← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) သံမဏိစက်ရုံ ဖွင့်လှစ်ခြင်း

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် ဆွန်ဖုန်းမှာ ကိစ္စအဝဝကို စီစဉ်ပြီးစီးသွားပြီဖြစ်ရာ သူ၏ သံမဏိစက်ရုံသစ်ကြီးကို တရားဝင် ဖွင့်လှစ်၍ ထုတ်လုပ်ရေး လုပ်ငန်းများကို စတင်နိုင်ပြီ ဖြစ်သည်။

လက်ရှိတွင် အမှာစာများနှင့် ဈေးကွက် မရရှိသေးသော်လည်း အလုပ်သမားများကို ကုန်ပစ္စည်းများ ကြိုတင်ထုတ်လုပ်ကာ သိုလှောင်ထားစေခြင်းက အဆင်ပြေလှပေသည်။

နောက်ပိုင်းတွင် ကုန်ပစ္စည်းများ ထွက်ရှိလာပါက ဖောက်သည်များကို ပြသရန် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။

ဆွန်ဖုန်း၏ သံမဏိစက်ရုံမှာ ဟိုင်ယန်မြို့ ဆင်ခြေဖုံးရှိ စက်မှုဇုန်ထဲတွင် တည်ရှိသည်။

ယခင်က ငှားရမ်းထားသော ဂိုဒေါင်မှာလည်း ဆင်ခြေဖုံးတွင်ပင် ဖြစ်ရာ စက်မှုဇုန်နှင့် သိပ်မဝေးလှချေ။

ယမန်နေ့ညကပင် ဆွန်ဖုန်းသည် ဂိုဒေါင်သို့ တိတ်တဆိတ် သွားရောက်ခဲ့ပြီး သိုလှောင်ရုံစနစ်ထဲမှ သံသတ္တု တန်ချိန် ငါးသောင်းကို ဂိုဒေါင်အတွင်းသို့ ထုတ်ထားခဲ့သည်။

ယနေ့နံနက်တွင် သူသည် ကြိုတင်ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကို ဂိုဒေါင်သို့ လွှတ်ကာ သံသတ္တုများကို စက်ရုံသို့ သယ်ယူစေပြီး သံရည်ကျိုလုပ်ငန်းကို စမ်းသပ်လုပ်ဆောင်ရန် စီစဉ်လိုက်သည်။

ဂိုဒေါင်ဘက်တွင်လည်း ဆွန်ဖုန်းက ကုန်တင်ကုန်ချ အလုပ်သမားများနှင့် မြေကော်စက်များကို ငှားရမ်းထားသဖြင့် အရာအားလုံးမှာ အစီအစဉ်တကျ လည်ပတ်နေသည်။

စက်ရုံဘက်ရှိ အလုပ်သမားများကလည်း အဆင်သင့် ပြင်ဆင်ထားကြပြီး သံသတ္တုများ ရောက်ရှိလာသည်နှင့် ပထမဆုံး အကြိမ် သံရည်ကျိုလုပ်ငန်းကို စတင်နိုင်ပြီ ဖြစ်သည်။

အမှန်တကယ်တော့ ဆွန်ဖုန်း အနေဖြင့် သံသတ္တုများကို ဂိုဒေါင်တွင် ချထားပြီးမှ စက်ရုံသို့ ထပ်မံသယ်ယူနေရန် မလိုအပ်ဘဲ စက်ရုံ၏ ကုန်ကြမ်းသိုလှောင်ရုံ အတွင်းသို့ တိုက်ရိုက် ထည့်သွင်းလိုက်၍ ရပေသည်။

သို့သော် သူ၏ ရွှေလက်ချောင်း လျှို့ဝှက်ချက်ကို ထည့်သွင်းစဉ်းစားကာ ပိုမို သတိထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ စက်ရုံ၏ ကုန်ကြမ်းသိုလှောင်ရုံ အတွင်းသို့ သံသတ္တု အပုံလိုက်ကြီး ရုတ်တရက် ရောက်ရှိလာပါက အခြားသူများ၏ သံသယကို ဝင်စေမည်မှာ အသေအချာပင် ဖြစ်သည်။

"ဝုန်း... ဒိုင်း... ဂွမ်း..."

