အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) အငြင်းပွားခြင်း
တောင်တရုတ်ပင်လယ်၏ နက်ရှိုင်းသော ရေပြင်အလယ်ရှိ ဖိလစ်ပိုင်တို့၏ ရေပိုင်နက်အတွင်းမှ အမည်မသိ ကျွန်းငယ်လေးတစ်ကျွန်းပေါ်တွင် ဖြစ်သည်။ ကမ်းစပ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော မြေပြန့်လွင်ပြင်၌ တဲစခန်းများကို အစီအရီ တည်ဆောက်ထားကြသည်။
မြေပြင်ပေါ်တွင် ဖိလစ်ပိုင်များနှင့် အမေရိကန် ငှက်ပျောသီးကောင်များမှာ စက်ယန္တရားကြီးများနှင့် ရိက္ခာထုပ်များကို ဟိုဟိုဒီဒီ အလုပ်ရှုပ်စွာ သယ်ယူပို့ဆောင်နေကြသည်။ ဤကျွန်းမှာ သတင်းစာမျက်နှာများထက်တွင် ဖော်ပြခံခဲ့ရသော ကျွန်းပင် ဖြစ်သည်။ ကျွန်း၏ ရှေ့ဘက် ကီလိုမီတာ ဆယ်ဂဏန်းခန့် အကွာအဝေးရှိ ရေအောက်ကြမ်းပြင်အောက်တွင် တန်ချိန် (၅၀) ခန့်အထိ ကြီးမားသော ရွှေတွင်းကြီးတစ်ခု ကိန်းဝပ်တည်ရှိနေပေသည်။
ဤအခြေအနေကို ကြည့်ရသည်မှာ ဖိလစ်ပိုင်များနှင့် အမေရိကန်များ ပူးပေါင်း၍ ရွှေတွင်းကို စတင်တူးဖော်ရန် ပြင်ဆင်နေကြခြင်း ဖြစ်ပေမည်။ ထိုမျှများပြားလှသော ရွှေတန်ချိန် (၅၀) ဆိုသည့် ပမာဏမှာ လောဘသားတို့၏ မျက်စိကို ကျိကျိတက် စူးစေသည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍သာ အမြန်ဆုံး မတူးဖော်နိုင်ပါက ဤရွှေတွင်းကို အကြောင်းပြု၍ အငြင်းပွားမှုများပင် ပေါ်ပေါက်လာနိုင်ခြေ ရှိနေပေသည်။
အမှန်စင်စစ် ဤရွှေတွင်းကို ဖိလစ်ပိုင်တို့က ရှေးဦးစွာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူတို့မှာ ဤရွှေများကို တိတ်တဆိတ် အပိုင်စီးရန် ကြံစည်ခဲ့ကြသော်လည်း မည်သို့သော အကြောင်းကြောင့် သတင်းပေါက်ကြားသွားသည် မသိဘဲ ကမ္ဘာ့သတင်းစာမျက်နှာများပေါ်အထိ ရောက်ရှိသွားခဲ့သည်။ ထိုအခါမှ ဖိလစ်ပိုင်တို့မှာ အူနုကျွဲခတ်သကဲ့သို့ နောင်တရနေကြသော်လည်း မတတ်သာတော့ပေ။
ဤသတင်းကို ကြားသောအခါ အမေရိကန်များက ဤရွှေတွင်းကြီးကို လက်လွှတ်ခံမည် မဟုတ်သည်မှာ သေချာလှသည်။ သူတို့၏ ဗိုလ်ကျတတ်သော စရိုက်အတိုင်း စစ်သင်္ဘောများကို ချက်ချင်းစေလွှတ်ကာ ဝေစုခွဲပေးရန် ခြိမ်းခြောက်လေတော့သည်။
