အခန်း ၂၁
Vol. 3 Ch. 21
အခန်း (၂၁) သံသတ္တုကြော ဆက်လက်ခိုးယူခြင်း
နောက်တစ်နေ့ နံနက်စောစောတွင် ဆွန်ဖုန်းသည် ယန်ရွှယ်၏ ပြုစုယုယမှုအောက်တွင် အဝတ်အစားများ ဝတ်ဆင်ကာ မျက်နှာသစ်ပြီးနောက် အလျင်အမြန် ထွက်လာခဲ့လေသည်။
အပြင်ရောက်သောအခါ နံနက်စာ စားလိုက်ပြီး သုံးရက်စာ စားစရာများကို ဝယ်ယူကာ သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံသို့ တိုက်ရိုက် မောင်းနှင်သွားလေသည်။
စက်ရုံသို့ ရောက်သောအခါ စောသေးသဖြင့် ဝူမုန်ရှင်း ရုံးမတက်သေးချေ။ ဆွန်ဖုန်းသည် ရုံးခန်းထဲသို့ ဝင်ကာ တစ်ပတ်တိတိ အားသွင်းထားသော လက်ပတ်နာရီကို ယူဆောင်ပြီး ပင်လယ်ကမ်းစပ်သို့ တိုက်ရိုက် ထွက်ခွာသွားလေသည်။
မှန်ပေသည်။ ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်သို့ သွားရောက်ကာ သံသတ္တုများကို ဆက်လက် ခိုးယူရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
ကမ်းစပ်ရှိ အပန်းဖြေစခန်းသို့ ရောက်သောအခါ ကားကို သေချာစွာ ရပ်ထားခဲ့ပြီး လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေလိုက်သည်။ ထို့နောက် လက်ပတ်နာရီထဲမှ ရေငုပ်စစ်ဝတ်စုံကို ထုတ်ယူလိုက်ရာ စစ်ဝတ်စုံမှာ ဆွန်ဖုန်း၏ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ပင်လယ်ထဲသို့ ငုပ်ဆင်းသွားလေတော့သည်။
ရေအောက်သို့ ရောက်ရှိသွားပြီးနောက် ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်သို့ ဦးတည်ကာ အမြင့်ဆုံး အရှိန်ဖြင့် သွားရန် အသံလက်ထောက်အား အမိန့်ပေးလိုက်သည်။
နာရီအနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် အသားညိုကောင်များ၏ ရေပိုင်နက် အတွင်းသို့ ရောက်ရှိသွားလေသည်။ လမ်းခရီး တစ်လျှောက်တွင် ရှာဖွေရေး စနစ်မှတစ်ဆင့် အနီရောင် သန္တာကျောက်တန်း အချို့ကို တွေ့ရှိခဲ့သော်လည်း သူ မခူးယူခဲ့ချေ။ အားလပ်ချိန် ရမှသာ ပြန်လာခူးမည်ဟု စိတ်ကူးထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ ရေအောက်ကြမ်းပြင်တွင် ရှိနေသဖြင့် ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာ မလိုချေ။
ဆွန်ဖုန်းသည် သံသတ္တုကြော အနီးတစ်ဝိုက်တွင် လှည့်လည် ကြည့်ရှုလိုက်ရာ သူ ခိုးယူထားသော သံသတ္တု တန်ချိန် တစ်သန်းခွဲကို မည်သူကမျှ ရိပ်မိခြင်း မရှိသေးကြောင်း တွေ့ရှိရလေသည်။ ဤရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးသည် ခိုးယူရာတွင် တကယ့်ကို နတ်ဘုရားအဆင့် ကိရိယာကြီး တစ်ခု ဖြစ်ကြောင်း တွေးတောမိလိုက်သည်။