ကုန်တင်ကားကြီး ဆယ်စီး၊ နှစ်ဆယ်စီးခန့်သည် သံသတ္တုများကို စက်ရုံအတွင်းသို့ သယ်ဆောင်လာကြပြီး ကုန်ကြမ်း သိုလှောင်ရုံ အတွင်းသို့ ချပေးကြလေသည်။

စက်ရုံမှ အလုပ်သမားများက မြေကော်စက်များကို မောင်းနှင်ကာ သံသတ္တုများကို သံမဏိတုံးနှင့် သံမဏိချောင်း ထုတ်လုပ်မှုလိုင်း၏ ကုန်ကြမ်းထည့်သွင်းရာ ပေါက်ဆီသို့ သယ်ယူသွားကြသည်။

အဆင့်မြင့် နည်းပညာရှင် အချို့က ထုတ်လုပ်မှုလိုင်းကို စတင် မောင်းနှင်လိုက်ရာ မကြာမီမှာပင် အချောသတ်ထားသော သံမဏိတုံးများနှင့် သံမဏိချောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

ဤမျှ မြန်ဆန်လှသော အမြန်နှုန်းနှင့် စွမ်းဆောင်ရည်ကို မြင်တွေ့ရသောအခါ ဆွန်ဖုန်း တစ်ယောက်တည်း မျက်လုံးများ အရောင်တောက်သွားသည် သာမက လျန်ယင်းနှင့် ဝူမုန်ရှင်းတို့ နှစ်ဦးမှာလည်း ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြလေသည်။

"ဝါး... အစ်ကိုဖုန်း... အစ်ကိုဝယ်လာတဲ့ ထုတ်လုပ်မှုလိုင်းက တကယ်ကို မိုက်တာပဲ... ဒီသံရည်ကျိုတဲ့ နည်းစနစ်က တကယ့်ကို အဆင့်မြင့်လွန်းတယ်..."

လျန်ယင်းမှာ ပါးစပ်လေးဟကာ မျက်လုံးပြူးကြီးများဖြင့် အလုပ်သမားများက ဖော့ကလစ်များ မောင်းနှင်၍ အချောသတ်ထားသော သံမဏိတုံးများကို ကုန်ချောသိုလှောင်ရုံသို့ သယ်ဆောင်နေသည်ကို အံ့ဩတကြီး ကြည့်နေလေသည်။

"ဟဲဟဲ... မဆိုးပါဘူး... ဒါပေမယ့် ဒီထုတ်လုပ်မှုလိုင်းက လျှပ်စစ်မီး နည်းနည်း ပိုစားတယ်..."

ဆွန်ဖုန်းက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

ဤထုတ်လုပ်မှုလိုင်း နှစ်ခုလုံးမှာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းသည် စက်ရုံ၏ ထရန်စဖော်မာများနှင့် ကေဘယ်ကြိုးများကို ပြည်တွင်းတွင် အမြင့်ဆုံး စွမ်းအားရှိသော အမျိုးအစားများဖြင့် ကြိုတင် လဲလှယ် တပ်ဆင်ထားခဲ့သည်။

ဤသို့ ပြုလုပ်ခြင်းဖြင့် သူ၏ ရေအောက်ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ကြီးကို အားသွင်းရန်လည်း ပိုမို အဆင်ပြေသွားပေသည်။

အမှန်တကယ်တော့ ဤထုတ်လုပ်မှုလိုင်းများမှာ သူကိုယ်တိုင် ထုတ်လုပ်ထားခြင်း ဖြစ်ရာ အခြားနေရာမှ ဝယ်ယူပါက ဤမျှ အဆင့်မြင့်မည် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။

ယခင်က A အဆင့် တူးဖော်ရေး ကိရိယာ ဆယ်ခုကို အားသွင်းရန် တစ်ပတ်ခန့် အချိန်ယူရသော်လည်း ယခုအခါတွင် သုံးရက်တည်းဖြင့် အားပြည့်နိုင်ပြီ ဖြစ်သည်။

"အစ်ကိုဖုန်း... အချိန် နှစ်လတောင် မပြည့်သေးဘဲ ငါတို့ရဲ့ သံမဏိစက်ရုံကြီး စတင် လည်ပတ်နိုင်ပြီ ဆိုတာကို တကယ် မယုံနိုင်အောင်ပဲ... အရမ်း မြန်လွန်းတယ်..."

