အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉) ရွှေများကို ရောင်းချခြင်း
နောက်တစ်နေ့တွင် လျန်ယင်းသည် မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် ဇာတိရွာသို့ ပြန်သွားခဲ့သည်။ ဆွန်ဖုန်း ပေးလိုက်သော ယွမ် ငါးသိန်းသည် ဆေးကုသစရိတ်အတွက် လုံလောက်မည်ဟု ယူဆရသည်။ မိခင်ဖြစ်သူ ခွဲစိတ်ကုသမှု ခံယူပြီးပါက ဆွန်ဖုန်း၏ ကုမ္ပဏီတွင် လာရောက် အလုပ်လုပ်မည်ဟုလည်း သူမက ကတိပေးသွားခဲ့သည်။
ဆွန်ဖုန်း၏ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးမှာမူ အားသွင်းနေဆဲ ဖြစ်သည်။ A အဆင့် တူးဖော်ရေး ကိရိယာ ငါးခုနှင့် စက်ရုပ် တစ်ရာကျော်ကို အားအပြည့် သွင်းရန်အတွက် ခုနစ်ရက်ခန့် ကြာမြင့်မည် ဖြစ်ပေသည်။
ထို့ကြောင့် လာမည့် ရက်အနည်းငယ် အတွင်းတွင် ဆွန်ဖုန်းသည် အလုပ်မရှိဘဲ အားလပ်နေမည် ဖြစ်သည်။ ယခု သူ အဓိက လုပ်ဆောင်ရမည့် အလုပ်မှာ ရွှေများကို ရောင်းချရန်နှင့် သံသတ္တုတုံးများအတွက် ဈေးကွက် ရှာဖွေရန်သာ ဖြစ်ပေသည်။
ယမန်နေ့ညက တစ်ညလုံး စဉ်းစားပြီးနောက် ဆွန်ဖုန်းသည် သံသတ္တုတွင်း အသေးစား တစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူ၏ သံသတ္တုများ မည်သည့်နေရာမှ ရောက်ရှိလာသည် ဆိုသည့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရရှိသွားမည် ဖြစ်ပေသည်။
သို့သော် သံသတ္တုတွင်း အသေးစား တစ်ခု ဝယ်ယူရန်အတွက်ပင် ငွေကြေး အမြောက်အမြား လိုအပ်မည် ဖြစ်ပြီး လက်ရှိတွင် ဆွန်ဖုန်း၌ ယွမ် တစ်သန်းပင် မပြည့်တော့ချေ။ ထို့ကြောင့် သူသည် ရွှေများကို အရင်ဆုံး ရောင်းချရန်သာ စီစဉ်ရမည် ဖြစ်သည်။
နံနက်ပိုင်းတွင် ဆွန်ဖုန်းသည် ကားမောင်းကာ သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံသို့ ထွက်လာခဲ့သည်။ နိုင်ငံခြားသို့ သွားရောက် ရောင်းချရန် စီစဉ်ထားသဖြင့် အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်သော သူ၏ အစား ဘာသာပြန်ပေးနိုင်မည့် ဝူမုန်ရှင်းကို ခေါ်သွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤဘွဲ့ရကာစ ပညာတတ်မလေးက အင်္ဂလိပ်စာ ကျွမ်းကျင်မည်မှာ သေချာလှပေသည်။
ရုံးခန်းထဲသို့ ဝင်သွားသောအခါ ဝူမုန်ရှင်းသည် အလွန် ပျင်းရိငြီးငွေ့ဖွယ် ကောင်းစွာဖြင့် ဂိမ်းဆော့နေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူမ၏ အပြစ်တော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် ဘာလုပ်ရမည်မှန်း မသိအောင် အလုပ်မရှိသောကြောင့် ဖြစ်ပေသည်။
သို့သော် ဆွန်ဖုန်း ရုတ်တရက် ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမ အလွန် လန့်သွားခဲ့သည်။
"သူဌေး..."
ဝူမုန်ရှင်းသည် ဆွန်ဖုန်းကို မြင်သည်နှင့် ဂိမ်းကို အလျင်အမြန် ပိတ်လိုက်သည်။
"အို... LOL ဆော့နေတာလား... ဘယ်အဆင့် ရောက်ပြီလဲ..."
ဆွန်ဖုန်းက သူမ၏ ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်သည်။
"စိန်အဆင့် ၁ ပါ..."
