← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) စက်ရုံ တည်ထောင်ရန် ပြင်ဆင်ခြင်း

နောက်ပိုင်းတွင် ဆွန်ဖုန်းသည် အသံလက်ထောက်နှင့် အချိန်အတော်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် ထုတ်လုပ်မှုလိုင်း နှစ်ခုကို အရင်ဆုံး စမ်းသပ်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် အရောင်းဈေးကွက်ကို မချဲ့ထွင်ရသေးသဖြင့် ထုတ်လုပ်မှုလိုင်းများစွာ တည်ဆောက်ထားလျှင်လည်း အပိုသာ ဖြစ်ပေလိမ့်မည်။

ဆွန်ဖုန်းသည် သံမဏိတုံးနှင့် သံမဏိချောင်း ထုတ်လုပ်မှုလိုင်း တစ်ခုအပြင် အထူးသံမဏိ ထုတ်လုပ်မှုလိုင်း တစ်ခုကိုပါ တည်ထောင်ရန် စီစဉ်လိုက်သည်။ အသံလက်ထောက်၏ ရှင်းပြချက်အရ ဤထုတ်လုပ်မှုလိုင်း နှစ်ခု တည်ဆောက်ရန်မှာ မခက်ခဲလှချေ။ ပထမအချက်မှာ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးက ထိုထုတ်လုပ်မှုလိုင်းများအတွက် လိုအပ်သော စက်ကိရိယာများကို ကိုယ်တိုင် ထုတ်လုပ်ပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းအနေဖြင့် စက်ရုံအဆောက်အအုံကို ပြင်ဆင်ပြီးသည်နှင့် စနစ်မှ ထုတ်ပေးသော စက်များကို တပ်ဆင်ကာ အလုပ်သမားခေါ်ယူပြီး လုပ်ငန်းစတင်ရန်သာ လိုအပ်ပေသည်။

"ပိုင်ရှင်... သံမဏိတုံး ထုတ်လုပ်မှုလိုင်းနဲ့ အထူးသံမဏိ ထုတ်လုပ်မှုလိုင်းတွေအတွက် အောက်ပါ ကုန်ကြမ်းတွေ လိုအပ်ပါတယ်... အဲဒီကုန်ကြမ်းတွေကို စုံစုံလင်လင် စုဆောင်းပေးနိုင်မယ်ဆိုရင် သုံးရက်အတွင်းမှာ ဒီထုတ်လုပ်မှုလိုင်း နှစ်ခုလုံးအတွက် စက်ကိရိယာတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်..."

အသံလက်ထောက်က လိုအပ်သော ကုန်ကြမ်းစာရင်းကို ဆွန်ဖုန်း၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ပေးပို့လိုက်သည်။

"အင်း... မနက်ဖြန်ကျရင် လူလွှတ်ပြီး ဒါတွေကို ဝယ်ခိုင်းလိုက်မယ်..."

ဆွန်ဖုန်းက စာရင်းကို ကြည့်ရင်း လိုအပ်သော ကုန်ကြမ်းများကို စက္ကူပေါ်တွင် ချရေးလိုက်သည်။

ယခုအခါ ဆွန်ဖုန်း အလွန် ပျော်ရွှင်နေမိသည်။ အခြားသူများ သံမဏိစက်ရုံ ထောင်မည်ဆိုပါက စက်ကိရိယာများကို ငွေကုန်ကြေးကျခံ ဝယ်ယူရမည် ဖြစ်သော်လည်း သူ့မှာမူ သူ၏ ရွှေလက်ချောင်းကြီးက စက်များကို ကိုယ်တိုင် ထုတ်လုပ်ပေးမည် ဖြစ်ရာ အလွန်ပင် အရသာရှိလှပေသည်။ ပို၍ ဝမ်းသာစရာ ကောင်းသည်မှာ ထိုစက်ကိရိယာများမှာ အလွန် အဆင့်မြင့်လှပြီး ထုတ်လုပ်လိုက်သော သံမဏိများမှာ လက်ရှိ ကမ္ဘာပေါ်ရှိ မည်သည့် သံမဏိထက်မဆို အရည်အသွေး သာလွန်မည် ဖြစ်ခြင်းပင် ဖြစ်သည်။

