အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ထုတ်လုပ်မှုလိုင်းများ တပ်ဆင်ခြင်း
နောက်ရက်အနည်းငယ်အတွင်း၌ တောင်တရုတ်ပင်လယ် ရွှေတွင်းကြီး တစ်ညတည်းနှင့် ပျောက်ကွယ်သွားသည့် သတင်းများမှာ ကမ္ဘာတစ်ဝန်းတွင် ဆက်လက် လွှမ်းမိုးနေဆဲ ဖြစ်သော်လည်း ဆွန်ဖုန်းကမူ ထိုကိစ္စများကို သိပ်ပြီး ဂရုမစိုက်တော့ပေ။
သူသည် ယခုရက်ပိုင်းအတွင်း သံမဏိစက်ရုံ ဖွင့်လှစ်ရန်အတွက်သာ အာရုံစိုက်ကာ အလုပ်ရှုပ်နေခဲ့သည်။ ယခင် သတ္တု ပြုပြင်ဖန်တီးရေး စက်ရုံဟောင်းမှာ ယခုအခါတွင် မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး ဆောက်လုပ်ရေး အလုပ်သမားများစွာက အဆောက်အအုံသစ်အတွက် အလုပ်များနေကြသည်။
ဆွန်ဖုန်းသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ တိုးတက်မှုကို ကြည့်ရှုရင်း အတော်လေး ကျေနပ်သွားမိသည်။ အဓိက တိုင်လုံးများ၊ အမိုးတန်းများနှင့် အုတ်မြစ်ချခြင်း လုပ်ငန်းများမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ဤအခြေအနေအတိုင်းသာ ဆက်သွားပါက နောက်ထပ် နှစ်ပတ်ခန့်အကြာတွင် အဆောက်အအုံ အပြီးသတ်နိုင်မည်ဟု သူ ခန့်မှန်းမိသည်။
"ပိုင်ရှင်... သံမဏိတုံး၊ သံမဏိချောင်းနဲ့ အထူးသံမဏိ ထုတ်လုပ်မှုလိုင်း နှစ်ခုကို အောင်မြင်စွာ ထုတ်လုပ်ပြီးစီးပါပြီ... အချိန်မရွေး ထုတ်ယူပြီး တပ်ဆင်လို့ ရပါပြီ..."
အသံလက်ထောက်၏ ရုတ်တရက် သတင်းပေးပို့ချက်ကြောင့် ဆွန်ဖုန်းမှာ အလွန် ဝမ်းသာသွားရသည်။ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးက ထုတ်လုပ်ပေးလိုက်သော ဤထုတ်လုပ်မှုလိုင်း နှစ်ခု၏ စွမ်းဆောင်ရည်မှာ မည်မျှအထိ ကောင်းမွန်မည်နည်း ဆိုသည်ကို သူ အမြန်ဆုံး တွေ့မြင်ချင်နေမိသည်။
"အင်း... ကြည့်ရတာ အားလုံး အဆင်သင့် ဖြစ်နေပြီပဲ..."