ဝူမုန်ရှင်းက အသံတုန်တုန်ဖြင့် ဖြေလိုက်သည်။ သူမသည် ရုံးချိန်အတွင်း ဂိမ်းဆော့နေသည်ကို သူဌေး မိသွားသဖြင့် အလုပ်ပြုတ်တော့မည်ဟု တွေးကာ အလွန် ကြောက်ရွံ့နေမိသည်။
ဆွန်ဖုန်းမှာ သူမ၏ စကားကြောင့် ရင်ထဲတွင် အနည်းငယ် ရှက်သွားမိသည်။ 'သောက်ကျိုးနည်း... ငါက သုံးနှစ်လောက် ဆော့တာတောင် ငွေအဆင့်ပဲ ရှိသေးတယ်... ဒီကောင်မလေးက စိန်အဆင့် ၁ တောင် ရောက်နေပြီလား... ဒီလောက်လှတဲ့ ရုပ်လေးနဲ့ ဂိမ်းဆော့တာ ဒီလောက် တော်နေမှတော့ ဂိမ်း Streamer သွားလုပ်ရင် ပိုကောင်းမှာပဲ...' ဟု တွေးတောလိုက်မိသည်။
"မင်း ပစ္စည်းတွေ သိမ်းထားလိုက်... ပြီးရင် နိုင်ငံကူးလက်မှတ် သွားလုပ်ရအောင်... နောက်ရက်အနည်းငယ် နေရင် ငါတို့ အမေရိကန် သွားကြမယ်..."
ဆွန်ဖုန်းက ဝူမုန်ရှင်းကို ဖယ်ခိုင်းပြီး သူကိုယ်တိုင် ဂိမ်းဝင်ဆော့နေလေတော့သည်။
ဝူမုန်ရှင်းမှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။ ဆူပူကြိမ်းမောင်းခံရမည်ဟု ထင်မှတ်ထားသော်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"အမေရိကန် သွားမယ်... ဟုတ်လား..."
"အင်း... ဟုတ်တယ်... နိုင်ငံကူးလက်မှတ် အမြန်သွားလုပ်... မင်းအတွက်ရော ငါ့အတွက်ရော..."
"ဟုတ်ကဲ့ပါ..."
ဝူမုန်ရှင်းသည် အမေရိကန်သို့ ဘာသွားလုပ်မည်ကို မမေးတော့ဘဲ နိုင်ငံကူးလက်မှတ် လုပ်ရန် ထွက်သွားလေတော့သည်။
"ကျစ်... အသတ်ခံရပြန်ပြီ..."
ဝူမုန်ရှင်း ထွက်သွားပြီးနောက် ရုံးခန်းထဲမှ ဆွန်ဖုန်း၏ ညည်းတွားသံ ထွက်ပေါ်လာလေသည်။
သုံးရက်အကြာတွင် ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့သည် အမေရိကန်သို့ သွားမည့် လေယာဉ်ပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
လေယာဉ်ပေါ်တွင် ဝူမုန်ရှင်းသည် အလွန် စိတ်လှုပ်ရှားနေပြီး ဟိုဟိုဒီဒီ ကြည့်ရှုနေလေသည်။
"မင်းက ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ..."
ဆွန်ဖုန်းက သူမအား နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ကျွန်မက အခုမှ နိုင်ငံခြားကို ပထမဆုံးအကြိမ် ထွက်ဖူးတာလေ... အမေရိကန် ကိုလည်း ပထမဆုံးအကြိမ် သွားဖူးတာဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ..."
ဝူမုန်ရှင်းက မျက်နှာလေး နီရဲကာ ဖြေလိုက်သည်။
"အင်း..."
"အစ်ကိုဖုန်း... ငါတို့ အမေရိကန်ကို ဘာသွားလုပ်ကြမှာလဲဟင်..."
ဝူမုန်ရှင်းက သတိရသွားကာ မေးလိုက်သည်။
"ပိုက်ဆံ သွားရှာမလို့လေ... ပြီးတော့ လည်ပတ်ကြမယ်... အပန်းဖြေကြမယ်ပေါ့..."
ဆွန်ဖုန်းက ခပ်ကြွားကြွား ပြောလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မြို့တော်သို့ သွားရောက်ကာ ဆွစ်ဇာလန် ဘဏ်အကောင့် တစ်ခု ဖွင့်လှစ်ခဲ့ပြီး အမေရိကန်တွင် ရွှေရောင်းချရန် နေရာများကိုလည်း အင်တာနက်မှ တစ်ဆင့် သေချာစွာ ရှာဖွေလေ့လာခဲ့ပြီး ဖြစ်ပေသည်။
"တကယ်လား..."