အထူးသဖြင့် အထူးသံမဏိ ထုတ်လုပ်မှုမှာ ကမ္ဘာ့နည်းပညာကိုပင် ကျော်လွန်နေသဖြင့် မကြာမီတွင် သူ၏ နိုင်ငံအနေဖြင့် ပြည်ပမှ အထူးသံမဏိများ တင်သွင်းရန် မလိုတော့ဟု သူ ယုံကြည်ထားပေသည်။ လေယာဉ်တင် သင်္ဘောများ တည်ဆောက်ရာတွင် အသုံးပြုသော အထူးသံမဏိများကို ရုရှားနိုင်ငံမှ တင်သွင်းနေရသည်ဟု သူ ကြားဖူးထားရာ ထိုအချက်က နိုင်ငံသားများအတွက် အားမလိုအားမရ ဖြစ်စေခဲ့သည် မဟုတ်ပါလား။

"ဝူမုန်ရှင်း... မနက်ဖြန်ကျရင် ဒီကုန်ကြမ်းတွေကို သွားဝယ်လိုက်ဦး... ဒါနဲ့ မနက်ဖြန်ကျရင် ငါ မင်းကို ဂိုဒေါင်လိပ်စာ တစ်ခု ပေးမယ်... ပစ္စည်းတွေ ဝယ်ပြီးရင် အဲဒီ ဂိုဒေါင်ကို တိုက်ရိုက် ပို့ခိုင်းလိုက်... ပိုက်ဆံကိုတော့ ညနေပိုင်း ကုမ္ပဏီအကောင့်ထဲ ထည့်ပေးထားမယ်..."

ဆွန်ဖုန်းက ကုန်ကြမ်းစာရင်း ရေးထားသော စက္ကူကို ဝူမုန်ရှင်းအား ကမ်းပေးလိုက်သည်။

ဝူမုန်ရှင်းက စာရင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ..."

"ဒါနဲ့ မင်းကို သတင်းကောင်း တစ်ခု ပြောရဦးမယ်... ငါ သံမဏိစက်ရုံ တစ်ခု ထောင်ဖို့ ပြင်နေတယ်... အဲဒီအခါကျရင် မင်းက မန်နေဂျာ ဖြစ်လာမှာဆိုတော့ စိတ်ဓာတ်ကို ကြိုတင် ပြင်ဆင်ထားဦးနော်..."

ဆွန်ဖုန်းက စီးကရက်ကို ဖွာရင်း ဝူမုန်ရှင်းအား ပြောလိုက်သည်။

"သံမဏိစက်ရုံ... ကျွန်မက မန်နေဂျာ ဟုတ်လား..."

ဝူမုန်ရှင်းမှာ အံ့အားသင့်သွားပြီး အားနည်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ မလုပ်နိုင်မှာ စိုးရိမ်တယ်..."

"ဘာကို ကြောက်နေတာလဲ... ငါ ရှိနေတာပဲ... ငါက မင်းရဲ့ ချစ်သူပဲဥစ္စာ... မင်းက အလုပ်ကိုပဲ ဦးစားပေးချင်တယ် ဆိုလို့ ငါက အခွင့်အရေး ပေးနေတာလေ..."

ဆွန်ဖုန်းက ရယ်ကျဲကျဲဖြင့် ဝူမုန်ရှင်းအား စနောက်လိုက်သည်။

"ဟွန်း... ကျွန်မက ဘယ်တုန်းက ရှင့်ချစ်သူ ဖြစ်သွားလို့လဲ..."