ဖိလစ်ပိုင်တို့မှာ ထိုခြိမ်းခြောက်မှုကို ကြားသည်နှင့် သေးထွက်ကျမတတ် လန့်ဖျပ်သွားကြသည်။ သူတို့က အမေရိကန်များ မပါဘဲ တူးဖော်ရဲမည်လော။ လက်ရှိ အခြေအနေတွင် ဖိလစ်ပိုင်တို့မှာ အမေရိကန်များ၏ အားကို ကိုး၍သာ တောင်တရုတ်ပင်လယ်တွင် ရမ်းကားရဲခြင်း ဖြစ်သည်။ အကယ်၍ အမေရိကန်များကသာ သူတို့ကို မကာကွယ်ပေးတော့ပါက သူတို့မှာ လိပ်ခေါင်းဝင်သကဲ့သို့ ပုန်းအောင်းနေရမည်သာ ဖြစ်သည်။
အထက်ပါအချက်က ပထမ အကြောင်းရင်း ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ လက်ရှိ ဖိလစ်ပိုင်တို့၏ တူးဖော်ရေး နည်းပညာဖြင့် ဤရွှေတွင်းကို တူးဖော်ရန် လုံးဝ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအင်အားစု နှစ်ခုမှာ အကျိုးတူ ပူးပေါင်းကာ ခွေးသွားရာ ဝက်ပါ ဆိုသကဲ့သို့ ဖြစ်လာကြလေသည်။
မည်သို့ပင်ဆိုစေ ဤအမည်မသိ ကျွန်းမှာ ဖိလစ်ပိုင် ရေပိုင်နက်နှင့် နိုင်ငံတကာ ရေပိုင်နက် ကြားတွင် တည်ရှိနေပြီး အလွန် အကဲဆတ်သော နေရာတစ်ခု ဖြစ်သည်။ ထိုအချက်ကြောင့်ပင် နှစ်ဖက်စလုံးက ချက်ချင်း သဘောတူညီမှု ရခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ အချိန်ဆွဲနေပါက အခြား အင်အားစုများ ရောက်လာပြီး ပြဿနာ ရှာလာနိုင်ပေသည်။
ခမ်းနားထည်ဝါလှသော တဲစခန်းကြီးတစ်ခု၏ အတွင်းတွင်မူ ဖိလစ်ပိုင်တို့၏ တာဝန်ခံ ဖြစ်သူ ထိုက်နီအာမှာ ကော်ဖီကို အေးအေးဆေးဆေး သောက်နေသော အမေရိကန် တာဝန်ခံ ဂျက်အား ဒေါသတကြီး စိုက်ကြည့်နေပေသည်။
အကယ်၍သာ ဆွန်ဖုန်း ဤနေရာတွင် ရှိနေပါက ထိုဂျက်ဆိုသူမှာ သူ ခိုးယူနေသော သံသတ္တုတွင်းကို ပိုင်ဆိုင်သူ ဖြစ်နေကြောင်း တွေ့ရှိရပြီး လွန်စွာ အံ့ဩသွားမည်မှာ အသေအချာပင် ဖြစ်သည်။
"ဂျက်... အရင်က ငါတို့ သဘောတူထားတာ လေးခြောက်ခွဲမယ် ဆိုတာလေ... ငါတို့က ခြောက်ဆယ်ရာခိုင်နှုန်း... မင်းတို့က လေးဆယ်ရာခိုင်နှုန်း ရမယ်လို့ သဘောတူခဲ့တာ မဟုတ်လား... အခု ဘာလို့ စကားတွေ ပြောင်းနေရတာလဲ..."
