အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) ကမ္ဘာကြီးကို တုန်လှုပ်စေခြင်း
ထိုသတင်းကို ကြားလိုက်ရချိန်တွင် ဂျက်၏ မျက်နှာပေါ်၌ အံ့ဩမှင်တက်မှုများနှင့် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေပေသည်။ ကောင်းမွန်စွာ တည်ရှိနေသော ရွှေတွင်းကြီးတစ်ခုမှာ မည်သည့်အတွက်ကြောင့် တစ်ညတည်းနှင့် ပျောက်ကွယ်သွားရသနည်း ဆိုသည်ကို သူ စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေသည်။
"ဒါ တစ္ဆေခြောက်တာများလား..."
ဂျက်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။ ဤမျှကြီးမားသော ထိုးနှက်ချက်ကြီးကို သူ မခံစားနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
သူ၏ဘေးတွင် ရပ်နေသော ထိုက်နီအာမှာလည်း နည်းပညာရှင်၏ အစီရင်ခံစာကို ကြားပြီးနောက် မျက်လုံးများတွင် မယုံကြည်နိုင်သော အကြည့်များ ပေါ်ထွက်လာလေသည်။
"မဖြစ်နိုင်ဘူး... ထောက်လှမ်းရေး စက်တွေ ချွတ်ယွင်းနေတာများလား..."
ထိုက်နီအာသည် ရှေ့သို့ တိုးသွားကာ ထိုနည်းပညာရှင်၏ ကော်လာကို ဆွဲကိုင်၍ ဒေါသတကြီး မေးလိုက်သည်။
"မ... မဟုတ်ပါဘူး... စက်တွေ ဘာမှ မဖြစ်ပါဘူး... ကျွန်တော်တို့ အခုလေးတင် လေးခါလောက် စမ်းကြည့်ပြီးပါပြီ... အဖြေကတော့ အတူတူပါပဲ... ဒီအနီးအနားမှာ ရွှေတွင်း လုံးဝ မရှိတော့ပါဘူး..."
ထိုနည်းပညာရှင်မှာ နဖူးမှ ချွေးစေးများ ပျံလျက် ကြောက်လန့်တကြား ပြန်ဖြေရှာသည်။
"ရေအောက်က စက်ရုပ်တွေနဲ့ ရေငုပ်သမားတွေရဲ့ အစီရင်ခံစာအရဆိုရင် ရေအောက်မှာ မီတာ ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ကျယ်တဲ့ တွင်းကြီးတွေ ပေါ်လာတယ်တဲ့... ပြီးတော့ အဲဒီတွင်းကြီးတွေရဲ့ အောက်မှာ အကုန်လုံး ပြောင်ရှင်းနေတဲ့ ဥမင်လို အပေါက်ကြီးတွေ ရှိနေတယ်တဲ့... အဲဒီတွင်းကြီးတွေ ရှိနေတဲ့ နေရာက ငါတို့ ရွှေတွင်းကို ထောက်လှမ်းမိခဲ့တဲ့ နေရာနဲ့ အတိအကျပဲ... တကယ်လို့ ထောက်လှမ်းရေး စက်တွေသာ ချွတ်ယွင်းမနေဘူး ဆိုရင်တော့ ဒီရွှေတွင်းကြီးက တကယ်ပဲ အတောင်ပံပေါက်ပြီး ပျံသွားပြီလို့ ဆိုရမှာပဲ..."
ဂျက်မှာ လောကဓံ အတက်အကျများကို ကြုံတွေ့ဖူးသူ ပီပီ၊ သူသည် အမြန်ဆုံး တည်ငြိမ်သွားပြီးနောက် အခြေအနေကို သုံးသပ်ပြလိုက်သည်။
"ဘာ... ငါတို့ ခြေအောက်က ပင်လယ်ကြမ်းပြင်မှာ တွင်းကြီးတွေ ပေါ်လာတယ် ဟုတ်လား... မဖြစ်နိုင်ဘူး... ပြီးခဲ့တဲ့ အပတ်က ငါတို့ လူလွှတ်ပြီး ထောက်လှမ်းခိုင်းတုန်းက မင်းပြောတဲ့ အရာတွေ လုံးဝ မရှိခဲ့ပါဘူး..."