ဝူမုန်ရှင်းက မျက်စောင်းထိုးကာ လှည့်ထွက်သွားပြီး ကုန်ကြမ်းများ ဘယ်မှာ ဝယ်ရမည်ကို အင်တာနက်တွင် စတင် ရှာဖွေလေတော့သည်။

ဝူမုန်ရှင်း အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ဆွန်ဖုန်းလည်း အားမနေတော့ဘဲ ဂိုဒေါင်ရှာရန်နှင့် ကုမ္ပဏီအကောင့်ထဲသို့ ငွေလွှဲရန်အတွက် ကားမောင်းထွက်လာခဲ့သည်။

တစ်ရက်တာ အချိန်မှာ အလျင်အမြန် ကုန်လွန်သွားခဲ့သည်။ ဆွန်ဖုန်းသည် လူရှာဖွေရေး အေဂျင်စီမှတစ်ဆင့် ဂိုဒေါင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်နှစ်စာ ငှားရမ်းခ ယွမ် ၈ သန်း ပေးချေကာ ငှားရမ်းလိုက်သည်။ နောင်တွင်လည်း ဤဂိုဒေါင်ကို အသုံးဝင်မည်ဟု သူ ယူဆထားပေသည်။

စက်ရုံ ထောင်သည်မှာ ထင်သလောက် မလွယ်ကူလှချေ။ ဟိုဟာလုပ်ရ၊ ဒီဟာလုပ်ရနှင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ လိုင်စင်လုပ်ခြင်း စသည်ဖြင့် အလုပ်များလှပေသည်။ ဆွန်ဖုန်း တစ်ယောက်တည်းနှင့် မနိုင်မနင်း ဖြစ်လာခဲ့သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် နောက်တစ်နေ့တွင် လျန်ယင်း ပြန်ရောက်လာသဖြင့် ဆွန်ဖုန်းသည် လျန်ယင်းအား သံမဏိစက်ရုံနှင့် ပတ်သက်သော စာရွက်စာတမ်း ကိစ္စများကို ကိုင်တွယ်ခိုင်းလိုက်သည်။ သူကိုယ်တိုင်မှာမူ မူလက ဝယ်ယူထားသော သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံကို သံမဏိစက်ရုံအဖြစ် ပြောင်းလဲရန် စတင် စဉ်းစားလေတော့သည်။

ဤစက်ရုံမှာ ဧက ၂၀၀ ခန့် ကျယ်ဝန်းသဖြင့် သံမဏိစက်ရုံ အဖြစ် ပြောင်းလဲရန် လုံလောက်လှပေသည်။ ဆွန်ဖုန်း၏ သံမဏိစက်ရုံမှာ ကမ္ဘာပေါ်ရှိ မည်သည့် စက်ရုံထက်မဆို အဆင့်မြင့်သဖြင့် ထုတ်လုပ်မှုလိုင်း စက်ကိရိယာများမှာ သာမန် စက်ရုံများထက် ပိုမို ကျစ်လျစ် သေသပ်ပေသည်။

အသံလက်ထောက်၏ ရှင်းပြချက်အရ ဤစက်ရုံမှာ စက်ရုပ်များဖြင့် လည်ပတ်မည့် စက်ရုံ ဖြစ်သဖြင့် အလုပ်သမား အမြောက်အမြား မလိုအပ်ဘဲ ကျွမ်းကျင် ပညာရှင် အနည်းငယ်သာ ရှိလျှင် လုံလောက်ပေသည်။ ဤကဲ့သို့သော စက်ရုံမျိုးမှာ လက်ရှိ ကမ္ဘာပေါ်ရှိ ထိပ်တန်း ကုမ္ပဏီအချို့တွင် ရှိနေပြီ ဖြစ်သော်လည်း ဆွန်ဖုန်း၏ စက်ရုံလောက်တော့ အဆင့်မမြင့်ကြချေ။

သူတို့ သုံးဦးမှာ အလုပ်များကို ခွဲဝေ လုပ်ကိုင်ကြရာ တစ်ပတ်တိတိ အလွန် အလုပ်ရှုပ်ခဲ့ကြသည်။ စက်ရုံ အဆောက်အအုံ ပြင်ဆင်ပြီးပါက ဝန်ထမ်းအချို့ကို ခေါ်ယူရန် ဆွန်ဖုန်း ဆုံးဖြတ်လိုက်သည်။