ထိုက်နီအာ၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်နေသည်။ သူသည် ထိုအမေရိကန်အား အပြတ်အသတ် သင်ခန်းစာပေးချင်စိတ်များ ပေါ်လာသော်လည်း ဤနေရာမှာ သူတို့ ဖိလစ်ပိုင်များ၏ ပိုင်နက်ဖြစ်ပြီး အမေရိကန်များ၏ ပိုင်နက် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။
သို့သော် ထိုက်နီအာသည် ဒေါသကို မြိုသိပ်ကာ ဂျက်အား စစ်ကြောသော လေသံဖြင့် ဆက်ပြောလိုက်သည်။ အမှန်တကယ်တော့ သူတို့ ဤကျွန်းပေါ်သို့ ရောက်ရှိလာသည်မှာ တစ်ပတ်ခန့် ရှိနေပြီ ဖြစ်ပြီး ပြင်ဆင်စရာ ရှိသည်များကိုလည်း အားလုံး ပြင်ဆင်ပြီးစီးနေပြီ ဖြစ်သည်။ စက်ယန္တရားများနှင့် ပလက်ဖောင်းများကို တပ်ဆင်ပြီးပါက တူးဖော်ရေးကို ချက်ချင်း စတင်နိုင်ပြီ ဖြစ်သည်။ အထက်လူကြီးများကလည်း တူးဖော်ရေးကို အမြန်စတင်ရန် နေ့စဉ်လိုလို ဖိအားပေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် အခြား အင်အားစုများက ဤနေရာကို မျက်စိကျနေကြပြီး ဝေစုခွဲရန် ကြံစည်နေကြသောကြောင့် ဖြစ်သည်။
ရွှေတန်ချိန် (၅၀) ဆိုသည်မှာ နည်းလှသည် မဟုတ်ပေ။ သန့်စင်ပြီးပါက သုံးဆယ်မှ လေးဆယ်တန်ခန့် ရရှိနိုင်ပြီး ထိုပမာဏမှာ အမေရိကန် ဒေါ်လာ သန်းတစ်ထောင်ခန့် တန်ဖိုးရှိပေသည်။ ထို့ထက်ပင် ပိုနိုင်သေးသည်။ ထိုငွေပမာဏမှာ ဖိလစ်ပိုင်ကဲ့သို့ ဆင်းရဲသော နိုင်ငံတစ်ခုအတွက် အလွန် များပြားလှသော ဓနဥစ္စာကြီး တစ်ခု ဖြစ်ပေသည်။
"နိုး... နိုး... နိုး... ထိုက်နီအာ... ငါတို့ ဒီလိုခွဲတာက တရားမျှတမှု မရှိဘူးလို့ ငါထင်တယ်... စဉ်းစားကြည့်လေ... တူးဖော်ရေး စက်ကိရိယာတွေကို ငါတို့က ထုတ်ပေးရတယ်... နည်းပညာရှင်တွေကလည်း ငါတို့ လူတွေချည်းပဲလေ... မင်းတို့ကတော့ ထောက်ပံ့ရေးလောက်ကိုပဲ တာဝန်ယူရတာ မဟုတ်လား... အဲဒါကို မင်းတို့က ခြောက်ဆယ်ရာခိုင်နှုန်း ယူပြီး ငါတို့က လေးဆယ်ပဲ ရမယ်ဆိုတာက နည်းလွန်းတယ်လို့ မထင်ဘူးလား..."
ဂျက်က မဲ့ပြုံးတစ်ချက်ကို ပြုံးရင်း အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ဒီရွှေတွင်းကို ငါတို့ စတွေ့တာလေ... မင်းတို့က တူးဖော်ဖို့အတွက် နည်းပညာ ကူညီပေးရုံနဲ့ လေးဆယ်ရာခိုင်နှုန်း ရနေတာတောင် အများကြီး ဖြစ်နေပြီ..."
ထိုက်နီအာကမူ ဒေါသကို မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ပြန်အော်လိုက်လေတော့သည်။
"နိုး... နိုး... နိုး... မင်းတို့ဘက်က သဘောတူညီချက်ကို မပြောင်းလဲဘူးဆိုရင် ငါတို့ဘက်က အလုပ်စမှာ မဟုတ်ဘူး... သဘောတူညီမှု ရတဲ့အထိ ငါတို့ကတော့ စောင့်နေမှာပဲ..."
