အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) လီကျီဝမ်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခြင်း
ထမင်းစားပြီးနောက် စကားခဏပြောကာ ဆွန်ဖုန်းက နှုတ်ဆက်ပြီး ပြန်ရန် ပြင်လေသည်။
ဝူမုန်ရှင်းက အောက်ထပ်အထိ လိုက်ပို့ပေးသည်။ အောက်ထပ်သို့ ရောက်သောအခါ ဝူမုန်ရှင်းသည် ဆွန်ဖုန်းအား မျက်မှောင်ကြုတ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဆွန်ဖုန်း... ရှင်က အခွင့်အရေးချည်းပဲ ယူနေတာပဲ... ကျွန်မက ရှင့်ကောင်မလေး လုပ်မယ်လို့ မပြောရသေးဘူးနော်..."
သူမကို ဖက်ရန် ကြိုးစားနေသော ဆွန်ဖုန်း၏ လက်ကို ဝူမုန်ရှင်းက ပုတ်ထုတ်လိုက်သည်။
"မုန်ရှင်း... အစ်ကိုက အတည်ပြောနေတာပါ... အစ်ကို့ ကောင်မလေး လုပ်ပါလား..."
ဆွန်ဖုန်းက အမြဲတမ်း ရယ်ကျဲကျဲ လုပ်နေတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မျက်နှာကို အတည်ထားကာ ဝူမုန်ရှင်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဆွန်ဖုန်း၏ စကားကြောင့် ဝူမုန်ရှင်း၏ မျက်နှာလေး နီရဲသွားသော်လည်း သူမသည် အထက်တန်းကျောင်းသူလေး တစ်ယောက် မဟုတ်တော့ချေ။
"ကျွန်မရဲ့ ဘယ်အချက်ကို သဘောကျတာလဲ... ကျွန်မတို့ သိတာ ဘယ်လောက်ကြာသေးလို့လဲ... ရှင်က အပျော်သဘော တွဲချင်တာလား..."
ဝူမုန်ရှင်းသည် မည်သည့် ဆက်ဆံရေးကိုမျှ ထည့်မတွက်တော့ဘဲ သူမ၏ ရင်ထဲရှိ အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။ ဆွန်ဖုန်းတွင် ငွေရှိပြီး လူကလည်း မဆိုးကြောင်း သူမ သိသော်လည်း အသေအချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ တစ်သက်တာ ကိစ္စဖြစ်ပြီး အကယ်၍ သေချာ မဖြေရှင်းနိုင်ပါက သူငယ်ချင်းအဖြစ်ပင် ဆက်နေနိုင်မည် မဟုတ်ချေ။
"မင်းရဲ့ လှပမှု၊ နူးညံ့သိမ်မွေ့မှုနဲ့ အသိဉာဏ်ရှိမှု တွေကို သဘောကျတာပါ... အပျော်သဘော တွဲချင်တာ လုံးဝ မဟုတ်ရပါဘူး..."
ဆွန်ဖုန်းက အတည်ပေါက် ပြောလိုက်သည်။
"ကျွန်မကို စဉ်းစားဖို့ အချိန်ပေးပါဦး..."
ဝူမုန်ရှင်းက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သော်လည်း သူမ၏ မျက်နှာတစ်ခုလုံး နီရဲနေသည်ကို ဆွန်ဖုန်း မြင်တွေ့လိုက်ရသည်။
"အင်းပါ... ဒါဆို အစ်ကို ပြန်တော့မယ်... စောစော အနားယူတော့နော်..."
"အင်း... တာ့တာ..."
......