စက်ရုံ ထောင်ရန်မှာ အချိန် ၃ လ၊ ၄ လခန့် ကြာမြင့်မည် ဖြစ်သည်။ ကုမ္ပဏီ အမည်ကို ဖုန်းရွေ့ သံမဏိ လုပ်ငန်း ဟု ပေးကာ မှတ်ပုံတင်လိုက်သော်လည်း နောက်ဆက်တွဲ လိုင်စင် ကိစ္စများနှင့် အခွန် ကိစ္စများက ဆွန်ဖုန်းနှင့် လျန်ယင်းတို့အား ခေါင်းခဲစေခဲ့သည်။

နောက်ဆုံးတွင် မရှုနိုင်မတိုးနိုင် ဖြစ်လာသောအခါ ငွေဖြင့် လမ်းခင်းလိုက်သဖြင့် လုပ်ငန်းစဉ်များ ပိုမို မြန်ဆန်သွားသော်လည်း အနည်းဆုံး တစ်လခန့်တော့ စောင့်ရဦးမည် ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် အခြေအနေများ ပိုမို ပေါ့ပါးသွားခဲ့သည်။ စောင့်ရုံသာ ကျန်တော့သည် မဟုတ်ပါလား။ ထို့နောက် ဆွန်ဖုန်းသည် စက်ရုံ အဆောက်အအုံ ပြန်လည် ပြင်ဆင်ရေး လုပ်ငန်းများကို စတင်ခဲ့သည်။ ဤကိစ္စမှာ သိပ်မခက်ခဲလှဘဲ ဒီဇိုင်းပုံစံနှင့် ငွေကို ဆောက်လုပ်ရေး ကုမ္ပဏီသို့ အပ်နှံလိုက်ရုံဖြင့် ကျန်သည်များကို သူတို့က အကုန် လုပ်ဆောင်ပေးမည် ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် ရံဖန်ရံခါ လာရောက် စစ်ဆေးရုံသာ ရှိတော့သည်။

ထိုသို့ဖြင့် တစ်ပတ် ကုန်လွန်သွားခဲ့သည်။ ဆွန်ဖုန်းမှာ နေ့တိုင်း အလုပ်ရှုပ်နေသဖြင့် တောင်တရုတ်ပင်လယ်သို့ သံသတ္တု သွားမခိုးဖြစ်သေးချေ။ တစ်ပတ်ကြာ ကုန်ကြမ်း ဝယ်ယူပြီးနောက် ဝူမုန်ရှင်းသည် ထုတ်လုပ်မှုလိုင်း နှစ်ခုအတွက် လိုအပ်သော ကုန်ကြမ်းများကို အစုံအလင် ဝယ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ကုန်ကြမ်းများ စုံလင်သွားသောအခါ ဆွန်ဖုန်းသည် ဂိုဒေါင်သို့ တစ်ယောက်တည်း သွားရောက်ကာ ဂိုဒေါင်ထဲတွင် တောင်လိုပုံနေသော ကုန်ကြမ်းများကို သိုလှောင်ရုံထဲသို့ သိမ်းဆည်းလိုက်သည်။

ကုန်ကြမ်းများ ရရှိသွားပြီ ဖြစ်ရာ အသံလက်ထောက်သည် ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးကို အသုံးပြုကာ ဆွန်ဖုန်းအတွက် သံမဏိတုံးနှင့် အထူးသံမဏိ ထုတ်လုပ်မှုလိုင်း စက်ကိရိယာများကို စတင် ထုတ်လုပ်ပေးလေတော့သည်။

ဤလုပ်ငန်းစဉ်များမှာ သိုလှောင်ရုံ အတွင်း၌ပင် လုပ်ဆောင်ခြင်း ဖြစ်သဖြင့် ဆွန်ဖုန်း အနေဖြင့် စိတ်ပူစရာ မလိုချေ။