ဂျက်က ခပ်အေးအေးပင် ခြိမ်းခြောက်လိုက်လေသည်။ သူ၏ အမြင်တွင် လူဖြူများသာလျှင် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး လူသားများ ဖြစ်သည်။ ဤဖိလစ်ပိုင်များမှာ ရွှေတွင်းကို တွေ့သော်လည်း ကိုယ်တိုင် မတူးဖော်နိုင်သော အသုံးမကျသည့် လူမျိုးများသာ ဖြစ်သည်ဟု အထင်အမြင်သေးစွာ တွေးတောထားပေသည်။
ဂျက်က အလွန် အေးဆေးစွာ ပြောဆိုနေခြင်း ဖြစ်ပြီး ဖိလစ်ပိုင်များနှင့် အဆင်မပြေဖြစ်မည်ကိုလည်း လုံးဝ မကြောက်ရွံ့ချေ။ ဤသည်မှာလည်း အထက်မှ အမိန့်ပေးထားခြင်း ဖြစ်ရာ သူက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ သဘောတူညီမှု မရဘဲ ပျက်ပြားသွားပါက ဤရွှေတွင်းကို သူတို့ချည်းသာ သိမ်းပိုက်နိုင်မည်ဟုလည်း သူ မျှော်လင့်ထားပေသည်။
"ဘာ... အလုပ်မစဘူး ဟုတ်လား... ဒါ မင်း ငါ့ကို ခြိမ်းခြောက်နေတာလား..."
ထိုက်နီအာက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဂျက်အား အထက်စီးမှ စိုက်ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ တစ်ဖက်လူက သူတို့၏ အားနည်းချက်ကို အတိအကျ သိရှိပြီး ခြိမ်းခြောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
အကယ်၍ အမေရိကန်များ၏ စက်ယန္တရားများနှင့် နည်းပညာ အကူအညီသာ မရရှိပါက ဤရွှေတွင်းကို မည်သည့်အခါမျှ တူးဖော်နိုင်မည် မဟုတ်ချေ။ ဂျက်၏ စကားက ဖိလစ်ပိုင်များ၏ လည်ချောင်းတွင် အရိုးစူးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဂျက်သည် ဒေါသထွက်နေသော ထိုက်နီအာအား အထင်အမြင်သေးစွာ ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ခြိမ်းခြောက်တော့ရော ဘာဖြစ်လဲ..."
"ကောင်းပြီ... သိပ်ကောင်းတယ်..."
ထိုက်နီအာ၏ မျက်နှာမှာ ဒေါသကြောင့် နီလိုက် ဖြူလိုက် ဖြစ်သွားသော်လည်း သူတို့ ဖိလစ်ပိုင်များမှာ အမေရိကန်များကို မယှဉ်နိုင်ကြောင်း သိရှိထားသဖြင့် ဘာမှ မလုပ်ရဲချေ။
နောက်ဆုံးတွင် ထိုက်နီအာသည် ခုံပေါ်သို့ ပြန်ထိုင်လိုက်ပြီး သက်ပြင်းချကာ မေးလိုက်သည်။
"မင်းတို့ ဘယ်လောက် လိုချင်တာလဲ..."
ဖိလစ်ပိုင်များ အလျော့ပေးသွားသည်ကို မြင်သောအခါ ကြီးမြတ်သော အမေရိကန် တစ်ယောက်အနေဖြင့် ဂျက်မှာ အလွန် ကျေနပ်သွားလေသည်။ သူသည် ဖိလစ်ပိုင်နိုင်ငံတွင် သတ္တုတွင်း တူးဖော်ရေး ကိစ္စများကို တာဝန်ယူ လုပ်ဆောင်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပြီး သူ လိုချင်သမျှ အရာအားလုံးကို ရရှိခဲ့သည်။ ဖိလစ်ပိုင် အားလုံးကလည်း သူ့ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြပေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် စကားတစ်ခွန်းကို အမြဲတမ်း ယုံကြည်ထားသောကြောင့် ဖြစ်သည်။
"အင်အားကြီးတဲ့သူက အနိုင်ပဲ..."
"အများကြီး မဟုတ်ပါဘူး... ခြောက်ဆယ်ရာခိုင်နှုန်းပဲ..."