ထိုသံသတ္တုတွင်း တူးဖော်ရေး ပလက်ဖောင်းပေါ်တွင် ဆူညံနေသော စက်ယန္တရားများနှင့် အလုပ်သမားများက အဆက်မပြတ် အလုပ်လုပ်နေကြဆဲ ဖြစ်သည်ကို သူ မြင်တွေ့နေရသည်။ ထို့အပြင် ဖိလစ်ပိုင် အသားညိုကောင် အများအပြားမှာ ဈေးပေါသော လုပ်အားခဖြင့် အောက်ခြေသိမ်း အလုပ်များကို လုပ်ကိုင်နေကြသည်ကိုလည်း တွေ့လိုက်ရသည်။ ဤဖိလစ်ပိုင်များမှာ မိမိတို့၏ သယံဇာတများကို အမေရိကန် ငှက်ပျောသီးကောင်များအား ထိုးအပ်လိုက်ရုံသာမက ဈေးပေါသော လုပ်အားများကိုပါ ပေးဆပ်နေရပေသည်။ သို့သော် ဆွန်ဖုန်းကမူ ဤမြင်ကွင်းကို ကြည့်ကာ အလွန် အရသာတွေ့နေမိသည်။ တောင်တရုတ်ပင်လယ်တွင် ရမ်းကားရဲသော ဤဖိလစ်ပိုင်များ ဤသို့ ခံရသည်မှာ ထိုက်တန်သည်ဟု သူ တွေးတောနေမိသည်။
ဤတစ်ကြိမ်တွင် ဆွန်ဖုန်းသည် A အဆင့် တူးဖော်ရေး ကိရိယာ (၁၀) ခုကို ထုတ်ယူအသုံးပြုရန် ပြင်ဆင်ထားသည်။ ကိရိယာ အရေအတွက် နှစ်ဆ တိုးလာသဖြင့် သုံးရက်အကြာတွင် သံသတ္တု တန်ချိန် သုံးသန်းခန့် အထိ တူးဖော်ရရှိမည် ဖြစ်ပေသည်။
အကယ်၍ သူ၏ သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံမှ ထရန်စဖော်မာနှင့် ကေဘယ်ကြိုးများက ဗို့အားများစွာကို မခံနိုင်မည်ကို မစိုးရိမ်ရပါက A အဆင့် တူးဖော်ရေး ကိရိယာ အခု (၂၀) ခန့်ကို တစ်ပြိုင်နက် အားသွင်းရန်ပင် သူ စဉ်းစားထားခဲ့သည်။ ထိုသို့သာဆိုလျှင် တစ်ပတ်အတွင်း သံသတ္တု တန်ချိန် သန်းဆယ်ချီ၍ တူးဖော်နိုင်မည်ဟု သူ ယုံကြည်ထားပေသည်။ ထိုအခါ ဤသတ္တုကြောတွင် ရင်းနှီးမြှုပ်နှံထားသော ထိုအမေရိကန်များမှာ အိမ်သာထဲတွင် သွားရောက် ငိုကြွေးကြရမည်မှာ အသေအချာပင် ဖြစ်ပေသည်။
ရေအောက်ကြမ်းပြင်တွင် ဆွန်ဖုန်းသည် အသံလက်ထောက်အား ယခင်အတိုင်းပင် အမိန့်ပေးလိုက်သည်။ အကာအကွယ် အလွှာကို ဖွင့်လှစ်လိုက်ရာ ဤတစ်ကြိမ်တွင် အကာအကွယ် အလွှာ၏ လွှမ်းခြုံနိုင်မှုမှာ ငါးကီလိုမီတာ အထိ ကျယ်ပြန့်သွားလေသည်။
အကာအကွယ် အလွှာ ပွင့်သွားသည်နှင့် ဆွန်ဖုန်းသည် သိုလှောင်ရုံထဲမှ A အဆင့် တူးဖော်ရေး ကိရိယာ (၁၀) ခုနှင့် စက်ရုပ် တစ်ရာကို ချက်ချင်း ထုတ်လွှတ်လိုက်လေသည်။
"အလုပ်စလုပ်ကြတော့..."
ဆွန်ဖုန်းက အသံလက်ထောက်အား အမိန့်ပေးလိုက်သည်။
"အမိန့်နာခံလျက်ပါ ပိုင်ရှင်... ကိရိယာတွေနဲ့ စက်ရုပ်တွေဆီကို ညွှန်ကြားချက်တွေ ပေးပို့နေပါတယ်... ညွှန်ကြားချက် ပေးပို့မှု ပြီးဆုံးပါပြီ... အလုပ်စတင် ပါတော့မယ်..."