သို့သော် လက်ရှိတွင် စက်ရုံ အဆောက်အအုံမှာ မပြီးစီးသေးသဖြင့် စက်များကို ထုတ်ယူ တပ်ဆင်၍ မရနိုင်သေးချေ။ ထို့အပြင် စက်များကို ဒီအတိုင်း ထုတ်ထားပါကလည်း အခြားသူများ မြင်တွေ့သွားနိုင်သဖြင့် အဆောက်အအုံ ပြီးစီးမည့် အချိန်ကိုသာ ဆက်လက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
လျန်ယင်း ဘက်တွင်လည်း ကုမ္ပဏီ မှတ်ပုံတင်သည့် ကိစ္စများမှာ အဆင်ပြေချောမွေ့စွာ ပြီးစီးနေပြီး နောက်ထပ် နှစ်ပတ်ခန့် အကြာတွင် တရားဝင် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။ ဝူမုန်ရှင်းကိုလည်း ဝန်ထမ်းများ ခေါ်ယူရန် ယမန်နေ့ကပင် ညွှန်ကြားထားပြီး ဖြစ်သည်။ အထူးသဖြင့် ကျွမ်းကျင် အင်ဂျင်နီယာများ၊ ဈေးကွက် ရှာဖွေရေးနှင့် စီမံခန့်ခွဲရေးပိုင်းမှ လူများကို အဓိကထား ခေါ်ယူရန် မှာကြားထားသည်။ နောက်ထပ် နှစ်ပတ်ခန့် အချိန်ရသေးသဖြင့် လိုအပ်သည့် ဝန်ထမ်းများကို အလုံအလောက် ရရှိမည်ဟု ဆွန်ဖုန်း ယုံကြည်ထားသည်။
နှစ်ပတ်တာ အချိန်မှာ အလျင်အမြန် ကုန်လွန်သွားခဲ့သည်။ ယမန်နေ့ကပင် စက်ရုံ အဆောက်အအုံ ဆောက်လုပ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ဆွန်ဖုန်းသည် ရှေ့တွင် မြင်နေရသော ကြီးမားကျယ်ဝန်းသည့် စတုဂံပုံ စက်ရုံ အဆောက်အအုံ နှစ်ခုကို ကြည့်ကာ အလွန် ကျေနပ်နေမိသည်။
မနက်ဖြန်တွင် ထုတ်လုပ်မှုလိုင်းများကို စတင် တပ်ဆင်ရန် သူ ဆုံးဖြတ်လိုက်သည်။
မွန်းတည့်ချိန်တွင် ဆွန်ဖုန်းသည် ယခင်က ငှားရမ်းထားသော ဂိုဒေါင်သို့ တမင်တကာ သွားရောက်ခဲ့ပြီး ထုတ်လုပ်မှုလိုင်း နှစ်ခု၏ စက်ကိရိယာ အစိတ်အပိုင်းများ အားလုံးကို သိုလှောင်ရုံ အတွင်းမှ ထုတ်ယူလိုက်သည်။ ဂိုဒေါင်ထဲတွင် ပြည့်လျှံနေသော စက်ကိရိယာ အစိတ်အပိုင်းများကို ကြည့်ကာ ဆွန်ဖုန်းသည် ကြိုတင် ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသို့ ဖုန်းဆက်၍ စက်ရုံသို့ ပို့ဆောင်ပေးရန် အကြောင်းကြားလိုက်သည်။
ထိုသို့ဖြင့် တစ်နေကုန် အလုပ်ရှုပ်သွားပြီး ညဘက် ရောက်မှသာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ဂိုဒေါင်တစ်ခုလုံးစာ ရှိသော စက်ကိရိယာများကို စက်ရုံသို့ ပို့ဆောင်ပြီးစီးသွားလေသည်။
"ဝါး... စက်တွေကလည်း အများကြီးပဲ... ငါတို့တော့ ဘာတွေမှန်းတောင် နားမလည်တော့ဘူး... ဒီစက်တွေက သံရည်ကျိုတဲ့ နေရာမှာ သုံးတာများလား..."
"ဟုတ်မှာပေါ့... ဘာပဲဖြစ်ဖြစ် ငါတို့ သူဌေးကတော့ တကယ့်ကို ချမ်းသာတာပဲ... အရင် သတ္တု ပြုပြင်ရေး စက်ရုံကြီးကို မြေတူးစက်တွေနဲ့ ထိုးကော်ပြီး အသစ်ပြန်ဆောက်တယ်... ပြီးတော့ စက်ဟောင်းတွေကိုလည်း အမှိုက်လို သဘောထားပြီး ရောင်းပစ်တယ်... အခု သံမဏိစက်ရုံ အသစ်ကြီး ထပ်ဖွင့်မယ်ဆိုတော့ တကယ် မလွယ်ဘူး..."
"အေးလေ... သူဌေးတွေရဲ့ ကမ္ဘာကို ငါတို့လို လူတွေက ဘယ်နားလည်နိုင်ပါ့မလဲ..."