ဝူမုန်ရှင်း၏ အိမ်မှ ထွက်လာပြီးနောက် ဆွန်ဖုန်းသည် အိမ်သို့ တိုက်ရိုက် မပြန်သေးချေ။ ည ၉ နာရီကျော်သာ ရှိသေးသဖြင့် ညဘက် လည်ပတ်ရန် အချိန်များစွာ ကျန်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် နာမည်ကြီး ဘား တစ်ခုသို့ သွားရောက် အပန်းဖြေရန် ကားမောင်းထွက်လာခဲ့သည်။ သူ ဘားသို့ မရောက်ဖြစ်သည်မှာ အတော်လေး ကြာနေပြီ ဖြစ်ပေသည်။
ထိုဘား၏ နာမည်မှာ ယဲ့မေ့ဘား ဖြစ်ပြီး ဟိုင်ယန်မြို့ရှိ အဆင့်မြင့် ဘားတစ်ခု ဖြစ်သည်။ ထိုနေရာသို့ လာရောက်သူ အများစုမှာ ရုံးဝန်ထမ်းများ၊ မန်နေဂျာများ၊ သူဌေးများနှင့် တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည်။ ဤဘားမှာ အတော်လေး သန့်ရှင်းပြီး ရှုပ်ယှက်ခတ် မနေသဖြင့် လူအများအပြား လာရောက်လေ့ရှိကြသည်။
ဆွန်ဖုန်းသည် ယခင်အတိုင်းပင် တီရှပ်၊ ဘောင်းဘီတိုနှင့် ဖိနပ်အပါးကို ဝတ်ဆင်ထားပြီး ဘားထဲသို့ ဝင်ကာ နေရာတစ်နေရာတွင် ထိုင်လိုက်သည်။ ထို့နောက် ဤဘား၏ နာမည်ကြီး ကော့တေး တစ်ခွက်၊ ဘီယာ တစ်ဒါဇင်နှင့် အမြည်း အနည်းငယ်ကို မှာယူကာ အေးဆေးစွာ သောက်သုံးနေလေသည်။
ဘားထဲမှ သီချင်းသံများမှာ နားထောင်ကောင်းပြီး မြူးကြွနေသည်။ ဘားထဲတွင် ချောမောလှပသော လူငယ်လေးများနှင့် မိန်းကလေးများ ပြည့်နှက်နေပြီး အချင်းချင်း စကားပြောဆိုကာ အီစီကလီ လုပ်နေကြသည်။ အဆင်ပြေသွားပါက ဘားနှင့် မျက်နှာချင်းဆိုင်ရှိ ဟိုတယ်သို့ ချက်ချင်း သွားရောက်လေ့ ရှိကြပေသည်။
"ဟိုင်း... လူချောလေး... တစ်ယောက်တည်း သောက်နေတာလား... ငါ့ကို တစ်ခွက်လောက် တိုက်ပါလား..."
အသက် နှစ်ဆယ့်ငါးနှစ် နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိပြီး မိတ်ကပ် အထူကြီး လိမ်းထားသော အမျိုးသမီး တစ်ဦးက ဆွန်ဖုန်း အနီးသို့ ရောက်လာကာ မျက်စပစ်ပြရင်း မေးလိုက်သည်။
ဆွန်ဖုန်း မော့ကြည့်လိုက်ရာ ထိုအမျိုးသမီးမှာ အရပ် ငါးပေငါးလက်မခန့် ရှိပြီး ရုပ်ရည် မဆိုးလှကြောင်း တွေ့ရသည်။ သို့သော် သူ၏ အကြိုက်တော့ မဟုတ်ချေ။ ပထမ အချက်မှာ မိတ်ကပ် အလွန် ထူပြီး သိပ်မလှသောကြောင့် ဖြစ်သည်။ ဒုတိယ အချက်မှာ အသက် နှစ်ဆယ့်ငါးနှစ်ခန့်ဟု ထင်ရသော်လည်း တကယ့် အသက်မှာ နှစ်ဆယ့်ရှစ်နှစ် နှစ်ဆယ့်ကိုးနှစ်ခန့် ရှိနေနိုင်သောကြောင့် ဖြစ်ပေသည်။
"ချိန်းထားတဲ့သူ ရှိလို့ပါ... ကျေးဇူးပဲနော်..."
ဆွန်ဖုန်းက ခပ်အေးအေးပင် ငြင်းလိုက်သည်။
"ဟွန်း... ပျင်းစရာကောင်းလိုက်တာ..."
ထိုအမျိုးသမီးက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ထွက်သွားလေသည်။
ထို့နောက် တစ်နာရီခန့် အတွင်းတွင် အသက်ကြီးကြီး အမျိုးသမီး အချို့ ဆွန်ဖုန်းထံသို့ လာရောက် စကားပြောကြသော်လည်း ဆွန်ဖုန်းက အားလုံးကို ငြင်းပယ်ခဲ့သည်။
ဘာကြောင့် အသက်ကြီးကြီး အမျိုးသမီးများသာ လာရောက် စကားပြောကြသနည်း ဆိုလျှင် ဆွန်ဖုန်း၏ ရုပ်ရည်မှာ ချောမောသော်လည်း အဝတ်အစားမှာ အလွန် ရိုးရှင်းလွန်းသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ငယ်ရွယ်လှပသော မိန်းကလေးများက သူ့အား စိတ်ဝင်စားမည် မဟုတ်ဘဲ အသက်ကြီးကြီး အမျိုးသမီးများကသာ လာရောက် စကားပြောဆိုကြခြင်း ဖြစ်ပေသည်။
"လီကျီဝမ်... ရှင် ဘယ်လိုဖြစ်လို့ ဒီကို ရောက်နေတာလဲ..."
