်တွင် ဆွန်ဖုန်းက လျန်ယင်းအား ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းသည် သူမ၏ ဘဏ်အကောင့်ထဲသို့ ယွမ် ငါးသိန်းကို ချက်ချင်း လွှဲပြောင်းပေးလိုက်လေသည်။

"အစ်ကိုဖုန်း... ကျေးဇူးတင်ပါတယ်နော်..."

လျန်ယင်းသည် မျက်လုံးများ နီရဲလျက် ဆွန်ဖုန်းအား ကြည့်ကာ ပြောလိုက်သည်။

"ကဲ... မငိုနဲ့တော့... ငိုရင် မလှတော့ဘူး... လာ... မင်း အိမ်ကို အစ်ကို လိုက်ပို့ပေးမယ်..."

ဆွန်ဖုန်းက ပြုံး၍ လျန်ယင်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"အင်း..."

ဆွန်ဖုန်း မောင်းနှင်လာသော ယွမ်သန်းနှင့်ချီ တန်သည့် ပြိုင်ကားကြီးကို မြင်လိုက်ရသောအခါ လျန်ယင်းသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားလေသည်။ အနည်းဆုံးတော့ ဆွန်ဖုန်းတွင် တကယ် ငွေရှိကြောင်း သူမ သိရှိသွားပေပြီ။ သူမက ယွမ် ငါးသိန်း ချေးယူလိုက်သဖြင့် ဆွန်ဖုန်း၏ ကုမ္ပဏီ လည်ပတ်မှုကို ထိခိုက်သွားမည်ကို သူမ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ဆွန်ဖုန်းတွင် ငွေကြေးများစွာ ရှိနေပြီး ဤယွမ် ငါးသိန်းလောက်ကို လုံးဝ ဂရုစိုက်မည် မဟုတ်ကြောင်းကို လျန်ယင်း မသိရှိချေ။ ထိုငွေကြေးများမှာ အမှန်တကယ် တရုတ်ယွမ်ငွေ အဖြစ်သို့ မပြောင်းလဲရသေးသော်လည်း သူ့အတွက်မူ လုံးဝ ပြဿနာ မရှိပေ။

All Chapters