ထိုက်နီအာသည် ကုန်းပတ်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း မျက်နှာမည်းကြီးဖြင့် ပြောလိုက်သည်။
"အဲဒီတွင်းကြီးတွေရဲ့ အရာက အသစ်စက်စက်တွေပဲ... ဒါက ဒီတွင်းကြီးတွေဟာ မကြာသေးခင်ကမှ ဖြစ်ပေါ်လာတယ် ဆိုတာကို သက်သေပြနေတာပဲ..."
ဂျက်၏ နဖူးမှ ချွေးစေးများ ထွက်ပေါ်လာပြီး နောက်ဆက်တွဲ စကားများကို သူ ဆက်မပြောရဲတော့ပေ။
"မဖြစ်နိုင်ဘူး... ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုကြီးကို လုပ်ရင် ချက်ချင်း သတိထားမိမှာပဲ... ဒုတိယ အချက်က ဒီလောက် ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးကို ဘယ်လိုလုပ် တစ်ရက် နှစ်ရက်အတွင်း ပြီးနိုင်မှာလဲ... ပြီးတော့ ဒီနေရာမှာ မင်းတို့ရဲ့ စစ်သင်္ဘောကြီးလည်း ရပ်ထားတာပဲ... ဒီသင်္ဘောကြီးရဲ့ မျက်စိအောက်မှာ ဒီလိုမျိုး မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စကြီးကို ဘယ်သူက လုပ်ရဲမှာလဲ..."
ထိုက်နီအာက ခေါင်းကို အဆက်မပြတ် ခါရမ်းကာ ငြင်းဆိုလိုက်သည်။
"ဒီလိုကိစ္စမျိုးကို လုပ်နိုင်တာ ဂြိုဟ်သားတွေပဲ ရှိတော့တယ်..."
ဂျက်က သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားလေသည်။ သူသည် ဤသတင်းကို အထက်လူကြီးများထံသို့ ချက်ချင်း အစီရင်ခံရန် ဆုံးဖြတ်လိုက်သည်။
စစ်သင်္ဘောကြီး တစ်စင်း၏ အောက်တည့်တည့်တွင် ဤကဲ့သို့ ကမ္ဘာပျက်မတတ် ကိစ္စကြီးကို လုပ်ဆောင်နိုင်သည် ဆိုသော သတင်းမှာ ရွှေတွင်း ပျောက်ဆုံးသွားခြင်းထက် အဆပေါင်းများစွာ ပို၍ အရေးကြီးလှပေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်တို့၏ စစ်သင်္ဘောများမှာ ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး ဖြစ်သောကြောင့်ပင်။ ထိုကဲ့သို့ စစ်သင်္ဘောကြီး အောက်တွင် ဤသို့သော လုပ်ရပ်ကို လုပ်ဆောင်နိုင်ခြင်းက သူတို့ကို အလေးအနက် ထားစေရန် လုံလောက်လှပေသည်။
ထို့နောက် တစ်နေကုန် ရေအောက်မှ ရိုက်ကူးပေးပို့လာသော ဓာတ်ပုံများနှင့် တွက်ချက်မှုများအရ ဂျက်နှင့် ထိုက်နီအာတို့မှာ သူတို့ကို ထိတ်လန့်သွားစေမည့် အမှန်တရား တစ်ခုကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့လေသည်။
တန်ချိန် (၅၀) ရှိသော ရွှေတွင်းကြီး တစ်ခုမှာ တစ်ညတည်းနှင့် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရေအောက်မှ ရိုက်ကူးပေးပို့လာသော ဓာတ်ပုံများကို မြင်လိုက်ရသောအခါ ဂျက်နှင့် ထိုက်နီအာတို့မှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ ဓာတ်ပုံများအရ ထိုတွင်းကြီးများ၏ အောက်တွင် ငါးကီလိုမီတာခန့် ရှည်လျားသော လေးထောင့်ပုံ ဥမင်ကြီး တစ်ခု ရှိနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ပင်လယ်ကြမ်းပြင် အောက်ခြေကို မသိနိုင်သော အရာတစ်ခုက ငါးကီလိုမီတာခန့် ရှည်လျားသော ဥမင်ကြီး တစ်ခု တူးဖော်သွားခြင်းပင် ဖြစ်သည်။