ဝူမုန်ရှင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤစက်ရုံကြီး နေ့စဉ်နှင့်အမျှ တည်ဆောက် လည်ပတ်လာသည်ကို သူမ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသောကြောင့် ဖြစ်ပေသည်။

"အစ်ကိုဖုန်း... စက်ရုံတော့ စတင် လည်ပတ်နေပြီ... ဒါပေမယ့် လက်ရှိမှာ အမှာစာတွေ မရသေးဘူးဆိုတော့ ငါတို့ရဲ့ သံမဏိတုံးတွေ သံမဏိချောင်းတွေနဲ့ အထူးသံမဏိတွေကို မရောင်းရရင် ဘယ်လိုလုပ်မလဲ..."

လျန်ယင်းက ဆွန်ဖုန်းအား စိုးရိမ်တကြီး မေးလိုက်သည်။

အမှန်တကယ်တော့ ဆွန်ဖုန်းတွင် ငွေကြေး အမြောက်အမြား ရှိနေသည်ကို လျန်ယင်း မသိရှိခဲ့ချေ။ ထို့ကြောင့် စက်ရုံ လည်ပတ်နေသော်လည်း ဖောက်သည် မရရှိသေးသဖြင့် သူမ အနေဖြင့် ဤကိစ္စကို များစွာ စိုးရိမ်ပူပန်နေမိခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး... ငါတို့ရဲ့ ကုန်ပစ္စည်း အရည်အသွေးသာ ကောင်းနေရင် ဈေးကွက် မရှိမှာကို ကြောက်စရာ မလိုပါဘူး... ဒါနဲ့ ငါတို့ရဲ့ အထူးသံမဏိအတွက် မူပိုင်ခွင့် တစ်ခု လျှောက်ထားဖို့ လိုတယ်... ဒီကိစ္စကို လျန်ယင်း မင်းကိုပဲ တာဝန်လွှဲပေးလိုက်မယ်... မနက်ဖြန်ကျရင် အထူးသံမဏိနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ငါ ပေးမယ်... မင်း လူရှာပြီး မူပိုင်ခွင့် လျှောက်လို့ ရမရ စုံစမ်းကြည့်လိုက်..."

ဆွန်ဖုန်းက လျန်ယင်းအား ပြန်လည် ဖြေကြားလိုက်သည်။

ဆွန်ဖုန်း၏ စက်ရုံမှ ထုတ်လုပ်သော အထူးသံမဏိများမှာ လက်ရှိ ကမ္ဘာပေါ်တွင် ရှိနေသော သံမဏိများထက် များစွာ သာလွန်ကောင်းမွန်လှပေသည်။ ထို့ကြောင့် မူပိုင်ခွင့် လျှောက်ထားရန် မရှိမဖြစ် လိုအပ်လှသည်။

အခြားသူများ လိုက်လံ မထုတ်လုပ်နိုင်ကြောင်းကို သူ ယုံကြည်ထားသော်လည်း မူပိုင်ခွင့် ရရှိထားပါက အကျိုးကျေးဇူးများစွာ ရှိလာမည် ဖြစ်သည်။

ပထမဆုံး အချက်မှာ မူပိုင်ခွင့် ရရှိပြီး နာမည်ကျော်ကြားလာသည်နှင့် တစ်ပြိုင်နက် ဖောက်သည်များမှာ ငါးစာတွေ့သော ငါးများကဲ့သို့ အလုအယက် ရောက်ရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။

"ဟုတ်ကဲ့ပါ..."