စက်ရုံ ဂိတ်ပေါက်ရှိ လုံခြုံရေး ဝန်ထမ်း နှစ်ဦးမှာ တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဆွန်ဖုန်းသည် စက်ရုံသို့ ကားမောင်းလာခဲ့သည်။ သူ ရောက်ရှိသွားချိန်တွင် ဝူမုန်ရှင်းနှင့် လျန်ယင်းတို့ နှစ်ဦးမှာ စောစီးစွာ ရောက်ရှိ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
"အစ်ကိုဖုန်း... မနက်ခင်းပါ..." အမျိုးသမီး နှစ်ဦးက ဆွန်ဖုန်းအား ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ကြသည်။
"မနက်ခင်းပါ... အလှလေး နှစ်ယောက်..."
ဆွန်ဖုန်းက ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး ဝူမုန်ရှင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
"မင်းကို ဆက်သွယ်ခိုင်းထားတဲ့ တပ်ဆင်ရေး အင်ဂျင်နီယာတွေ ရောက်လာကြပြီလား..."
"အစ်ကိုဖုန်း... ခုနကပဲ ဖုန်းဆက်မေးကြည့်တာ... နောက် ဆယ်မိနစ်လောက်နေရင် ရောက်မယ်တဲ့... အခု လမ်းမှာတဲ့..." ဝူမုန်ရှင်းက ဖြေလိုက်သည်။
"အင်း..."
သိပ်မကြာမီမှာပင် ကားတန်းတစ်ခု ရောက်ရှိလာခဲ့သည်။ လူအင်အား ငါးဆယ်ခန့် ပါဝင်ပြီး တပ်ဆင်ရေးတွင် အသုံးပြုမည့် စက်ကိရိယာ အချို့ကိုလည်း သယ်ဆောင်လာကြသည်။ လူစုံသည်နှင့် အလုပ်စတင်ကြတော့သည်။
ဆွန်ဖုန်းသည် ကြိုတင် ပြင်ဆင်ထားသော တပ်ဆင်ရေး လက်စွဲစာအုပ်နှင့် စက်အစိတ်အပိုင်းများ တပ်ဆင်ရာတွင် သတိပြုရမည့် အချက်များကို တပ်ဆင်ရေး အင်ဂျင်နီယာချုပ် လောင်ကျန်းအား ပေးအပ်လိုက်သည်။ ထိုလောင်ကျန်း ဆိုသူမှာ အသက် လေးဆယ်ကျော်ခန့် ရှိပြီး အလွန် ကျွမ်းကျင်သော အင်ဂျင်နီယာ တစ်ဦး ဖြစ်ကြောင်း ကြားသိထားရသဖြင့် ဤထုတ်လုပ်မှုလိုင်း နှစ်ခုကို သူ့အား ဦးဆောင် တပ်ဆင်ခိုင်းရန် ဆွန်ဖုန်း စိတ်ချထားပေသည်။
သို့သော် လောင်ကျန်းသည် တပ်ဆင်ရေး လက်စွဲစာအုပ်ကို ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော သံမဏိစက်ရုံ တပ်ဆင်ပုံမျိုးကို သူ တစ်ခါမျှ မမြင်ဖူးသောကြောင့် ဖြစ်သည်။
ပထမ အချက်အနေဖြင့် သံမဏိစက်ရုံ တစ်ခုအတွက် ဆိုလျှင် ဤစက်ရုံ အဆောက်အအုံမှာ သိသိသာသာ သေးငယ်လွန်းနေသည်။ ဒုတိယ အချက်အနေဖြင့် ဤသံရည်ကျို စက်ကိရိယာများမှာ သူ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသော အမျိုးအစားများ ဖြစ်နေပေသည်။
မည်သို့ပင်ဆိုစေ သူသည် နှုတ်မှ ထုတ်မပြောဘဲ ပိုင်ရှင်၏ အလိုကျသာ တပ်ဆင်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် စက်ရုံ အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ကာ စက်ကိရိယာ အပုံလိုက်ကြီးကို မြင်လိုက်ရသောအခါ လောင်ကျန်းမှာ ပါးစပ်ပင် အဟောင်းသား ဖြစ်သွားရလေသည်။