အသံလက်ထောက်၏ ရှင်းပြချက်နှင့်အတူ A အဆင့် ကိရိယာများနှင့် စက်ရုပ်များ အားလုံး စတင် လှုပ်ရှားလာကြလေတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
နေရာအသီးသီး ယူကြပြီးနောက် ကြီးကျယ်ခမ်းနားသော ခိုးယူရေး စီမံကိန်းကြီး စတင်သွားလေတော့သည်။
သုံးမိနစ် အကြာတွင် အဆက်မပြတ် တူးဖော်ရရှိသော သံသတ္တုတုံးများသည် ရေအောက်ကြမ်းပြင်ပေါ်သို့ ရောက်ရှိလာပြီး ဆွန်ဖုန်းကလည်း သိုလှောင်ရုံကို ဖွင့်ကာ ချက်ချင်း သိမ်းဆည်းလေတော့သည်။
......
တစ်နေကုန် အလုပ်လုပ်ပြီးနောက် ဆွန်ဖုန်းမှာ နေရာတွင် မတ်တပ်ရပ်နေရုံမှလွဲ၍ ဘာမျှ လုပ်စရာ မလိုသော်လည်း တစ်နေကုန် ရပ်နေရသဖြင့် အတော်လေး ငြီးငွေ့နေလေပြီ။ ညဘက်ရောက်သောအခါမှသာ နာရီဝက်ခန့် အနားယူခွင့် ရရှိလေသည်။
ဆွန်ဖုန်းသည် ရေပေါ်တွင် ပေါလောပေါ်ရင်း ဆားငန်ရနံ့သင်းနေသော ပင်လယ်လေပြေကို ရှူရှိုက်ကာ ညစာ စားနေလေသည်။
"သတင်းပို့ပါတယ် ပိုင်ရှင်... ရှေ့ဘက် ကီလိုမီတာ ငါးဆယ် အကွာမှာ ငါးဖမ်းသင်္ဘော နှစ်စီး အပြန်အလှန် ပစ်ခတ်နေကြတာကို ထောက်လှမ်း သိရှိရပါတယ်... တစ်စီးက အရှေ့တိုင်းသားတွေရဲ့ ငါးဖမ်းသင်္ဘော ဖြစ်ပြီး နောက်တစ်စီးကတော့ ဖိလစ်ပိုင် အသားညိုကောင်တွေရဲ့ ငါးဖမ်းသင်္ဘော ဖြစ်ပါတယ်..."
ညစာစားနေသော ဆွန်ဖုန်းသည် အသံလက်ထောက်၏ သတင်းပို့သံကြောင့် စားနေသည့် လက်ကို ချက်ချင်း ရပ်တန့်လိုက်လေသည်။
"မင်းနှမ... ဒီဖိလစ်ပိုင် အသားညိုကောင်တွေက ငါတို့ ငါးဖမ်းသင်္ဘောတွေကို လာပြီး ရန်စနေပြန်ပြီလား... ဒီကောင်တွေကို အပြတ်ရှင်းပစ်မယ်..."
ဆွန်ဖုန်းသည် ကြားကြားချင်းပင် ဒေါသထွက်သွားလေသည်။ ရှေ့ဘက် ကီလိုမီတာ ငါးဆယ် ဆိုသည်မှာ နိုင်ငံတကာ ရေပိုင်နက် ဖြစ်နေပြီ ဖြစ်သည်။ နိုင်ငံတကာ ရေပိုင်နက်ထဲမှာတောင် ဤမျှ ရမ်းကားနေကြသည်လား။
"အမြန်ဆုံး အရှိန်နဲ့ သွားမယ်..."