လျန်ယင်းက ခေါင်းညိတ် လက်ခံလိုက်သည်။

လက်ရှိတွင် လျန်ယင်းမှာ ဖုန်းရွေ့ သံမဏိ လုပ်ငန်း၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အထွေထွေ မန်နေဂျာ ဖြစ်ပြီး ဝူမုန်ရှင်းမှာမူ ဈေးကွက် ရှာဖွေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းဆိုင်ရာ အထွေထွေ မန်နေဂျာ ဖြစ်သည်။

ဆွန်ဖုန်းကမူ လက်ပိုက်ကြည့်နေသော သူဌေး တစ်ဦးအဖြစ် နေထိုင်နေသည်။ သူ၏ တစ်ခုတည်းသော အလုပ်မှာ ဆင်ခြေဖုံးရှိ ဂိုဒေါင်သို့ ပုံမှန်သွားရောက်ကာ သိုလှောင်ရုံထဲမှ သံသတ္တု ကုန်ကြမ်းများကို ထုတ်ထားပေးရန်သာ ဖြစ်ပေသည်။

ဆွန်ဖုန်း၏ အထူးသံမဏိကို X1 မျိုးဆက် အထူးသံမဏိ ဟု အမည်ပေးထားသည်။ ၎င်း၏ ဂုဏ်သတ္တိများမှာ လက်ရှိ ကမ္ဘာပေါ်ရှိ HM1 အပူဒဏ်ခံ ပုံလောင်းသံမဏိများထက် အဆပေါင်းများစွာ ပိုမို မြင့်မားပေသည်။

အပူဒဏ်ခံနိုင်ရည်၊ အပူချိန် ပြောင်းလဲမှု ဒဏ်ခံနိုင်ရည်အပြင် သံရည်ကျိုခြင်း၊ ပုံလောင်းခြင်း၊ အပူပေး ပြုပြင်ခြင်းနှင့် စက်မှုပိုင်းဆိုင်ရာ ပြုပြင်ခြင်း လုပ်ငန်းစဉ်များတွင် HM1 ထက် များစွာ သာလွန်လှသည်။

ထို့အပြင် မြင့်မားသော အပူချိန်တွင် ခံနိုင်ရည်အား အထူးကောင်းမွန်သဖြင့် ပြင်းထန်သော ရိုက်ခတ်မှုဒဏ်များကို ခံနိုင်ရည်ရှိခြင်း၊ အလွန်အမင်း ပွန်းပဲ့စားသုံးမှု ဒဏ်ခံနိုင်ခြင်းနှင့် သံချေးတက်ခြင်းကို ကာကွယ်နိုင်ခြင်း စသည့် ဂုဏ်သတ္တိများနှင့် ပြည့်စုံလှပေသည်။

အပူပေး ပုံလောင်းခြင်း၊ တိကျသော ပုံလောင်းခြင်းနှင့် ရိုလာ ပုံလောင်းခြင်း စသည့် လုပ်ငန်းများတွင်လည်း အထူး သင့်လျော်လှသည်။

အချုပ်အားဖြင့် ဆိုရလျှင် X1 မျိုးဆက် အထူးသံမဏိမှာ နေရာပေါင်းစုံတွင် အသုံးပြုနိုင်သော စွယ်စုံသုံး သံမဏိ တစ်မျိုး ဖြစ်ပြီး အထူးသံမဏိ လောကတွင် ကြီးမားသော တော်လှန်ရေး တစ်ခုကို ဖန်တီးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

လက်ရှိ အထူးသံမဏိ လောကတွင် သူ့ကိုယ်သူ ကမ္ဘာ့နံပါတ်တစ်ဟု ဆွန်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပေသည်။

"ဒါနဲ့... ငါတို့က ပစ္စည်းရောင်းရဖို့ အလောတကြီး မလိုပေမယ့် ဈေးကွက် ရှာဖွေရေး ဌာနက လူတွေကို ငါတို့ရဲ့ ကုန်ပစ္စည်းတွေကို အမြန်ဆုံး မိတ်ဆက်ဖို့ ပြောထားလိုက်ဦး... သူတို့ကို ငါ ငွေအများကြီး ပေးပြီး ငှားထားတာ... အသုံးမကျတဲ့သူတွေကို ငါ မလိုချင်ဘူး..."