ရင်းနှီးနေသော အသံကျယ်ကြီး တစ်ခု ဆွန်ဖုန်း၏ နားထဲသို့ ဝင်ရောက်လာသည်။ အသံလာရာသို့ ကြည့်လိုက်သောအခါ ရင်းနှီးသော သူအချို့ကို တွေ့လိုက်ရလေသည်။
မလှမ်းမကမ်းရှိ စားပွဲ တစ်လုံးတွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ထိုင်နေကြသည်။ ထိုအမျိုးသားမှာ သူ့အား ဒုက္ခပေးမည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော လီကျီဝမ် ဖြစ်ပြီး၊ အမျိုးသမီး တစ်ဦးကို သူ မသိသော်လည်း နောက်ထပ် အမျိုးသမီး တစ်ဦးကိုမူ သူ ကောင်းကောင်း သိပေသည်။ ထိုအမျိုးသမီးမှာ ဟယ်မင်ယီ ပင် ဖြစ်လေသည်။
"ဟဲဟဲ... မင်ယီ... ကိုယ့်ကို စကားမပြောဘဲ မနေပါနဲ့ကွာ... ငါတို့ အေးအေးဆေးဆေး စကားပြောကြရအောင်လေ..."
လီကျီဝမ်က မျက်နှာချိုသွေးကာ ဟယ်မင်ယီကို ချော့မော့နေသည်။
"ဟုတ်တယ်လေ... မင်ယီ ရဲ့... သခင်လေး လီ က ဒီကို အမှတ်မထင် ရောက်လာတာ ဖြစ်မှာပါ... နင့်ကို တမင် လိုက်နှောင့်ယှက်တာ မဟုတ်လောက်ပါဘူး..."
အခြား အမျိုးသမီးကလည်း ဝင်ရောက် ပြောဆိုပေးသည်။
"ဟွန်း..."
ဟယ်မင်ယီက လီကျီဝမ်ကို မျက်စောင်းထိုးကာ နေရာမှ ထလိုက်သည်။
"အယ်... မင်ယီ... ဘယ်သွားမလို့လဲ..."
လီကျီဝမ်က ဟယ်မင်ယီ ထသွားသည်ကို မြင်သောအခါ အလောတကြီး မေးလိုက်သည်။
"မင်ယီ... နင် ဘယ်သွားမလို့လဲ..."
အခြား အမျိုးသမီးကလည်း မေးလိုက်သည်။
"ရေအိမ် သွားမလို့..."
ဟယ်မင်ယီက စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်သည်။
ဟယ်မင်ယီ ထွက်သွားသည်နှင့် လီကျီဝမ်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ဟွန်း... ငါ့လက်ထဲ ရောက်လာမှ ဘယ်လောက် မာနကြီးနိုင်မလဲ ကြည့်ရသေးတာပေါ့..."
"သခင်လေး လီ... မြန်မြန် ဆေးခတ်လိုက်တော့... သူမ အဲဒီဆေးကို သောက်လိုက်ပြီ ဆိုတာနဲ့ ကျန်တာ အားလုံး အဆင်ပြေသွားမှာပါ..."
ထိုအမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။
"အင်း... ဒီနေ့ မင်ယီ ကို ခေါ်ထုတ်ပေးတဲ့ ညီမလေး ဝမ် ကို တကယ် ကျေးဇူးတင်ပါတယ်ကွာ... မဟုတ်ရင် ငါလည်း အခွင့်အရေး ရမှာ မဟုတ်ဘူး..."
လီကျီဝမ်က ပြောရင်း ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီး အိတ်ကပ်ထဲမှ အဖြူရောင် ဆေးပြား တစ်ပြားကို ထုတ်ကာ ဟယ်မင်ယီ၏ ဝိုင်ခွက်ထဲသို့ ထည့်လိုက်လေသည်။
ဤအဖြစ်အပျက် အားလုံးကို ဆွန်ဖုန်း တစ်ယောက် အသေအချာ မြင်တွေ့လိုက်ရလေသည်။
"ဝတ္ထုတွေထဲကလို ရိုးအီနေတဲ့ ဇာတ်ကွက်ကြီးပါလား..."