ဝူမုန်ရှင်းက ဝမ်းသာအားရဖြင့် မေးလိုက်သည်။
"မင်းကို လိမ်ပြီး ဘာလုပ်ရမှာလဲ..."
လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့သည် ကြိုတင် ကြိုတင်မှာယူထားသော ဟိုတယ်သို့ သွားရောက်ကာ အနားယူကြသည်။ အမောပြေပြီးနောက် ဆွန်ဖုန်းသည် ဝူမုန်ရှင်းအား ခေါ်ဆောင်ကာ နယူးယောက်မြို့၏ ညအလှကို ခံစားရင်း လည်ပတ်ကြလေသည်။
နောက်တစ်နေ့တွင်မူ တကယ့် အလုပ်ကို စတင်ရန် အချိန်ရောက်လာလေပြီ။ ဆွန်ဖုန်းသည် ဝူမုန်ရှင်းအား ခေါ်ဆောင်ကာ နယူးယောက်မြို့ရှိ နာမည်ကြီး လေလံရုံ တစ်ခုသို့ သွားရောက်ခဲ့သည်။
ဆွန်ဖုန်း စုံစမ်းသိရှိထားသည်မှာ ဤလေလံရုံသည် ပစ္စည်းများကို လေလံတင်ရုံသာမက ရှေးဟောင်းပစ္စည်းများ၊ ကျောက်စိမ်းများနှင့် ရွှေများကိုပါ တိုက်ရိုက် ဝယ်ယူလေ့ရှိကြောင်း သိရသည်။ ထို့အပြင် နောက်ခံ အင်အားလည်း အလွန် ကြီးမားသဖြင့် ဤနေရာတွင် ရွှေအချို့ကို ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရှန်းရှီ လေလံရုံ…
"လူကြီးမင်းတို့... လေလံပွဲ တက်ရောက်ဖို့ လာတာလား... ဒါမှမဟုတ် ပစ္စည်း ရောင်းချဖို့ လာတာလား ခင်ဗျာ..."
ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့ ဝင်ပေါက်သို့ ရောက်သည်နှင့် လူမည်း အစောင့် တစ်ဦးက တားဆီးကာ မေးမြန်းလိုက်သည်။
ဆွန်ဖုန်းသည် ထိုလူမည်း ဘာပြောနေသည်ကို နားမလည်သဖြင့် ဝူမုန်ရှင်းအား ဘာသာပြန်ခိုင်းရလေသည်။
ဝူမုန်ရှင်းက ဘာသာပြန်ပေးပြီးနောက် ဆွန်ဖုန်းက ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ ပစ္စည်း လာရောင်းတာပါ..."
"ပစ္စည်း ရောင်းချချင်ရင် အနောက်ပေါက်ကနေ ဝင်ရမှာပါ... ဒီအရှေ့ပေါက်က လေလံပွဲ တက်မယ့်သူတွေ ဝင်တဲ့ပေါက်ပါ..."
"ကျစ်... မှားဝင်လာတာပဲ..."
နောက်ဆုံးတွင် ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့သည် အနောက်ပေါက်သို့ ရောက်ရှိသွားကြသည်။
အတွင်းသို့ ဝင်သွားသောအခါ ဆွန်ဖုန်းသည် ဤပစ္စည်း အရောင်းအဝယ် ဌာနမှာ ရှေးခေတ် ပေါင်နှံရေးဆိုင်များနှင့် အနည်းငယ် ဆင်တူကြောင်း တွေ့လိုက်ရသည်။
ထို့အပြင် နေရာများကိုလည်း ခွဲခြားထားပြီး ကျောက်စိမ်းနှင့် ရှေးဟောင်းပစ္စည်းများအတွက် ကောင်တာ တစ်ခု၊ စိန်၊ ရွှေ၊ ငွေများအတွက် ကောင်တာ တစ်ခု သီးသန့် ထားရှိလေသည်။
ဆွန်ဖုန်းသည် ရွှေအရောင်းအဝယ် ကောင်တာသို့ သွားရောက်ကာ ဝူမုန်ရှင်းအား ဘာသာပြန်ခိုင်းလိုက်သည်။
"၂၄ ကာရက် ရွှေစင် ကီလို ၅၀၀ ရောင်းချင်ပါတယ်..."
ဝူမုန်ရှင်းသည် ထိုစကားကို ဘာသာပြန်ပေးနေရင်း အလွန်တရာ အံ့အားသင့်သွားကာ ဆွန်ဖုန်းအား ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။ ဆွန်ဖုန်းက ရွှေလာရောင်းမည်ကို သူမ သိသော်လည်း ရွှေစင် ကီလို ၅၀၀ (တန်ဝက်) ဆိုသည့် ပမာဏက သူမကို လုံးဝ မှင်တက်သွားစေခဲ့သည်။
"စိတ်အေးအေးထားပါ..."