ထိုဥမင်ကြီး တည်ရှိရာ နေရာမှာ ရွှေတွင်း တည်ရှိရာ နေရာပင် ဖြစ်ပေသည်။
ထို့အပြင် ရေငုပ်သမားများက ဥမင်အတွင်းမှ ကျန်ရစ်နေသော ရွှေရိုင်းတုံး အကျိုးအပဲ့ အချို့ကိုပါ စုဆောင်းရရှိခဲ့သဖြင့် ဂျက်နှင့် ထိုက်နီအာတို့ကို ပိုမို သေချာသွားစေခဲ့သည်။
ဤပင်လယ်ကြမ်းပြင်အောက်တွင် ရွှေတွင်း ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူတိုင်းကို ထိတ်လန့်စေသောအရာမှာ ထိုရွှေတွင်းကြီးက မည်သည့်အတွက်ကြောင့် တစ်ညတည်းနှင့် ပျောက်ကွယ်သွားရသနည်း ဆိုခြင်းပင် ဖြစ်သည်။
ဤရွှေတွင်းမှာ ရေအောက် မီတာ (၁၅၀၀) တွင် တည်ရှိပြီး မြေအောက် မီတာ (၂၀၀) အထိ ဖုံးလွှမ်းတည်ရှိနေခြင်း ဖြစ်သည်။ ထို မီတာ (၂၀၀) တွင် တစ်ဝက်မှာ ရွှံ့နွံများ ဖြစ်ပြီး ကျန်တစ်ဝက်မှာမူ အလွန် မာကျောလှသော ကျောက်ဆောင်များ ဖြစ်ပေသည်။
အမေရိကန်တို့၏ အဆင့်မြင့် တူးဖော်ရေး စက်ကိရိယာများဖြင့်ပင် ဤရွှေတွင်းကို တူးဖော်ရန် အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မာကျောသော ကျောက်ဆောင်များကို ထိုးဖောက်ရန် စက္ကန့်အတော်ကြာမှ တစ်မီလီမီတာခန့်သာ တူးဖော်နိုင်မည် ဖြစ်ရာ မီတာ (၁၅၀) ခန့်ရှိသော ကျောက်ဆောင်များကို တူးဖော်ရန် မည်မျှ ကြာမြင့်မည်နည်း။
ထိုသို့သော ပတ်ဝန်းကျင်နှင့် အခြေအနေအောက်တွင် ဤရွှေတွင်းကြီးက တစ်ညတည်းနှင့် ပျောက်ကွယ်သွားသည် ဆိုသည်မှာ ဂြိုဟ်သားများ လုပ်ဆောင်ခြင်းမှလွဲ၍ မည်သူက ဤမျှ အဆင့်မြင့်သော နည်းပညာဖြင့် လုပ်ဆောင်နိုင်မည်နည်း။
သို့သော် ဤပြဿနာများမှာ ဂျက်နှင့် ထိုက်နီအာတို့ ဖြေရှင်းနိုင်မည့် ကိစ္စများ မဟုတ်တော့ပေ။ သူတို့သည် ရွှေတွင်း ပျောက်ဆုံးသွားသဖြင့် နှမြောတသ ဖြစ်နေချိန်တွင်ပင် ဤသတင်းကို နှစ်ဖက် အထက်လူကြီးများထံသို့ အစီရင်ခံစာ တင်ပြလိုက်ရလေသည်။
ချက်ချင်းပင် အမေရိကန်များနှင့် ဖိလစ်ပိုင်များ အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသတင်းမှာ အလွန် မယုံနိုင်စရာ ကောင်းလွန်းနေသောကြောင့် ဖြစ်ပေသည်။
အထူးသဖြင့် ဖိလစ်ပိုင်များမှာ ညအိပ်၍ပင် ပျော်မည် မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှေတွင်း တည်ရှိရာ နေရာမှာ တောင်တရုတ်ပင်လယ် အတွင်း၌ ဖြစ်ရာ ဤကိစ္စကို မည်သူက လုပ်ဆောင်ခဲ့မှန်း မသိနိုင်သောကြောင့် ဖြစ်ပေသည်။
......