ဂျက်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
"ဘာ... ခြောက်ဆယ်ရာခိုင်နှုန်း... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... အလွန်ဆုံး ငါးဆယ်စီ ခွဲဖို့တော့ လက်ခံနိုင်တယ်... ခြောက်ဆယ်ရာခိုင်နှုန်း ဆိုတာကိုတော့ လုံးဝ လက်မခံနိုင်ဘူး..."
ထိုက်နီအာက ခေါင်းကို အဆက်မပြတ် ခါရမ်းကာ ပြင်းထန်စွာ ငြင်းဆန်လိုက်သည်။
"လက်မခံဘူးလား... ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းတို့ လက်ခံလာတဲ့အထိ အေးအေးဆေးဆေး စောင့်နေလိုက်မယ်..."
ဂျက်က ခပ်ဟဟ ရယ်မောလိုက်ပြီး နေရာမှ ထကာ ထွက်သွားရန် ပြင်လိုက်သည်။
"နေဦး... တခြား အင်အားစုတွေ ဝင်ပါလာမှာကို မင်း မကြောက်ဘူးလား..."
ထိုက်နီအာက မျက်နှာမည်းကြီးဖြင့် မေးလိုက်သည်။
"ဟားဟား... အဲဒါ ငါ ကြားဖူးသမျှထဲမှာ ရယ်ရဆုံး ဟာသပဲ... တခြား အင်အားစုတွေက ငါတို့ အမေရိကန်တွေထက် ပိုအင်အားကြီးလို့လား..."
ဂျက်က ထိုက်နီအာအား အထင်အမြင်သေးစွာ ကြည့်ကာ နောက်လှည့်မကြည့်တော့ဘဲ ထွက်သွားလေတော့သည်။
"မင်း..."
ထိုက်နီအာသည် ထွက်သွားသော ဂျက်၏ ကျောပြင်ကို ကြည့်ကာ ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်အောင် ဖြစ်သွားရသည်။
"ကြည့်ရတာ အထက်လူကြီးတွေနဲ့ ပြန်တိုင်ပင်မှ ရတော့မယ်..."
ထိုက်နီအာသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
......
ထိုညတွင်ပင် အမည်မသိ ကျွန်း၏ လူသူကင်းမဲ့သော ကမ်းခြေတစ်နေရာ၌ သံမဏိလူသားနှင့် တူသော အရာတစ်ခုသည် ရေထဲမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ကမ်းစပ်ရှိ သစ်တောထဲသို့ ချက်ချင်း ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
ခြုံပုတ် တစ်ခုအတွင်းတွင် ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံကို သိမ်းဆည်းလိုက်ပြီး အဝေးမှ လင်းထိန်နေသော စခန်းချရာ နေရာကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဖိလစ်ပိုင်များကိုရော အမေရိကန်များကိုပါ တွေ့မြင်ရပေသည်။
စခန်းအတွင်း၌ ရိက္ခာများအပြင် ကြီးမားသော စက်ယန္တရား အချို့ကိုလည်း တွေ့ရသည်။ ထိုစက်များ၏ အမည်ကို ဆွန်ဖုန်း မသိသော်လည်း ရွှေတွင်း တူးဖော်ရန် အသုံးပြုမည့် စက်များ ဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။
"ကြည့်ရတာ ဖိလစ်ပိုင်တွေနဲ့ အမေရိကန်တွေ တူးဖော်ဖို့အတွက် ပြင်ဆင်နေကြပြီ ထင်တယ်... ဟဲဟဲ... ဒါပေမယ့် ဒီတစ်ခါတော့ သူတို့တွေ အလကား အပင်ပန်းခံရုံပဲ ရှိလိမ့်မယ်..."
ဆွန်ဖုန်းသည် အဝေးမှ စခန်းကို ကြည့်ကာ မျက်နှာပေါ်တွင် ကောက်ကျစ်လှသော အပြုံးတစ်ခု ပေါ်ထွက်လာလေတော့သည်။