ဆွန်ဖုန်းက သူမ၏ ခေါင်းလေးကို ပွတ်သပ်ရင်း ခပ်အေးအေးပင် ပြောလိုက်သည်။
သို့သော် ဝူမုန်ရှင်းထက် ပို၍ အံ့အားသင့်သွားသူမှာ ကောင်တာမှ ဝန်ထမ်း အမျိုးသမီးပင် ဖြစ်သည်။ သူမမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားရလေသည်။
"လူကြီးမင်း... ခဏလောက် စောင့်ပေးပါရှင့်... ဒီလောက် ကြီးမားတဲ့ အရောင်းအဝယ်ကို ကျွန်မတို့ မန်နေဂျာ ကိုယ်တိုင် လာရောက် ညှိနှိုင်းပေးပါလိမ့်မယ်... လူကြီးမင်းနဲ့ ဒီက အမျိုးသမီးတို့... VIP ဧည့်ခန်းမှာ ခဏလောက် အနားယူပေးပါရှင့်..."
ချက်ချင်းပင် လှပသော ယူနီဖောင်း ဝတ်ဆင်ထားသည့် အမေရိကန် အမျိုးသမီး တစ်ဦး ထွက်လာပြီး ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့အား VIP ဧည့်ခန်းဆီသို့ လမ်းညွှန် ခေါ်ဆောင်သွားလေသည်။
ဆွန်ဖုန်းသည် ဧည့်ခန်းကို လေ့လာကြည့်ရာ အလွန် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် သဘောကျသွားမိသည်။
မကြာမီမှာပင် ချားလ်စ် ဟု အမည်ရသော မန်နေဂျာ တစ်ဦး ဝင်ရောက်လာပြီး ဆွန်ဖုန်းနှင့် စတင် ဆွေးနွေးလေတော့သည်။
"မစ္စတာ ဆွန်... မိတ်ဆက်ခွင့်ပြုပါ... ကျွန်တော်က ချားလ်စ် ပါ... မစ္စတာ ဆွန် က ရွှေစင် ကီလို ၅၀၀ ရောင်းချင်တာ ဆိုတာ ဟုတ်ပါသလား..."
နိုင်ငံခြားသားများ ပီပီ စကားကို လိုရင်းသာ တိုက်ရိုက် မေးမြန်းလိုက်သည်။
ဝူမုန်ရှင်းက ဘာသာပြန်ပေးပြီးနောက် ဆွန်ဖုန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ခင်ဗျားတို့ လေလံရုံက ဝယ်နိုင်စွမ်း ရှိမရှိတော့ မသိဘူးလေ..."
ချားလ်စ် သည် ဆွန်ဖုန်း၏ နှုတ်မှ ရွှေစင် တန်ဝက် ရောင်းချမည် ဆိုသည်ကို အတည်ပြုချက် ရရှိလိုက်သောအခါ သူ၏ တည်ငြိမ်နေသော မျက်နှာပေါ်တွင် အနည်းငယ် လှုပ်ရှားသွားလေသည်။ သူသည် အတွေ့အကြုံများစွာ ရှိသူ ဖြစ်သော်လည်း ဤမျှ ကြီးမားသော အရောင်းအဝယ်မျိုးကိုမူ အလွန် ကြုံတောင့်ကြုံခဲ ဖြစ်ပေသည်။
"သေချာပေါက် ဝယ်နိုင်တာပေါ့... တစ်တန် ဖြစ်နေရင်တောင် ကျွန်တော်တို့ လေလံရုံက ဝယ်နိုင်စွမ်း ရှိပါတယ်... တရားမဝင် ရွှေတွေ ဖြစ်နေရင်တောင် ဝယ်ယူပေးပါတယ်... ဒါပေမယ့် ဈေးနှုန်းတော့ နည်းနည်း လျှော့ပေးရမှာပေါ့..."