ဆွန်ဖုန်းသည် ညစာကို ပစ်ချလိုက်ပြီး ရေငုပ်စစ်ဝတ်စုံကို တစ်ကိုယ်လုံး ဖုံးလွှမ်းစေကာ ရေအောက်သို့ ငုပ်ဆင်းပြီး အခင်းဖြစ်ပွားရာ နေရာဆီသို့ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
ငါးမိနစ် အကြာတွင် ဆွန်ဖုန်းသည် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားလေသည်။ ညဘက် မှောင်မည်းနေသဖြင့် ရေပေါ်သို့ ခေါင်းပြုတက်လာသော်လည်း မည်သူကမျှ သူ့အား မမြင်တွေ့ကြချေ။
ပင်လယ်ပြင်ထက်တွင် အကြီးစား ငါးဖမ်းသင်္ဘော နှစ်စီးမှာ ဝင်တိုက်ထားကြပြီး နှစ်ဖက်စလုံးမှ လူများက လက်နက်များ ကိုင်ဆောင်ကာ အပြန်အလှန် ချိန်ရွယ်ထားကြသည်ကို မြင်တွေ့ရသည်။ နှစ်ဖက်စလုံးတွင် ဒဏ်ရာရသူ အချို့ ရှိနေသော်လည်း သေဆုံးသူတော့ မရှိသေးကြောင်း ဆွန်ဖုန်း သတိပြုမိလိုက်သည်။
သို့သော် အခြေအနေမှာ သိပ်မကောင်းလှချေ။ ဖိလစ်ပိုင်များဘက်တွင် လူအင်အား ပိုများပြီး လူငါးဆယ် ခြောက်ဆယ်ခန့် ရှိကာ တရုတ်များဘက်တွင်မူ လူနှစ်ဆယ်ကျော်ခန့်သာ ရှိပေသည်။
ဖိလစ်ပိုင်များဘက်မှ အတင်းအဓမ္မ ဝင်ရောက် တိုက်ခိုက်မည့် အနေအထား ရှိနေလေသည်။
ဆွန်ဖုန်းက အခြေအနေ မဟန်သည်ကို မြင်သောအခါ တစ်ခုခု ဝင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ခွေးကောင်တွေ... မင်းတို့ သင်္ဘောကို အပေါက်ဖောက်ပေးလိုက်ဦးမယ်..."
ဆွန်ဖုန်းသည် ရေအောက်သို့ ပြန်ငုပ်ဆင်းသွားကာ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘော၏ အောက်ခြေသို့ သွားရောက်လိုက်သည်။ ချောမွေ့နေသော သင်္ဘောဝမ်းဗိုက်ကို ကြည့်ကာ ဆွန်ဖုန်းက ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။ သူ၏ ရေငုပ်စစ်ဝတ်စုံမှာ ငါးမန်းများကိုပင် ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် ဆွန်ဖုန်းသည် သတ္တုဖုံးလွှမ်းနေသော လက်ဖြင့် သင်္ဘောအောက်ခြေကို အားကုန်လွှဲ၍ ထိုးဖောက်လိုက်လေတော့သည်။
"ဝုန်း..."
ဆိုသော အသံကျယ်ကြီးနှင့်အတူ ဖိလစ်ပိုင် သင်္ဘော၏ အောက်ခြေတွင် အချင်း တစ်မီတာခန့် ရှိသော အပေါက်ကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်သွားပြီး ပင်လယ်ရေများက သင်္ဘောအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေတော့သည်။
"ဘာဖြစ်တာလဲ..."
"အား... သင်္ဘော ပေါက်သွားပြီ... ရေတွေ ဝင်လာပြီဟေ့..."
ကိစ္စပြီးစီးသွားပြီ ဖြစ်ရာ ဆွန်ဖုန်းသည် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက် ကြည့်ရှုမနေတော့ဘဲ လှည့်ထွက်လာကာ သူ၏ သံသတ္တု ခိုးယူရေး အလုပ်ကိုသာ ဆက်လက် လုပ်ဆောင်ရန် ပြန်လာခဲ့လေတော့သည်။
......
ထိုကိစ္စမှာ ကြားညှပ်သွားသော အဖြစ်အပျက်ငယ်လေး တစ်ခုသာ ဖြစ်ပြီး ဆွန်ဖုန်း၏ တူးဖော်ရေး အစီအစဉ်များကို မည်သို့မျှ အနှောင့်အယှက် မဖြစ်စေခဲ့ချေ။ သုံးရက်တာ အချိန်မှာ အလျင်အမြန် ကုန်လွန်သွားခဲ့လေသည်။
"သတင်းပို့ပါတယ် ပိုင်ရှင်... ကိရိယာတွေနဲ့ စက်ရုပ်တွေ လျှပ်စစ်စွမ်းအင် ကုန်တော့မလို့ အလုပ် သိမ်းလို့ ရပါပြီ..."