ဆွန်ဖုန်းက ဝူမုန်ရှင်းအား လှည့်၍ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ဆွန်ဖုန်း ဤမျှ တင်းကြပ်စွာ ပြောဆိုသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသဖြင့် ဝူမုန်ရှင်း၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး သူမ၏ လုပ်ဆောင်ချက်များ လုံလောက်မှု ရှိရဲ့လား ဟုပင် စိတ်ထဲမှ တွေးတောနေမိသည်။

မကြာမီမှာပင် စစ်ဆေးရေးမှူး တစ်ဦးက သံမဏိတုံးနှင့် သံမဏိချောင်းများ၏ စစ်ဆေးမှု အစီရင်ခံစာကို ဆွန်ဖုန်းထံသို့ ယူဆောင်လာသည်။

ဆွန်ဖုန်းက ယူကြည့်လိုက်သော်လည်း ဘာမှ နားမလည်သဖြင့် ထိုစစ်ဆေးရေးမှူးအား မေးလိုက်ရလေသည်။

"ကုန်ပစ္စည်း အခြေအနေ ဘယ်လိုလဲ..."

"သူဌေး... အရမ်းကို ကောင်းပါတယ်... ဒီပထမဆုံး ထွက်လာတဲ့ သံမဏိတုံးတွေနဲ့ သံမဏိချောင်းတွေက ဈေးကွက်ထဲမှာ ရှိနေတဲ့ အရည်အသွေးတွေထက် အများကြီး သာလွန်နေပါတယ်..."

ထိုစစ်ဆေးရေးမှူးမှာ သိသိသာသာပင် စိတ်လှုပ်ရှားနေလေသည်။

"အင်း... သွားလို့ ရပြီ..."

အထူးသံမဏိကို စစ်ဆေးရန်မှာမူ သာမန် စစ်ဆေးမှုမျိုးနှင့် မရနိုင်ဘဲ အလွန် ကျွမ်းကျင်သော နည်းပညာရှင်များက စမ်းသပ်စစ်ဆေးပြီးမှသာ အဖြေထွက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဆွန်ဖုန်းက ထိုစစ်ဆေးရေးမှူးများကို အထူးသံမဏိအား စစ်ဆေးခိုင်းခြင်း မပြုတော့ချေ။ မူပိုင်ခွင့် လျှောက်ထားသည့် အချိန်ကျမှသာ ထိုသိပ္ပံပညာရှင်များက ကူညီ စစ်ဆေးပေးကြမည်မှာ အသေအချာပင် ဖြစ်သည်။

"ကဲ... ဒီတစ်လကျော်လောက် မင်းတို့လည်း ပင်ပန်းသွားကြပြီ... အခု စက်ရုံလည်း စတင် လည်ပတ်နေပြီ ဆိုတော့ ငါတို့လည်း နည်းနည်း အနားယူလို့ ရပြီ... ဒီနေ့ည ငါ ထမင်းဝယ်ကျွေးမယ်..."

ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ သိုလှောင်ရုံ အတွင်းရှိ သံသတ္တု တန်ချိန် ၇.၅ သန်းအတွက် ထွက်ပေါက်တစ်ခု ရရှိသွားပြီ ဖြစ်ရာ သူ၏ ရင်ထဲတွင်လည်း ပေါ့ပါးသွားလေတော့သည်။

"ရေး... ဟေး..."

အမျိုးသမီး နှစ်ဦးစလုံး အလွန် ပျော်ရွှင်သွားကြသည်။ အပျော်ရွှင်ဆုံးသူမှာ လျန်ယင်းပင် ဖြစ်ပေသည်။

လွန်ခဲ့သော တစ်လကျော်ခန့်က သူမမှာ အလုပ်ပြုတ်ပြီး ငွေကြေး ကျပ်တည်းနေခဲ့သည်။ မိခင်ဖြစ်သူမှာလည်း ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေခဲ့သည်။

သို့သော် တစ်လကျော် အကြာတွင် အထက်ပါ ပြဿနာများ အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားသည့်အပြင် အုပ်ချုပ်ရေးဌာန၏ မန်နေဂျာ တစ်ဦးပါ ဖြစ်လာခဲ့လေပြီ။

ဤအရာအားလုံးမှာ သူမ၏ စီနီယာ အစ်ကိုကြီး ဖြစ်သော ဆွန်ဖုန်းကြောင့်ပင် ဖြစ်သည်။

"နောက်ကျရင် သူ့ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ရမယ်..."

လျန်ယင်းက ဆွန်ဖုန်း၏ ဘေးတိုက် မျက်နှာသွင်ပြင်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ကတိပြုလိုက်လေတော့သည်။

All Chapters