ချားလ်စ် က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ ချားလ်စ် ၏ အတွေ့အကြုံအရ ဤမျှ များပြားသော ရွှေများကို လာရောက် ရောင်းချသူများ၏ ရွှေများမှာ တရားဝင် လမ်းကြောင်းမှ လာခြင်း မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
ချားလ်စ် ၏ စကားကို ကြားလိုက်ရသောအခါ ဆွန်ဖုန်း၏ ရင်ထဲတွင် ဤလေလံရုံ၏ နောက်ခံ အင်အားမှာ အလွန် ကြီးမားကြောင်း သဘောပေါက်သွားလေသည်။ တရားမဝင် ရွှေများကိုပင် ဝယ်ယူရဲသည် မဟုတ်ပါလား။
"ခင်ဗျားတို့ ကုမ္ပဏီက ဒီလောက်တောင် ဝယ်နိုင်စွမ်း ရှိမှတော့... ကျွန်တော် ရွှေစင် တစ်တန်လုံး ရောင်းလိုက်မယ် ဗျာ..."
ဆွန်ဖုန်းက ခပ်တည်တည်ဖြင့်ပင် ပြောလိုက်လေသည်။
ဝူမုန်ရှင်းက ထိုစကားကို ဘာသာပြန်ပေးလိုက်သောအခါ ကော်ဖီသောက်နေသော ချားလ်စ် မှာ ကော်ဖီများပင် သီးသွားလုမတတ် ဖြစ်သွားရလေသည်။ သူသည် ဆွန်ဖုန်းအား သရဲ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကြည့်နေမိလေတော့သည်။
"မစ္စတာ ဆွန်... တ... တကယ် ပြောနေတာလား..."
"တကယ်ပေါ့... ဒါပေမယ့် ခင်ဗျားတို့ ဘယ်လောက် ဈေးပေးမလဲ ဆိုတာပေါ် မူတည်တာပေါ့..."
ဆွန်ဖုန်းက ချားလ်စ် ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"မစ္စတာ ဆွန်... ကျွန်တော်တို့ ဈေးနှုန်းက လုံးဝ တရားမျှတမှု ရှိပါတယ်... အကယ်၍ ခိုင်လုံတဲ့ အထောက်အထား ပြနိုင်ရင် ဈေးကွက်ပေါက်ဈေး အတိုင်း ပေးမှာပါ... အကယ်၍ အထောက်အထား မပြနိုင်ရင်တော့ ဈေးနှုန်း နည်းနည်း လျှော့ပေးရပါလိမ့်မယ်..."
ချားလ်စ် က ရှင်းပြလိုက်သည်။
"ကျွန်တော့် ရွှေတွေက လုံးဝ သန့်ရှင်းပါတယ်... ပြဿနာ တစ်ခုခု ရှိလာရင် ကျွန်တော့်ကို အချိန်မရွေး လာရှာလို့ ရပါတယ်..."
ဆွန်ဖုန်းက အာမခံလိုက်သည်။ သူ၏ ရွှေများမှာ ရေအောက် အနက် မီတာ နှစ်ထောင်မှ မြေအောက် အနက် မီတာ တစ်ထောင် အထိ တူးဖော်ထားခြင်း ဖြစ်ရာ မည်သည့် ခြေရာလက်ရာမျှ ကျန်ရှိနေမည် မဟုတ်ချေ။
"ဒါဆိုရင်... တစ်ဂရမ်ကို အမေရိကန် ဒေါ်လာ ၃၀ နှုန်းနဲ့ ဘယ်လိုလဲ..."
ဆွန်ဖုန်း စဉ်းစားကြည့်လိုက်ရာ ဤဈေးနှုန်းမှာ မဆိုးလှသဖြင့် လက်ခံရန် ဆုံးဖြတ်လိုက်သည်။
"သဘောတူတယ်..."
"ဒါနဲ့... မစ္စတာ ဆွန် ရဲ့ ရွှေတွေက ဘယ်မှာလဲ ခင်ဗျာ... ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုသေးတယ်လေ..."
"ရပါတယ်... ရွှေတွေက ဆွစ်ဇာလန် ဘဏ်မှာ အပ်ထားတယ်... အခုချက်ချင်း သွားပြီး စစ်ဆေးလို့ ရပါတယ်..."
"ကောင်းပါပြီ..."
မွန်းလွဲ နှစ်နာရီ အချိန်တွင်...
အရောင်းအဝယ် ကိစ္စ အောင်မြင်စွာ ပြီးဆုံးသွားပြီး ဆွန်ဖုန်း၏ ဆွစ်ဇာလန် ဘဏ်အကောင့်ထဲသို့ အမေရိကန် ဒေါ်လာ သန်းသုံးဆယ် ဝင်ရောက်လာလေတော့သည်။
သို့သော် ယနေ့တွင် ဝူမုန်ရှင်း တစ်ယောက် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။ သူမ ဘာသာပြန်ပေးရသော စကားလုံးတိုင်းမှာ သူမအတွက် အံ့အားသင့်စရာများချည်းသာ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။