'ဒီစက်တွေက တကယ်ပဲ သံရည်ကျိုတဲ့ နေရာမှာ သုံးတာလား... ဒါက သံမဏိစက်ရုံရော ဟုတ်ရဲ့လား...' ဟု သူ၏ စိတ်ထဲတွင် တွေးတောနေမိသည်။
သူသည် သံမဏိစက်ရုံ စက်ကိရိယာများစွာကို တပ်ဆင်ဖူးပြီး ပြည်ပမှ အဆင့်မြင့်ဆုံး စက်ကိရိယာများကိုပင် ကိုင်တွယ်ဖူးသော်လည်း ယခု သူ၏ ရှေ့တွင် ရှိနေသော စက်ကိရိယာများကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
"မစ္စတာ ဆွန်... ဒီစက်တွေက သံမဏိတုံးနဲ့ သံမဏိချောင်း ထုတ်လုပ်တဲ့ စက်တွေ ဆိုတာ သေချာရဲ့လား..." နောက်ဆုံးတွင် လောင်ကျန်းသည် မနေနိုင်တော့ဘဲ ဘေးတွင် ရပ်နေသော ဆွန်ဖုန်းအား မေးလိုက်လေသည်။
"ဟဲဟဲ... ဒီစက်တွေက နည်းနည်း အဆင့်မြင့်လွန်းလို့ ခင်ဗျား မြင်ဖူးမှာ မဟုတ်ဘူး... ဒါပေမယ့် ကိစ္စမရှိပါဘူး... ဖြည်းဖြည်းချင်း တပ်ဆင်သွားပါ... လက်စွဲစာအုပ်ထဲက အတိုင်း လုပ်သွားရင် အဆင်ပြေသွားမှာပါ..." ဆွန်ဖုန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
ဆွန်ဖုန်းက အသေးစိတ် ရှင်းပြလိုဟန် မရှိသည်ကို မြင်သောအခါ လောင်ကျန်းလည်း ဆက်မမေးတော့ဘဲ တပ်ဆင်ရေး လုပ်ငန်းများကို စတင်လိုက်လေသည်။ ဤထုတ်လုပ်မှုလိုင်း နှစ်ခုကို တပ်ဆင်ရန် တစ်ပတ်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းရသည်။
အမှန်တကယ်တော့ ဤမျှ အဆင့်မြင့်သော ထုတ်လုပ်မှုလိုင်းများကို လောင်ကျန်း ကဲ့သို့သော အင်ဂျင်နီယာ တစ်ဦးက မည်သို့ နားလည်နိုင်မည်နည်း။ ဤသည်မှာ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ကမ္ဘာမြေ၏ ကုန်ကြမ်းများကို အသုံးပြုထားသော်လည်း နည်းပညာပိုင်းတွင်မူ လက်ရှိ ကမ္ဘာမြေကို အပြတ်အသတ် ကျော်လွန်နေပေသည်။
လက်ရှိ ကမ္ဘာပေါ်တွင် သံသတ္တုများကို သံရည်အဖြစ် အရည်ကျိုရန် ကျောက်မီးသွေး၊ သို့မဟုတ် လျှပ်စစ်စွမ်းအင်ကို အသုံးပြုကြပြီးမှ ပုံလောင်းကြခြင်း ဖြစ်သည်။ သို့သော် ဆွန်ဖုန်း၏ သံမဏိတုံး ထုတ်လုပ်မှုလိုင်းမှာ ကျောက်မီးသွေးကို လုံးဝ အသုံးမပြုဘဲ လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုမည် ဖြစ်သည်။
ထို့အပြင် "U-Ray Nuclear Emission" ဟုခေါ်သော နည်းပညာကို အသုံးပြု၍ သံသတ္တုများကို သံမဏိတုံးများအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပေးမည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်ကို ဆွန်ဖုန်း ကိုယ်တိုင်လည်း နားမလည်သော်လည်း လက်ရှိတွင် ဤနည်းပညာမျိုး မရှိသေးသည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့် ဤထုတ်လုပ်မှုလိုင်း နှစ်ခု၏ နေရာယူမှုမှာလည်း အလွန် သေးငယ်ပြီး ရေဆိုးများ ထွက်ရှိခြင်းလည်း မရှိဘဲ အညစ်အကြေး အချို့သာ ထွက်ရှိမည် ဖြစ်သည်။