နောက်တစ်နေ့တွင် ဤအံ့မခန်း သတင်းကြီးမှာ ကမ္ဘာတစ်ဝန်းရှိ သတင်းစာမျက်နှာများထက်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။
"အမေရိကန် နေ့စဉ်သတင်းစာ - တောင်တရုတ်ပင်လယ် အတွင်းမှ ရွှေတွင်းကြီး တစ်ညတည်းနှင့် ပျောက်ကွယ်သွားပြီး ဖိလစ်ပိုင်များကို အကြီးအကျယ် ထိတ်လန့်စေ... ဤကိစ္စကို မည်သူက လုပ်ဆောင်ခဲ့သနည်း။"
"ဂျပန် နေ့စဉ်သတင်းစာ - တောင်တရုတ်ပင်လယ် အတွင်းမှ ရွှေတွင်းကြီး ထူးဆန်းစွာ ပျောက်ကွယ်သွား... ဤရွှေတွင်းကို တစ်ညတည်းနှင့် ခိုးယူနိုင်စွမ်းရှိသူမှာ မည်သူနည်း... ဂြိုဟ်သားများမှလွဲ၍ ဤစွမ်းရည်မျိုး ရှိသူကို စဉ်းစား၍ မရနိုင်။"
"ဗြိတိန် နေ့စဉ်သတင်းစာ - ဂြိုဟ်သားများ ကမ္ဘာမြေကို ကျူးကျော်လာပြီလား... သူတို့က ရွှေကို အထူး သဘောကျကြသလား။"
"ရုရှား နေ့စဉ်သတင်းစာ - လက်ရှိ ကမ္ဘာမြေပေါ်တွင် မည်သည့် တူးဖော်ရေး စက်ကိရိယာကမျှ တန်ချိန် ၇၀၀၀၀ ရှိသော ရွှေတွင်းကြီးကို တစ်ညတည်းနှင့် တူးဖော်နိုင်စွမ်း မရှိ... တစ်လကြာလျှင်တောင် မဖြစ်နိုင်... ရေအောက် သတ္တဝါကြီးများ လုပ်ဆောင်ခဲ့ခြင်းများလား။"
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီး သတင်းစာတိုက် အားလုံးက လူသားတို့ကို တုန်လှုပ်စေမည့် ဤသတင်းကို ဖော်ပြခဲ့ကြရာ အချိန်တိုအတွင်းမှာပင် အမျိုးမျိုးသော ထင်မြင်ချက်များ ပျံ့နှံ့သွားလေတော့သည်။
ဂြိုဟ်သားများ၊ ပန်းကန်ပြားပျံများ၊ သို့မဟုတ် ဂလက်ဆီ စစ်သင်္ဘောများ စသည့် အခြား ဂြိုဟ်မှ ကျူးကျော်လာသည်ဆိုသော အဓိပ္ပာယ်မရှိသည့် သတင်းများ အားလုံးမှာ အင်တာနက်ပေါ်တွင် အလျှိုလျှို ထွက်ပေါ်လာကြလေသည်။
သို့သော် ဤကိစ္စ၏ တရားခံ ဖြစ်သူ ဆွန်ဖုန်းမှာမူ ယခုအချိန်အထိ အိပ်မောကျနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ညလုံး မအိပ်ရသေးသဖြင့် အိမ်ပြန်ရောက်သည်နှင့် နံနက် ကိုးနာရီခန့်မှ ည ဆယ့်နှစ်နာရီခန့်အထိ အိပ်ပျော်သွားခဲ့သောကြောင့် ဖြစ်ပေသည်။
နိုးလာသောအခါ ဆွန်ဖုန်းသည် ယန်ရွှယ်အား ထမင်းချက်ခိုင်းကာ ထမင်းစားပြီး ဂိမ်းနှစ်ပွဲခန့် ဆော့ပြီးနောက် ထပ်မံ အိပ်ရာဝင်ခဲ့ရာ နောက်တစ်နေ့ နံနက် ကိုးနာရီခန့်မှသာ အိပ်ရာထလေတော့သည်။
ဆွန်ဖုန်း အိပ်ရာထလာချိန်တွင် ရွှေတွင်းကြီး တစ်ညတည်းနှင့် ပျောက်ကွယ်သွားသော သတင်းမှာ ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။
ဆွန်ဖုန်းသည် ဖုန်းကို ကိုင်ကာ ထိုသတင်းကို ဖတ်နေရင်း နှုတ်ခမ်းများပင် ပြဲလုမတတ် ရယ်မောနေမိလေတော့သည်။
......