စက်ရုံ အဆောက်အအုံ ပြင်ဆင်ရန် ယွမ် သန်းတစ်ဆယ်ကျော်၊ ကုန်ကြမ်း ဝယ်ယူရန် ယွမ် ငါးသန်းကျော်နှင့် ဂိုဒေါင် ငှားရမ်းခ ယွမ် ၈ သန်း၊ ကုမ္ပဏီ မှတ်ပုံတင် ကိစ္စများအတွက် ယွမ် သိန်းဂဏန်းခန့် ကုန်ကျခဲ့ပြီ ဖြစ်သည်။

ယခုအချိန်အထိ ယွမ် သန်းနှစ်ဆယ်ကျော် ကုန်ကျခဲ့ပြီ ဖြစ်သော်လည်း ဆွန်ဖုန်းထံတွင် ယွမ် သန်းတစ်ရာကျော် ကျန်ရှိနေသေးသဖြင့် ငွေကြေးပိုင်းအရ ပြဿနာ မရှိချေ။

ဤတစ်ပတ်အတွင်း ဆွန်ဖုန်းမှာ အလုပ်များနေသဖြင့် လီကျီဝမ်၏ လက်တုံ့ပြန်မှုကိုလည်း မကြုံခဲ့ရသလို ဟယ်မင်ယီကိုလည်း ထပ်မတွေ့ရတော့ချေ။

လီကျီဝမ်၏ စရိုက်အရ သူသည် ဆွန်ဖုန်းအား သေချာပေါက် ဒုက္ခပေးဦးမည် ဖြစ်ကြောင်း ဆွန်ဖုန်း သိရှိထားပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လီကျီဝမ်၏ အကြံအစည်များကို ဖျက်ဆီးခဲ့သောကြောင့် ဖြစ်ပေသည်။

ဟယ်မင်ယီနှင့် ပတ်သက်၍မူ ဆွန်ဖုန်းမှာ အခွင့်အရေး ရတုန်း အသုံးချလိုက်သည့် သဘောသာ ဖြစ်ပြီး သူမနှင့် သိကျွမ်းသည်ဟုပင် ပြော၍ မရနိုင်ချေ။ သူမအပေါ် ချစ်စိတ်လည်း မရှိပေ။ ဟယ်မင်ယီက ဆွန်ဖုန်းအား တာဝန်ယူခိုင်းသော်လည်း သူမ တောင်းဆိုသော အခြေအနေများကိုမူ ဆွန်ဖုန်း လုံးဝ လက်ခံမည် မဟုတ်ချေ။

သို့သော် ဤရက်ပိုင်း အတွင်း ဆွန်ဖုန်းနှင့် ဝူမုန်ရှင်းတို့၏ ဆက်ဆံရေးမှာ အတော်လေး တိုးတက်လာခဲ့သည်။ ဝူမုန်ရှင်းမှာ လှပနူးညံ့သော မိန်းကလေး တစ်ဦး ဖြစ်သဖြင့် ဆွန်ဖုန်းမှာ သူမအား မချစ်သေးသော်လည်း အနည်းငယ်တော့ စိတ်ဝင်စားနေပြီ ဖြစ်သည်။

သို့သော် သူတို့နှစ်ဦးမှာ ချစ်သူအဖြစ် တရားဝင် မသတ်မှတ်ရသေးဘဲ ဆွန်ဖုန်းက သူမအား အမြဲတမ်း စနောက်ကာ အခွင့်အရေး ယူနေခြင်းသာ ရှိသေးသည်။

"အင်း... ဒီဘက်က ကိစ္စတွေကတော့ အတော်လေး အဆင်ပြေနေပြီ... အချိန်စောင့်ရုံပဲ ရှိတော့တယ်... ငါလည်း တောင်တရုတ်ပင်လယ်ဘက်ကို တစ်ခေါက်လောက် ပြန်သွားဦးမှပဲ..."

ဆွန်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ထွက်လာလေတော့သည်။

All Chapters