အသံလက်ထောက်၏ သတိပေးသံကြောင့် ငိုက်မျဉ်းနေသော ဆွန်ဖုန်းသည် လန့်နိုးလာခဲ့သည်။
"အာ... ဒီလောက်မြန်တာလား..."
"ကဲပါ... အလုပ်သိမ်းမယ်... အလုပ်သိမ်းမယ်..."
ဆွန်ဖုန်းသည် ကိရိယာ (၁၀) ခုနှင့် စက်ရုပ်များကို သိုလှောင်ရုံထဲသို့ သိမ်းဆည်းလိုက်ပြီး ကျန်ရှိနေသေးသော သံသတ္တုတုံး အနည်းငယ်ကိုပါ အကုန်အစင် သိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်လေတော့သည်။
ဤတစ်ကြိမ် ဆွန်ဖုန်း၏ အကျိုးအမြတ်မှာ ယခင်တစ်ခေါက်ကထက် နှစ်ဆ ပိုများခဲ့ပြီး သံသတ္တု တန်ချိန် သုံးသန်းတိတိ ရရှိခဲ့ပေသည်။ ဆိုလိုသည်မှာ နှစ်ကြိမ်တည်း လာရောက် တူးဖော်ရုံဖြင့် ဆွန်ဖုန်းသည် သံသတ္တု တန်ချိန် လေးသန်းခွဲကို ခိုးယူနိုင်ခဲ့ပြီ ဖြစ်ပေသည်။
သာမန် အကြီးစား သံသတ္တုတွင်း တစ်ခု၏ တစ်နှစ်စာ ထုတ်လုပ်မှု ပမာဏမှာ တန်ချိန် တစ်ဆယ်သန်း ဝန်းကျင်ခန့်သာ ရှိကြောင်း စဉ်းစားကြည့်နိုင်သည်။
သို့သော် ဆွန်ဖုန်းသည် နှစ်ကြိမ် လာရောက်ကာ ခြောက်ရက်တည်းဖြင့် တန်ချိန် လေးသန်းခွဲကို တူးဖော်နိုင်ခဲ့သည်။ ဤပမာဏမှာ အကြီးစား သံသတ္တုတွင်း တစ်ခု၏ ခြောက်လစာ ထုတ်လုပ်မှု ပမာဏနှင့် ညီမျှနေပေသည်။ ဤအမြန်နှုန်းမှာ မည်မျှ အံ့မခန်း ဖြစ်သနည်း။ တကယ့်ကို ကောင်းကင်ဘုံကိုပင် အံတုနိုင်သော အမြန်နှုန်းပင် ဖြစ်ပေသည်။
ဆွန်ဖုန်း၏ အရှေ့ဘက် ရေအောက်ကြမ်းပြင်တွင် ကြီးမားသော တွင်းကြီး အချို့ ဖြစ်ပေါ်နေပြီး ထိုတွင်းများထဲတွင် မူလက ရှိနေခဲ့သော သံသတ္တုများမှာ လုံးဝ ပြောင်စင်သွားခဲ့ပြီ ဖြစ်ပေသည်။
"ဟဲဟဲ... နောက်အပတ် ကျရင် ဆက်လာတူးဦးမယ်..."
ဆွန်ဖုန်းသည် သူ၏ လက်ရာများကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် သူ့ဘာသာ ရေရွတ်လိုက်လေသည်။ အကယ်၍ ဂျက် နှင့် မင်ခိုင် တို့သာ ဤစကားကို ကြားလိုက်ရပါက သွေးအန်သွားမည်မှာ သေချာလှပေသည်။
နာရီအနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ဟိုင်ယန်မြို့ ကမ်းစပ်ရှိ အပန်းဖြေစခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ကားကို ယူကာ သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံဆီသို့ တိုက်ရိုက် မောင်းနှင်သွားပြီး ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီး ပါရှိသော လက်ပတ်နာရီကို အရင်ဆုံး အားသွင်းထားလိုက်သည်။
ထို့နောက် ဆွန်ဖုန်းသည် သူ၏ ဗီလာကြီးဆီသို့ တိုက်ရိုက် မောင်းနှင်သွားလေတော့သည်။