ထိုအချိန်တွင် ဂျက်၏ အထက်လူကြီးမှာ ဂျက်၏ ရှေ့တွင် ရပ်ကာ နှာခေါင်းကို လက်ညှိုးထိုးပြီး တံတွေးများ စင်လုမတတ် ဒေါသတကြီး အော်ဟစ် ဆဲဆိုနေလေသည်။
"ခွေးကောင်... သွားရှာစမ်း... မရရအောင် သွားရှာ... အကယ်လို့ မင်း ရှာမတွေ့ရင် ငါ့ဆီကို ပြန်လာဖို့ မစဉ်းစားနဲ့... မင်း သိလား... ငါ ဒီရွှေတွင်းကို ရဖို့အတွက် လူဘယ်နှစ်ယောက်ကို ဆက်သွယ်ခဲ့ရလဲ... ပိုက်ဆံ ဘယ်လောက် ပေးခဲ့ရလဲ ဆိုတာကို... ပြီးတော့ စက်ကိရိယာတွေကိုလည်း တောင်တရုတ်ပင်လယ်အထိ သယ်လာခဲ့ရတယ်... အကယ်လို့ ရွှေတွင်းကို ပြန်မရဘူး ဆိုရင် ငါ့ရဲ့ ဆီဖိုးကို မင်း ပေးမှာလား... ငါ ကုန်သွားတဲ့ ပိုက်ဆံတွေကို မင်း ပြန်ဆပ်မှာလား..."
အထက်လူကြီး၏ ဒေါသတကြီး ဆဲဆိုမှုများကို ဂျက်မှာ နားထောင်ရင်း စိတ်ထဲတွင် ခါးသီးစွာ ပြုံးနေမိသည်။ သူ့ကို သွားရှာခိုင်းနေသော်လည်း သူက မည်သို့ သွားရှာရမည်နည်း။
အကယ်၍သာ ယခုအချိန်တွင် ဂျက်တစ်ယောက် သူ၏ သံသတ္တုတွင်းမှ သံသတ္တု တန်ချိန် ၇.၅ သန်း ခိုးယူခံလိုက်ရကြောင်းကိုသာ သိရှိသွားပါက တုံ့ဆိုင်းမနေဘဲ ပင်လယ်ထဲ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမည်မှာ အသေအချာပင် ဖြစ်ပေသည်။
...
တစ်ချိန်တည်းမှာပင် ထိုက်နီအာ၏ အထက်လူကြီးကလည်း ထိုက်နီအာအား အကြီးအကျယ် ဆဲဆိုနေလေသည်။
"ထိုက်နီအာ... မင်း သိရဲ့လား... ရွှေတွင်း တစ်တွင်း ဆုံးရှုံးသွားတာက ငါတို့ ကုမ္ပဏီကို ဘယ်လောက်တောင် ထိခိုက်နစ်နာစေလဲ ဆိုတာကို... ဟမ်... မင်း သိလား... ငါ ဒီရွှေတွင်းကို ရဖို့အတွက် ပိုက်ဆံ ဘယ်လောက်တောင် ကုန်ခဲ့ရလဲ ဆိုတာကို..."
ထိုက်နီအာမှာ အထက်လူကြီး၏ ဆဲဆိုမှုများကို နားထောင်ရင်း လိပ်ခေါင်းဝင်သွားသကဲ့သို့ ငြိမ်သက်စွာ နားထောင်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ချေ။