အထူးသံမဏိ ထုတ်လုပ်မှုလိုင်းမှာမူ ပို၍ပင် အဆင့်မြင့်သေးသည်။ ဤထုတ်လုပ်မှုလိုင်းမှ ထွက်ရှိလာမည့် အထူးသံမဏိများမှာ လူအများ၏ မျက်စိကို ကျိကျိတက် စူးစေမည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်း၏ အရည်အသွေးများက မကြာမီ အနာဂတ်တွင် အထူးသံမဏိ လောက၌ မုန်တိုင်း တစ်ခုကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။
တစ်ပတ် အကြာတွင် ထုတ်လုပ်မှုလိုင်း နှစ်ခုလုံးကို အောင်မြင်စွာ တပ်ဆင်ပြီးစီးသွားခဲ့သည်။ ထုတ်လုပ်မှုလိုင်း တစ်ခုလျှင် စက်ရုံ တစ်ရုံ နေရာယူပြီး ကျန်ရှိနေသော ဂိုဒေါင်တစ်ခုကိုမူ သံသတ္တုများ သိုလှောင်ရန် အသုံးပြုမည် ဖြစ်သည်။
ထိုရက်ပိုင်းအတွင်း လျန်ယင်းကလည်း ကုမ္ပဏီ မှတ်ပုံတင် ကိစ္စများကို အပြီးသတ်နိုင်ခဲ့ပြီး ဝူမုန်ရှင်းကလည်း လိုအပ်သော ဝန်ထမ်းများကို အပြည့်အဝ ခေါ်ယူနိုင်ခဲ့သည်။ နောက်ရက် အနည်းငယ် အတွင်းတွင် တရားဝင် ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ထားပေသည်။
ဤထုတ်လုပ်မှုလိုင်း နှစ်ခုကို ကိုင်တွယ် အသုံးပြုရန် အလွန် လွယ်ကူပြီး တစ်ခုလျှင် လူအနည်းငယ်သာ လိုအပ်သည်။ ကုန်ကြမ်းများကို စက်ရုံ၏ တစ်ဖက်မှ ထည့်သွင်းလိုက်ရုံဖြင့် အချောထည်များက အခြားတစ်ဖက်မှ ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့ကြောင့် ကုန်ကြမ်း သယ်ယူမည့် အလုပ်သမားများနှင့် အချောထည် လက်ခံမည့် အလုပ်သမား အချို့သာ လိုအပ်မည် ဖြစ်သည်။
'အဆင့်မြင့် နည်းပညာ ဆိုတာ တကယ့်ကို ကောင်းတာပဲ... ထုတ်လုပ်မှုလိုင်းတွေက အစ အလိုအလျောက် စနစ်တွေ ဖြစ်နေတာကိုး...' ဟု ဆွန်ဖုန်းက စိတ်ထဲမှ ချီးကျူးနေမိသည်။
"ပိုင်ရှင်... ဒီထုတ်လုပ်မှုလိုင်း နှစ်ခုက လက်ရှိ ကမ္ဘာမြေကို အနှစ်နှစ်ဆယ်လောက်ပဲ ကျော်လွန်နေသေးတာပါ..."
"ဘာ... အနှစ်နှစ်ဆယ်လောက် ကျော်တာတောင် ဒီလောက် မိုက်နေပြီ... နှစ်ရာချီပြီး ကျော်လွန်တဲ့ နည်းပညာတွေဆိုရင် ဘယ်လောက်တောင် လန်းလိုက်မလဲ..." ဆွန်ဖုန်းက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
"အဲဒါတွေကိုတော့ အခုချိန်မှာ စဉ်းစားမနေပါနဲ့ဦး ပိုင်ရှင်... လက်ရှိ ကမ္ဘာပေါ်မှာ အဲဒီလောက် အဆင့်မြင့်တဲ့ စက်တွေကို ထုတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ မရှိသေးပါဘူး... ကြီးမြတ်လှတဲ့ ကျွန်တော့်မှာ စွမ်းရည်တွေ ရှိနေပေမယ့် ကုန်ကြမ်း မရှိတော့လည်း ဘာမှ လုပ်လို့ မရဘူးလေ..."
"......"