လီကျီဝမ် ဆေးခတ်သည်ကို မြင်လိုက်ရသောအခါ ဆွန်ဖုန်းသည် ဝတ္ထုများထဲမှ ဇာတ်ကွက်များကို ချက်ချင်း သတိရသွားလေသည်။
မကြာမီမှာပင် ဟယ်မင်ယီသည် ရေအိမ်မှ ပြန်ထွက်လာခဲ့သည်။ သူမသည် လီကျီဝမ်ကို အလွန် မုန်းတီးသော်လည်း ယခုအချိန်တွင် ဘာပြောရမည်မှန်း မသိအောင် ဖြစ်နေလေသည်။
"လာ... မင်ယီ... ဝိုင်တစ်ခွက်လောက် သောက်ရအောင်... မင်း တစ်ခွက် သောက်ရင် ကိုယ် သုံးခွက် သောက်မယ်လေ... ဘယ်လိုလဲ..."
လီကျီဝမ်က ဝိုင်ခွက်ကို ကိုင်ကာ ပြုံး၍ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဟယ်မင်ယီ၏ မျက်လုံးများ အရောင်လက်သွားလေသည်။ သူမ တစ်ခွက်သောက်တိုင်း သူက သုံးခွက် သောက်ရမည် ဆိုတော့ သူ့ကို မူးလဲသွားအောင် တိုက်မည်ဟု တွေးတောလိုက်မိသည်။
"ကောင်းပြီလေ..."
ဟယ်မင်ယီသည် ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
ထိုအချိန်တွင် သူမ သောက်လိုက်သော ဝိုင်ထဲ၌ ဆေးခတ်ထားသည်ကို သူမ လုံးဝ မသိရှိခဲ့ချေ။ လီကျီဝမ်နှင့် ညီမလေး ဝမ် ဆိုသော အမျိုးသမီးတို့ကမူ ဟယ်မင်ယီအား အကဲခတ် ကြည့်ရှုနေကြလေသည်။
"မင်ယီ က တကယ့်ကို သောက်နိုင်တာပဲ..."
လီကျီဝမ်သည် ဟယ်မင်ယီ ဝိုင်သောက်သွားသည်ကို မြင်သောအခါ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများ ပေါ်လာလေသည်။ ဤတစ်ကြိမ်တွင်မူ ဟယ်မင်ယီ တစ်ယောက် သူ၏ လက်ခုပ်ထဲမှ ရေ ဖြစ်သွားပြီဟု သူ သေချာပေါက် ယုံကြည်နေလေသည်။
"ကိုယ်လည်း သောက်မယ်..."
လီကျီဝမ်သည်လည်း လျင်မြန်စွာပင် ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည်။ ပထမ တစ်ခွက် ကုန်သွားပြီးနောက် ဒုတိယ တစ်ခွက်ကို ငှဲ့ကာ ထပ်မံ မော့သောက်လိုက်ပြန်သည်။ သို့သော် တတိယ တစ်ခွက်တွင်မူ ယခင်လောက် မမြန်တော့ချေ။
တတိယ တစ်ခွက် ကုန်သွားသောအခါ လီကျီဝမ်သည် လေချဉ် တစ်ချက် တက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"မင်ယီ... ကြည့်ပါဦး... ကိုယ် သောက်လို့ ကုန်သွားပြီ..."
"ဟွန်း... မဆိုးပါဘူး..."
ပြောရင်းဆိုရင်း ဟယ်မင်ယီက နောက်ထပ် ဝိုင်တစ်ခွက်ကို ငှဲ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်သည်။ ဝိုင်ကုန်သွားသောအခါ ဟယ်မင်ယီက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"လီကျီဝမ်... သောက်လေ... သုံးခွက် ဆက်သောက်..."
လီကျီဝမ်က ပြုံးလိုက်ပြီး စိတ်ထဲတွင်တော့ 'အခုလောလောဆယ် ဂုဏ်ယူနေလိုက်ဦးပေါ့... ခဏနေရင် ဒူးထောက်ပြီး တောင်းပန်ရအောင် လုပ်ပြမယ်' ဟု ကြိမ်းဝါးနေလေသည်။
လီကျီဝမ်သည် နောက်ထပ် ဝိုင်သုံးခွက်ကို ဆက်တိုက် သောက်လိုက်ရာ သူ၏ ဖြူလျော့သော မျက်နှာပေါ်တွင် အနည်းငယ် နီရဲလာလေသည်။ တစ်ထိုင်တည်းနှင့် ဝိုင်ခြောက်ခွက် ဆက်တိုက် သောက်ရသည်မှာ သာမန် ကိစ္စတော့ မဟုတ်ချေ။